
ဆောင်းဦးရာသီရဲ့ သာယာလှတဲ့ မနက်ခင်းလေးမှာ လူလေးယောက်ဟာ မြင်းကိုယ်စီနဲ့ တောလမ်းလေး တစ်လျှောက်စီးလာခဲ့တယ်။ သူတို့ အားလုံးဟာ ရှေ့နေတွေ ဖြစ်ကြပြီးတော့ သူတို့ ဦးတည်သွားနေတာကတော့ ဒီတောလမ်းလေးကျော်ရင် ရောက်တော့မယ့် မြို့ကလေးရဲ့ တရားရုံးတစ်ခုမှာ အမှုကြားနာဘို့ အတွက်ပေါ့။
မိုးရွာထားလို့ တောလမ်းလေး တစ်လျှောက်မှာ ဗွက်တွေ ရွှံ့တွေနဲ့ စိုစိုစိစိနဲ့ပေါ့။ သစ်ရွက်လေးတွေမှာ စီရရီတွဲလွဲခိုနေတဲ့ လက်ကျန်မိုးပေါက်လေး တွေကလည်း သစ်ပင်ပေါ်ကနေ တစ်စက်စက်နဲ့ ကျနေတော့ မြက်ပင်လေးတွေကလည်း စိုစွတ်နေတော့တာပေါ့။
ရှေ့နေလေးယောက်လုံးဟာ ရွှံ့တွေနဲ့ ပေကျံစိုစွတ်နေတဲ့ လမ်းကျဉ်းလေးတစ်လျှောက် ရှေ့ဆင့်နောက်ဆင့် မြင်းကိုယ်စီ စီးနင်းလို့ပေါ့။ သူတို့ အားလုံးဟာ ရယ်မောစရာတွေ ရှာကြံပြောရင်း လမ်းတစ်လျှောက် တစ်ဖြေးဖြေး စီးနင်းလိုက်ပါလာကြတယ်။
သစ်ပင်လေးတွေ အစီအရီပေါက်နေတဲ့ တောအုပ်လေးတစ်ခုကို ဖြတ်သန်းလာချိန်မှာတော့ သူတို့ရဲ့ ဦးခေါင်းပေါ်က ငှက်တစ်ကောင်ရဲ့ တောင်ပံ တစ်ဖြတ်ဖြတ် ရိုက်ခတ်သံနဲ့အတူ လမ်းတဖက် မြက်ပင်တွေကြားက တခြားငှက်ငယ်လေးတွေရဲ့ တိုးညှင်းစွာ ညည်းတွားနေသံကို ကြားလိုက်ရ တယ်။
" ကျလိ... ကျလိ... ကျလိ.. ကျလိ "
စီစီညံနေတဲ့အသံစူးစူးလေး တစ်သံက သစ်ရွက်တွေ အုံ့ဆိုင်းနေတဲ့ အပင်ပေါ်ကနေ ပေါ်ထွက်လာတယ်။
တစ်ချိန်ထဲမှာပဲ...
ကျလိ...ကျလိ..ကျလိ... ဆိုတဲ့ သနားစဖွယ် အသံတိုးတိုးလေးတွေကလည်း စိုစွတ်နေတဲ့ မြက်ပင်တွေကြားက ဟိုတစ်စ ဒီတစ်စ ပေါ်ထွက်လာ တယ်။
"ဟေ့..သနားစရာလေးပါလားကွ " ....စပိဒ် လို့ အမည်ရတဲ့ ရှေ့ဆုံးကရှေ့နေက မြင်းပေါ်ကနေ လှမ်းပြောလိုက်တယ်။ ဟာဒင်လို့အမည်ရတဲ့ ဒုတိယရှေ့နေက .." သပိတ်လွယ်ငှက်တွေ နေမှာပေါ့ကွာ ..ကြည့်ရတာ မုန်တိုင်းစာမိပြီး အသိုက်ထဲကနေ လွှင့်ကြလာပုံရတယ်..မွေးကာစ အတောင်မစုံသေးတဲ့အရွယ်တွေဆိုတော့ မပျံနိုင်ဖြစ်နေတော့တာပေါ့..ကြည့်ပါလား အမေငှက်မကြီးက စိတ်ပူပြီး ပျာယာခတ်နေတာ.." လို့ ပြောလိုက်တယ်။
အမည်မဖော်ပြနိုင်တော့တဲ့ တတိယရှေ့နေကတော့ " သနားစရာကွာ...ဒီအတိုင်းဆို မြက်ခင်းစိုစိုထဲမှာ အားလုံးသေကုန်ကြတော့မှာဘဲ ... " လို့ပြောပြန်တယ်။
ဒီအခါ ရှေ့နေဟာဒင်က.." ထားလိုက်ပါကွာ.. ငှက်တွေဘဲဟာ.. အရေးမကြီးလှပါဘူး.. ဒုက္ခရှာမနေပါနဲ့တော့.." ..လို့ ပြောတယ်။
"အေးလေ..ဟုတ်သားဘဲ.."..လို့ ရှေ့နေ စပိဒ်ကလည်း ထောက်ခံလိုက်တယ်။
သူတို့ သုံးယောက်သား ငှက်အမေကြီး ပူဆွေးစွာနဲ့ယောက်ယက်ခတ် အော်မြည်နေသံကိုရော အတောင် တစ်ဖျတ်ဖျတ်ရိုက်ပြီး အော်မြည်နေတဲ့ မြက်တောစိုစိုထဲက ငှက်ပေါက်စလေးတွေကိုပါ ကျောခိုင်းပြီး ခရီးဆက်လက်ထွက်ခဲ့ကြတယ်.။
သိပ်မကြာခင် မိနစ်ပိုင်းအတွင်းမှာဘဲ သူတို့၃ယောက်သားဟာ ခုနကလိုဘဲ ရယ်မောပျော်ရွှင်စရာတွေကို ပြောလာကြတယ်။ အချိန်ပိုင်းအတွင်းမှာ ငှက်ကလေးတွေကို သူတို့ လုံးဝ မေ့လျှော့သွားကြပြီပေါ့။
ဒါပေမယ့် စတုထ္ထမြောက် ရှေ့နေ..။ သူကတော့ မြင်းကိုရုတ်ချည်းတုန့်ကနဲရပ်လိုက်တယ်။ မြင်းပေါ်က ချက်ခြင်းဆိုသလို ဆင်းလာပြီးနောက် သူ့ရဲ့ကြီးမားတဲ့ လက်အစုံနဲ့ မြက်ခင်းထဲက ငှက်ငယ်လေးတွေကို တယုတယ ယူငင်လိုက်တယ်။
ငှက်ကလေးတွေက ခုနက မြက်ခင်းထဲမှာလို ကြောက်လန့်ပုံ မပြတော့ပါဘူး။ သူတို့လုံခြုံမှုရသွားပြီဆိုတာ သိတဲ့ပုံနဲ့ ချစ်စဖွယ် ကျလိ..ကျလိနဲ့ တိုးတိုးလေးသာ အော်မြည်နေတော့တယ်။
"ငှက်ကလေးတို့ရေ..စိတ်မပူပါနဲ့တော့...။ မင်းတို့ရဲ့ အသိုက်လေးထဲကို..ငါအရောက်ပို့ပေးပါ့မယ်.." ..လို့ သူက ပြောလိုက်တယ်။
အဲ့ဒီနောက် သူက ငှက်ကလေးတွေ အသိုက်ရဲ့ဘယ်နေရာကများ ပြုတ်ကျလာနိုင်သလည်းဆိုတာ ရှာဖွေကြည့်မိတယ်။ ငှက်ကလေးတွေရဲ့ အသိုက်က လက်လှမ်းမမှီနိုင်လောက်အောင် မြင့်လွန်းနေတာမျိုးလည်း ဖြစ်နိုင်တယ်လေ။ ဒါပေမယ့် သူက စိတ်မပျက်ပါဘူး.။ သူသစ်ပင်ကောင်း ကောင်းတက်တတ်တာပေါ့။ သူကလေးဘ၀တုန်းက သစ်ပင်တော်တော်များများကို တက်ခဲ့သူလေ။ သူက ငှက်ကလေးတွေ တစ်ကောင်စီကို စိတ်ရှည်လက်ရှည်နဲ့ သူတို့ရဲ့သစ်ပင်ပေါ်က အသိုက်အိမ်လေးထဲကို အသာအယာ ထည့်ပေးလိုက်တယ်။ တစ်ကြိမ်မှာ အဆော့သန်တဲ့ ငှက် ကလေးနှစ်ကောင်ကြောင့် သူရော ငှက်ကလေးတွေပါ သစ်ပင်ပေါ်က ထပ်ပြုတ်ကျရသေးတယ်..။ ငှက်ကလေးတွေ ပျော်နေတယ်လို့ သူထင်နေ မိတယ်။ သူလည်း ငှက်ကလေးတွေနဲ့ အတူပျော်ရွှင် နေမိတော့တယ်။ သူ ပြန်လူးလဲထပြီး ငှက်ကလေးကို အသိုက်ထဲ ထည့်ပေးပြန်တယ်။
အရှေ့က ထွက်သွားနှင့်တဲ့ ရှေ့နေ သုံးယောက် တစ်နေရာ အရောက်မှာ သူတို့ မြင်းတွေကို အနားပေးကာ ရေသောက်စေတယ်။ သူတို့လည်း အနားယူရင်းပေါ့။ ဒီတော့မှ စတုထ္ထရှေ့နေဟာ သူတို့နဲ့အတူ ပါမလာတာ တွေ့ရတယ်။ သူတို့သုံးယောက်လုံး အံ့သြသွားတယ်။ ဒီလူဘယ်မှာ ကျန်ခဲ့ပါလိမ့်ပေါ့။
အဲ့ဒီမှာ ရှေ့နေ စပိဒ် ကပြောတယ်.." ခင်ဗျားတို့ ငှက်တွေကို မှတ်မိတယ် မဟုတ်လား ။ သေခြာတာကတော့ ဒီလူတော့ အဲ့ဒီငှက်တွေကို ကူညီဘို့ကျန်ခဲ့ပုံဘဲ..."
မိနစ်အနည်းငယ် အကြာမှာတော့ စတုထ္ထရှေ့နေဟာ သူတို့ဆီကို မှီလာတယ်။ သူ့ရဲ့ ရူးဖိနပ်အစုံမှာလည်း ရွှံ့တွေပေလူးလို့ပေါ့။ ဆူးခြုံပင်က ဆူးတွေကလည်း သူ့ ကုတ်အိကျီ င်္မှာညိတွယ်လို့။ "ဟေး..ခင်ဗျားဘယ်မှာကျန်ခဲ့တာလည်း"..လို့ ရှေ့နေဟာဒင်က သူ့ကိုမေးလိုက်တယ်။
" ကျွန်တော် ငှက်ငယ်လေးတွေကို သူတို့ရဲ့မိခင်ဆီ အရောက်ပို့ပေးနေလို့ပါခင်ဗျာ.." လို့ စတုထ္ထရှေ့နေက ပြုံးရွှင်စွာပြောတယ်။
"ကောင်းပါ့ဗျာ..ဒါကြောင့်ကျုပ်တို့အားလုံး အမြဲတွေးနေမိတယ်..ခင်ဗျားဟာ ဘာလို့စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသလဲ ဆိုတာကို.. ။ ခုတော့ သိပါပြီ..."..လို့ ရှေ့နေ စပိဒ်က..ခနဲ့တဲ့တဲ့ပြောတယ်။
အဲ့ဒီနောက် သူတို့ သုံးယောက်သား အူလှိုက်သဲလှိုက် ရယ်မောကြတယ်။ ဒီလူ တော်တော်မိုက်မဲတာဘဲ.. ဘာမှမဟုတ်တဲ့ ဒီငှက်ကလေးတွေ အတွက် သူလို လူသန်သန်မာမာကြီးက ခုလိုမျိုး ဒုက္ခ္ခခံခဲ့ရတယ်လို့။
အဲ့ဒီအခါမှာ စတုထ္ထရှေ့နေက ခုလိုပြောလိုက်တယ်..
"အစ်ကိုတို့ ခင်ဗျား.. ဒီသနားစဖွယ် သပိတ်လွယ်ငှက်ငယ်လေးတွေကို မကူညီဘဲထားခဲ့ရလို့ .သူတို့သာ ဒီမြက်ပင်စိုစိုတွေကြားထဲမှာ သေဆုံး သွားခဲ့ကြမယ်ဆိုရင်.. ကျွန်တော်တော့ဘယ်လိုမှ အိပ်ပျော်နိုင်တော့မယ် မထင်ပါဘူးခင်ဗျာ"
အဲ့ဒီ သပိတ်လွယ်ငှက်ကလေးတွေကို ကြင်နာစွာနဲ့ ကယ်တင်ခဲ့တဲ့ စတုထ္ထမြောက်ရှေ့နေက သိပ်မကြာခင်ကာလမှာဘဲ အမေရိကန်နိုင်ငံရဲ့ အလွန်ကြော်ကြားတဲ့ရှေ့နေတစ်ဦး ဖြစ်ယုံသာမကဘဲ အောင်မြင်တဲ့အမတ်တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက် သူဟာ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ အဖြစ်ရွေးချယ်ခံခဲ့ရတယ်။ အမေရိကန်ရဲ့ သမိုင်းမှာတော့ သူဟာ အောင်မြင်ထင်ရှားတဲ့ သမ္မတတစ်ဦးအဖြစ် ရပ်တည် ခွင့်ရခဲ့ပါတယ်။ သူကတော့ " သမ္မတ အေဗရာဟမ်လင်ကွန်း " ပါဘဲ။

သူဟာ မသမာသူတွေရဲ့ လုပ်ကြံမှုနဲ့ သေဆုံးခဲ့ရတဲ့ အမေရိကန်နိုင်ငံရဲ့သမ္မတဖြစ်ခဲ့သူတစ်ဦးပါ။ အထက်ဖော်ပြပါ အကြောင်းအရာလေးက
ဘာမှ မဟုတ် လှပေမယ့်သမ္မတတစ်ယောက်ဖြစ်လာမယ့် သူ့ရဲ့ဘ၀လမ်းကြောင်းမှာ အခုအခါမှာတော့ အရေးပါတဲ့မှတ်တိုင်သေးသေးလေး တစ်ခုအဖြစ် ကျန်ခဲ့တာ အသေအခြာပါဘဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
James Baldwin ရဲ့SAVING THE BIRDS ကိုခံစားပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~မှတ်ချက် ။ 17 December 2009 မှ ပို့စ်အဟောင်းလေးအား ပြန်လည်သိမ်းဆည်းခြင်း။ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။မြသွေးနီ