" ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ရှင်မြတ် "
ဝါလကင်းလွတ်သီတင်းကျွတ်အချိန်အခါကို ရောက်ခဲ့လေပြီ။ မြတ်စွာဘုရားရှင်က တာဝတိံသာနတ်ပြည်မှ မယ်တော်မိနတ်သား အား ၀ါတွင်း(၃)လပါတ်လုံး အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူပြီးနောက် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းသုံးသွယ်မှ လူပြည်ကို ပြန်လည်ဆင်းသက်တော်မူသော မြတ်စွာဘုရားအား နတ်လူအများက ဆီမီးများ ထွန်းညှိပူဇော်ကြိုဆိုကြပြီး ထိုနေ့ သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မာ အခါတော်နေ့) မှာ အိမ်၊ ကျောင်း၊ လမ်း၊ဘုရားတို့မှာ ဆီမီးရောင်စုံများ ထွန်းညှိပူဇော်ကာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲကြပါတယ်။
သီတင်းကျွတ်လပြည့်နေ့မှာ Save The Aged အနေနဲ့ ဆီမီး၅၀၀၀တင်မက ပန်းစေတီပါ တည်လှူမယ်။ ဒါ့အပြင် မကြာသေး ခင်မှ ဖွဲ့စည်းလိုက်တဲ့ Save The Aged ရဲ့ ၀တ်အဖွဲ့မှလည်း ပထမဦးဆုံး ပွဲဦးထွက်ဝတ်ရွတ်ပူဇော်ကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဖြစ်ချင်တော့ ဒီစနေ သီတင်းကျွတ် လပြည့်နေ့ မတိုင်ခင်(၄) ရက်လောက်ထဲက ဂီရိမုန်တိုင်းရဲ့ ရိုက်ခတ်မှုနဲ့ ရန်ကုန်မှာ မိုးဖြိုင်ဖြိုင်ရွာသွန်းနေခဲ့ပါတယ်။ ဒါပေမယ့် Save The Agedရဲ့ ထုံးစံက ဆုံးဖြတ်ပြီးရင် ဘယ်လောက်ခက်ခဲနေပါစေ.. အဖွဲ့ဝင်တွေရဲ့ စိတ်စွမ်းအားနဲ့ အောင်အောင်မြင်မြင် ဖြစ်အောင်လုပ်ခဲ့ကြတာချည်းပါ။ အားလုံးက ဒီနေ့မှာ ယောကီဖြူညိုဆင်တူဝတ်ဆင်လို့ ဆင်နွှဲဖို့ အားခဲထားကြလေတော့ အုံ့ဆိုင်းရွာသွန်းနေတဲ့ ရွှေမိုးကိုကြည့်ပြီး အစီစဉ်တွေပျက်မှာကို တွေးကာပူနေကြပါတယ်။
အဖွဲ့ဝင်များက တာဝန်တွေခွဲဝေယူကြပါတယ်။ ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ်ဆံတော်ရှင် စေတီတော်မြတ်မှာ ဆီမီးထွန်းညှိခွင့် ရဖို့ တာဝန်ရှိဂေါပကလူကြီးများနှင့် ကြိုတင်သွားရောက်တွေ့ဆုံကာ ခွင့်ပြုချက်တောင်းယူကြပါတယ်။ ခွင့်ပြုချက်ရပြန်တော့ ဆီမီးခွက်များ၊ မီးစာများ၊ ထွန်းညှိရန်ဆီ အချိန်မှီ ၀ယ်ယူစုဆောင်းရပြန်ပါတယ်။ ပန်းစေတီပါတည်မှာဖြစ်လို့ ဂန္ဓမာပန်းတွေ ကြိုတင်မှာယူ၊ စေတီတည်ဖို့ လိုအပ်တာများပြင်ဆင်ရပြန်ပါတယ်။ မီးပုံးပဒေသာပင်တစ်ပင်သီးမှာမို့ အဲ့ဒီအတွက်လည်း စီစဉ်ရပြန်ပါတယ်။ အဖွဲ့ရဲ့ ၀တ်ရွတ်မယ့်အဖွဲ့ကလည်း ကြိုတင်ပြီး ၀တ်တိုက်ထားကြပြန်ပါတယ်။
ဒီလိုနဲ့ သီတင်းကျွတ်လပြည့်နေ့ (၂၃.၁၀.၂၀၁၀) စနေနေ့ရောက်ခဲ့ပါတယ်။ မုန်တိုင်းကြေညာချက်က အညိုရောင် အရေး ပေါ်အဆင့်။ နေ့လည်၂နာရီလောက်မှာ မိုးရောလေရောပြင်းထန် နေဆဲ။ Save The Agedကလည်း လုပ်မယ်ဆိုရအောင်လုပ် မယ်ဆိုတဲ့ အထဲကဘဲ။ အဓိက လုပ်ဆောင်နေကြတဲ့ ဖုန်းတွေ လိုက်ချိတ်ကြည့်တော့ အားလုံးက ကိုယ်စီကိုယ်ငှ လုပ်ဆောင်စရာ များကို အရှိန်မပျက် ဆက်လက်ဆောင်ရွက်နေဆဲ။ မိုးနတ်မင်းကြီးကို ဒီတစ်ည မိုးရွာသွန်းခြင်းကနေ ဒီတစ်ညတာ ကုန်ဆုံးတဲ့ အထိပဲဖြစ်ဖြစ် ရပ်တန်းပေးပါဆို ဆုတွေတောင်းနေကြတာ ကျွန်မတစ်ယောက်ထဲ မဟုတ်.. အဖွဲ့ဝင်တိုင်းရဲ့ ဆုတောင်းသံတွေ။ ညနေလေးနာရီ ရွှေမိုးက ဖြိုးဖြိုးဖျောက်ဖျောက် ရွာနေတုန်း။ ပြင်ဆင်ထားတဲ့ အဖွဲ့ယူနီဖောင်း အဖြူ+ အညိုလေးနဲ့ မိသားစုလိုက် ဘုရားကို ထွက်ခဲ့ကြတယ်။
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ရှင်မြတ်ရဲ့ ရင်ပြင်တော်ပေါ်မှာတော့ ဘုရားဖူးလားသူ၊ စတုဒီသာတိုက်ကျွေးသူ၊ ဥပုသ် သီလယူသူများနဲ့ ပြည့်နှက်လို့။ ဓမ္မဥသျှောင်တိလောကမာန်အောင်မဟာမုနိတန်ဆောင်းကြီးရှေ့က ရင်ပြင်တော်နေရာမှာ တော့ Save The Aged အဖွဲ့တာဝန်ခံများက တစ်ဖွဲဖွဲရွာချနေတဲ့ မိုးစက်မိုးပေါက်များကို အံတုလို့ ဆီမီးခွက်အလွတ်များကို စာလုံးဖော် နေရာချနေကြပေပြီ။ မီးစာကျစ်သူကကျစ်၊ ဆီမီးခွက်သယ်သူကသယ်၊ အဖွဲ့နာမည် ချိတ်သူကချိတ်၊ ဆီမီးခွက် နေရာချသူကချ၊ ကန်တော့ပွဲပြင်ဆင်သူကပြင်ဆင်၊ မိုးနတ်မင်းကြီးကို ဆုတောင်းသူကဆုတောင်းနှင့် ဒရဇပ်ဆောင်ရွက်နေကြပြီ။
ဝတ်ရွတ်အဖွဲ့ဝင်တော်တော်များများကလည်း အဖွဲ့ရဲ့သင်တန်းမှာ မနက်၉နာရီကနေ ညနေ ၅နာရီအထိ တက်ရောက်နေကြ လေတော့ သူတို့ကတော့ သင်တန်းချိန် ၅နာရီနောက်ပိုင်းမှ ဒီဘက်ဆီမီးထွန်းရာဆီကို ကူးလာကြမှာ..။ သူတို့လည်း စာသာ သင်နေကြရတယ် စိတ်တွေကတော့ ဘုရားဆီမီးထွန်းရာမှာ ရောက်နေကြမှာမလွဲ။ အဖွဲ့ဝင်တွေက မိုးစက်မိုးပေါက်များ အောက်မှာ တစ်ဖွဲဖွဲရောက်လာကြတယ်။ အဖွဲ့ဝင်မိန်းကလေး၊ ယောကျာ်းလေးတိုင်းဟာ အဖြူ+အညိုဝတ်စုံလေးတွေနဲ့ ကျက်သရေရှိစွာ လှပတင့်တည်နေခဲ့ကြတယ်။
ညနေ(၆)နာရီကျော်ကျော်မှာတော့ Save The Aged ရဲ့ ၀တ်ရွတ်အဖွဲ့ရောက်ရှိလို့လာပါတယ်။ ၀တ်ရွတ်မယ့်နေရာမှာ နေရာ ယူပြင်ဆင်ပါတယ်။ မရှေ့မနှောင်းမှာပဲ ဂန္ဒမာပန်းရောင်စုံ (၂၆၀၀) ပွင့်နဲ့ ပြင်ဆင်ထားတဲ့ ပန်းစေတီလည်း ရောက်ရှိလာပါ တော့တယ်။ ဒီပန်းစေတီကို စိန်သြဂတ်စတင်း မှ ဆရာမဒေါ်နှင်းသီတာနဲ့ ဆရာမဒေါ်ပြုံးပြုံးတို့က အပင်ပမ်းခံကာ ပူဇော်ရန် အတွက် ပြင်ဆင်ပေးပါတယ်။ ဆရာမတို့ရဲ့ စေတနာဒါနအတွက် ဒီနေရာကနေ Save The Aged အဖွဲ့မှ ကျေးဇူးစကား ပြောပါရစေရှင်။ အဲ့ဒီအချိန်မှာပဲ မိုးကလည်းတဖြည်းဖြည်းဆဲရာမှ တိတ်သွားပါပြီ။
ညနေ (၆) နာရီခွဲနောက်ပိုင်းမှာတော့ အဖွဲ့ဝင်များမှ " Save The Aged - သက်ကြီးရွယ်အို ထောက်ပံ့ရေးနှင့်စောင့်ရှောက်ရေး အဖွဲ့ " ဆိုပြီး စာလုံးဖော်ထားတဲ့ ဆီမီးခွက်ငယ်နေရာများမှာ တပျော်တပါး ဆီမီးများ ထွန်းညှိပူဇော်ကြပါတယ်။
မိုးရွာထားလေးတော့ ဆီမီးထွန်းခွင့်ပေးထားတဲ့ ရင်ပြင်နေရာတွေမှာ ရေညှိများနဲ့အတူ မိုးရေတွေနဲ့ စိုစွတ်နေပြီး ချော်လဲကျမှာ တောင် စိုးရိမ်ရပါတယ်။ ဒါပေမယ့် ကျွန်မတို့ မမှုကြပါဘူး။
တစ်ယောက်ကို တစ်ယောက် ချော်မလဲအောင် ဂရုစိုက်ဖို့ မှာသူကမှာ။ ဆီမီးခွက်တွေမှာ ဆီဖြည့်သူကလိုက်ဖြည့်၊ မီးစာကျစ်သူက ကျစ်၊ ဆီမီးထွန်းသူကထွန်းနဲ့.. တက်ညီလက်ညီနဲ့ လွန်စွာမှ ပျော်ရွှင်ဖွယ်ရာ ကောင်းလှပါတယ်။
ကျွန်မတို့ Save The Aged အဖွဲ့ရဲ့ စုပေါင်းစွမ်းအားကို ဒီ...မိုးစက်မိုးပေါက်များရဲ့ အောက်မှာပဲ အံတုပြသနိုင်ခဲ့ကြပါတယ်။
Save The Aged အဖွဲ့ရဲ့ ၀တ်အဖွဲ့ကလည်း ဋ္ဌာန်ကဋ္ဌိုင်းကျကျနဲ့ ပရိတ်များ၊ သုတ်တော်များကို ရွတ်ဖတ်သရာဇ္ဖာယ်ကာ မြတ်စွာဘုရားရှင်တော်မြတ်ကို ပူဇော်ကန်တော့နေသံ ညီညာဖျဖျက လွန်စွာမှာ ကျက်သရေရှိလှစွာ စိတ်နှလုံးထဲ ရွှင်လန်းချမ်းမြေ့ ရပါတယ်။ အဖွဲ့ဝင်အားလုံးရဲ့ စိတ်နှလုံးထဲမှာ မိမိတို့ရဲ့ ပြုပြုသမျှ ကုသိုလ်ကောင်းမှုအတွက် ၀မ်းသာ၊ ပီတိတွေနဲ့ လှိုင်လှိုင်ဝေ နေခဲ့ကြပါတယ်။
ဘုရားဖူးလာ ပရိသတ်များကလည်း ထွန်းညှိထားတဲ့ ဆီမီးများနဲ့၊ ပန်းစေတီများနဲ့။ မီးပုံးပဒေသာပင်များနဲ့ လာရောက်ကာ အမှတ်တရ ဓာတ်ပုံရိုက်ယူကြပါတယ်။
တချို့ဘုရားဖူးများသာမက နိုင်ငံခြားသားခရီးသည်များလည်း ဆီမီးထွန်းညှိမှုကို စိတ်ဝင်တစား လာရောက်လေ့လာကာ ကိုယ်တိုင်ဝင်ရောက် ဆီမီး ထွန်းညှိကြပါတယ်။
MRTV4 ရုပ်သံဌာနမှလည်း မှတ်တမ်းတင်ရိုက်ကူးကာ အင်တာဗျူးပါတယ်။ အဖွဲ့ဝင် လူငယ်တချို့မှလည်း မိဘများ၊ အုပ်ထိမ်းသူများနဲ့ အတူတကွလာရောက်ကာ ဆီမီးပူဇော်ကြတာကိုတွေ့ရပါတယ်။ အဖွဲ့အင်အား (၁၀၀)နီးပါးနဲ့ တက်တက်ကြွကြွ ညီညာစွာ၊ ဆင်တူဝတ်စုံလေးများနဲ့ တင့်တယ်နေကြတဲ့ ကျွန်မတို့ Save The Aged ရဲ့ ဆီမီးပူဇော်ရာ နေရာမှာ စိတ်ဝင်တစား လာရောက် ကြည်ညိုသူ၊ လေ့လာသူ၊ ပူဇော်သူများနဲ့ ဘုရားဖူးလာများနဲ့ စည်ကားစွာရှိနေခဲ့ပါတယ်။
အဆုံးသတ်မှာတော့ ဆီမီး(၅၀၀၀)ကို အဖွဲ့ဝင်များရဲ့ စုပေါင်းလက်များနဲ့ ပြီးမြောက်စွာ ထွန်းညှိနိုင်ခဲ့ကြပါတယ်။ ည(၉)နာရီ ထိုးချိန်မှာတော့ ကျွန်မတို့ရဲ့ အစီစဉ်ကို အောင်မြင်စွာ ရပ်နားကာ ဘုရားရင်ပြင် ဆီမီးထွန်းပူဇော်ရာ နေရာတစ်ဝိုက်ကို အဖွဲ့ဝင် များက ပြန်လည် သိမ်းဆည်း၊ သန်ရှင်း၊ ဆေးကြောပေးကြပြန်ပါတယ်။
Save The Aged က သီတင်းကျွတ်လပြည့်နေ့မှာ မြတ်စွာဘုရားရှင်တော်ကို ပန်းစေတီတည်ကာ၊ ဆီမီး (၅၀၀၀) ထွန်းညှိလို့ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဖာယ်ကာ ကြည်ညိုပူဇော် ကန်တော့ခဲ့ကြပါပြီ။ မုန်တိုင်းအရှိန်ကြောင့် သီတင်းကျွတ် လပြည့်နေ့မှာ ပျပျလင်းနေတဲ့ ဖိုးလမင်းကြီးက တိမ်မည်းညိုညိုတွေကြားကနေ Save The Aged အဖွဲ့ရဲ့ ပရဟိတစိတ်တွေနဲ့
ထုံမွှမ်းထားတဲ့၊ ညီညွတ်စွာ.. လှပစွာနဲ့ တောက်ပနေတဲ့ ဆီမီးတောက်လေးတွေကို သာဓုခေါ်ဆိုကာ လှမ်းကြည့်နေတာ တွေ့ရပါတယ်။
Save The Aged အဖွဲ့ဝင်များရဲ့ ဆီမီး (၅၀၀၀)ရဲ့ တောက်ပရောင်စဉ်များကို မိုးနတ်မင်းကြီးကလည်း ကောင်းချည်းပေးကာ ရပ်တံ့ပေးခဲ့ရပါတယ်။ Save The Aged က သူ့ရဲ့ နောက်ထပ်မှတ်တိုင်တစ်ခုကို အခက်အခဲတွေကြားက အောင်မြင်စွာနဲ့ စိုက်ထူနိုင်ခဲ့ပြန်ပါပြီ။ ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ် ဆံတော်ရှင်မြတ်ရဲ့ မိုးကောင်ကင်ယံမှာ Save The Aged က ထွန်းညှိလိုက် တဲ့ ဆီမီးတောက် ၅၀၀၀ရဲ့ ရောင်ခြည်များနဲ့ ထိန်ထိန်ညီးကာ လှပသက်ဝင်လို့နေပါတော့တယ်။
ကျေးဇူးမှတ်တမ်း။
သီတင်းကျွတ်လပြည့်ဆီမီး ၅၀၀၀ ထွန်းညှိပူဇော်ပွဲတော်ဖြစ်မြောက်ဖို့ အောက်ဖော်ပြပါ အဖွဲ့ဝင်များ ဦးဆောင်ပြီးအပင်ပမ်း ခံကာ၊ မဆောင်ရွက်ခဲ့ဘူးဆိုရင် ထမြောက်အောင်မြင်ဖွယ်နိုင်ရာ မရှိပါဘူး။ ဒါကြောင့် ကိုဗေဒါဇော်၊ ကိုအောင်မျိုးမင်း (ပဒုံမ္မာ)၊ ကိုဇော်ဆီဆေ့ခ်ျ၊ ကိုဝေယံမင်း၊ ကိုအနက်ရောင်၊ ကိုစိမ်းလန်း၊ ကိုသားမောင်၊ ကိုသက်ဝင်း၊ နွယ်ပင်၊ နောင်ရိုး၊ ၀ဏစိုး၊ ရဲထွဋ်နဲ့တကွ မြသွေးနီမသိလိုက်သော၊ ဖော်ပြရန်ကျန်ရှိသော အဖွဲ့ဝင်များ၊ ပြည်တွင်း၊ ပြည်ပမှ အဖွဲ့ဝင်များ၊ အလှူရှင်များအား လှိုက်လှဲစွာ ကျေးဇူးမှတ်တမ်းတင်ရှိပါကြောင်း။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
8 comments:
မမရေ...
ကျက်သရေ..မင်္ဂလာအပေါင်းနဲ့ ပြည့်စုံလိုက်တာနော်..။
သာဓု သာဓု သာဓု...။
sta အဖွဲ့ကြီး အလှူရေစက် လက်နဲ့မကွာ ထာဝရ လှူနိုင်တန်းနိုင်ပါစေ...။
ကြည့်ရတာ စိတ်ကြည်နူးဖို့ကောင်းလိုက်တာ
ပျော်ဖို့လဲ ကောင်းတယ်..
သီတင်းကျွတ်နဲ့ ဝေးနေတာ ဘယ်နှနှစ်တောင် ရှိပါလိမ့်။
ဒီမှာတော့ မိုးတွေက သည်းကြီးမည်းကြီးရွာလို့ လပြည့်ညဆိုတာတောင် မေ့သွားခဲ့ရတယ်..
အိမ်ကိုဖုန်းဆက်တော့ အိမ်ကလူတွေကတော့ သီတင်းကျွတ်ပွဲကို ကောင်းကောင်းနွဲနေကြတယ်လေ။
တစ်ရွာလုံး ဆီမီး တစ်ထောင် မျှောကြတယ်.. မီးတွေ ထိန်နေအောင် ထွန်းကြတယ်တဲ့။
စည်းလံုးညီညွှတ်မှု အင်အားတွေနဲ့ အောင်မြင်ခဲ့ကြတဲ့ STA ရဲ့ အလှူဒါနအတွက် သာဓုခေါ်ပါတယ်..ပီတိကိုလည်း မျှဝေခံစားသွားပါကြောင်း........................
နေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့်နေ့မှာ STA အဖွဲ့ရဲ့ အလှူမင်္ဂလာနဲ့ မြတ်စွာဘုရားကိုပူဇော်ခဲ့ကြပုံလေးတွေက
ပီတီဖြစ်စရာ ကုသိုလ်ရေးပါပဲ..
သာဓု သာဓု သာဓု ခေါ်ပါတယ်..။
ချစ်တဲ့
ညီမသဒ္ဓါ
သာဓုပါ အစ်မရေ။ ကြည်နူးဖို့ သိပ်ကောင်းပါတယ်။
ကိုယ်တိုင်လည်း ဆီမီးထွန်းပွဲတွေနဲ့ လွဲနေတာ ကြာပြီ။
ကျိုက်ထီးရိုးစေတီ ရင်ပြင်မှာ ထွန်းခဲ့ကြတာ ပြန်သတိရမိတယ်။
ပြန်လာရင်တော့ အမတို့နဲ့အတူ လိုက်ပါ ပါဝင်ပါအုံးမယ်။
သာဓု သာဓု သာဓု
အဝေးကနေ ဘုရားလဲဖူး ဆီမီးလဲထွန်း ထပ်တူကုသိုလ်ယူသွားပါတယ်
သာဓု သာဓု သာဓု ပါဗျာ
ဧည့်သည် လာရောက်ခိုနား ထပြန်သွားသော် ကိုင်းဖျားသိမ့်သိမ့် ခါသတည်း .။။။
အမိုက်မှောင် လူရမ်းကားနှင့် အငြင်းမပွားချင်နဲ..။။ ကတိမဲ့သူနှင့် မပေါင်းသင်းချင်နဲ..။။ တ၀န်မဲသူနှင့် မရောနှောချင်နဲ..။။ လူမိုက်တို့ဘေး အနီးနားတွင်တစ်ချိန်ခါက ပျောကြ မြူးကြ ကခုန်ကြ ပေါင်းသင်းမှတော့ ဘ၀မှန်ကို ဘယ်မှာရတော့မည်နည်း ....။ ။
Post a Comment