Friday, October 29, 2010

စိုက်ထူထားသော....



ထူးခြားဆန်းသစ်တဲ့ကြော်ငြာတစ်ခု





ကျွန်မလမ်းသွားရင် မျက်စိကအငြိမ်မနေတတ်ပါဘူး။ စပ်စုတယ်လို့ အဆိုးမြင်ဖက်ကပဲပြောရမလား.. ပါတ်ဝန်းကျင်လေ့လာမှု အားကောင်းတယ်လို့ အကောင်းမြင်ဘက်ကပဲ ပြောရမလား.. ကျွန်မကတော့ လမ်းသွားရင် ဘေးဘီဝဲယာ ကြည့်ပြီးသွားတတ်တယ်။ အမေပြောဘူးတာ မှတ်မိနေသေးတယ်။ ငယ်ငယ်က ကျွန်မနဲ့လမ်းများသွားရင် ဘယ်တော့မှ လိုရာခရီးကို တော်တော်နဲ့ မရောက်တော့ဘူးတဲ့။ လမ်းတစ်လျှောက်က တွေ့သမျှ ဆိုင်းဘုတ်၊ ပိုစတာကြီးငယ် မှန်သမျှကို ရပ်ကြည့်လို့၊ နာမည်တွေကို အသံထွက် စာလုံးပေါင်းလို့ ဖတ်နေလိုက်တာ။ ၁နာရီသွားမယ့် ခရီးက အနည်းလေးတော့ ၂နာရီပဲတဲ့။


ဒီအကျင့်က အခုအရွယ်ရောက်တဲ့အထိ ဖျောက်မရသေးပါဘူး။ စိတ်ဝင်စားစရာ ဆိုင်းဘုတ်တွေများ တွေ့လို့ကတော့ မြသွေးနီတယောက် လမ်းသွားရင်းကဆို ရပ်တန့်လို့။ ကားပေါ်ကနေတွေ့တာ ဆိုလည်း သမင်လည်ပြန်ဖတ်ကြည့်လို့။ ခရီးတွေဘာတွေများ ထွက်လို့ကတော့ မျက်စိအစုံက ခရီးလမ်းတစ်လျှောက် ကြည့်မ၀ရှုမ၀။ ဆိုင်းဘုတ်တွေကလည်း အမျိုးအစားအမျိုးမျိုး၊အသွင်သဏ္ဍာန် အမျိုးမျိုး၊ ဆွဲဆောင်မှုအမျိုးမျိုးနဲ့ နေရာအနှံ့မှာ။ အထူးသဖြင့် လူစည်ကားရာ လမ်းဆုံလမ်းခွ၊ အချက်အချာနေရာများမှာ။ ဒီတော့ မြသွေးနီအတွက် ဆိုင်းဘုတ်တွေက အပမ်းဖြေစရာ တစ်ခုလိုတောင် ဖြစ်မှန်းမသိဖြစ်လို့။


ဆိုင်းဘုတ်တွေတွေ့တိုင်း ဖတ်ရင်းနဲ့ ဆိုင်းဘုတ်တွေကို ခွဲခြားတတ်လာပြန်တယ်။ ငယ်ငယ်လေးထဲက ဆိုင်းဘုတ်တွေကို စိတ်ဝင်စားလာသူဆိုလေတော့ အခု ဒီအသက်အရွယ်ကြီး ရောက်နေချိန်အထိ မြသွေးနီ ဖတ်ခဲ့၊ မှတ်ခဲ့တဲ့ ဆိုင်းဘုတ်တွေဆိုတာ မှတ်များထားမယ်ဆိုရင် အရေအတွက်တွေ ထောင်၊ သောင်းချီနေလောက်ပြီ ထင်ပါရဲ့။


ဆိုင်းဘုတ်ဆိုတာက အများသိအောင် ကြော်ငြာတာလို့ အကြမ်းဖျဉ်း သိနားလည်ထားတာဘဲ။ ဆိုင်းဘုတ်တွေကလည်း အမျိုးမျိုးအဖုံဖုံဘဲ။ မြို့တစ်မြို့ ၀င်တိုင်း ကြိုဆိုပါ၏... နှုတ်ခွန်း ဆက်သအပ်ပါ၏... ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့အတူ မြို့ရဲ့ နာမည် ဖော်ပြထားတဲ့ဆိုင်းဘုတ်တွေ။ နောက်.. အရှေ့၊ အနောက်၊တောင်၊မြောက် ခရီးသွားလမ်းညွှန်၊ မြို့လမ်းညွှန် ဆိုင်းဘုတ်တွေ ခရီးသွားလို့ တစ်မြို့ဆီ ဖြတ်ကျော်တိုင်းမှာ တွေ့နေရတာ။ လမ်းနဘေးမှာ ဆိုက်ထူထားတဲ့ မိုင်တိုင်လေးတွေကို တစ်တိုင်ပြီးတစ်တိုင် ကားနဲ့ဖြတ်ကျော်သွားရတိုင်း ရေတွက်ကြည့်ရတာ အရသာသိပ်ရှိတာ။ ဆိုင်းဘုတ်တစ်ခုတွေ့ရင် မြို့တစ်မြို့ရောက်ပြီဆိုတာသိလို့ပေါ့။ မြို့တိုင်း၊ နယ်တိုင်း၊ ရွာတိုင်း၊ ရပ်ကွက်တိုင်းမှာ ဆိုင်းဘုတ် မရှိတဲ့ နေရာဆိုတာ မရှိသလောက်ပါဘဲ။ ခရီးသွားတွေ လမ်းမမှားအောင်၊ မိမိရောက်ရှိနေတဲ့ နေရာက ဘယ်နေရာလည်းဆိုတာ သိရအောင် ဒီလိုဆိုင်းဘုတ်တွေမျိုးက မရှိမဖြစ်လိုအပ်တဲ့ ဆိုင်းဘုတ်မျိုးပေါ့။


နောက်ဆိုင်းဘုတ်တစ်မျိုးက ဆောင်ပုဒ်တွေပေါ့။ လူအများကို သိစေချင်တဲ့၊ လူအများကို လိုက်နာစေချင်တဲ့ ၀ါဒတွေ၊ ဆောင်ပုဒ်တွေ၊ အသိပေးစာတွေ၊ ပညာပေးစာတွေကို ဆိုင်းဘုတ်တွေ ထူကာ ကြေညာပေးကြတယ်။ ဥပမာ... မိုးရွာသီ သွေးလွန်တုတ်ကွေးဂရုစိုက်ဖို့။ AIDS ရောဂါ စုပေါင်းတိုက်ဖျက်ကြပါစို့။ အသည်းရောင်ဘီပိုးဆေး ထိုးကြပါစို့။ ယာဉ်အန္တရာယ်စုပေါင်းကာကွယ်။ ဟွန်းမတီးရဇုန်..... စသည်ဖြင့်ပေါ့။ တခြားကျွန်မ ပြောမပြချင်တဲ့ ဆိုင်းဘုတ်များကလည်း ဒီဆိုင်းဘုတ် ခေါင်းစဉ်အောက်မှာ ပါဝင်နေသေးတယ်။






ဒီကြော်ငြာတော့ တစ်မျိုး





နောက်ဆိုင်းဘုတ်တစ်မျိုးကတော့ စီးပွားရေးကြော်ငြာဆိုင်းဘုတ်တွေပေါ့ ။ အခုအခါမှာတော့ စီးပွားရေးကြော်ငြာဆိုင်းဘုတ်တွေက ဆိုင်းဘုတ်တွေရဲ့ကမ္ဘာထဲမှာ နေရာအယူဆုံးလို့တောင် ပြောလို့ရတယ်။ သူ့ထက်ငါ အလုအယက်ကြော်ငြာကြတယ်။ မြသွေးနီလို ဆိုင်းဘုတ်တွေ စိတ်ဝင်စားသူအဖို့ကတော့ ဒီလိုဆိုင်းဘုတ်တွေကို လိုက်ဖတ်နေရတာကိုက ငွေကုန်ကြေးကျမများပဲ အပမ်းပြေနေစေတယ်။ ထူးခြားစွဲဆောင်မှုရှိတဲ့ ဆိုင်းဘုတ်တွေကို တွေ့ရတဲ့အခါ ကျေနပ်နှစ်သက် မိသလို စွဲဆောင်မှုမရှိတဲ့ ဆိုင်းဘုတ်တွေတွေ့ရပြန်တော့ မဆီမဆိုင် သူတို့တွေ ကြော်ငြာစရိတ် တောင် ကြေပါ့မလားတွေးပူမိပြန်ရော။ တချို့ဆိုင်းဘုတ်တွေက စွဲမက်ဖွယ် မော်ဒယ်များရဲ့ အမို့အမောက်တွေနဲ့ ဘမ်းပြလို့၊ တချို့က ပြူးပြူးပြဲပြဲ စကားလုံးတွေသုံးလို့၊ တချို့ဆိုင်းဘုတ်များ ကြတော့ ဘာကိုကြော်ငြာမှန်း မသိရအောင်ကို စကားလုံးတွေအတတ်ဆန်းရေးလို့၊ တချို့များကြတော့ ကြော်ငြာဆိုင်းဘုတ်မှာတောင် ပဟေဋ္ဌိဝှက်လိုက်သေးတယ်။ တချို့ကလည်း နာမည်ကြီး စီလီဘရီတီများရဲ့ အားကိုယူလို့ ကြော်ငြာကြတာ အပြိုင်းအရိုင်း။ တချို့ဆိုင်းဘုတ်တွေများကြတော့ စစဖတ်မိချင်းမှာကို ဟားတိုက်ရယ်မိချင်သေးတာ..။ နောက်ပိုင်း အဲ့ဒီလိုဆိုင်းဘုတ်မျိုးတော့ ဖတ်ကိုမဖတ်တော့ဘူး။ ဖုတ်လေတဲ့ ငပိရှိလေတယ်လို့တောင် မထင်မိတော့ဘူး။ စာမျက်နှာတွေမှာလို ကိုယ်မဖတ်ချင်တဲ့ စာမျက်နှာကို ကျော်သွားသလို ကျော်သွားလိုက်တာပေါ့။


ဆိုင်းဘုတ်တွေမှာ ရာသီစာဆိုင်းဘုတ်တွေလည်း ရှိသေးတယ်။ စတိတ်ရှိုး၊ မော်ဒယ်ရှိုးလိုမျိုး၊ ကျူရှင်ကြော်ငြာလိုမျိုး၊ xxxx တွေလိုမျိုး၊ xxxx တွေလိုမျိုး၊ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ကြော်ငြာရတဲ့ ဆိုင်းဘုတ်မျိုးကတော့ အမြဲရာသက်ပန်ဆိုက်ထူထားလို့ မရပြန်ဘူး။ သတ်မှတ်ထားတဲ့ အချိန်ကုန်တာနဲ့ ဖြုတ်ကြရပြန်တော့ သြော်... ရှုတတ်ရင် ကြော်ငြာဆိုင်းဘုတ်မှာတောင် မမြဲတဲ့ အနိစ္စသဘောတွေ တွေ့နေရပြန်ပါလားနော်။


တချို့ဆိုင်းဘုတ်တွေကလည်း ပွဲလမ်းရာသီ(၁၂)လလုံး ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ရာသီတွေကိုလိုက်လို့ သင်္ကြန်အထူးစပယ်ရှယ်က အစပြုလို့ သီတင်းကျွတ် အထူးစပယ်ရှယ်အလယ်၊ နယူးရီးယား လျှော့ဈေးအဆုံး.. ဆိုပြီး ၁၂လရာသီလုံးလုံး ခါတော်မှီ ဆိုင်းဘုတ်တွေကို ပွဲတော်စပရှယ် ဒစ်စကောင့်တွေ ပေးနေပါပြီရယ်လို့ အားပါးတရ ဆိုင်းဘုတ်ထူကြပြန်တယ်။ တကယ်လျှော့မလျှော့တော့မသိ။ တချို့များဆို ပွဲတော်နေရာလေးတွေမှာ လိုသလိုဖြည့်လို့ရအောင် ကွက်လပ်လေးများချန်လို့ ပုံသေဆိုင်းဘုတ်များတောင်ထူထားသေး။


အခုနောက်ပိုင်း မိုဘိုင်းဆိုင်းဘုတ်တွေတောင် တွေ့လာရတယ်။ ဘတ်စ်ကားဘော်ဒီတွေပေါ်၊ တက်စီကားအမိုးတွေပေါ်မှာ ။ အသီးသီး ဆိုင်းဘုတ်တွေက နေရာယူလာကြတယ်။ တစ်ခါက ဘတ်စ်ကားဘော်ဒီပေါ်က မိုဘိုင်းဆိုင်းဘုတ်လေး အငေးကောင်းပြီး လမ်းကူးလိုက်တာ မြသွေးနီ တစ်ယောက် ကားဘီးအောက်ရောက်ပြီး မာလကီးယားတော့မလို့။ ကံကောင်းစွာနဲ့ ကားဒရိုင်ဘာရဲ့ ဖရုဿဝါစာလေးပဲ မေတ္တာလက်ဆောင်ရလိုက်တယ်။


မြသွေးနီစဉ်းစားမိပြန်တယ်။ ဆိုင်းဘုတ်တွေ ထူတိုင်း ရောင်းအားတွေရော တကယ်တက်လာကြရဲ့လား။ ဆိုင်းဘုတ်တွေကိုစိုက်ထူတိုင်း လူတွေက တကယ်ယုံယုံကြည်ကြည်နဲ့ သုံးစွဲလာကြရဲ့လား။ ဆိုင်းဘုတ်တွေထဲက ကြော်ငြာထားသလိုမျိုး အရည်အသွေးတွေ၊ စံချိန်တွေ ပြည့်မှီကြပါရဲ့လား။ ဆိုင်းဘုတ်ထဲက ကြော်ငြာခံနေရတဲ့ သက်ရှိမိုဒယ်သရုပ်ပြတွေကရော ဒီကုန်ပစ္စည်းကို သုံးမှသုံးစွဲဘူး ကြရဲ့လား။ ကြည့်ပြီး မျက်စိရည်ဝလို့ ကြည့်ကိုမကြည့်ချင်တော့တဲ့ ဆိုင်းဘုတ်တွေရော ဘယ်လောက်များနေသလဲ။ ကြော်ငြာထားသလို မဆောင်ရွက်နိုင်တဲ့ အာပလာ ဆိုင်းဘုတ်တွေကရော ဘယ်နှစ်ခုလောက်များရှိနေကြသလဲ။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ ဆိုင်းဘုတ်တွေကရော ဘယ်လို ရှေ့ဆက်သွားနေကြသလဲ။ ကြော်ငြာဆိုင်းဘုတ်မဟုတ်တဲ့ ကျော်အောင်ညာနေရတဲ့ ဆိုင်းဘုတ်တွေရော ဘယ်နှစ်ခုများ ရောပါနေလေသလဲ။


အခုတစ်လော ကြော်ငြာတာမဟုတ်ပဲ ကျော်အောင်ညာရတဲ့ ကျော်ညာဆိုင်းဘုတ်တွေ နေ့ချင်းညချင်း ပတ်ဝန်းကျင်မှာ မိုးဦးကျမှိုပွင့်တွေလို ဟိုနားဖျောက်ဖျောက်၊ သည်နားဖျောက်ဖျောက် တွေ့တွေ့နေရ၊ ဖတ်ဖတ်နေရတော့ မြသွေးနီလည်း ကြော်ငြာဆိုင်းဘုတ်မြင်ရင် မနေနိုင်လေသူမို့ ဖတ်မိပါတယ်။ ဖတ်ပြီးတော့ ရင်ထဲမှာလေ အူတွေယား၊ ကျလွိကျလွိနဲ့ လှိမ့်တက်လာပြီး အွန်လိုင်းမှာ ကလေးမလေးတွေ ရယ်နေကြသလိုမျိုး တခစ်ခစ်နဲ့တောင် ရယ်လိုက်ချင်နေမိတယ်။ တချို့ဆိုင်းဘုတ်တွေက တကယ့်ကို မပြုံးပဲနဲ့ ၀ါးလုံးကွဲ ရယ်ရတယ်လေ..။


သြော်... ဆိုင်းဘုတ်တွေ.... ဆိုင်းဘုတ်တွေ ။ သူတို့ကလည်း ဆိုင်းဘုတ်တွေကို စိုက်ထူနေကြဦးမှာဘဲ။ မြသွေးနီကလည်း ၀ါသနာအရ စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေကို လိုက်ဖတ်နေမိဦးမှာပဲ။ အဲ့ဒီလို လိုက်ဖတ်ရင်း မနေနိုင်မထိုင်နိုင် တခစ်ခစ်နဲ့ ရယ်မိရင်လည်း ရယ်မိနေဦးမှာဘဲ။ အင်း... မတတ်နိုင်ပါဘူး။  ကျွန်မကြည့်မိ အပြစ်ရှိသည်ပေါ့လေ။




ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။




14 comments:

သဒ္ဓါလှိုင်း said...

ကြော်ငြာဆိုင်းဘုတ်ကြည့်ပြီး ရယ်ရမလိုလို ဖြစ်သွားပါတယ်..။(မမမြသွေးနဲ့အတူ......)။
တချို့ကြော်ငြာဆိုင်းဘုတ်တွေကိုတော့ ဘ၀င်မကျဖြစ်မိတယ်...

ချစ်တဲ့
ညီမသဒ္ဓါ

ဏီလင်းညို said...

ကြော်အောင်ငြာတဲ့ ဆိုင်းဘုတ်တွေများမည်ထင်ပါရဲ့ဗျား............း))
ပြောပြရဦးမယ်......။
ဒီမှာ ခေါက်ဆွဲခြောက်ဝယ်တုန်းကပေါ့.....။
ပလတ်စတစ်ကပုံထဲမှာ ခေါက်ဆွဲက အစိမ်းရောင်လေးနဲ့ဆိုတော့ “ဟာ.......ခေါက်ဆွဲအစိမ်းရောင်ငါတစ်ခါမှ မစားဖူးသေးဘူး......။ ခေတ်မှီသွားအောင် ၀ယ်စားဦးမှပဲ”......ဆိုပြီး ၀ယ်......။ အိမ်ရောက်တော့ ဖောက်ကြည့်တော့......အ၀ါရောင်ဖြစ်နေရော ခေါက်ဆွဲက......။ အဲ့ဒါလည်း မလျှော့သောမျှော်လင့်ချက်နဲ့ “အင်းးးး ပြုတ်လိုက်ရင်တော့ စိမ်းချင်စိမ်းမှာပဲ”.....လို့တွေးပြီးပြုတ်တာ.....။ ခေါက်ဆွဲက ကျက်တဲ့အထိမစိမ်းဘူးလေ.......ဟိဟိ.....။
အဲ့ဒါသာကြည့်တော့....ဒီအရွယ်ကြီးရောက်နေပြီ အညာမိတာ...........:P

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မတို့ဆီမှာ ဘာဆိုင်းဘုတ်တွေများ ခုတစ်လော စိုက်နေကြပါလိမ့်..
စိတ်တောင် ၀င်စားသွားပြီ..
မေးကြည့်ဦးမှပါ။
တစ်ချို့လူတွေကတော့ ကြော်ငြာမှ ကောင်းတယ်လို့ ထင်တတ်ကြတယ်လေ အစ်မရယ်။
ကြော်ငြာကောင်းတော့ quality မရှိဘဲ ပေါက်သွားတတတ်တာမျိုးလည်း ရှိသေးတာကိုး
ညီမလဲ ခုတစ်လော ကြော်ငြာတွေ နေရာတကာမှာ တွေ့မိတယ်..
အစ်မပြောသလို ကျော်ပြီးဖတ်သွားလိုက်ပါတယ်..
ကိုယ်ရည်သွေးလွန်းတဲ့ကြော်ငြာတွေကျတော့ ဖတ်ရတာ သိပ်အဆင်မပြေချင်တော့ဘူး။
အင်း ခေတ်ကိုက ကြော်ငြာခေတ်ကိုး။။

မြစ်ကျိုးအင်း said...

နိင်ငံခြားရောက်နေလို့ စိတ်ချမ်းသာရတဲ့ထဲမှာ ကျက်သရေမရှိတဲ့ ဆိုင်းဘုတ်တွေ မမြင်ရတာလည်း ပါမယ်ထင်တယ်။

Ko Gyi said...

မမြသွေး

ဥပမာ .... နေရဲမာန်ပေါ့ဗျာ...
ပေါ်သမျှ နာမည်ကြီး မော်ဒယ် မင်းသမီးတွေနဲ့ နေရာအနှံ့မှာ ဆိုင်းဘုတ် တင်ထားတာ
အင်းပေါ့လေ.... ငွေရှိတယ်... လုပ်ပိုင်ခွင့် ရှိတော့ အပြိုင်အဆိုင်တင်ကြ..... ပြီးတော့ @@@
ဘာမှ မပြောချင်တော့ဘူးဗျာ။

ချစ်ခင်စွာဖြင့်
ကိုရီး{ကိုကြီး}

sosegado said...

စိတ်ညစ်ညစ်နဲ့ ရေးတဲ့ပို့စ်ကို စိတ်ညစ်နေချိန်မှာဖတ်သွားတယ်၊
ဆိုင်းဘုတ်တွေကို မြင်ရင်မြင်တယ်လို့ပဲ မှတ်လိုက်ပါ၊

အုပ်ကြီး said...

ဟဲ့ဟဲ့ ..စကိတ်စီးတာ ..ဘယ်ပေါ်တွေရောက်နေလဲ
သြော် ...ဆိုင်းဘုတ်တွေလာငေးသွားပါတယ် ....

ကိုကြီးကျောက် said...

ဒီဘလော့မှာ ဆိုင်းဘုတ် တခုထောင်ထားတာ မြင်မိသလိုပဲ..
အပျိုကြီး..........ဆိုလားပဲ

seeseinshinss said...

ပြောင်းပြန်တွေ ဖတ်တတ်တဲ့အကျင့်က တယ် မပျောက်ချင်သေးဘူး
ဘုတ် ဆိုင်းတွေနေမှာပါ အင်္ဂလိပ်လို စာလုံးပေါင်းကြည့်လေ သိတယ်ဟုတ်

V.....te sign

shwezinu said...

ညီမ ရေ

ကိုကြီးကျောက် ဖတ်သွားတဲ့ ဆိုင်းဘုတ်လာရှာသွားတယ် ဒီတခါတော့ ကိုကြီးကျောက် မှားသွားပြီထင်တယ် အမ သိတာက ပိုင်ရှင် နဲ့ပါ ဆိုတဲ့ ဆိုင်းဘုတ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ခိုင်သဇင်အေး said...

ဟုတ်တယ် အမ ရေ
ညီမ လည်း အပြင်ဘန်းကတော့ ရှု့ချင်စဖွယ် လိမ်ညာဘန်းပြထားပြီး
အတွင်းမှာ လောက်တက်နေတဲ့ ကြော်ငြာ မျိုးတွေ တွေ့ရင် အမလိုဘဲ
ကျလွိ ကျလွိ နဲ့ ဖြစ်ပြီး ခစ်ခစ်ခစ် နဲ့တောင် ရီလိုက်ချင်သေး။ ဒါပေမဲ့ သိတယ်မဟုတ်လား ။
သူတို့တွေ ကတော့ ဘယ်သူတွေဘယ်လိုပဲ ဟားတိုက်လို့ ရီကြပါစေ အချိန်မစေ့မချင် အဲ့ဒီ ဆိုင်းဘုတ်တွေကို
ိုအရှက်မရှိ ထောင်နေကြဦးမှာလေ။

hnin hay mar said...

အစ်မရေ...

အစစ်အမှန်မဟုတ်တဲ့အရာတွေက ပိုပြီး ကြော်ငြာအားကောင်းတယ်တဲ့း))
ဆိုင်းဘုတ်ကြီးကြီးထောင်ပီဆိုရင် အကြီးအကျယ် အလိမ်ခံနေရပြီဆိုတာသာ မှတ်လိုက်တော့းD

ချစ်ခင်စွာဖြင့်
နှင်း ..

နတ်ဆိုးလေး said...

ကျွန်တော်လဲ ဆိုင်းဘုတ်တွေ လိုက်ဖတ်ဖြစ်တယ်။။
ဥပမာ
သင့်ကြောင့် မီးမလောင်ပါစေနှင့်
သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်တို့
ယနေ့ အကြွေးမရောင်းပါတို
အပေါ့မသွားရ လူလိုသိပါ.. တို့
ဟီးဟီး

ခင်မင်လျက်
နတ်ဆိုးလေး

ချစ်ကြည်အေး said...

ဟုတ်ပါ့ မြသွေး အတွေးလေး ကောင်းလိုက်တာ၊ ကြော်ငြာကောင်းတိုင်း ပစ္စည်းရဲ့ အရည်အသွေးကို ကောင်းမယ် မထင်တတ်တော့တာ ကြာပါရောလား.....

Post a Comment