Tuesday, October 5, 2010

မြတ်သောဆရာ

အောက်တိုဘာလ (၅)ရက်နေ့၊ ဒီနေ့က ကမ္ဘာ့ဆရာများနေ့(World Teacher Day) ရယ်လို့  မနေ့ည (၈) နာရီခွဲလောက်မှာ သိလိုက်ရတော့ ကျွန်မရေးဖို့ ရည်ရွယ်ထားပေမယ့် အခုအချိန်အထိ ချမရေး ဖြစ်သေးတဲ့ လေးစားရတဲ့ ကျွန်မရဲ့ ဆရာကြီးအကြောင်းကို   " လေးစားထိုက်သူများ " ခေါင်းစဉ်အောက်မှာ ရေးဖို့ဆုံးဖြတ်လိုက်မိပါတယ်။ နိုင်ငံတကာမှာ ဒီနေ့ကို ကမ္ဘာ့ဆရာများနေ့ရယ်လို့ သတ်မှတ်ထားပေမယ့် ကျွန်မတို့ မြန်မာလူမျိုးများ အတွက်ကတော့ ဆရာဆိုတာ ဘုရားနဲ့ တစ်ဂိုဏ်းထဲထားရတဲ့ အနန္တောအနန္တ (၅)ပါးထဲမှာ တစ်ပါးအပါအ၀င်မို့ နေ့စဉ်လက်စုံမိုး ရှိခိုးဖြစ်ခဲ့တာပါ။


မူလတန်းမှသည် နောက်ဆုံးဘွဲ့ရသည်အထိ၊ ဘွဲ့ရပြီးပြင်ပမှာတက်ရောက်ခဲ့သည့် သင်တန်း များအပါအ၀င် ကျွန်မတက်ရောက် ပညာသင်ကြားရတဲ့ ကျောင်းတွေ၊ သင်တန်းတွေ အများကြီးရှိခဲ့သလို ကျွန်မလေးစားကြည်ညိုခဲ့ရတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများလည်း လက်ချိုးပြီး မှတ်မိရလောက်အောင် ရှိခဲ့ဘူးပါတယ်။ အဲ့ဒီအထဲမှာ ကျွန်မစိတ်ထဲမှာ ယနေ့တိုင် လေးစားကြည်ညိုမိတဲ့ ကျွန်မရဲ့ ဆရာကြီးတစ်ယောက်အကြောင်းကို ဒီနေ့လို ကမ္ဘာ့ဆရာများနေ့ (World Teacher Day) မှာ ဆရာ့ကိုလေးစားစိတ်၊ ဆရာ့ကို ဂါရ၀တရားထားမိတဲ့ စိတ်နဲ့ ပို့စ်လေးတစ်ပုဒ်ကို ဂုဏ်ပြုရေးသားချင်လာမိပါတယ်။


ဆရာ့ကို ကျွန်မတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူဘ၀မှာ စတင်သိခွင့်ရခဲ့ပါတယ်။ အဲ့ဒီအချိန်ကာလက ကျောင်းပြင်ပသင်တန်းဆိုရင် အင်္ဂလိပ်စကားပြောသင်တန်း၊ LCCIလောက်သာ ပေါ်ခဲ့သေးတာပါ။  ကွန်ပြူတာသင်တန်းတောင် မထွန်းကားသေးပါဘူး။ ကျွန်မအင်္ဂလိပ်စာကို အလွန်စိတ်ဝင်စားပါတယ်။ ဒါပေမယ့် လေ့လာအားထုတ်မှု အရမ်းနည်းခဲ့ပါတယ်။ အဲ့ဒီအချိန်က အင်္ဂလိပ်စာကို ၅တန်းမှာမှ စတင်သင်ယူခွင့်ရတဲ့ ပညာရေးစံနစ်ရဲ့ နောက်ဆုံးနှစ်လက်ကျန်လေးမှာ  ကျွန်မဒရွတ်တိုက် လိုက်ပါနေချိန်။ အထက်တန်းကျောင်းသူဘ၀မှာ ဘာသာရပ်တွေထဲမှာ သင်ယူရအပျော်ဆုံးဘာသာက အင်္ဂလိပ်စာဖြစ်ခဲ့ပေမယ့် ကျွန်မရဲ့ အင်္ဂလိပ်စာတတ်ကျွမ်းမှုက မီးကျိုးမောင်းပျက်သာသာပါ။ အင်္ဂလိပ်စာလုံး အသံထွက်တွေကို စိတ်ဝင်စားတယ်။ အင်္ဂလိပ်လို သတင်းကြေညာတာကို စိတ်ဝင်စားတယ်။ အင်္ဂလိပ်လို ပြောတတ်ချင်တယ်။ အဖေရော၊ အမေပါ အင်္ဂလိပ်လို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောတတ်ပေမယ့် ကျွန်မမှာတော့ အဖေအမေတို့နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကာ အင်္ဂလိပ်လိုပြောဖို့အရေးဆို ရှက်ရွံ့တုန့်နှေးနေပြီး ခွေးအကြီးလှည်းနင်းသလို အ..ထစ်၊ အ..ထစ်နဲ့။ အင်္ဂလိပ်စာ စကားပြောသင်တန်းတွေ လိုက်တက်ခဲ့ပေမယ့် ကိုယ်တိုင်ကိုယ်ကျ မပြောလေတော့ ငွေကုန်၊ အချိန်ကုန်၊ လူပမ်းပါဘဲ။


အဲ့ဒီအချိန်မှာ ကံအားလျှော်စွာ သူငယ်ချင်းတစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့ ဆရာကြီးရဲ့ အမေရိကန် အင်္ဂလိပ်စကားပြောသင်တန်းကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဆရာကြီးရဲ့ အင်္ဂလိပ်စာစကားပြော သင်တန်းဟာ တခြားအင်္ဂလိပ်စကားပြော သင်တန်းတွေနဲ့မတူ တစ်မူထူးခြားလှပါတယ်။ စာသင်ခန်းထဲမှာ ခုံတန်းတွေနဲ့ ခုံနံပါတ်နဲ့ အတန်းလိုက်စီထိုင်ရတာမျိုးမဟုတ်ပဲ စားပွဲတွေမှာ အားလုံးဝိုင်းပြီး၊ ရောထိုင်ရတာပါ။ စားပွဲတိုင်းရဲ့ အလည်မှာ ပန်းအိုးတစ်လုံးစီ အလှထိုးထားပြီး တစ်ခါတစ်ရံ အလှထိုးပန်းများ၊ တစ်ခါတစ်ရံ မီးဖိုချောင်သုံး မုန်လာဖူး၊ မုန်ညှင်း အစရှိတဲ့ ဟင်းရွက်များ၊ ရာသီအလိုက်ပန်းများနဲ့ ဝေေ၀ဆာဆာ မပြတ်အလှထိုးထားတာကို ထူးထူးဆန်းဆန်း တွေ့ရပါတယ်။ ဆရာဆီမှာ အဲ့ဒီအချိန်တုန်းက သင်တန်းကြေး တစ်ကြိမ်ပေးသွင်းပြီးရင် တက်ချင်သလောက် ရက်အကန့်သတ်မရှိ နှစ်ပေါက်အောင် တက်လို့ရပါတယ်။ စာသင်ချိန်ကလည်း မကန့်သတ်ထားပဲ မနက်၉နာရီလောက် ကနေ ညရောက်တဲ့တိုင်အောင် ကျောင်းသားတွေမပြတ်သရွေ့ သင်ပေးနေတာပါဘဲ။ ကျောင်းသားတွေကလည်း သင်နေချိန်မှာ ပြန်ချင်လာရင် အသာအယာနှုတ်ဆက် ပြန်သွားလို့ရပါတယ်။ ဘယ်သူမှ မတားမြစ်ပါဘူး။ အချိန်နဲ့တက်၊ အချိန်နဲ့ဆင်းရတဲ့ သင်တန်းကျောင်းများနဲ့ ကွဲပြားခြားနားလှတာကိုက သင်တန်းရဲ့ ထူးခြားချက်ပါ။


သင်တန်းစတက်တက်ခြင်း တစ်ပါတ်မှာ သင်ရိုးစာအုပ်ထဲက အပြန်အလှန် စကားပြောတာတွေကို အသံထွက်မှန်ကန်အောင် ဆရာ့စားပွဲရှေ့မှာ ထိုင်စေလျှက် ဆရာကိုယ်တိုင် တိုင်ပေးကာ ရွတ်ဆိုစေပါတယ်။ တစ်ပါတ်ပြည့်တာနဲ့ အင်္ဂလိပ်နာမည်ပေးပြီး ခုနက စားပွဲဝိုင်းတွေစီ ၀င်ထိုင်ခိုင်းတော့တာပါဘဲ။ စားပွဲတိုင်းရဲ့အလည်ခေါင်မှာ အလှပန်းအိုးအပြင် မြေနဲ့ပြုလုပ်ထားတဲ့ အရုပ်စုဘူး အကြီးကြီးတစ်လုံးလည်း ရှိနေပါတယ်။ ဒီစားပွဲဝိုင်း ရောက်ရင်တော့ မြန်မာလိုပြောခွင့်ကို မရှိတော့ပါဘူး။ မြန်မာလို ယောင်ထွက်ပြောမိလို့ကတော့ လာပေတော့ တစ်ခါပြောမိ ဒဏ်ကြေးငွေကောက်ကာ စုဘူးကြီးထဲ ထည့်ရပါတယ်။ ဒါဆိုစကားမပြောပဲမနေနဲ့ပေါ့လို့ စောဒကတက်လို့မရပါဘူး။ စားပွဲဝိုင်းမှာ စီနီယာများနဲ့ ဂျူနီယာများ ရောထိုင်ခိုင်းထားပြီး Free Conversation ခေါ် အလွတ်သဘော ရောက်တတ်ရာရာများကို ပြောစေပါတယ်။ စီနီယာများကလည်း ဂျူနီယာများ မပြောပဲမနေနိုင်အောင် စပြီး၊ ဆွပြီး စကားရှာကြံပြောပါတယ်။ ဥပမာ - မင်းရဲ့ ရွှေဟန်းချိန်းကြီးက အတုကြီးမဟုတ်လား? ဘာလို့ အတုဝတ်ရတာလဲ ?? လို့ မခံနိုင်အောင်၊ ပြန်မပြောမဖြစ်ပြောအောင် နောက်ပြီး ပြောတတ်ပါတယ်။ စီနီယာ၊ ဂျူနီယာဆိုရာမှာလည်း အသက်ကြီးတာ၊ ငယ်တာ၊ အတန်းပညာမြင့်တာ၊ နိမ့်တာနဲ့ မပိုင်းဖြတ်ပါဘူး။ အသက်ငယ်ပေမယ့် အင်္ဂလိပ်လို ပြောရဲဆိုရဲ ပြောနိုင်ဆိုနိုင်သူက စီနီယာပါဘဲ။ သင်တန်းမှာ ၈တန်းအရွယ်ကလေးကစလို့ တက္ကသိုလ်ကျောင်းသူများအလည် ဆရာဝန်၊ အင်ဂျင်နီယာများ အဆုံး၊ မင်းသားရော၊ ရဟန်းတော်များပါမကျန် လာရောက်သင်ယူကြပါတယ်။ မှားမှားမှန်မှန်၊ များများပြောစေပါတယ်။ အချင်းချင်း များများပြောရင်းနဲ့ ပြောရဲလာဖို့ကို အဓိကထား လေ့ကျင့်ပေးပါတယ်။


ဆရာကြီးက Asia Week, News Week, Times မဂ္ဂဇင်းတို့က နောက်ဆုံးသတင်းများ၊ ကမ္ဘာ့ရေးရာများကိုလည်း အပတ်စဉ်သင်ကြားပေးပါတယ် ။ အင်္ဂလိပ်ဘမ်းစကားများ၊ ထူးခြား အသုံးအနှုန်းများ၊ အင်္ဂလိပ်သီချင်းများ၊ ဂိမ်းများနဲ့ မညည်းငွေ့ရအောင် သင်ပေးပါတယ်။ မကြာခဏဆိုသလို အပမ်းဖြေခရီးများလည်း ပေးထွက်ပါတယ်။ ဆရာကြီးရဲ့ စာသင်ခန်းရောက်ပြီးရင် တစ်ခါတစ်ရံ အိမ်ပြန်ဖို့မေ့ပြီး ကျောင်းမှာ တစ်နေကုန်သွားတတ်ပါတယ်။ တခြားကျောင်းတွေလို သင်တန်းဆင်းလက်မှတ် ဆရာကြီးကျောင်းမှာ မပေးပါဘူး။ ကျောင်းပျော်အောင် အဓိကထားပြီးမှ အင်္ဂလိပ်စာကိုပျော်ရွှင် လွတ်လပ်စွာ သင်ယူလိုစိတ် ဖြစ်ပေါ်လာအောင်၊ အင်္ဂလိပ်စာကို မကြောက်အောင် လေ့ကျင့်ပေးသွားတာ အဲ့ဒီအချိန်က ဆရာကြီးရဲ့ ကျောင်းတစ်ကျောင်းပဲ ရှိမယ်ထင်ပါတယ်။ ဆရာကြီးရဲ့ သင်တန်းကျောင်းမှာ တစ်နှစ်ကျော်ကျော်လောက် ကျွန်မတက်ဖြစ်ခဲ့ပါတယ်။ ကျွန်မလည်း အရင်ထက်စာရင် ပြောရဲဆိုရဲတဲ့အထိ တိုးတက်လာခဲ့ပါတယ်။




ကျွန်မအဓိကထားပြောချင်တာက ဆရာကြီးရဲ့ ကျောင်းအကြောင်းထက် ဆရာကြီးရဲ့ စိတ်နေသဘောထားကို ပြောပြချင်တာပါ။ အဲ့ဒီအချိန် အသက်၁၉နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ ဆရာကြီးပေါ်မှာ မြင်တဲ့အမြင်ကို အခုလို ဆရာကြီးနဲ့ တစ်မြို့ထဲနေပြီး ဆရာကြီးနဲ့ အဆက်သွယ်တွေ ပြတ်နေလေတဲ့ လူလတ်ပိုင်းအရွယ်ရောက်နေတဲ့ တပည့်မက ပြန်ပြောတာဆိုတော့ အပိုမုသားမပါဘဲ ပကတိအရှိအတိုင်းပြောတာမို့လို့ ကိုယ့်ကိုယ်ကို လိပ်ပြာလုံပါတယ်။



ဆရာကြီးဟာ အဲ့ဒီတုန်းက အသက် ၅၀ကျော်ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းမိပါတယ်။ ဆရာကြီးက ကျန်းမာသန်စွမ်းသူမဟုတ်ပါဘူး။ ဆရာကြီးရဲ့ အပြောနဲ့ပြောရရင် သူဟာ ဒုက္ခိတတစ်ယောက်ပါ။ ဒီကြားထဲ နှလုံးရောဂါကလည်းရှိနေပါသေးတယ်။ လေဖြတ်ထားပြီး လမ်းလျှောက်ရင်လည်း ခါးနာဝေဒနာကြောင့် လက်ကိုင် ချိုင်းထောက်ကို အမှီသဟဲပြုပြီးမှ ထိုင်နိုင်၊ ထနိုင်သူပါ။ ဆရာကြီးဟာ တပည့်တွေ အပေါ်၊ အထူးသဖြင့် လူငယ်တွေအပေါ်မှာ နားလည်ပေးနိုင်လွန်းသူ၊ လူငယ်တွေရဲ့ ရင်ဘတ်ကို ထိုးထွင်းမြင်နိုင်သူတစ်ဦးပါ။ ဆရာကြီးဟာ ဆရာကောင်းဖြစ်သလို၊ မိဘလို၊ သူငယ်ချင်းလို၊ မိတ်ဆွေလို၊ ညီအစ်ကိုမောင်နှမလို ပုံသဏ္ဍန် အမျိုးမျိုးနဲ့ တပည့်တွေအတွက် စေတနာ၊ ၀ါသနာ၊ အနစ်နာဆိုတဲ့ နာ(၃)နာနဲ့ ပြည့်ဝတဲ့သူပါ။ တပည့်တွေက ဆရာကြီးကို ရင်ဖွင့်ကြတယ်။ တိုင်ပင်ကြတယ်။ ဆွေးနွေးကြတယ်။ တိုင်တည်ကြတယ်။ ဆရာကြီးအနားမှာ အမြဲ တပည့်တွေဝိုင်းရံနေခဲ့တယ်။ ဆရာကြီးက တပည့်တွေကို ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်အောင် အင်္ဂလိပ်စာ ထူးချွန်ထက်မြက်သူတွေ ဖြစ်စေချင်ပေမယ့် နိုင်ငံခြားသားတွေကို အားမကျဖို့၊ မျိုးချစ်စိတ်ရှိဖို့၊ စိတ်ဓာတ်ခွန်အားတွေ ပြည့်ဝဖို့၊ လွယ်လွယ်နဲ့ ဇွဲမလျှော့ဖို့၊ လူပီသတယ်၊ လူ့တန်ဘိုးဆိုတာ ဘာလည်းသိဖို့ သူ့ရဲ့မေတ္တာရင်ငွေ့နဲ့ နားလည်စေခဲ့ပါတယ်။


လူတွေရဲ့ စရိုက်သဘာဝကို သိချင်ရင် ခရီးအတူတူ ထွက်ကြည့်လိုက်ပါ… တဲ့။ ဆရာကြီးရဲ့ တပည့်တွေအပေါ်ထားတဲ့ စေတနာ၊မေတ္တာနဲ့ အနစ်နာကို ကျွန်မတို့ ကျောင်းအဖွဲ့ ချောင်းသာကမ်းခြေကို အပျော်ခရီးထွက်ချိန်မှာ သေချာ ကျွန်မသိခွင့်ရလိုက်ရပါတယ်။ အဲ့ဒီတုန်းက ချောင်းသာဆိုတာ အခုလိုထွန်းကားတိုးတက်ဖို့ နေနေသာသာဘယ်သူမှ ပင်လယ်ကမ်းခြေဆိုတာ မသိကြသေးတဲ့ အချိန်ကာလပါ။ ဆရာကြီးစကားနဲ့ပြောရရင် ပကတိအလှတရားတွေနဲ့ ချောင်းသာပေါ့။ အဖွဲ့ဝင်၇၀ခန့် ၂ထပ်သဘောင်္ကြီး စင်းလုံးငှားပြီး တပျော်တပါးသွားကြတာပါ။ ကျွန်မအသက်၁၉နှစ်လောက်ကဆိုတော့ ကျွန်မတို့ သူငယ်ချင်းမတွေအဖွဲ့က အသက်အငယ် ဆုံးတွေလို့တောင် ပြောလို့ရပါတယ်။ သဘောင်္ဦးပိုင်းမှာ အိပ်ခန်း အလွတ်အပိုတစ်ခန်းပါတာမို့ ဆရာကြီးတို့မိသားစုကို ကျောင်းသားကြီးတွေက အိပ်ခန်းမှာ အိပ်စေပေမယ့် ဆရာကြီးက မအိပ်ရှာပါဘူး။ ကျောင်းသူ၊ ကျောင်းသားများနည်းတူ ကုန်းပတ်ပေါ်မှာပဲ အိပ်ပြီး ကျွန်မတို့ မိန်းကလေးအငယ်များကို အိပ်ခန်းထဲမှာ လုံခြုံစွာ အိပ်စေပါတယ်။


ချောင်းသာရောက်ပြန်တော့လည်း အဲ့ဒီတုန်းက ကမ်းခြေကို မျက်နှာပြုထားတဲ့ ဓနိမိုးအိမ်လေးတွေမှာ တည်းခိုရတော့ ကျွန်မတို့ မိန်းကလေး အငယ်အုပ်စုကို အိမ်အတွင်းမှာ အိပ်စေပြီး ဆရာကြီးနဲ့ဇနီးက ကျွန်မတို့ကို စောင့်ရှောက်ကာ တဲအိမ်လေးရဲ့ အရှေ့က ကပြင်မှာ လေဒါဏ်ကို ကြံ့ကြံ့ခံလို့ အိပ်ပါတယ်။ ကျွန်မတို့ ကျောင်းသူတွေမှာ အိမ်ခန်းထဲကနေ အပြင်မှာ အိပ်နေကြတဲ့ ဆရာကြီးတို့ မိသားစုကို သနားအားနာမဆုံး ဖြစ်နေရသလို ဆရာကြီး တပည့်တွေအပေါ်မှာထားတဲ့ စေတနာကို မျက်ဝါးထင်ထင်တွေ့သိလိုက်ရပါတယ်။ ပင်လယ်ကို မမြင်ဘူးကြတဲ့ မြို့သူ၊ မြို့သားများဆိုတော့ ဆရာကြီးက ပင်လယ်ထဲ ရေဆင်းကူးရင်တောင် သူကိုယ်တိုင် မသန်မစွမ်းနဲ့ ရေလိုက်ဆင်းကူးရင်း တပည့်များကို အန္တရာယ်မဖြစ်အောင် စောင့်ရှောက်ခဲ့ပါတယ်။


ချောင်းသာက ပြန်တဲ့နေ့မှာ ကားက ရှားလေတော့ ယောကျာ်းလေးများကို သစ်လုံးတင်ထရပ်ကားနဲ့ သဘောင်္ရှိရာ မောင်းဘိဆိပ်ကမ်းကို အရင်သွားစေပြီး၊ ဆရာကြီးမိသားစုက မိန်းကလေးများအဖွဲ့နဲ့ နောက်တစ်ခေါက် ကားပြန်လာအကြိုကို ချောင်းသာက စောင့်ကြပါတယ်။ ကားက ပြန်ရောက်သင့်ပေမယ့် တော်တော်နဲ့ ပြန်မလာပါဘူး။ မကြာခင်မှာပဲ ကျောင်းသားတွေပါတဲ့ ကားကလမ်းခုလပ်မှာ မှောက်တယ်လို့ သတင်းက ရွာထဲဝင်လာပါတယ်။ ဆရာကြီးလည်း တုန့်ဆိုင်းမနေတော့ပဲ သက်ဆိုင်ရာများဆီ ပြောပြအကူညီတောင်းတော့ အာတီကားကြီး တစ်စီးရပါတယ်။ ဒါနဲ့ ကျန်တဲ့မိန်းကလေးများအားလုံးတက်စေပြီး ချောင်းသာကနေ ထွက်ခွာခဲ့ကြပါတယ်။


ခရီးတစ်ဝက်ရောက်တော့ ရှေ့က ယောကျာ်းလေးတွေ စီးသွားတဲ့ ထရပ်ကားကြီးက လမ်းနဘေးက ချောက်ကမ်းထဲ တစ်ဝက်ဇောက်ထိုးရောက်လျှက်။ ဆရာကြီးမပြောနဲ့ ကျွန်မတို့တောင် စိုးရိမ်လန့်ဖြတ်ကုန်ပါတယ်။ ဆရာကြီးက ကျောင်းသားတွေ အထိအခိုက်ရှိမရှိမေးတော့ ဒူးပွန်း၊ လက်ပွန်းနဲ့ အပြင်းထန်ဆုံး ခေါင်းပေါက်သူပဲရှိပါတယ်။ အဖွဲ့က ဆရာဝန်များက ဆေးထည့်ပေးထားတယ်လို့ ကျောင်းသားကြီးများက ရှင်းပြပါတယ်။ ဆရာကြီးရဲ့ မျက်နှာမှာ စိုးရိမ်စိတ်တွေနဲ့ ပြည့်လျှံနေပါပြီ။ ကျောင်းသားတွေကို ချက်ချင်း ကိုယ်တိုင်လူစစ်ဆေးပါတယ်။ ဒါဏ်ရာတွေရမရ သေချာအသေးစိတ်စစ်ကာ မေးမြန်းပါတယ်။ အဲ့ဒီမှာ ကျောင်းသားအချို့က ပျောက်နေပါတယ်။



ဆရာကြီးမျက်နှာကြေကွဲရိပ်ဆင်နေပါပြီ။ ကျောင်းသားကြီးများကလည်း သူတို့အားလုံးရှိတယ်.. ရွာထဲရောက်နေလား မသိဘူးလို့ပြောပါတယ်။ ဒါပေမယ့် ဆရာကြီးက လူအကောင်ထည်လိုက် မမြင်ရသရွေ့ အထင်းသား စိတ်ပူပန်နေပါတယ်။ ပျောက်နေတဲ့ ကျောင်းသားတွေကို သွားရှာခိုင်းတော့ မကြာခင် အတူပြန်ပါလာပါတယ်။ သူတို့က ဆာလွန်းလို့ တောထဲဝင်ပြီး တောထဲကအိမ်မှာ ထမင်းဝင်စားနေလို့ ပျောက်နေတာမှန်း သိလိုက်ရပါတော့တယ်။ အဲ့ဒီတော့မှ ဆရာကြီးလည်း ပြုံးရယ်လာနိုင်ပြီး တပည့်သားများကို တစ်ယောက်ဆီ ရင်ခွင်ထဲ ပွေ့ဖက်ကာ စိတ်ဒုံးဒုံးချရ ပါတော့တယ်။ တပည့်တွေကို စိုးရိမ်စိတ်နဲ့ ဆရာကြီးနှလုံးရောဂါဝေဒနာက အောင့်လာလို့ တပည့်ဆရာဝန်များက ဆရာကြီးကို ဆေးကုရပါသေးတယ်။ အဲ့ဒီနောက် ကျွန်မတို့စီးလားတဲ့ အာတီကားကြီးတစ်စီးထဲမှာ ကျောင်းသူ၊ ကျောင်းသား၊ ခရီးဆောင်အိတ်များအားလုံးနဲ့ ကြပ်ညပ်လို့ ပျော်ရွှင်စွာ တိုးဝှေ့ထိုင်ကြရင်း သဘောင်္ရှိရာ မောင်းဘိဆိပ်ကမ်းကို တရွေ့ရွေ့မောင်းပြီး ပြန်လာရတာကို အခုစာရေးနေရင်း ပြန်မြင်ယောင်နေမိပါတယ်။ ရန်ကုန်ပြန်ရောက်လို့ နောက်တစ်နေ့မှာ ချောင်းသာသွားတဲ့ အတွေ့အကြုံကို သင်ခန်းစာအဖြစ် ပြန်လည်သင်ကြားချိန်မှာ ကျွန်မတို့အားလုံး ဆရာကြီးရဲ့ တပည့်တွေအပေါ်ထားတဲ့ နွေးထွေးတဲ့ ကြီးမားတဲ့ မေတ္တာကို တစ်ဖန်ပြန်လည်ရရှိကြပြန်ပါတယ်။




ဆရာဟာ တပည့်များကို ကျောသားရင်သား မခွဲခြားပဲ တစ်ပြေးညီ ကြင်နာစွာ ဆက်ဆံတာမို့ တပည့်များက ဆရာလိုသာမက ဖခင်တစ်ယောက်ပုံစံမျိုးနဲ့ ဆရာကြီးကို ချစ်ခင်တွယ်တာကြပါတယ်။ ဆရာ့တပည့်တော်တော်များများဟာ အခုဆို ကမ္ဘာအနှံ့အပြားမှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်း အလုပ်လုပ်နေကြပါပြီ။ အခုတော့ဆရာကြီးလည်း အသက်၇၀နှစ် ၀န်းကျင်လောက်ရှိနေလောက်ပြီ။ ကျန်းမာရေးအခြေအနေအရ ဆရာကြီး စာမသင်နိုင်တော့ဘူးလို့ ကြားသိရတယ်။ ဆရာကြီးနဲ့ ရန်ကုန်တစ်မြို့ထဲနေပြီး အဆက်အသွယ် ပြတ်နေရတော့ ကိုယ့်ကိုယ်ကို အပြစ်ရှိသူတစ်ဦးလိုတောင် ခံစားမိရတယ်။ ဆရာကြီးရဲ့သင်တန်း မတက်ဖြစ်တော့ကထဲက အဆက်သွယ်ပြတ်သွားလိုက်တာ အခုဆိုရင် နှစ်ပေါင်းများစွာ..။ ဆရာကြီးက စာမသင်နိုင်တော့ပေမယ့် ဆရာကြီးရဲ့ တန်ဖိုးရှိတဲ့၊ ခွန်အားရှိတဲ့ စာတွေကို စာစောင်တွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းစာမျက်နှာတွေမှာ အရှိန်အဟုန် ကောင်းကောင်းနဲ့ တွေ့နေရဆဲ။ စောင့်ဖတ်နေရဆဲ။ ဆရာကြီးက ဘယ်တော့မှ အားမာန်မလျှော့မယ့်သူ။ ကျန်းမာရေးမကောင်းတဲ့ကြားက စာဖတ်သူ၊ အထူးသဖြင့် လူငယ်တွေ အတွက် ဟန်မလုပ်၊ အပိုမပါ၊ ရှင်းရှင်းဘွင်းဘွင်းနဲ့ သူ့ရဲ့စာများကို နောက်ဆုံးရေးနိုင်တဲ့ အချိန်အထိ ရအောင်ရေးသွားရင်း လောကကို အကျိုးပြုသွားမယ့်သူလို့ ကျွန်မ ယုံကြည်မိပါတယ်။ လူထုသတင်းစာတိုက်ရဲ့ သတင်းစာဆရာကြီး တစ်ဦးဖြစ်ခဲ့သလို လူငယ်တွေအတွက် ဆရာကောင်းတစ်ယောက် အဖြစ်သာမကပဲ၊ စာကောင်းပေမွန်တွေကို အလျဉ်မပြတ်ရေးသားနေတဲ့ ဆရာကြီးဆီမှာ တပည့်ဟောင်းတွေက ယနေ့တိုင် ဆရာ့ကိုလာတွေ့လို့ ရင်ဖွင့်ကြဆဲ၊ အကြံဥာဏ်တောင်းနေကြဆဲ။ ဆရာ့ရဲ့ စာတွေထဲမှာ ဖတ်နေခွင့်ရနေပြန်တော့ ကျွန်မစိတ်ထဲ ဆရာကြီးကို သွားတွေ့ချင်စိတ်တွေ တဖွားဖွားဖြစ်လာရပြန်တယ်။


ရိုလန်ဒါး (Yolanda)လို့ ဆရာနာမည်ပေးခဲ့တဲ့ တပည့်မတစ်ယောက် ဆရာ့ရဲ့တပည့်မဖြစ်ခွင့်ရခဲ့တာ ၀မ်းမြောက်ဂုဏ်ယူမဆုံးနိုင်ပါဘူး။ ဆရာရဲ့ ဆုံးမစကားနဲ့အတူ၊ ဆရာ့ရဲ့စာတွေထဲကလို လောကဓံရဲ့ အရိုက်အပုတ်ကို ကြံ့ကြံ့ခံလို့ သံသရာဘ၀ရထားကြီးကို ရဲရဲကြီး ခုတ်မောင်းနှင်နေတယ်ဆိုတာ အခါအခွင့်သင့်ရင်ဖြင့် ကျွန်မလေးစားရပါတဲ့ ဆရာကြီးလူထု(ဦး)စိန်ဝင်း ရဲ့ ရှေ့မှောက်မှာ သွားရောက်လို့ ပြောပြမိချင်ပါသေးတယ်ရှင်။


ဆရာကြီး အသက်ရာကျော်ရှည်လို့ ကျန်းမာ၊ ချမ်းသာစွာနဲ့ ဆက်လက်ပြီး စာတွေရေးသားနိုင်ဖို့  " ကမ္ဘာ့ဆရာများနေ့" မှာ ဆုမွန်ချွေလိုက်ပါတယ်ရှင်။



အွန်လိုင်းမှာရေးဖြစ်တဲ့ ပထမဦးဆုံးပို့စ်လေးတစ်ပုဒ်ဖြစ်ပြီး ကျွန်မအပေါ်မှာ ရေးခဲ့တဲ့ ချောင်းသာခရီးရဲ့ တစ်စိတ်တစ်ပိုင်းကို ဖတ်ချင်တယ် ဆိုရင်တော့ ဒီလင့်ခ်လေး ကိုသာ click လုပ်ပေးလိုက်ပါနော်။


Photo Source :  Google

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

13 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

လေးစားထိုက်ပါပေတယ်..
ဆရာ့အကြောင်းရေးထားတဲ့ အစ်မစာလေး ဖတ်ပြီး မျက်ရည်တောင် ၀ိုင်းမိတယ်။
ဆရာသမားကောင်း ပီသတဲ့ ဆရာတွေကို တပည့်တွေကလည်း နှစ်တွေဘယ်လောက်ကြာကြာ မေ့မသွားကြတာ သေချာပါတယ်..
အသပြာထက် စေတနာကို တန်ဖိုးထားရင် စေတနာက ရောင်ပြန်ဟပ်တာပါဘဲ။
ညီမမှာလည်း ဆရာကောင်းတွေနဲ့ ကြုံခဲ့ဖူးတယ်.. သူတို့အကြောင်း စဉ်းစားလိုက်တိုင်း ရင်ထဲမှာ အမြဲတမ်းကြည်နူးရတယ်..ပြန်မဆုံဖြစ်ပေမဲ့ ရင်ထဲမှာ အမြဲ အမှတ်ရနေခဲ့တယ်..
အစ်မနဲ့ထပ်တူ ဆရာကြီး နေကောင်းကျန်းမာစွာ စာပေတွေ ဆက်လက်ရေးသား မျှဝေနိုင်ပါစေရှင်။
ဆရာများနေ့မှာ စေတနာရှင်ဆရာဆရာမများအားလုံး သက်ရှည်ကျန်းမာစွာ ပညာများကို မျှဝေနိုင်ကြပါစေ။ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေရှင်။

သဒ္ဓါလှိုင်း said...

ဒီနေ့ကမ္ဘာ့ဆရာများနေ့မှာ ထူးထူးခြားခြားဆရာတွေကိုသတိရနေမိပါတယ်.။
ဆရာကောင်းဆိုတာတပည့်တွေအတွက်တော့ ဘယ်တော့မှမေ့လို့မရတဲ့အနန္တဂိုဏ်းဝင်
ကျေးဇူးရှင်တွေပါပဲ..။ သဒ္ဓါလည်းဆယ်တန်းတုန်းကမြန်မာစာဆရာကြီးကိုအရမ်း
တွေ့ချင်စကားတွေပြောချင်နေတယ်... သတိတွေရလိုက်တာ..။
သူငယ်တန်းကနေ အခုထိ သင်ပေးခဲ့တဲ့... သင်ပေးနေတဲ့... သင်ဆရာ၊မြင်ဆရာ၊ကြားဆရာအားလုံးရဲ့
ဂုဏ်ကျေးဇူးကိုရည်မှန်းပြီး ကန်တော့ပန်းဆင်ပါတယ်..။
ဆရာကြီးလူထုဦးစိန်ဝင်းလည်း ကျန်းမာချမ်းသာပြီး စာပေတွေကိုလက်ဆင့်ကမ်းပေးနိုင်ပါစေ..။
ချစ်တဲ့
ညီမသဒ္ဓါ

သူရအောင် said...

လေးစားထိုက်တဲ့ တစ်ကယ်ဆရာ ကောင်း ပါပဲ အစ်မ
အစ်မစာကို ဖတ်လိုက်မှ ငယ်ငယ်က ဆရာ တွေကို မြင်ယောင်ကန်တော့မိတယ် အစ်မ ရေ

indawshan said...

အသက်တွေ ကြီးလာလေ ဆရာတွေရဲ့ ကျေးဇူးကို ပိုပို ပြီး သတိရလာလေပါပဲ မမြသွေးနီရေ....
လူတိုင်းဟာ ဆရာနဲ့ မကင်းခဲ့သလို သတိရ စရာတွေ ကျေးဇူ တင်စရာတွေ များစွာ နဲ့ပါပဲဗျာ။
ခုလို ဆရာရဲ့ မေတ္တာ စေတနာတွေကို စာရှည်ကြီးနဲ့ ဖော်ပြပေးလိုက်တဲ့ မမြသွေးကိုလည်း လေးစာလျှက်ပါ ခင်ဗျာ။
လိုအင်တွေ ပြည့်ပါစေ.....

ကိုကြီးကျောက် said...

မယ်သွေးရေ...ဆရာကျေဇူးကို သိနားလည်သူတွေ ရှားပါးလာချိန်မှာ...ဒီစာလေး ဖတ်ရတာ တော်တော်သဘောကျတယ်..

sosegado said...

ဖတ်ပြီးတော့ သတိရသွားတယ်
ကျနော်လေးစားရတဲ့ ဆရာကတော့ လောကကြီးထဲမှာမရှိတော့ပါဘူး၊

ဏီလင်းညို said...

အဲ့ဒီလို ဆရာမျိုးနဲ့.......ထိစပ်ခွင့်ရခဲ့တာ အစ်မမြသွေး ကံကောင်းတယ်ဗျာနော့်............။
ဆရာကြီးကျန်းမာပါစေဗျာ........။

ခင်မင်ခြင်းအားဖြင့်.........
ဏီလင်းညို

shwezinu said...

ဆရာကြီး တပည့် တယောက် အခုလို ပြောတာတွေ ဖတ်ရတာ ဝမ်းသာပါတယ်ဗျာ မွန်မြတ်တဲ့ ဆရာစစ်ပါ

ခင်မင်စွာဖြင့်
ရွှေစင်ဥိး

နေရောင် said...

လာဖတ်သွားတယ် အမရေ
အခုမှပဲ ဆရာသမားတွေနေ့ ရှိပါလားလို့သိရတယ်

ဟန်နာ said...

အမတို့ အင်္ဂလိပ်စကားပြောသင်တန်းလေး က တစ်ခြား သင်တန်းတွေနဲ့ မတူဘူးနော်..
'' မျှော်လင့်ချက်မဲ့တဲ့ အခြေအနေဆိုတာ မရှိဘူး။ မျှော်လ့င်ချက်မရှိတဲ့လူဆိုတာပဲရှိတယ်။ မိမိအခြေအနေကို မိမိကပဲ ပြောင်းလဲပစ်နိုင်တယ်. ကံစီမံသမျှ ခေါင်းငုံ့ ခံနေပါတော့မယ်ဆိုရင် ''hopeless person'' ဖြစ်နေပြီသာ မှတ်ပေတော့ ''.မှတ်သားလောက်တဲ့ စကားလေးပါ.. :)

ပျော်ရွှင်ပါစေ....
ဟန်နာ :)

မြစ်ကျိုးအင်း said...

ဆရာကောင်းနဲ့ တွေ့ခွင့်ရတာကိုက နည်းတဲ့ကုသိုလ် မဟုတ်ပါဘူး။
ကျနော့်ဖေဖေ ပြောဖူးတယ်။ သူတို့ငယ်ငယ်ကဆို ညဘက် ရပ်ကွက်ထဲမှာ
ဆရာက ဘယ်သူစာကျက်လဲ လိုက်နားထောင်လေ့ရှိတယ်တဲ့။
မကျက်တဲ့ကျောင်းသား နောက်နေ့ဆို အရိုက်ခံရတော့ ညစဉ်ညတိုင်း
အိမ်စာ လုပ်ကြရတယ်တဲ့လေ။ မိမိရဲ့ အားလပ်ချိန်တွေကိုပါ တပည့်တွေအတွက်
အချိန်ပေးတဲ့ ဆရာမျိုးတွေ အများကြီး ရှိခဲ့ပါတယ်။

ရွှေရုပ်လွာ said...

အစ်မကံကောင်းပါတယ်...
ရုပ်လည်းဆရာကောင်းတွေနဲ့ တွေ့ဖူးတယ်
ကံကောင်းတာက အားလုံးဟာ သက်ရှိထင်ရှားရှိနေသလို နှစ်စဉ်နှစ်တိုင်း အာစရိယ ပူဇော်ပွဲကို ကျင်းပနေဆဲပါပဲ
တပည့်တွေရဲ့  စီစဉ်မှုနဲ့ပေါ့

အစ်မရဲ့  ပို့စ်လေးကိုဖတ်ရတာ
စလယ်ဆုံး ရင်ထဲမှာ နွေးထွေးရပါတယ်ဗျာ

အုပ်ကြီး said...

ကျွန်တော်တို့ တစ်တွေ မိမိတို့ ရဲ့ ဆရာတွေကို
သတိရစေတဲ့ ဒီပို့ လေးကို အထူးကျေးဇူးတင်မိပါတယ်ခင်ဗျာ

Post a Comment