Friday, October 15, 2010

အကျွမ်းတ၀င်ရှိသောသူစိမ်းများ



ကျွန်မတို့ဟာ ပတ်ဝန်းကျင်လောကကို နေ့စဉ်ကြည့်မြင်နေကြ ဖြစ်ပေမယ့် မမြင်မတွေ့ခဲ့ကြပါဘူး။ ဘယ်အချိန်ကြမှ မြင်မိကြသလဲဆိုတော့ အကျွမ်းတ၀င်ရှိခဲ့တဲ့ တစ်စုံတစ်ဦးကိုဘဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်စုံတစ်ခုကိုဖြစ်ဖြစ်၊ ကိုယ့်ရဲ့ပါတ်ဝန်းကျင်က ကွယ်ပျောက်သွားတော့မှ သတိထားမိတတ်ကြတယ်။ ဥပမာပြောရရင် ကျွန်မနေ့စဉ်အလုပ်သွားတိုင်း ဆုံတွေ့နေကြဖြစ်တဲ့ ဆံပင်ကိုအမြဲဖြန့်ချထားတတ်တဲ့ အမျိုးသမီးတစ်ဦး.. သူဟာ ၃နှစ်လုံးလုံး ဘယ်လိုရာသီဥတုမှာပဲဖြစ်ပါစေ၊ မနက်၈နာရီထိုးတာနဲ့ ကားမှတ်တိုင်မှာ အမြဲစောင့်လျှက်သား တွေ့ရတတ်တယ်။ သူ့အသွင်အပြင် ကြော့ရှင်းနေတာကို ကြည့်ယုံနဲ့ သူဟာကုမ္ပဏီတစ်ခုခုမှာ တာဝန်ထမ်းဆောင်နေသူလို့ ခန့်မှန်းလို့ရတယ်။


အဲ့ဒီလို သူ့ကိုယ်တွေ့နေကျကနေ သူ့ကိုတစ်နေ့လောက် ကျွန်မမြင်ကွင်းကနေ မတွေ့မိရင် အမှတ်တရ မြင်ယောင်မိနေတတ်တယ်။ နောက်တစ်နေ့ဆို ကျွန်မသူ့ကို တွေ့နိုးနိုးနဲ့ ဂရုစိုက်ရှာဖွေနေမိပြီ။ သူ့ကို အကျွမ်းဝင်သူတစ်ဦးကို လွမ်းဆွတ်နေမိသလိုမျိုး ခံစားနေမိပြန်ရော..။ တစ်ပါတ်ထက်ပို မတွေ့မိတော့ရင်တော့.. သူ.. ခရီးများသွားသလား၊ နေမကောင်းများဖြစ်နေလား ..မတော်တဆ ထိခိုက်ဒဏ်ရာရနေသလား.. ဒါမှမဟုတ် ဒီထက်ဆိုးဝါးတဲ့ အမှုတွေနဲ့များ ကြုံနေရသလား၊ သူမရှိတော့မှ သူ့ကိုနှစ်ပေါင်းများစွာက ခင်မင်လာခဲ့မိသလိုမျိုး ခံစားမိလာရတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ကျွန်မ သိနားလည်လာရတာကတော့ ကျွန်မတို့ရဲ့ နေ့စဉ်ဘ၀တွေမှာ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ်နဲ့ အကျွမ်းတ၀င် ရှိနေတဲ့ သူစိမ်းတွေ ပါဝင်နေမိလျှက်ရှိတယ်ဆိုတာပါဘဲ။


နေ့စဉ် နေ့လည် ၃နာရီလာနေကျ စာပို့သမား၊ မနက်တိုင်း ခွေးစုတ်ဖွားလေးနဲ့ လမ်းလျှောက်ထွက်နေကျ လမ်းထဲက အမျိုးသမီး၊ စာကြည့်တိုက်မှာ ဆုံနေကြ အမွှာညီအစ်ကို၊ သူတို့ဟာ ကျွန်မနဲ့ မသိတဲ့ ရင်းနှီးကျွမ်းဝင်သူတွေဖြစ်နေတာ အံ့သြစဖွယ်သိလိုက်ရတယ်။ သူတို့တွေဟာ ကျွန်မတို့ရဲ့ ဘ၀မြင်ကွင်းတွေမှာ အရေးပါလှတဲ့ အမှတ်အသားတွေဖြစ်နေတယ်။ ကျွန်မတို့နေထိုင်သွားလာ လှုပ်ရှားရာနေရာမှန်သမျှကို အားဖြည့်လေးနက်စေ သူတွေပါဘဲ။ ဒါကြောင့် ကျွန်မတို့ အလုပ်ခွင်သွားရာ လမ်းတစ်လျှောက် အဆောက်အဦ၊ ဈေးဆိုင်တွေကို မှတ်သား ဖြတ်သန်းသွားရသလိုဘဲ လမ်းမှာ ဆုံတွေ့နေကျ အမည်မသိသူတစ်ယောက်ကိုလည်း သတိထားမှတ်သားသွား မသင့်ပေဘူးလား။ ဆိုကြပါစို့။ လမ်းမှာ နိုင်ငံခြားသားခရီးသွားတစ်ယောက်တွေ့လိုက်ရင် သူကတော့ ကျွန်မအဖို့ သူစိမ်းသက်သက်ပါဘဲ။ ဒါပေမယ့် အမြဲမြင်တွေ့နေကြ အပြေးလေ့ကျင့်နေသူကိုတော့ ကျွန်မအသိအမှတ်ကို ပြုမိနေသင့်တယ်။


မြင်တွေ့နေကျ သူစိမ်းတစ်ဦးကိုလည်း ကျွန်မတို့မသိစိတ်က မျှော်နေမိတတ်တယ်။ ဈေးဝယ်ထွက်လို့ ဆိုင်ရှင်က အသိအမှတ်ပြု ပြုံးပြတာဘဲ ဖြစ်ဖြစ်၊ ခေါင်းကလေး ဆတ်ပြလိုက်တာဘဲဖြစ်ဖြစ်၊ နေ့စဉ်အလုပ်သွားရာမှာ ကားမောင်းပို့ပေးနေကြသူကိုဘဲဖြစ်ဖြစ်၊ ကလေးလက်ကိုဆွဲကျောင်းပို့နေတဲ့ မိခင်တစ်ယောက်ကိုဘဲဖြစ်ဖြစ်၊ သတိထားတွေ့မြင်နေရရင် စိမ်းမနေတော့ဘဲ စိတ်ထဲသက်တောင့်သက်သာ ရှိနေမိတတ်တယ်။


ကျွန်မကလည်း တခြားကျွန်မ မသိသူတစ်ဦးအတွက် အကျွမ်းတ၀င် မြင်နေကြ သူစိမ်းတစ်ယောက် ဖြစ်နေနိုင်မယ်ဆိုတာ စဉ်းစားမိပါတယ်။ စူပါမားကက်မှာ ဈေးဝယ်သူတစ်ဦးက ကျွန်မကို စနေနေ့တိုင်းဈေးဝယ်တတ်သူလို့ မြင်တွေ့သတိထားမိနိုင်ပါတယ်။ ကျွန်မနေ့စဉ်ထိုင်တတ်တဲ့ လက်ဘက်ရည်ဆိုင်ကို ကျွန်မ မသွားမိရင်လည်း မြင်တွေ့နေကျ တစ်ဦးက ကျွန်မကို သတိရမိနေတတ်တာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။


လွန်ခဲ့တဲ့ ရက်ကပဲ မြင်တွေ့နေကျ သူစိမ်းတစ်ဦးနဲ့ မနက်ခင်းဈေးမှာ ကျွန်မဆုံဖြစ်ပါသေးတယ်။ သူက " မတွေ့တာကြာပြီနော် " ဆို နှုတ်ဆက်ပြီး သူနဲ့ကျွန်မ ရှေးကသိခဲ့တဲ့သူတွေလို ၃မိနစ်ခန့် စကားတွေ ပြောဖြစ်ကြသေးတယ်။ ဒါပေမယ့် ကျွန်မတို့ တစ်ယောက်နာမည်တစ်ယောက်တောင် မသိကြပါဘူး။


အကျွမ်းတ၀င်မြင်ခဲ့တဲ့ သူစိမ်းတွေရဲ့ အရေးပါပုံတစ်ခုကို ကျွန်မမှတ်မိနေသေးတယ်။ တစ်ခါ ကျွန်မ ခွင့်ရက်ရှည်ယူပြီး ခရီးထွက်ရာက အိမ်အပြန်.. နေနေကျလမ်းထဲဝင်လာတော့ လမ်းတလျှောက် ဘယ်သူကိုမှမတွေ့လို့ တစ်ခုခုလစ်ဟာနေသလိုလည်း ခံစားနေမိတယ်။ ကိုယ့်နေရာမဟုတ်သလို စိမ်းနေမိတယ်။ မြင်တွေ့နေကျ ဦးထုတ်အစိမ်း အမြဲဆောင်းတတ်တဲ့ ဦးလေးကြီးတစ်ယောက်ကို တွေ့လိုက်ရမှ ကိုယ့်လမ်း၊ ကိုယ့်အိမ် ပြန်ရောက်ပြီလို့ ကျေနပ်စိတ်ဖြစ်မိတော့တယ်။ ဒါကြောင့် ကျွန်မတို့ဘ၀မှာ အကျွမ်းဝင်တဲ့ သူစိမ်းတွေသာ ပါဝင်နေခြင်းမရှိဘူးဆိုရင် ခြောက်သွေ့ ငြီးငွေ့စရာကောင်းတဲ့ ပါတ်ဝန်းကျင်နဲ့ဘဲ ရင်ဆိုင်ခရီးဆက် နေရလိမ့်မယ် ထင်မိတယ်။ ပြီးပြည့်စုံတဲ့ ဘ၀မြင်ကွင်းတွေလည်း ဖြစ်လာလိမ့်မယ် မထင်မိဘူး။ သေခြာတာကတော့ ကျွန်မနဲ့ အစဉ်တွဲပြီး ရှိနေရမယ့်သူများမှာ အကျွမ်းတ၀င်ရှိတဲ့ သူစိမ်းများ အမြဲပါဝင်နေမှာပါ။


အခု ကျွန်မတို့တတွေ အွန်လိုင်းမှာနေ့တစ်ဓူဝ မိတ်ဆွေသူငယ်ချင်းများနဲ့ ဆုံတွေ့နေကြပါတယ်။ တချို့ဆိုရင် အပြင်မှာလုံးဝကို တွေ့မြင်သိထား ခြင်း မရှိကြပါဘူး။ ဒါပေမယ့် သူတို့တွေနဲ့ ရင်းနှီးခင်မင်ရတဲ့ အတိုင်းအတာကတော့ တကယ့်ကိုရက်တွေ ရှည်ကြာလာတာနဲ့အမျှ သံယောဇဉ်တွေ က ရင့်သန်နေရပါပြီ။ တစ်ခါတစ်ရံ အွန်လိုင်းမှာ အမြဲမြင်တွေ့နေကြ သူများ နှစ်ရက်သုံးရက်လောက် မတွေ့ရင်ဖြင့် ဘာများဖြစ်နေကြပါလိမ့်ဆို စိုးရိမ်မိနေတတ်ပါပြီ။ သူတို့တွေရဲ့ “မင်္ဂလာပါ ”  “နေကောင်းလား”  “ အလုပ်များနေလား ” ဆိုတာလေးတော့ အမြဲကြားချင်နေမိပါတယ်။ အနည်းဆုံး သူတို့မနှုတ်ဆက်အားတောင် အွန်လိုင်းမှာ သူတို့နဲ့အတူ အနီရောင်မီးနီလေးတွေ လင်းနေခဲ့မယ် ဆိုရင်တောင် အဲ့ဒီနေ့တွေ နေရတာ အဆင်ပြေလို့နေပါတယ်။


စာဖတ်သူတို့ရော သဘောတူကြပါရဲ့လားရှင်..။


Reader’s Digest ( 1993, December) issues မှ Alice Steinbach ရဲ့ Those Strange’s We Know ကို ဆီလျှော်အောင် ခံစားပြီး  ပြန်လည်ရေးဖွဲ့ထားခြင်းပါ။  နောက်... ပို့စ်အဟောင်းလေး ဆားပြန်ချက်ထားခြင်းဖြစ်ပါကြောင်း။



ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။


17 comments:

ကိုကိုးအိမ်(မန္တလေး) said...

ဟုတ်ပါတယ်အမရေ အွန်လိုင်းပေါ်မှာ တွေ့နေကျ သူငယ်ချင်းတွေမတွေ့ရရင်တစ်မျိုးပဲ ဖြစ်နေတတ်တယ်။ မသိမသာ မျှော်လင့်နေတတ်တယ်။ သူတို့ အွန်လိုင်းပေါ်မှာရှိတယ်ဆိုရင်တော့ စကားမပြောဖြစ်ရင်သာနေမယ်။ စိတ်ထဲမှာ ပြည့်စုံနေသလိုပဲ။

ခင်မင်လျှက်
ကိုကိုးအိမ်

ကိုကြီးကျောက် said...

ဒီဆားက စားလို့ ချိုပါတယ်..

မောင်ဘကြိုင် said...

အွန်လိုင်းပေါ်မှာ အွန်နေတာလေးမတွေ့တာကြာရင် စိတ်ပူမိတာတော့အမှန်ပဲ
အဲ အွန်နေတာတွေ့တိုင်းလည်း ပြောဖို့မအားဖြစ်နေရတော့ အားနာမိပြန်တယ်

ဟန်နာ said...

ဟုတ်တယ်နော်.. အွန်လိုင်းပေါ်တွေ့ ရင် ခေါ်မယ်ခေါ်မယ်နဲ့ မခေါ်ဖြစ်ဘူး..မတွေ့ ရင်တော့ တစ်မျိုးပဲ.. ဂျီတော့ဖွင့်လိုက်လို့ တစ်ယောက်မှမရှိဘဲ နေရင် တိတ်ဆိတ်နေသလို တစ်မျိုးကြီးဖြစ်တာတော့ အမှန်ပဲ..

နှင်းနဲ့မာယာ said...

မမ
နေကောင်းလား။။။။။
မတွေ့တာကြာပြီနော် :P:P:P

မမပြောတာဟုတ်တယ်...
ခွင့် ၃ ပတ် ယူပြီး အလုပ်ပြန်ဝင်တော့ ပထမဆုံးနေ့မှာ အကုန်လုံးက အရေးတယူနဲ့ နှုတ်ဆက်ကြတယ်...
အဲဒီနေ့က အလုပ်ထဲမှာ တချိန်လုံး သာကြောင်းမာကြောင်းပဲပြန်ဖြေနေရတယ်....
၃ရက်လောက်နေတဲ့အထိ ခွင့်ပြန်တဲ့သတင်းကို မေးလို့ မပြီးကြဘူး .....

ရင်းနှီးကျွမးဝင်နေတဲ့ သူစိမ်းတွေကြားမှာ ဒီလိုပါပဲ မမရယ်....

နှင်း

ချော(အစိမ်းရောင်လွင်ပြင်) said...

မနေ့က ညီမ အွန်လိုင်းတက်မလာနိုင်လို့ လွမ်းနေတယ်ထင်တယ်..
ဟဲဟဲ .. ဟုတ်သလားဟင်။
တွေ့နေကျ မျက်နှာတွေ မမြင်ရရင် တစ်ခုခုလိုနေသလို အွန်လိုင်းပေါ်မှာလဲ တွေ့နေကျ နစ်ခ် ကလေးတွေ ရှိမနေရင်
ဟာတာတာ ဖြစ်ရပါတယ်...
မအားလို့ အွန်လိုင်းမတက်ဖြစ်ဘဲ ပုန်းနေခဲ့ရင်တောင် စိမ်းနေ/ နီနေတတ်တဲ့ အဲဒီနစ်ကလေးတွေကို
တိတ်တိတ်လေး ချောင်းကြည့်နေခဲ့တယ်လေ။
ပြီးတော့ ပြုံးပြုံးလေးပေါ့။ :) :)

မေပယ်လ် said...

ဖွင့်ထားတဲ့ သီချင်းလေးနဲ့ ပို့စ်လေးကို ဆပ်စပ်ကြည့်နေမိတယ်
ဘာရယ်မသိ...တစ်မျိုးလေး စီးဝင်သွားတယ်

cholay said...

I agree...

tin min nwe said...

ဟုတ်ပါတယ် အမ ရေ သိစိတ်က သူတို့ကို ဂရုမစိုက်မိပေမယ့် မသိစိတ်ကတော့ သူတို့ကို အွန်လိုင်းမှာ အမြဲ
ရှိနေချင်တယ်။စကားမပြောဖြစ်ပေမယ့် အွန်လိုင်းမှာ သူတို့ကိုတွေ့ရင် အော်နေကောင်းလို့ အွန်လိုင်းတက်
တာနေမယ်လို့ တွေးမိနေတက်တယ်။အားလုံးပဲ ပျော်ရွှင်စွာနဲ့ ဘ၀ ကိုဖြတ်သန်းနိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်။

oburma said...

ဆရာမက..ပို့အဟောင်းလေးကိုဆားပြန်ချက်ထားတော့..
အရင်ကအိုဘားမားပေးထားတဲ့..ကွန်မင့်လေးကို...လည်းပြန်ချက်ပေးနော်..
အိုဘားမားကွန်မင့်က..အရင်အတိုင်း....ပဲ..။
ဆားပြန်ချက်ပေးနော်...ဆရာမ။
သျွီး................................................မောသဘ။

shwezinu said...

ဒီနေ့ တော့ မြသွေးနီ ရုံးပိတ်လို့ မရှိဘူးထင်တယ် မတွေ့တော့ တမျိုးဘဲ အမ လည်း မအားလို့ မဝင်ဖြစ်တာတောင်ကြာသွားပြီ

ခင်တဲ့
ရွှေစင်ဦး

Cletus said...

Hello! Is it OK if I go a bit off topic? I'm trying to read your post on my iPhone but it doesn't display properly, do you have any suggestions? Thank you for the help I hope! Cletus

မြစ်ကျိုးအင်း said...

ဒီပို့စ် ဖတ်ပြီးတော့ အစ်မ ရှိနေလားလို့ လစ်ထဲမှာ ရှာကြည့်သေးတယ်။
ရှိလည်း မရှိဘူး။ နောက်မှ တနင်္ဂနွေ မှန်း သတိထားမိတော့တယ်။
တွေ့နေကြလူတွေ မတွေ့ရင် သို့လော သို့လော နဲ့
အရမ်းကြာသွားရင်တော့ နောက်ဆုံးတွေ့ခဲ့ချိန်မှာ စိတ်ဆိုးစရာ ရှိခဲ့လားလို့ တွေးမိပြန်ရော။
သံယောဇဉ်ဆိုတာ ဒီလိုပဲနော်

sosegado said...

မဖတ်ရသေးရင်တော့ အသစ်ပါ၊ ဖတ်ရင်းခင်မင်မိပါတယ်
ခင်မင်လျှက်

ထီးကြည်နုအောင် said...

သဘောတူတယ်အမရေ။ အခုဆိုရင် အွန်လိုင်းမှာ ကိုယ်နဲ့သိတဲ့သူတွေရော၊ မသိတဲ့သူတွေရော မီးလေးများ မစိမ်းနေ မနီနေ မ၀ါနေခဲ့ဘူးဆိုရင် သူတို့တွေကို သတိရတတ်နေပြီ်အမရေ....
ခင်မင်လျှက်.......

လ၀န်း said...

အွန်လိုင်းမှာတော့မသိဘူး ကျွန်တော်တွေ့ နေကြလူတွေ မတွေ့ ရင် မကြီးပြောသလိုပဲ.. တစ်ခုခုလိုနေသလိုပဲ စားနေကြမုန့်ဆိုင်ကအဒေါ်ကြီးကို မတွေ့ ရင် ဘာဖြစ်လို့ လဲ နေမကောင်းတာလား ဆိုင်ရှင်ပြောင်းသွားတာလား လို့  စိုးရိမ်မှုတွေဖြစ်ဖူးတယ်....ကိုယ်နဲ့ မသိလဲ တွေ့ ဘူးနေကြဆိုရင် အလိုလို သံယောဇဉ်တွေ ဖြစ်ပေါ်တတ်တယ်..မကြီးရေ...။

အုပ်ကြီး said...

ကမ္ဘာကြီးကိုယ်တိုင်က တွေ့ နေပေမယ့် မခေါ်ဖြစ်တဲ့
အကျွမ်းတဝင်ရှိတဲ့ ..သူစိမ်းတစ်ယောက်
ဒီတစ်ခါတွေ့ ရင်တော့ နှုတ်ဆက်လိုက်ပါဦးဗျာ ....

ခင်မင်လေးစားလျှက်
အုပ်ကြီး

Post a Comment