“ အားလုံးပဲ.. ကျွန်တော်တို့ စာသင်ခန်းထဲ ပြန်မသွားခင် ၁၀မိနစ်လောက် အညောင်းပြေ ဂိမ်းလေးတစ်ခု ကစားကြရအောင်နော်..။ ဘယ်လိုလဲ… ကစားချင်ကြရဲ့လားမသိဘူးနော် ”
“ ဝေး…. ဟေး…..ဟေး.. ကစားချင်ကြပါတယ်.. ကစားပါမယ် ”
သင်တန်းသား (၂၄) ယောက်မှာ အများစုက လူငယ်များဆိုတော့ ဟန်မဆောင်နိုင်ပဲ နှုတ်ကနေ အော်ဟစ်မိကြပါတယ်။ အသက်တွေက (၁၉) နှစ်ကနေ (၄၀) နှစ် အရွယ်အထိ ပါဝင်နေပါတယ်။ သူတို့ဟာ သတ်မှတ်ထားတဲ့ ရက်တို ပို့ချချက်ကို သင်ယူဖို့ ဒီကျောင်းလေးမှာ အတူတကွ လာရောက်စုရုံးနေမိကြတာပါ။ တချို့က အချင်းချင်း အရင်ထဲက သိကြပါတယ်။ တချို့ကတော့ ဒီရောက်မှ သိကြရတာပါ။ သူတို့က အသက်အရွယ် တွေ မတူညီကြဘူး။ အလုပ်အကိုင်တွေ ကွဲပြားကြတယ်။ ဒါပေမယ့် သူတို့အားလုံး သင်တန်းတစ်ခုထဲမှာ အတူတကွ သင်ရိုးတစ်ခုကို သင်ယူပြီး ပြန်လည်အသုံးချနိုင်ဖို့ရာ ရောက်နေကြတာဖြစ်ပါတယ်။ သူတို့အားလုံးဟာ အခု အချိန်မှာတော့ အသက်၊ ရာထူး၊ ဌာန မကွဲပြားတော့ပဲ တစ်သားထဲ အတူတူဖြစ်နေကြပါပြီ။
ဆရာက သူတို့ကို ၁၂ယောက်စီ နှစ်စုခွဲလိုက်ပါတယ်။ အဲ့ဒီနောက် သူတို့ကို နှစ်စုခွဲလို့ တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်ကာ ကြမ်းပေါ်မှာ ခြေဆင်းထိုင်စေပါ တယ်။ ပြီးတော့ နောက်ပြန် လက်ချင်းချိတ်ထားစေပါတယ်။ စည်းကမ်းချက်အနေနဲ့ ထချိန်မှာ ချိတ်ထားတဲ့ လက်ကို ဖြည်ထွက်ခွင့် မပေးပဲ၊ လူကိုလည်း မယိုင်လဲစေပဲ အမြန်မတ်တတ်ရပ်ကာ ထစေပါတယ်။
ယောကျာ်းလေးနဲ့ မိန်းမလေး၊ ပုသူနဲ့ရှည်သူ၊ ပိန်သူနဲ့ဝသူ၊ အသက်ကြီးသူနဲ့ ငယ်သူရောလျှက် တွဲမိနေလေတော့ အားလုံးဟာ နောက်ပြန် အနေအထားကနေ ထနိုင်ဖို့ကို မနည်းကြိုးစား ကြရပါတယ်။ ဒါ့အပြင် တစ်ယောက်ကို တစ်ယောက်ဖေးမပြီး ထဖို့မေ့ကာ အမြန်မတ်မတ်ရပ်နိုင်ဖို့ ဦးစားပေးမိလေတော့ အလဲလဲအပြိုပြိုနဲ့ ကြမ်းပေါ်မှာ အတွဲလိုက် ပြိုလဲကြရပါတယ်။ အားလုံးလည်း တဟားဟားနဲ့ လဲပြိုနေတဲ့ ကိုယ့်အဖြစ် ကိုယ်ကြည့်၊ နောက်… ကိုယ့်လိုပဲ မရှုမလှ ထယူရတဲ့ တွဲဖက်သူငယ်ချင်းရဲ့အဖြစ်ကို ကြည့်ပြီး ရယ်မောမိကြပါတယ်။ ဆရာက ဟိုတစ်ဖွဲ့က ပထမ၊ ဟိုအဖွဲ့က ဒုတိယနဲ့ ထနိုင်သူတွေကို အဆင့်သတ်မှတ်ပေးပါတယ်။
ဒုတိယအကြိမ်မှာတော့ ဆရာက ၄ယောက်တစ်အုပ်စုစီ တွဲခိုင်းပြန်ပါတယ်။ အားလုံး ဆူဆူညံညံနဲ့ ၄ယောက်ဖွဲ့ကြပြန်ပါတယ်။ ဒီတစ်ခါလည်း ဆရာက ၄ယောက်တစ်ဖွဲ့စီ ကျောချင်းကပ် လက်ချင်း တစ်ယောက်နဲ့တစ်ယောက် နောက်ပြန်ချိတ်စေလျှက်က ခြေဆင်းထိုင်စေပြန်ပါတယ်။ အပြီးမှာတော့ အဖွဲ့အားလုံးကို ချိတ်ထားတဲ့ လက်ကို ဖြည်ထွက်ခွင့်မပေးပဲ၊ လူကိုလည်း မယိုင်လဲစေပဲ ပထမတုန်းကလိုပဲ အမြန် မတ်တတ်ရပ်ကာ ထစေပြန်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ပထမအကြိမ် တုန်းကလိုပဲ အပြိုပြိုအလဲလဲနဲ့ မနည်းထကြရပြန်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာ တချို့ အဖွဲ့က ဂရုတစ်စိုက်နဲ့ တစ်ယောက်ကို တစ်ယောက် ထိမ်းကာ ကြိုးစားထလာတာကို တွေ့ရပါတယ်။ ဆရာကလည်း ထနိုင်သူများကို ပထမ တစ်ခါကလိုပဲ ပထမ၊ ဒုတိယ သတ်မှတ်ပေးပြန်ပါတယ်။ သင်တန်းသား၊ သင်တန်းသူများချွေးတွေပြန်ကာသွေးတွေပူလာကြပါပြီ။နောက်တစ်ကြိမ်မှာ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ကို အချင်းချင်း တိုင်ပင်ကြပြန်ပါတယ်။
တတိယအကြိမ်မှာတော့ ဆရာက ၈ယောက်တစ်ဖွဲ့စီ ဖွဲ့ခိုင်းပြန်ပါတယ်။ ဒီအခါမှာတော့ အုပ်စုက(၃)စုပဲ ရှိပါတော့တယ်။ ခုနတုန်းကလိုပဲ ၈ယောက်သား ကျောချင်းကပ် လက်ချင်း တစ်ယောက်နဲ့တစ်ယောက် နောက်ပြန်ချိတ်စေလျှက်က ခြေဆင်းထိုင်စေပြန်ပါတယ်။ အပြီးမှာတော့ အဖွဲ့(၃)ဖွဲ့လုံးကို ချိတ်ထားတဲ့ လက်ကို ဖြည်ထွက်ခွင့်မပေးပဲ၊ လူကိုလည်း မယိုင်လဲစေပဲ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တုန်းကလိုပဲ အမြန် မတ်တတ်ရပ်ကာ ထစေပြန်ပါတယ်။ ဒီတစ်ခါမှာတော့ အရှေ့က နှစ်ကြိမ်ထက်စာရင် ပြိုလဲမှုနည်းလာကာ (၃)ဖွဲ့လုံး မရှေ့မနှောင်း ခပ်မြန်မြန်လေး ရပ်လာနိုင်ကြတာကို တွေ့ရပါတယ်။ ပါဝင်ကစားသူ သင်တန်းသား၊ သင်တန်းသူများက ဒီတစ်ကြိမ်မှာတော့ ဒီကစားနည်းနဲ့ ဆရာပေးချင်တဲ့ မက်ဆေ့ခ်ျကို အနည်းငယ် ရိပ်စားမိလာပါပြီ။
စတုတ္ထအကြိမ်မှာ (၃)ဖွဲ့ကနေ ၆ယောက်စီနဲ့ ၄ဖွဲ့ခွဲခိုင်းဦးမလားလို့ အားလုံးက ထင်နေကြပေမယ့် ဆရာက ဒီတစ်ခါတော့ အားလုံးကို မခွဲစေတော့ပဲ စက်ဝိုင်းပုံသဏ္ဍာန် နောက်ပြန်ဝိုင်းထိုင်စေလျှက်ပါ တယ်။ အဲ့ဒီနောက် လက်ချင်းနောက်ပြန်ချိတ်စေလျှက်ကပဲ အားလုံးကို နောက်ပြန်မတ်တပ်ရပ် စေရာ (၂၄)ယောက်လုံး မပြိုမလဲပဲ လွယ်ကူစွာနဲ့၊ ပျော်ရွှင်စွာနဲ့ ထလာနိုင်တာကို တွေ့ရပါတယ်။
ဆရာက ဒီကစားနည်းလေးရဲ့ အနှစ်သာရကို ထုတ်ဖော်မပြောပြပေမယ့် အားလုံးရဲ့အသိမှာတော့ အခက်အခဲဆိုတာ အများနဲ့ ပူးပေါင်းဆောင်ရွက် ဖြေရှင်းရင်၊ စုစည်းလုပ်ကိုင်နိုင်ရင် ပိုမိုလွယ်ကူ အောင်မြင်တယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းဆောင်ရွက်တာမျိုးထက် အများနဲ့အတူတူ ပူးပေါင်းဆောင်ရွက်တာက မိမိတစ်ကိုယ်ကောင်းစိတ်ကို အလိုလိုဖယ်ရှားပြီး ဖြစ်လာစေတဲ့အပြင် မိတ်ဆွေသစ်များနဲ့ သဟဇာတဖြစ်လာစေပြီး ရင်းနှီးမှုတွေ ပိုမိုတိုးပွားလာစေတာကို ဒီကစားနည်းလေးက သက်သေပြလိုက်တယ်ဆိုတာ သူတို့အားလုံး သိလိုက်ကြတယ်။ ဒါကြောင့်ဒီနောက်ဆုံး အစီစဉ်လေးအပြီးမှာတော့ အားလုံးရဲ့ နှုတ်မှ အောင်မြင်မှုရဲ့ ရလာဒ်အတွက် ၀မ်းသာစိတ်နဲ့ “ ဟေး ” ဆိုအော်မိကြပြီး လက်ခုပ်များလည်း ပြိုင်တူတီးမိလိုက်ကြပါတယ်။
…………………@@@....................
ဆရာက ဒီကစားနည်းနဲ့ Team Work ရဲ့ အဓိပ္ပါယ်ကို ပညာသားပါပါနဲ့ ဖော်ညွှန်းသွားပေမယ့် ကျွန်မက ထုံးစံအတိုင်း ကွဲပြားတဲ့အမြင်လေးတွေနဲ့ ဖြည့်စွက်မြင်မိပါတယ်။
ဒီကစားနည်းရဲ့ ပထမအကြိမ်မှ ဘာမှန်းညာမှန်းမသိ ၂ယောက်တွဲ နောက်ပြန်ချိတ်လျှက်ကနေ အမြန် ထကြချိန်မှာ ပြိုလဲကျကြလို့ ရယ်မောမိ ခဲ့ကြတယ်။ တကယ့် လက်တွေ့ဘ၀မှာ အလားတူ အတွေ့ကြုံအသစ်တွေနဲ့ ဘ၀ရဲ့ကစားပွဲအသစ်တွေကို ဆင်နွှဲကြချိန်မှာ ကျွန်မတို့ဟာ အတ္တစိတ်တွေနဲ့ ဘာကိုမှ မငဲ့ညှာနိုင်ပဲ လူးလဲထမိတတ်ကြချိန်မျိုးမှာ အမှတ်မထင် ပြိုလဲကျတာမျိုးနဲ့ ကျွန်မတို့ ကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တွေမှာ ကျွန်မတို့တစ်တွေ အခုလို ရယ်ရယ်မောမောနဲ့ အမြန်ပြန်လည်ထနိုင်ဖို့ သေခြာပါ့မလားရှင်။
ဒါပေမယ့် ဒုတိယအကြိမ် ကစားရာမှာတော့ ပထမအကြိမ်ရဲ့ အတွေ့အကြုံကနေ ဘယ်လို ထယူရင်ဖြင့် အဆင်ပြေမယ်ဆိုပြီး အချင်းချင်း စဉ်းစား တိုင်ပင်မိသလို ကျွန်မတို့ရဲ့ ဘ၀ခရီးလမ်းမှာလည်း ပထမအကြိမ် အတွေ့အကြုံတွေတိုင်းဟာ နောက်ကြုံတွေ့လာရမယ့် အရာတွေကို ကြိုတင် ပြင်ဆင်နိုင်စေဖို့အတွက် အကောင်းဆုံး ဘ၀ရဲ့ကုန်ကြမ်းများ၊ အဖိုးထိုက်တန်ဆုံး အရင်းအနှီးများ ဖြစ်မလာနိုင်ဘူးလား။
တတိယအကြိမ် ကစားနည်းမှာတော့ အတည်ငြိမ်ဆုံးနဲ့ အောင်မြင်စွာ ကျော်ဖြတ်နိုင်လာကြသလို ဘ၀ရဲ့အစိတ်အပိုင်းတစ်နေရာ၊ ဘ၀ရဲ့ခရီးစဉ် တစ်လျှောက်မှာလည်း မိမိကိုယ်ကို ကျေနပ်မှုအရှိဆုံး၊ မိမိကိုယ်ကို ယုံကြည်မှုအရှိဆုံး အချိန်ကာလတစ်ခုကိုတော့ ကျွန်မတို့ မလွဲမသွေ ကြုံကြရမှာပါ။ အဲ့ဒီလိုမျိုး မကြုံသေးဘူးဆိုရင်တော့ မိမိရဲ့ကစားနည်းမှာ အံလွဲနေပြီဆိုတာကို သတိပြုရတော့မှာပေါ့။
ဆရာက လူတွေကို ပထမအကြိမ်မှာ၂ယောက်၊ ဒုတိယအကြိမ်မှာ ၄ယောက်၊ တတိယအကြိမ်မှာ ၈ယောက်၊ နောက်ဆုံးမှာ အားလုံး၂၄ယောက် တွဲလုပ်ခိုင်းသလိုမျိုးပဲ ကျွန်မတို့ရဲ့ ဘ၀မှာလည်း နောက်တစ်ကြိမ် ငါတို့အကောင်းဆုံး လုပ်မယ်ဟေ့လို့ ကြိုတင်ပြင်ဆင်ထားပေမယ့် မျှော်မှန်းထားတဲ့ အခြေအနေမျိုးက ကြုံလာချင်မှာ ကြုံလာမှာပါ။ ကျွန်မတို့ဟာ ၂ယောက်နဲ့ ကြုံမလား၊ ၄ယောက်နဲ့ ကြုံမလား၊ ၈ယောက်နဲ့ ကြုံမလား၊ ဘာမှ ကြိုတင် တွက်ဆထားလို့မရပါဘူး။ အလားတူ ကျွန်မတို့ဟာ ဂိမ်းပွဲမှာ တွဲဖက်ကစားခဲ့ရတဲ့ ပုသူ၊ရှည်သူ၊ ၀သူ၊ ပိန်သူ၊ အသက်ကြီးသူ၊ အသက်ငယ်သူများကဲ့သို့ပင် ကျွန်မတို့ရဲ့ ဘ၀ခရီးတစ်လျှောက်မှာလည်း ကောင်းသှူဆိုးသူ ပုံသဏ္ဍာန်အမျိုးမျိုး၊ စိတ်အထွေထွေရှိသူများနဲ့ ရည်ရွယ်လို့သော်၎င်း၊ မရည်ရွယ်ပဲနှင့်သော်၎င်း ကြုံတွေ့ရင်းနှီးကာ ပတ်သက်ရပါလိမ့်မယ်။ ။
နောက်ဆုံးကစားနည်းမှာတော့ ပထမအကြိမ်တွေလို ပထမ၊ ဒုတိယ၊ တတိယအဆင့်တွေကို ဆရာက မသတ်မှတ်ပေးတော့ပါဘူး။ သတ်မှတ်ပေး ဖို့လည်း မလိုတော့ပါဘူး။ အဆင့်တွေ သတ်မှတ်ဖို့ မလိုတော့တဲ့ နေရာတစ်နေရာကို ရောက်ဖို့ဆိုတာကတော့ ကျွန်မတို့ ကိုယ်တိုင် အပေါ်မှာ မူတည် နေသလို ဘ၀ခရီးလမ်းမှာ အတူတူ တွဲပါမိလျှက်သားရှိနေတဲ့ ကျွန်မတို့ရဲ့ ချစ်သူများ၊ လေးစားခင်မင်ရပါတဲ့ မိတ်ဆွေများ၊ နားလည်စာနာဖေးမ တတ်တဲ့ သူငယ်ချင်းရောင်းရင်းများရဲ့ ဟန်ချက်ညီတဲ့ မေတ္တာ၊စေတနာ၊ အကူအညီနဲ့ ပံ့ပိုပေးမှုတို့ကလည်း မရှိမဖြစ် လိုအပ်လှပါတယ်။
ကျွန်မတို့တွေရဲ့ အောင်မြင်မှုအရသာကို တစ်ဦးထဲ ကျိတ်ပြီး စားသုံးမယ့်အစား ချစ်ခင်သူများနဲ့ အတူတကွ “ ဟေး ” ကနဲ အော်ဟစ်ပြီး ပြိုင်တူ လက်ခုပ်များတီးလို့ စားသုံးကြည့်ချင်မိပါတော့တယ်။
( ၂၃.၁၀.၂၀၁၀နေ့ Save The Aged အတွက်ဖွင့်လှစ်တဲ့ Basic Mental Health Counseling Training & Mental Health + Aging: Elder Care Psychology and Counseling Training Course သင်တန်းရဲ့ ပထမနေ့မှာ လေ့လာသူ တစ်ယောက်အနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဂိမ်းလေးတစ်ခုအပေါ် အမှတ်ယစိတ်နှင့် ဖြန့်ကျက်တွေးကာ ရေးထားခြင်းဖြစ်ပါကြောင်း။)
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
8 comments:
ဟုတ်တယ်အစ်မ........
ဒါမျိုးတွေ စဉ်းစားရေးထားတာလေးဖတ်ရလို့.....ကျေးဇူး.........
ခင်မင်ခြင်းအားဖြင့်.........
ဏီလင်းညို
မှတ်သားဖွယ်ကောင်းတဲ့ စာကလေး တပုဒ်ပါပဲ ။ များများရေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်....
Yo :D Is it okay that I go a bit off topic? I'm trying to view your site on my Macbook but it doesn't display properly, do you have any suggestions? Thanks for the help I hope! Milissa x :)
အချင်းချင်းဖေးမတွဲကူတဲ့ ဓလေ့လေးတွေ ပိုပြီး များလာစေချင်တယ်။
သင်တန်းခန်းမလိုမျိုးပဲ ကိုယ်ရောက်ရှိနေတဲ့ ပါတ်ဝန်းကျင်မှာ အချင်းချင်း ဂျောက်မတွန်းဘဲ
ဖေးမတွဲကူပြီး ရှေ့ဆက်သွားရင် ဘယ်လောက် ကောင်းလိုက်မလဲ။
စုန်းပြူးတွေ လျော့သွားဖို့ လိုတယ်။
မမြသွေးရေ
ဂိမ်းကပေးတဲ့ မက်ဆေ့ခ်ျလေးက အရမ်းကောင်းသလို မမအတွေးလေးကလဲ အရမ်းကောင်းတယ်။ အနှစ်ပြည့်ဝတဲ့ စာတပုဒ်ကို ဖတ်လိုက်ရတော့ ရင်ထဲမှာ စွဲကျန်ရစ်မှာ သေချာတယ်အစ်မရေ။
မမြသွေးရဲ့ စာဖတ်ပရိတ်သတ်ပါ။ အခေါက်တိုင်း နှုတ်မဆက်သွားဖြစ်တာပါ။
ခင်မင်စွာဖြင့်
ပူးတေ
မမမြသွေး...
ဂိမ်းကစားနည်းလေးနဲ့ဘ၀မှာတွေ့ကြုံရမယ့်...ရင်ဆိုင်ရမယ့်..ကျော်လွှားဖြတ်သန်းရမယ့်.
အခြေအနေနဲ့စည်းလုံးညီညွတ်မှုရှိရင် အရာရာကိုအောင်မြင်နိုင်ရမယ်ဆိုတဲ့ သင်ခန်းစာလေး
ရသွားရပါတယ်..။
ပိုစ့်လေးဖတ်ပြီး အားလုံးနဲ့အတူရောပြီး အပျော်တွေကူးစက်သွားရတယ်..။
ချစ်တဲ့
ညီမသဒ္ဓါ
ထိထိမိမိအမြင်တခုကို ပေးစွမ်းနိုင်တဲ့ ဘလော့လေးပါပဲဗျာ
မှတ်သားထားတယ်ဗျာ သံမှိုစွဲပြီး။
Post a Comment