
စက်ဘီးစီးတတ်ကြပါသလား..?
တစ်နေ့က စက်ဘီးပြိုင်ပွဲတစ်ခုကို ဂြိုလ်တုသတင်းက ကြည့်လိုက်မိရင်း လူတိုင်းလူတိုင်း စက်ဘီး စီးတတ်ရဲ့လားလို့ ထုံးစံအတိုင်း မြသွေးနီတစ်ယောက် ပေါက်ပေါက်ရှာရှာ အတွေးပွားနေမိတယ်။ စက်ဘီးကို လူတိုင်းစီးတတ်မယ် မထင်ဘူး။ ဘာလို့ အဲ့ဒီလိုပြောနိုင်သလဲဆိုတော့ ကျွန်မရဲ့ မိသားစုထဲမှာပဲ စက်ဘီးမစီးတတ်သူတွေရှိနေတယ်။ အလားတူပဲ ကျွန်မသူငယ်ချင်းတွေထဲမှာလည်း စက်ဘီး မစီးတတ်သူတွေရှိနေပြန်တယ်။ မြသွေးနီ ဘကြီးတစ်ယောက်ဆို ကားမောင်းအိတ်စပါတ်။ ဒါပေမယ့် အသက်၇၀နားသားနီးလာတယ် စက်ဘီးမစီးတတ်သေးဘူး။ ၁၆နှစ်ပြည့်ပြီးသူတိုင်း မဖြစ်မနေ စက်ဘီးစီးတတ်ရမည် ဆိုတဲ့ ဥပဒေမျိုးလည်း မပြဌာန်းထားလေတော့ မစီးတတ်သူတွေလည်း ရှိနေနိုင်တာပေါ့နော်။ :)
ကျွန်မငယ်ရွယ်စဉ်ကလေးဘ၀က မိဘတွေက ဗိုလ်အုန်းသီးလို့ခေါ်တဲ့ ပြည်တွင်းဖြစ် နှစ်ယောက် စီးလို့ရတဲ့ ကလေးစီး သုံးဘီးစက်ဘီးလေး ၀ယ်ပေးခဲ့ဘူးတယ်။ ကိုယ်တိုင် နင်းစရာတောင်မလိုပါဘူး။ မိဘက လက်ကိုင်မှာ ကြိုးချည်လို့ အရှေ့ကနေဆွဲပေးလေတော့ ခြေလေးနှစ်ဖက်ကို ခြေနင်းလေး ပေါ်တင်လို့၊ လက်ကိုင်လေးကို လက်နှစ်ဖက်နဲ့ ဟန်ပါပါကိုင်လို့ အနီးတ၀ိုက်မှာရှိတဲ့ လူများကို စက်ဘီး စီးနေရတယ်ဆိုတာကို သိစေလိုတဲ့သဘောနဲ့ လိုက်ကြည့်နေလိုက်သေးတယ်။ တကယ်တမ်းက လူကြီးက စက်ဘီးကို ရွေ့လျားသွားအောင် ရှေ့ကနေ ကြိုးနဲ့ဆွဲပေးနေလေတော့ ကိုယ်တိုင်က ဟန်ပြနင်းယုံ သက်သက်ပါဘဲ။ စိတ်လုံခြုံမှုရှိလို့၊ အန္တရာယ်ကိုလည်း မှုစရာမလိုပဲ သက်တောင့်သက်သာ စီးနိုင်ခဲ့တယ်။ သုံးဘီးပါတဲ့ စက်ဘီးဆိုတော့လည်း တော်ယုံတန်ယုံ မမှောက်တော့ဘူးပေါ့။ ကလေးအရွယ်ကျော်လွန်လို့ လူကြီ့းဖြစ်လာပြန်တော့ ငယ်ငယ်ကလို ဘီးသုံးဘီးနဲ့မဟုတ်ပဲ ဘီးနှစ်ဘီးတပ် စက်ဘီးတွေကို စီးလာကြတာတွေ့ရပြန်တယ်။ ဒီတော့ လူကြီးတွေလည်း ဘီးသုံးဘီးနဲ့ စက်ဘီးစီးလို့မရဘူးလားရယ်လို ပေါက်ပေါက်ရှာရှာ ကျွန်မ စဉ်းစားနေမိသေးတယ်။
ကျွန်မလည်း ခောတ်တစ်ခောတ်ရဲ့ အထင်ကရ ကာလအပိုင်းအခြားတစ်ခုကို အများနဲ့အတူ ကျော်ဖြတ်စဉ်မှာ မကြီးမငယ်နဲ့ မဖြစ်မနေ စက်ဘီးတစ်စီးဝယ်ယူစီးလို့ အစီးသင်ခဲ့ရဘူးလေတယ်။ အဲ့ဒီတုန်းက စက်ဘီးတွေ၊ စက်ဘီးတွေဆိုတာ ပလူပျံနေတာဘဲ။ မိုးဦးကျဖားတွေလို စက်ဘီးတွေက လမ်းမတွေပေါ်မှာ ဥဒဟိုသွားနေကြတာ။ မြသွေးနီလည်း အားကျမခံ အရွယ်အနေတော် တရုပ်ဘီးလှလှလေးတွေကြားက ဂျာမဏီနိုင်ငံဖြစ် ကြက်သွေးရောင် တစ်ပတ်ရစ် မိန်းမစီး စက်ဘီး မြင့်မြင့်ကြီးကို ကျွန်မ၀ယ်ယူစီးဖြစ်တယ်။ အိမ်နဲ့ မနီးမဝေးမှာ အားကစားကွင်းရှိလေတော့ ကွင်းကိုပတ်ပြီး စက်ဘီးအစီးသင်ဖြစ်ခဲ့တယ်။ သူများ အတွက်တော့မသိ ဘီးနှစ်ဘီးပေါ်မှာ ဟန်ချက်ညီညီနဲ့ ထိမ်းထိမ်းသိမ်းသိမ်းနဲ့ စက်ဘီးစီးတတ်ဖို့ ဆိုတာ မြသွေးနီအတွက်တော့ တကယ်မလွယ်လှပါဘူး။ စက်ဘီးပေါ်တက်တတ်နိုင်ဖို့ကိုပဲ တော်တော်ကြာကြာ လေ့ကျင့်ယူခဲ့ရတယ်။ စက်ဘီးပေါ်ရောက်ပြန်တော့ သင်ပေးတဲ့သူက အနောက်ကနေ လျှာထွက်မတတ် အပြေးလိုက်တွန်းပေးရတယ်။ စက်ဘီးက လမ်းမပေါ် သွားနေပြန်တော့လည်း တစ်ခါ ရပ်တတ်ဖို့ကို သင်ယူရပြန်တယ်။ အရပ်မတတ်လို့ စက်ဘီးရော၊ လူရော တဘိုင်းဘိုင်းနဲ့ လဲကျတာ အကြိမ်ကြိမ်ပါဘဲ။ သင်ပေးတဲ့သူလည်း တော်တော်မှ စိတ်ပျက်ခဲ့မှာသေချာတယ်။ အစီးသင်နေတုန်းမှာလည်း ဒူးတွေ၊ တစ်ထောင်တွေ ကွဲ၊ ပြဲလို့ပေါ့။
စက်ဘီးစီးသင်နေတုန်း ဟိုး…အရှေ့ ၁၀ကိုက်လောက်မှာ ကစားနေတဲ့ ကလေးတွေကို လှမ်းမြင်ပြီး ငါတိုက်မိရင် ဒုက္ခပဲဆိုတွေးမိလိုက်တာ စက်ဘီးက ကစားနေတဲ့ ကလေးအုပ်ထဲ တည့်တည့်ကြီးကို ၀င်သွားပြီး တိုက်မိလို့ ဆေးဘိုးရော်လိုက်ရပါလေရော။ စီးတတ်ကာစကလည်း တစ်ယောက်ထဲ ငါစီးတတ်ပြီဆိုပြီး ဆောင်ကြွားကြွားနဲ့ ပထမဆုံး လမ်းကိုပတ်မောင်းတာ မျက်လုံးက ဟိုး..အဝေး လမ်းဘေးက အမှိုက်ပုံစီ ရောက်သွားလိုက်တာ ဘယ်ကဘယ်လို ဖြစ်သွားမှန်းမသိ လက်ကိုင်ကို ထိမ်းနေလျှက်က လူရောစက်ဘီးပါ အဲ့ဒီ အမှိုက်ပုံထဲ ဒိုင်ဗင်ပစ်ဝင်သွားလို့ ရှက်ရှက်နဲ့ ဟိုလူသည်လူ ရယ်ပြလို့ စက်ဘီးကြီးတွန်းပြီး အမှိုက်ပုံထဲကနေ ထလာရဘူးတယ်။ ဒါကြောင့် အသက်ကြီးရင် အသင်ရခက်တယ်လို့ ပြောကြတာနေမှာ။ အသက်ဆိုတာမျိုးက ကြီးလာလေလေ ကြောက်စိတ်တွေ။ စိုးရိမ်ပူပန်စိတ်တွေက ပိုများလာလေလေ။ ဒီတော့ စက်ဘီးစီးကို ငယ်တုန်း၊ ရဲတုန်း သင်ထားတာ မမှားဘူး။ ကြီးမှာသင်ရင်တော့ အခုလိုကို ကြုံကြရဦးမှာ။
စက်ဘီးစီးတတ်လာတော့ လူက စက်ဘီးစီးလို့ရတဲ့ အရသာကို ကောင်းကောင်းသိလာပြီ။ ကိုယ်နင်းရင် နင်းသလောက်ကို ရောက်နေတာက အရသာတစ်မျိုး။ စက်ဘီးနင်းသွားလို့ မျက်နှာကို လေတိုးပြီး ဆံပင်တွေ လေထဲမှာ တလွင့်လွင့်ဖြစ်နေတာက အရသာတစ်မျိုး။ ကားတွေ၊ လူတွေကို အူအသည်း တယားယားနဲ့ ရှောင်မောင်းရတာက အရသာတစ်မျိုး။ ဒီတော့ စက်ဘီးနင်းတတ်စမှာ ဒါဏ်ကြေဆေးမပြတ် လူးယူရအောင်၊ ခြေသလုံးတွေတောင့်နေအောင် အားအားရှိနင်းပြီပေါ့။
စက်ဘီးစီးတတ်ဖို့ဆိုတာ စက်ဘီးကလည်း စက်ဘီးအင်္ဂါနဲ့ညီညွတ်မှ၊ စီးသူကလည်း ကျွမ်းကျင်မှ လိုရာခရီးကိုရောက်မှာလို့ ကျွန်မအတွေးဆက်ပွားနေမိပြန်တယ်။ စက်ဘီးတစ်စီးက အပေါ်ယံ လှနေဖို့ထက် စက်ဘီးကဘီးတွေ လေပြည့်နေရမယ်။ ချိန်းကြိုးတွေလည်း မငြိတွယ်နေ၊ နေရာ လွဲမနေပဲ နေသားတကျရှိနေရမယ်။ လက်ကိုင်ကလည်း တည့်မတ်နေရမယ်။ ဘဲလ်ကလည်း လိုအပ်ရင်တီးဖို့ ရှောရှောရှုရှုနဲ့အသံထွက်နေရမယ်။ နောက်ကြည့်မှန်၊ ရှေ့မီးနောက်မီးနဲ့လည်း ပြည့်စုံနေရမယ်။ စက်ဘီးလေးကို သန့်ရှင်းလှပနေအောင်ထားရမယ်။ ဒါအကြမ်းဖျဉ်းပြောတာပါ။ စက်ဘီး ပါရဂူများကတော့ ကျွန်မထက် ပိုသိမှာပေါ့။
စက်ဘီးက ကောင်းမွန်ပြည့်စုံနေယုံနဲ့ မရသေးဘူး။ စက်ဘီးစီးသူကလည်း ကျွမ်းကျင်မှုရှိနေရမယ်။ ကျွမ်းကျင်မှုရှိတယ်ဆိုတဲ့နေရာမှာ စီးတတ်ယုံလေး သာမကပဲ၊ စီးနေစဉ် ကိုယ်သွားမယ့်လမ်းကြောင်း သေချာသိထားဖို့၊ ယာဉ်ကြောတွေနားလည်ထားဖို့၊ နောက်ကြည့်မှန်ကို အသုံးချတတ်ဖို့၊ ဘီးတွေ လေပြည့်နေစေဖို့၊ ကျောပူခေါင်းပူပျက်ရင် ပြင်တတ်ဖို့၊ ဒါတွေလည်း သိထားဖို့လိုမယ်ထင်တာပဲ။ ကိုယ်တစ်ယောက်ထဲ စီးတတ်ယုံမကပဲ ကိုယ်နဲ့အတူလိုက်စီးမယ့်သူကိုပါ ရှေ့ဘားတန်းကဖြစ်စေ၊ နောက်ခုံကနေဖြစ်စေ တင်နင်းသွားနိုင်ရပါမယ်။ ဒါကလည်း အကြမ်းဖျဉ်း ပြောတာပါ။ မြသွေးနီထက် စက်ဘီးစီး ကျွမ်းကျင်တဲ့ ပရောဟိတ်များက ပိုသိမယ်ထင်တယ်။
စက်ဘီးကလည်း ကောင်းမွန်ပြီ၊ စီးသူကလည်း ကျွမ်းကျင်ပြီဆိုပေမယ့် စက်ဘီးစီးနေစဉ်မှာ အမှတ်မထင် ၀င်လာတတ်တဲ့ မာယာများတဲ့ အန္တရာယ်တွေကို ရှောင်နိုင်ဖို့လည်း လိုပြန်ပါသေးတယ်။ လမ်းကြားထဲက ကားက ရုတ်တရက် ထွက်လာတာမျိုး။ စက်ဘီးနင်းနေတုန်း အရှေ့က ခွေးတစ်ကောင်ကောင်များ ရုတ်တရက် ဖြတ်ပြေးလားတာမျိုး။ ချိုင့်ခွက်တွေ၊ ကမုတွေနဲ့ လမ်းဆိုးတွေကို တွေ့ရတာမျိုး၊ လမ်းကျဉ်းမှာ မရှောင်သာ လူတွေနဲ့ထိတ်တိုက် ထုတ်ဆီးတိုးသလို ဖြစ်ပြီး ဘယ်ကပ်ရင် ကောင်းမလား.. ညာကပ်ရင်ကောင်းမလား.. ဇဝေဇ၀ါဖြစ်လို့မရပဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို တွေဝေတုန့်ဆိုင်းမနေပဲ ရုတ်ချည်း ချနိုင်တာမျိုး ရှိရပြန်ပါဦးမယ်။
ဒီလိုဆိုပြန်တော့ စက်ဘီးစီးတာက ကျွန်မတို့ကို စိန်ခေါ်နေသလိုပါပဲနော်။ စိန်ခေါ်မှုတွေနဲ့ ဒင်းကြမ်းပြည့်နေတဲ့ အားစမ်းတာတစ်မျိုးလို့မြင်လာရင် ကြုံသမျှအခက်အခဲတွေဟာ ကိုယ့်အစွမ်းအစကိုပြဖို့၊ လေ့ကျင့်သင်ယူဖို့ အခွင့်ကောင်းကြီးပဲလို့ မြင်လာမယ်ထင်တယ်။ ပြောင်းလဲမှုဟာ စိန်ခေါ်ခြင်း တစ်မျိုးပါဘဲ။ ကျွန်မတို့က စက်ဘီးတွေကို ဟိုနားသည်နား သွားတာလောက်အတွက်ပဲ အသုံးပြုမလား။ ခုန ဂြိုလ်ထုသတင်းထဲမှာလို အများရဲ့ လက်ခုပ်သံတွေအောက်မှာ တခမ်းတနားစီးပြနိုင်တဲ့အထိ အသုံးပြုကြမလား။
ကျွန်မတို့တတွေ စက်ဘီးလေးတော့ အနည်းဆုံးစီးတတ်သင့်တယ်ထင်တာဘဲ။ စီးတတ်ပြီ ဆိုရင်တော့ သက်လုံကောင်းကောင်းနဲ့ မိမိလိုရာအရောက်ကို အန္တရာယ်ကင်းကင်းနဲ့ မောင်းသွားနိုင်ဖို့ လိုသေးတာ မမေ့နဲ့ဦးနော်။ ကံဆိုတာ လူလုပ်သမျှ..တဲ့။ မာယာများတဲ့ ဘ၀ရဲ့လမ်းမတွေပေါ်မှာ ကံဆိုတဲ့ စက်ဘီးတစ်စီးကို ကျွန်မတို့တတွေ စီးနေကြတာ မိုင်ဘယ်လောက်များအထိတောင် ခရီးပေါက်ခဲ့ပြီလည်းမသိ။ မိုင်တိုင်တွေအများကြီးကို ကျော်ဖြတ်ခဲ့တဲ့ ကျွန်မတို့ရဲ့ စက်ဘီးတွေကရော ဂျုံးဂျုံးကျနေပြီလား။ စက်ဘီးတစ်စီးကို ယူလာပေးပြီး စီးပြစမ်းပါဆိုတဲ့ အချိန်မှာ ကျွန်မတို့ အသင့်ဖြစ်နေဖို့တော့လိုတာပေါ့။ လိုရာခရီးကို မရောက်ခင် စိန်ခေါ်မှုတွေနဲ့ မလွဲမသွေ ကြုံကြရဦးမှာ။ အဲ.. ဒါပေမယ့် စက်ဘီးဆိုတာ တစ်ခါ စီးတတ်သွားရင် မေ့သွားတတ်တာမျိုး မဟုတ်ဘူးနော်။
ကဲ… လူကြီးမင်းတို့ စက်ဘီးစီးတတ်ကြပါရဲ့လား..?
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

20 comments:
ငယ်ငယ်တုန်းက စက်ဘီးစီးသင်ခဲ့တာကို သတိရလာပြီ
အနာရွတ်တွေဒူးခေါင်းမှာ ခုချိန်ထိ ရှိသေးတယ်.. စက်ဘီးစီးတာ မမေ့တော့သလို အနာရွတ်ကလည်း မပျောက်တော့တာ ခက်တယ်
မာယာများတဲ့လောကကြီးထဲက အန္တရာယ်တွေကိုတော့ ရှောင်ပြီးမောင်းတတ်ဖို့ တကယ်လိုပါတယ်..
အန္တရာယ်နဲ့ကြုံရင်လည်းလျင်မြန်စွာ လက်ကိုင်ကို ရှောင်တတ်ဖို့လည်း လိုသေးတယ်နော်
လိုရာခရီးရောက်ဖို့ စက်ဘီးစီးကျွမ်းဖို့လိုသလို ဘ၀အတွက် ကံဆိုတဲ့ စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်ဖို့လည်း လိုပါသေးတယ်နော်
အိုဘားမားကတော့ စက်ဘီးစီးတာဆို ကျွမ်းသလားမမေနဲ့။ရှေ့ပြန်ရော၊နောက်ပြန်ရော
စီးတတ်တယ်။ဂျွမ်းထိုးစီးမလား..ရတယ်။ပက်လက်၊မှောက်ခုန်၊ဆောင့်ကြောင့်ထိုင်၊ဒူးတုတ်
လည်းစီးတတ်တယ်။မီရှယ်..ကိုသင်ပေးတုန်းက.သူကသေးသေး၊စက်ဘီးကကြီးကြီး..လွယ်ဖူး။
ပလာစတာနှစ်ဒါဇင်၊ပတ်တီး၁၀လိတ်၊တင်ချာတစ်ပုလင်း..ကုန်တော့မှ.သူတတ်သွားတယ်။
သူလည်းတတ်သွားရော၊ အိုဘားမားလည်းဆေးခန်းရောက်တော့တာပဲ၊.လျှာက ၂ ပေ နဲ့ ၃လက်မ
ထွက်လာလို့လေ...........................................။
ဟူး.......................မောပါ့။
အမရေ..စက်ဘီးတော့ ငယ်ငယ်ကတည်းက စီးတက်ခဲ့ပါတယ်ဗျာ။ စက်ဘီးစီးစသင်တုန်းကလည်း... မကြာခဏ ဆိုသလို လမ်းဘေး ခြံစည်းကို ဝင်အောင်ဖူးပါဘူး ၊ ဒဏ်ရာဒဏ်ချက်တွေလည်း အနည်ငယ် ရခဲ့ဖူးပါတယ်... အခုလည်း ဘဝအတွက် ကံ ဆိုတဲ့ စက်ဘီး ကို စီးနေဆဲပါ... အတက်နိုင်ဆုံးတော့... ဘဝ လမ်းရဲ့ အချိုးအကွေ့ တွေနဲ့.. အရှောင်အတိမ်းတွေ... ကျွမ်းကျင်စွာနဲ့ ဘဝ ဆိုတဲ့ စက်ဘီးတစ်စီးကို... ဂရုတစိုက်နဲ့ နင်း နေ လျှက်ပါ...
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
စက်ဘီးတော့စီးနေတာပဲ၊ ဒီလိုတစ်ခါမှ မတွေးဖူးဘူး၊ မန္တလေးကနေ မေမြို့ကို စက်ဘီးနှင့် တက်ဘူးတယ်… ကြွားတာ…..
ဘာမဟုတ်တဲ့ စက်ဘီးစီးတာလေးကိုပဲ ရေးသွားလိုက်တာအဆုံးထိကို ဖတ်မိသွားရရော
စဉ်းစားစရာတခုခုကလည်း ထုံးစံအတိုင်းပါလာသေးတယ်
တခုခုကိုတော့ အစ်မက ပြောနေသလိုပဲ
မွန်းလည်း စဉ်းစားနေရတာ ကြိုက်တယ် အစ်မရေ
မစီးတတ်ခဲ့ပါဘူး...နောက်တော့..သင်ယူခဲ့တယ်။ ဒူးတွေပြဲ တံတောင်တွေကွဲပြီး ခေါင်းတောင်ဖုခဲ့ဘူးရဲ့။ ဒါပေမဲ့လည်း..
နာနာကျင်ကျင်နဲ့ ကို ရအောင်သင်ယူခဲ့တယ်။ နောက်တော့ လက်တွေတောင် တစ်ခါတစ်လေ လွှတ်စီးလို့ ။
ကြိုက်တယ်။ အရမ်းကြိုက်ပါတယ်။ လေတဝူးဝူးနဲ့ နေရာလေးတွေမှာ သွားစီးရတာမျိုးဆို ပိုလို့ တောင် သဘောကျတယ်။
အဲဒီချိန်မှာ ရတဲ့ လန်းဆန်းမှု၊ လွတ်လပ်မှုကို အစ်မ မြသွေးနီတော့ ကောင်းကောင်းခ့စားတတ်မယ် ထင်ပါတယ်။
ညီမက မေမြို့ ကဆိုတော့ ညနေတိုင်း မကြာမကြာ ကန်တော်ကြီးဘက် စက်ဘီးစီး ရောက်ပါတယ်။
.......တွေးစရာလေးတွေလဲ တွေ့ မိတာမို့ ...စာရေးသူရဲ့ ရေးသားမှုညက်ညောတာလေးကို သဘောကျအားရရင်း...
ခင်မင်လေးစားလျှက်....ခင်မာလာအောင်...:)
မန်းသူတွေကို တော့ မမေးနဲ့ မွေးကထဲက စက်ဘီး ဖက်မွေးလာတာ
ခင်တဲ့
ရွှေစင်ဦး
မယ်သွေးရေ...အညာသားကတော့ စက်ဘီးမရှိရင်ခြေထောက်မရှိသလိုပဲ..ခုတော့ ဆိုင်ကယ်တွေ ဖြစ်ကုန်ကြပြီတဲ့..
မယ်သွေးရေ...အညာသားကတော့ စက်ဘီးမရှိရင်ခြေထောက်မရှိသလိုပဲ..ခုတော့ ဆိုင်ကယ်တွေ ဖြစ်ကုန်ကြပြီတဲ့
စက်ဘီးနဲ့ဖက်ပြီး ကြီးပြင်းလာလို့လား မသိပါဘူး ...
နိုင်ငံခြားရောက်တဲ့အထိကို ၂နှစ်လောက် စက်ဘီးနဲ့ ရုံးတတ်ခဲ့ရသေးတယ်း))
စက်ဘီးကိုကျွမ်းကျွမ်းကျင်ကျင်မစီးတတ်ပါဘူးမမမြသွေးရေ..။
လိုရာခရီးကိုမရောက်ခင် မာယာစိန်ခေါ်မှုတွေကိုကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားပါမယ်..။
ချစ်တဲ့
ညီမသဒ္ဓါ
စက်ဘီးဆိုင် ဖွင့်ထားပုံရတယ်။
း)
ဒီမှာတော့ စက်ဘီးစီးတာ ခေတ်စားနေတယ်။ ဆိုင်ကယ်တွေကို ငြီးငွေ့ကုန်တာနဲ့ တူပါရဲ့။
ကျနော်တို့ ငယ်ငယ်ကတော့ ဆိုင်ကနေ BMX ဘီး အသေးလေးတွေကို အချိန်နဲ့ ငှားစီးရတာ။
တခါတော့ ကားအရှေ့မှာ စက်ဘီးက အလယ်ကနေ ကျိုးကျရော။ ကားနဲ့ နဲနဲ ဝေးသေးလို့ အကြိတ်မခံလိုက်ရတာ။
ဘယ်အချိန်ထဲက ငှားစားမှန်း မသိတော့ သံတွေကဆွေးနေတာလေ။
မရယ်.. ဂီ့တုန်းကလည်း ဘာပြောကောင်းမလဲ၊ ၁၂နှစ်တုန်းက စက်ဘီးစီးသင်တုန်းကပေါ့။ ရှေ့က အဒေါ်ကြီးရဲ့ နောက်တည့်တည့်ကို ၀င်ကျုံးလိုက်တာ ထမီကွဲသွားလို့ မေမေက အလျော်ပေးလိုက်ရသေးတယ်။ ဟီး...။ စသင်တုန်းက ကြောက်လို့ ကောင်းကောင်းမစီးတတ်ခင်မှာပဲ သင်ပေးတဲ့သူငယ်ချင်းက ဆုံးသွားတော့ ဂီခုထိ စက်ဘီးမစီးတတ်သေးဘူး မရေ...။ တော်တော်ကို အဖြစ်မရှိတာနော်။ :P
မရဲ့ ပညာပေးစာပိုဒ်လေးဖြစ်တဲ့ အပြာရောင်စာလုံးလေးတွေကို ကျေးဇူးတင်စွာနဲ့ မှတ်သားသွားပါတယ်။
မမမြသွေးရေ..
မေးမှ ဖြေရမလိုဖြစ်နေပြီ။
စက်ဘီးကို ခုချိန်ထိ မစီးတတ်သေးဘူးရယ်။
ပြုတ်ကျမှာ ဆိုးတာကြောင့် မသင်ယူခဲ့မိတာ။
ဒါပေမယ့်...မမရေ ဘ၀ရဲ့လိုရာခရီးပန်းတိုင်တွေကိုမရောက်ခင်
ခရီးကြမ်းတွေရဲ့ စိန်ခေါ်မူ့ကို ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားလျှက်ပါ။
ဒါနဲ့ စကားမစပ် စိုက်ဘာထဲက “ရေစီးထဲမှာ”ကိုညွန်သစ်ရဲ့ ကဗျာလေးကို
မမနဲ့ထပ်တူ ကြိုက်မလို့ ကူးယူပါရစေ။
အင်းးးအစ်မစာလေးဖတ်ရမှာ ကျွန်တော့်စက်ဘီးလေးတောင်သတိရမိသေး...။ကျွန်တော့်ဘီးလေးက ဘဲလ် ကလွဲလို့ကျန်တဲ့
နေရာစုံက အသံမြည်နေတဲ့ ဘီးအိုလေးခင်ဗျ...။
မမြသွေးဆီမှာ စက်ဘီးစီးသင်ချင်လို့ဗျို့:P
စက်ဘီးစီးရတာ အရမ်းသဘောကျတယ်...ရန်ကုန်ရောက်တော့ စက်ဘီးမစီးရလို့ စိတ်ညစ်နေတာ..ဒီပိုစ့်လေးမြင်ရတော့ အမောပြေသွားတယ်...
အခုရော
သားပြည့်နဲ့ စက်ဘီးလုစီးနေလားဟင်
:p
မမြသွေးရေ.....ပေးသွားတဲ့မက်ဆေ့လေးကောင်းတယ်နော်.....
တစ်ယောက်ထဲ စက်ဘီးနှစ်စီး စီးလိုက်တယ်ဗျာ။
Post a Comment