Saturday, October 2, 2010

ရေဘ၀ဲတစ်ကောင်ရဲ့ နိဂုံး


ရေဘ၀ဲဆိုတာ စုပ်ခွက်တွေ အများကြီးပါတဲ့ ခြေ(၈)ချောင်းရှိတဲ့ ပင်လယ်ထဲမှာ နေထိုင်တဲ့သတ္တ၀ါပါ။ အကောင်အကြီးကြီးတွေဆိုရင် ပေါင်၇၀ လောက် အထိလေးပါတယ်။ ဒါပေမယ့် အကောင် ဘယ်လောက် ကြီးကြီး သူ့ခန္ဓာကိုယ်က အရမ်းကို ပျော့ပျောင်းလွန်းတယ်။ ဘယ်လောက်တောင် ပျော့ပျောင်းလွန်းလဲဆို သူသွားချင်တဲ့ ဘယ်နေရာမျိုးကိုမဆို ဘယ်လောက်ကျဉ်းကျဉ်း ရောက်အောင်တိုးဝှေ့ဝင်နိုင်တဲ့အထိ ပျော့ပျောင်းလှတယ်။


ရေဘ၀ဲမှာ ကျောရိုးမရှိဘူးရှင့်။ ဒါကြောင့် ကျပ်စေ့အ၀ိုင်းလောက် အပေါက်လေးကိုတောင် သူတို့ခန္ဓာကိုယ်ကြီးနဲ့ တိုးဝင်နေနိုင်တယ်။ သူတို့ အနှစ်သက်ဆုံးက ပင်လယ်ခရုခွံ အလွတ်တွေထဲမှာ တိုးဝင်ပုန်းနေပြီး နဘေးနားက ဖြတ်သန်း ကူးခတ်သွားတဲ့ ငါး၊ ပုဇွန်တွေရဲ့ ခေါင်းကို သူ့တို့ရဲ့ လက်တံလေးတွေကို ထုတ်ပြီး ဖမ်းယူကိုက်ဖြတ်၊ ပြီးရင်တော့ သူတို့ရဲ့ အဆိပ်ရည်တွေနဲ့ ထိတွေ့ မူးမေ့စေပြီးမှ သေဆုံးသွားတာနဲ့ အလွယ်တကူ မြိန်ရေယှက်ရေ စားတော့တာပါဘဲ။ ဒါကြောင့် ပင်လယ်သမုဒ္ဒရာထဲမှာတော့ ရေဘ၀ဲဆိုတာ တခြားသတ္တ၀ါတွေအတွက် ကြောက်စရာ အကောင်းဆုံးသတ္တ၀ါထဲမှာ အပါအ၀င်ဘဲပေါ့။


ဒါပေမယ့် ဒီလိုကြောက်စရာကောင်းတဲ့ ရေဘ၀ဲကို ကျွန်မတို့လို လူတွေအတွက်ကတော့ လွယ်လွယ်နဲ့ ဖမ်းယူနိုင်တဲ့ နည်းလမ်းရှိနေပြန်တယ်။ တံငါသည်တွေက ရေဘ၀ဲရဲ့ ပင်ကိုယ်ရှိနေတဲ့ သဘာဝကို ကောင်းကောင်းကြီးသိနေတော့ အခုလို အသုံးချလိုက်တယ်။


တံငါသည်တွေက ပုလင်းတွေကို တစ်လုံးနဲ့တစ်လုံး ကြိုးနဲ့ ဆက်ချည်ပြီး ပင်လယ်ရေအောက် ကြမ်းပြင်အထိ ချပေးလိုက်တယ်။ ရေဘ၀ဲတွေက သူတို့သဘာဝအတိုင်း ပုလင်းတွေကို တွေ့တာနဲ့ သူ့ထက်ငါ ဦးအောင် ပုလင်းတွေထဲကို တိုးဝှေ့ဝင်ရောက်တော့တာပါဘဲ။ အဆုံးမှာတော့ ပင်လယ်ပြင်မှာ ဆရာကြီးလုပ်နေတဲ့ ရေဘ၀ဲတွေလည်း တံငါသည်တွေရဲ့ သားကောင်အဖြစ် ပုလင်းထဲမှာရောက်ပြီး ဖမ်းခံရတော့တယ်။ ပြီးမှ တံငါသည်တွေက ဒီပုလင်းတွေကို ပင်လယ်ထဲက ပြန်ဆယ်ယူ၊ နောက်တော့.. လူကုံထံတွေရဲ့ ထမင်းဝိုင်းမှာ တန်ဘိုးရှိတဲ့ ဟင်းလျှာတစ်ခွက် အဖြစ်နဲ့ ဘ၀နိဂုံးချုပ် ပေးလိုက်တော့တယ်။ ဘာတွေက.. ဘယ်သူတွေက ရေဘ၀ဲကို ဖမ်းဆီး ချုပ်နှောင်လိုက်တာလည်း …? ပုလင်းတွေက ဖမ်းတာလား..? မဟုတ်ပါဘူးနော်။ ပုလင်းတွေက လမ်းလျှောက်ပြီး ရေဘ၀ဲတွေနောက် တစ်ကောက်ကောက်လိုက်ပြီး ဖမ်းဘို့လည်း မစွမ်းဆောင်နိုင်ပါဘူးနော်။ ဖမ်းဆီးဖို့ဝေလာဝေး၊ ပုလင်းတွေက သူ့ဟာသူ ပင်လယ်ကြမ်းပြင်မှာ ငြိမ်ငြိမ်လေး စောင့်နေတာပါ..။



အမှန်တကယ်တော့ ရေဘ၀ဲတွေဟာ သူတို့ကိုယ်သူတို့ဘဲ ဖမ်းဆီး ချုပ်နှောင်နေမိတာပါ။ သူတို့ဟာ အကျဉ်းမြောင်းဆုံး လမ်းကိုမှ၊ မှောင်မိုက်ပြီး ထွက်ပေါက် မရှိတဲ့ တစ်ဖက်ပိတ်နေတဲ့ လမ်းကိုမှ ရွေးချယ်မိတော့ ကိုယ့်သေတွင်းကိုယ် တူးမိနေသလို ဖြစ်နေတော့တာပေါ့။


ကျွန်မတို့ ပတ်ဝန်းကျင်မှာလည်း လူအချို့တွေရဲ့ တွေးခေါ်မှု တွေဟာ ဒီရေဘ၀ဲ အကောင်တွေလိုပါဘဲ။ ဒီလို လူစားမျိုးတွေဟာ စိတ်ညစ်စရာ တွေနဲ့ ကြုံတွေ့တဲ့ အခါတိုင်း၊ စိတ်ဆင်းရဲ စိတ်ဒုက္ခရောက်တဲ့ အခါတိုင်း၊ မျှော်မှန်းချက် ဆန္ဒတွေ မပြည့်ဝတဲ့အခါတိုင်း၊ အပြောကျယ်လှတဲ့ လွတ်လပ်သာယာလှတဲ့ ဘ၀ပင်လယ်ကြီးကို ကျောခိုင်းစွန့်ခွာပြီး ညှို့အားကောင်းပြီး ဖြားယောင်းသွေးဆောင်တတ်တဲ့ ပုလင်းထဲကို ပျော်ပျော်ကြီး တိုးဝင်မိတတ်ကြတယ်။ တကယ်တော့ ကျယ်ပြောလှတဲ့ ပင်လယ်သမုဒ္ဒရာကြီးနဲ့ အလားသဏ္ဍန်တူတဲ့ ဘ၀ပင်လယ်ကြီးထဲမှာလည်း ကောင်းတဲ့ရွေးချယ်မှုတွေ အများကြီးရှိနေပါလျှက်နဲ့ ပုလင်းပေါက်နဲ့တူတဲ့ မကောင်းမှုရဲ့ ဖြားယောင်းမှုနောက်ကို ကောက်ကောက်ပါအောင် လိုက်ပြီး တိုးဝင်မိမယ် ဆိုရင်တော့ တစ်ချိန်မှာတော့ မကောင်းသောနိဂုံးတွေနဲ့ပဲ မုချရင်ဆိုင်ရမှာပါ။ မိမိဆန္ဒ တဒင်္ဂလေးအတွက်နဲ့ ဘ၀တွေကို အပျက်အစီးမခံဘဲ ဘယ်အရာမဆိုသတိနဲ့၊ ဥာဏ်နဲ့ ဆင်ခြင်ပြီးမှလုပ်ဆောင်ဖို့  ရေဘ၀ဲရဲ့အမူအကျင့်တွေက မီးမောင်းထိုးပြနေသလိုပါဘဲရှင်။


( ပို့စ်အဟောင်းလေးကို ပြန်လည်တင်ပေးလိုက်ခြင်းပါ။)


ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

13 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ဖူးပြီးသားပေမဲ့ သေသေချာချာ ပြန်ဖတ်ဖြစ်ပါတယ်..
ရေဘ၀ဲလို မကောင်းတဲ့ ပုလင်းဝကိုတိုးမ၀င်မိဖို့ ကိုယ့်ကိုယ်ကို အားတင်းရင်း ကြိုးစားနေခဲ့ပါတယ်..
အပြောကျယ်တဲ့ ပင်လယ်ပြင်ကြီးထဲက ကောင်းမွန်များပြားတဲ့ ရွေးချယ်စရာတွေကို ရွေးချယ်နိုင်ဖို့
ပုလင်းဝကို ရှောင်ကွင်းတတ်ဖို့တော့ တကယ်လိုပါတယ်..

ကိုကြီးကျောက် said...

ပင်လယ်ထဲဆင်းပြီး..ဆားချက်တာပေါ့လေ...မဖတ်ရသေးတော့ အသစ်ပါပဲ..

phyophyo said...

ကိုကြီးကျောက်ပြောသလိုပါပဲ၊ မဖတ်ရသေးတော့ အသစ်ပေါ့၊ အစက ရေဘ၀ဲသုတေသနမျိုးလားလို့ ကြောက်ကြောက်နဲ့ ဖတ်နေတာ၊ ရေထဲက ပျော့စိပျော့စိအကောင်တွေ ကြောက်လို့၊ နောက်တော့ ပညာပေးလေးကိုး၊ ဟုတ်တယ်နော် .. တဖက်ပိတ်ပုလင်းထဲ မ၀င်မိအောင် ၊ ကိုယ့်ကိုယ်ကိုယ် မှောင်ချမထားမိအောင်ကြိုးစားရမယ်၊ :) ဟင်းချက်မခံရအောင်လို့

မေပယ်လ် said...

သိပါဘူး
ဂျာမန်က သတ်စားမယ်လို့ ကြိမ်းနေတဲ့ အကောင်လေးများလားလို့
လန့်သွားတာပဲ:)

မောင်ဘကြိုင် said...

ရေဘဝဲတွေ ကင်စားကြော်စားရတာကြိုက်တယ်း)
အစ်မရေ....

ပို့စ်လေးသေချာဖတ်ပြီး အသိထဲထည့်ထားပါတယ်ဗျာ

မောင်လေး said...

အော်...ဟိုငတိလေး ပေါလ် များလားလို့....။
အစ်မရေ....တစ်ခါတစ်လေကျတော့လည်း...တစ်ဖတ်ပိတ်ပုလင်းတွေထဲမှာ နေရတာ နေပျော်တယ်အစ်မရဲ့..။
(အဲ ပြန်ထွက်တတ်ဖို့တော့ လိုတာပေါ့နော်..)

nyeinsoeoo said...

လူသားဆိုတာ ဒုက္ခ ပေးနေတာတွေကို ပျောက်ပျက်အောင် ဖြေရှင်းတတ်နိုင်သော စွမ်းရည် ရှိနေကြပါတယ် ။ဒီအချက် ကိုဖော်ပြ သတိပေးလို့ နှစ်သက်ရပါတယ် ...
ငြိမ်းစိုးဦး

မြစ်ကျိုးအင်း said...

သုတနဲ့ အတွေးအမြင်တွေပေးတဲ့ ပို့စ်ကောင်းလေးပါပဲ။
ရေဘဝဲ ဖမ်းနည်းကို သိရတာနဲ့တင် ပို့စ်လေးက ကောင်းလွန်းနေပါပြီ။
ထိထိမိမိရှိတဲ့ ဥပမာ လေးပါပဲ။

သဒ္ဓါလှိုင်း said...

ရေဘ၀ဲလေးတွေရဲ့ဘ၀လိုမဖြစ်ဖို့ သတိလေးနဲ့ ကိုယ်တိုင်ကြိုးစားပါ့မယ်..။
မကောင်းတဲ့ ဖြားယောင်းမှုတွေကို ရှောင်ကြဉ်နိုင်ပြီး ကောင်းသော ရွေးချယ်မှုတွေကိုသာ
ရွေးချယ်နိုင်ဖို့ အားလုံးအတွက် အရေးကြီးပါတယ်..။
အားလုံး ကောင်းသောရွေးချယ်မှုကိုသာ ရွေးချယ်နိုင်ကြပါစေရှင်....
ချစ်တဲ့
ညီမသဒ္ဓါ

ုမင်းလူန said...

လာဖတ်သွားပါတယ်မမြသွေးနီ။။။။။။။။

Kaythikyaw said...

မမရေ အရမ်းကောင်းတဲ့ပို့စ်လေးပါ ....ဘ၀အတွက် သင်ခန်းစာယူစရာ ထိမိတဲ့ ပို့စ်လေးပါ
ခုလို့ဖတ်ခွင့်သိခွင့်ရအောင် တင်ပေးတဲ့အတွက် ကျေးဇူးပါ ...

လ၀န်း said...

ဖတ်လိုက်တော့  ကိုယ်မသိတဲ့ အရာတွေသိခွင့် ရတဲ့ အတွက် စာရေးပြီတငိတဲ့  အစ်မကိုကျေးဇူးတင်မိတယ်..နောက်များလဲဗဟုသုတများများရစေမဲ့ စာတွေများများတင်နိုင်ပါစေဗျာ အစ်မ1ယောက်အောင်မြင်တဲ့ လူတစ်ဦးဖြစ်ပါစေ

ခိုင်သဇင်အေး said...

အမရေ
ဘာတွေက ဘယ်သူတွေက ရေဘဝဲကို ဖမ်းဆီးချုပ်နှောင်လိုက်တာလဲ...?
ဆိုတဲ့ မေးခွန်းလေးကို အရမ်း သဘောကျမိပါတယ်။
စဉ်းစားစရာတွေ တွေးစရာတွေ အများကြီး နဲ့ ဆင်ခြင်စရာတွေပါ တစ်ခါတည်း
ပေးလိုက်တဲံ့ ပို့စ်လေးပါ။

Post a Comment