Thursday, July 8, 2010

Waka Waka နဲ့ဖရက်ရှလီဂရောင်း



ဒီနှစ် ၂၀၁၀ ကမ္ဘာ့ဖလားပွဲကြီးမှာ ကိုလံဘီယာအဆိုကျော် ရှာကီယာရဲ့ ၀ါကာဝါကာသီချင်းသံဟာ တစ်ကမ္ဘာလုံးအနှံ့ ပြန့်လွင့်လွှမ်းခြုံနေခဲ့တာ အားလုံးအသိပါဘဲ။ ဒီသီချင်းကို သေချာကြည့်မိတော့ ရှာကီယာထက် သူနဲ့အတူ တွဲဖက်ပါဝင်ခဲ့တဲ့ ဖရက်ရှလီဂရောင်း တေးဂီတအဖွဲ့ကို ကျွန်မ စိတ်ဝင်စား မိပါတယ်။  Waka Waka သီချင်းနဲ့ ရှာကီယာဟာ ဒီတစ်လအတွင်း ကမ္ဘာကျော် ရေပန်းအစားဆုံး သီချင်းဖြစ် ခဲ့ရတာဟာ ရှာကီယာ တစ်ဦးထဲကြောင့် မဟုတ်ပဲ တွဲဖက်ပုံဖော်ပေးတဲ့  တောင်အာဖရိက ရဲ့ ဖရက်ရှလီဂရောင်း တေးဂီတအဖွဲ့ကြောင့်ဆိုရင် မမှားဘူးလို့ ထင်မိပါတယ်ရှင်။ ကျွန်မက အမြဲဒီလို ပေါက်ပေါက်ရှာရှာ နေရာကနေ လိုက်ပြီး ထူးခြားမှုလေးတွေ၊ စိတ်ဝင်စားစရာလေးတွေကို လိုက်ရှာ ကြည့်မိတတ်သူဆိုတော့ ဖရက်ရှလီဂရောင်းရဲ့ ဇစ်မြစ်ကို ရှာဖွေမွှကြည့်မိရာကနေ ဒီပို့စ်လေးကို ရေးဖြစ်မိခဲ့ပါတယ်။


ဖရက်ရှလီဂရောင်း တေးဂီတအဖွဲ့ဟာ တောင်အာဖရိကရဲ့ ကိတ်တောင်းမြို့လေးကနေ ၂၀၀၂ ခုနှစ်မှာ စတင် အခြေပြုခဲ့တာပါ။ သူတို့အဖွဲ့ဟာ ဖော့ခ်ျ၊ အာဖရီကန်ပေါ့ပ်၊ ဂျက်ဇ်နဲ့ အင်ဒရီရယ်ရော့ခ်ျ စတဲ့ ဂီတအမျိုးအစားတွေ အများဆုံး သီဆိုခဲ့ပါတယ်။ ၂၀၀၀ ခု - တောင်အာဖရိက တေးဂီတ ဆု၊ ၂၀၀၆ ခု - အမ်တီဗွီဥရောပ တေးဂီတဆု၊၂၀၀၈ ခု - အာဖရိကရဲ့ အကောင်းဆုံး အဖွဲ့လိုက်တေးဂီတဆု ၃ဆုကို ဆွတ်ခူးထားပြီးသား အဖွဲ့လည်း ဖြစ်ခဲ့ပါတယ်။ ဖရက်ရှလီဂရောင်းမှာ အဖွဲ့ဝင် ၇ဦးရှိပြီး ဇိုလာနီ ( အဆိုနဲ့ လိဒ်ဂီတာ)၊ ဆိုင်မွန် ( လေမှုတ်တူရိယာ)၊ ပီတာ ( ဒရမ်)၊ ကီလာ ( အဆိုနဲ့ တယော)၊ ဂျူလီယို ( အက်စကော့တစ်ဂစ်တာ)၊ ဂျို့စ် ( အဆိုနဲ့ ဘေ့စ်ဂစ်တာ)နဲ့ ဆီရာဒီရယ် ( အဆို၊ ပတ်ကားရှင်းနဲ့ ကီးဘုတ်) တို့ ပါဝင်ကြပါ တယ်။


“ တောင်အာဖရိကအတွက် ဒီအချိန် ” လို့ အဓိပါယ်ရတဲ့ Waka Wakaသီချင်းနဲ့ကမ္ဘာ့ဖလားဖွင့်ပွဲ ကြီးမှာ ပါဝင်ဖျော်ဖြေခွင့်ရခဲ့တဲ့ တောင်အာဖရိက အခြေစိုက် သူတို့အဖွဲ့ရဲ့ နှလုံးအိမ်ထဲမှာ ဘာခံစား ချက်တွေများ ရှိနေလဲ..၊ ကမ္ဘာ့ဖလားပွဲကြီးက တောင်အာဖရိက ပြည်သူတွေရဲ့ စိတ်နှလုံးကို ဘယ်လို သိမ်းကြုံးယူငင်လိုက်သလဲ ဆိုတာကို ဖီဖာနဲ့ ဖရက်ရှလီဂရောင်းအဖွဲ့ပြောခဲ့တာလေးတွေကို ပြန်လည် ဖောက်သည်ချလိုက်ပါတယ်။


မေး ။ ခင်ဗျားတို့အနေနဲ့ နိုင်ငံတကာအဆင့်ထိပ်တန်းဖျော်ဖြေပွဲကြီးတွေမှာ အကြိမ်ပေါင်းများစွာ ဖျော်ဖြေခွင့် ရထားခဲ့တယ်။ အခု ကမ္ဘာ့ဖလားပွဲကြီး ဖွင့်ပွဲမှာ ပါဝင်ဖျော်ဖြေခွင့်ရခဲ့တာ အရင်ကပွဲတွေနဲ့ ဘယ်လိုကွဲပြားခြားနားပါသလဲ..?  အာဖရိကအတွက် ဒီဖျော်ဖြေပွဲက ဘယ်လောက်များ အရေးပါ တယ် လို့ ထင်မိပါသလဲ..?


ဖြေ ။ မှန်ပါတယ်ဗျာ။ ကျွန်တော်တို့အဖွဲ့ဟာ ကမ္ဘာ့နိုင်ငံများရဲ့ နေရာပေါင်းများစွာမှာ အကြိမ် ပေါင်းများစွာ သွားရောက် ဖျော်ဖြေခဲ့ကြသူများပါ။ ဒါပေမယ့် ဒီတစ်ကြိမ်ဖျော်ဖြေခွင့်ရတာဟာ ကျွန်တော်တို့အဖွဲ့အတွက်တင်သာမကအာဖရိကပြည်သူတစ်ရက်လုံးအတွက်၊ နောက်.. ကျွန်တော်တို့ နိုင်ငံအတွက် အင်မတန်အရေးကြီးတယ်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ (၆)နှစ်က အနေအထားနဲ့ချိန်ထိုး ကြည့်မယ်ဆိုရင် အခုအခြေအနေဟာ ကျွန်တော်တို့နိုင်ငံအတွက် အရမ်းကို ကွဲပြားခြားနားမှုရှိနေပါတယ်။ အရင်က ကျွန်တော်တို့ နိုင်ငံရဲ့ ပုံရိပ်ကို အခုလို ပြဋ္ဌာန်းနိုင်ဖို့ တော်တော့ကို ခက်ခဲခဲ့တာပါ။ အခုအချိန်မှာတော့ ကျွန်တော်တို့ဟာ အမိမြေအတွက် သံတမန် တွေသဖွယ် ပါဝင်အသုံးတော်ခံခွင့် ရလိုက်ပါပြီ။ ကျွန်တော်တို့ သာမက အာဖရိကပြည်သူတစ်ရပ် လုံးဟာ ၂၀၁၀ ကမ္ဘာ့ဖလားပွဲကြီးရဲ့ သံတမန်တွေပါဘဲ။ အခုအချိန်မှာ တောင်အာဖရိကရဲ့ ထူးဆန်းအံ့သြဖွယ်ရာ တွေကို တစ်ကမ္ဘာလုံးသိအောင် ကျွန်တော်တို့ ချပြနိုင်ခဲ့ပါပြီ။


မေး။ ဟုတ်ပါပြီဗျာ..။ ကမ္ဘာ့ဖလားဖွင့်ပွဲဖြစ်တဲ့ Waka Wakaကို သီဆိုခွင့်၊ အသံသွင်း ဖြန့်ချီခွင့် ရခဲ့တဲ့အတွက် ဘယ်လိုကြည်နူးမှုမျိုးကို ခံစားရ ပါသလဲ..?


ဖြေ ။ ဒီကိစ္စက ကျွန်တော်တို့အတွက် တကယ့်ကို ကြီးကျယ် ခန်းနားလွန်းနေတာ အမှန်ပါဘဲ။ ပြောရ ရင် ယုံတောင် မယုံနိုင်စရာပါဘဲ။ တောင်အာဖရိက ရဲ့ ဘယ်နေရာကိုပဲသွားသွား ဒီသီချင်းသံကိုပဲ ကြားနေရတာဟာ ကျွန်တော်တို့အတွက် ဖော်မပြနိုင်တဲ့ အံ့နဘမ်း ကြည်နူးမှုကို ရစေပါတယ်။ အဲ့ဒီက တဆင့်တက်ပြီး Waka Waka ဟာ ကမ္ဘာတစ်လွှားကို လွှမ်းခြုံသွားခဲ့ပြီဆိုတော့ ဒီထက် ကြည်နူးစရာ ကောင်းတဲ့ ဖြစ်ရပ်များ ရှိဦးမလားဗျာ.. ။


မေး။ ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲကြီးဟာ တောင်အာဖရိကအတွက် ဘယ်လိုများ အဓိပ္ပါယ် သက်ရောက်မှု ရှိခဲ့ပါသလဲ..?


ဖြေ။ ကမ္ဘာ့ဖလားဘောလုံးပွဲကြီးကို လက်ခံကျင်းပနိုင်ခဲ့တာဟာ တောင်အာဖရိကအတွက် တကယ့်ကို ကြီးကျယ်ခန်းနားတဲ့ အခိုက်အတန့် တစ်ခုပါဘဲ။ ကျွန်တော်တို့ တောင်အာဖရိက ဘယ်လောက်စွမ်းတယ်ဆိုတာ ကမ္ဘာကြီးတစ်ခုလုံးကို ပြသနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ ဒီပွဲကြီးကို ဆုံးခန်းတိုင် အောင်အောင်မြင်မြင် ကျင်းပသွားနိုင်မယ်လို့ အပြည့်အ၀ ယုံကြည်မိပါတယ်။ တောင်အာဖရိကမြေကို ကမ္ဘာ့ဖလားနဲ့အတူ ရောက်လာကြတဲ့ ဧည့်သည်တော်တွေဟာ  သူတို့အိမ်အပြန်ခရီးမှာ ဘောလုံးပွဲအကြောင်းတင်သာမက ကျွန်တော်တို့ရဲ့ တေးဂီတ၊ ကျွန်တော်တို့ရဲ့ အက၊ ကျွန်တော်တို့ရဲ့ ရင်းနှီးဖော်ရွေမှုတွေအားလုံးကို ကျန်ကမ္ဘာ့ပြည်သူအားလုံး ကို ပြန်ပြောပြကြမှာ သေချာပါတယ်။ ဒါဟာ ကျွန်တော်တို့ အာဖရိကပြည်သူတစ်ရပ်လုံးရဲ့ မျှော်လင့်ချက်ပါပဲ။ ဒီကမ္ဘာ့ဖလားဘောလုံးပွဲကြီးကနေ ကျွန်တော်တို့ အာဖရိကန်ပြည်သူတွေ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ပိုမိုချစ်ကြည်ရင်းနှီးမှုတွေ ရကြမယ်။ နားလည်ယုံကြည်မှု တွေလည်း ပိုမိုရလာကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးရဲ့ မျှော်လင့်ချက်ပါဘဲ။


မေး။ ကောင်းပါပြီဗျာ။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာရော ဘယ်အသင်းကို အားပေးပြီး၊ ဘယ်အသင်းကို ချန်ပီယံဖြစ်စေချင်ပါသလဲ..?


ဖြေ။ အားပေးတာကတော့ တောင်အာဖရိကပြည်သူတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်အသင်းကို အားပေးခဲ့တာပေါ့။ ဒါပေမယ့် ဘရာဇီးအသင်း ကိုတော့ ချန်င်္ပီယံ အဖြစ်မျှော်လင့်မိပါတယ်။ သူတို့ဟာ ချန်ပီယံဆုနဲ့ ထိုက်တန်သူတွေပါ။






ဒီနေ့ဒီအချိန်မှာတော့ ဖရက်ရှလီဂရောင်းတို့ မျှော်လင့်ထားတဲ့ ဘရာဇီးလည်း ဆီမီးဖိုင်နယ်တောင် မတက်နိုင်ခဲ့ရှာပါဘူး။ ဒီပို့စ်လေးရေးပြီးချိန် မနက်၃နာရီခွဲမှာတော့ ကျောနံပါတ် ၅ - Puyol ရဲ့ တစ်လုံးထဲသော ဂိုးနဲ့ စပိန်အသင်းက ဂျာမဏီအသင်းကို (၁-၀) နဲ့ အနိုင်ရခဲ့ပြီးလို့ ဖိုင်နယ်ကို ထိုက်ထိုက် တန်တန် တက်ရောက်သွားခဲ့ပါပြီ။



ချန်ပီယံ ကမ္ဘာ့ ဖလားကို စပိန်နဲ့ နယ်သာလန်ဘယ်သူ အရယူမယ်ဆိုတာကတော့ တွေးမိရင် ရင်ခုန်ချင်စရာ အကောင်းဆုံးပါဘဲ။ ဘောလုံးက လုံးတယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ စပိန်အသင်းကို ဆက်လက်အားပေးမပျက် အားပေးလျှက်..။ ချန်ပီယံ ကမ္ဘာ့ ဖလားကြီးကို စပိန်မြေကို အရသယ်ယူ သွားစေချင်လျှက်….။ အကယ်လို့များ နယ်သာလန်သာ ရခဲ့မယ်ဆိုရင်လည်း မုဒိတာပွားလျှက်...။





ဒီနေရာလေးမှာ Waka Waka သီချင်းကို ဒေါင်းယူနိုင်ပြီတော့ သီချင်းစာသားလေး ဖတ်ချင်သူများ ကတော့ ဒီနေရာလေးကိုသာ ကလစ်နှိပ် လိုက်ပါနော်။ ဒီပို့စ်လေးရေးဖြစ်အောင် တွန်းအားပေးသူများ၊ ဓာတ်ပုံများကူညီဖွေရှာပေးတဲ့  မိတ်ဆွေများ ကို ဒီနေရာကနေ ကျေးဇူးစကား ပြောပါရစေရှင်။





ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ

4 comments:

tazar said...

Hii!
Both Spanish and Oranje are my favorites and prefer a bit Spanish. :)
By the way, what a elegant blog you created in a very short time.

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျေးဇူးပါ ချစ်သောအစ်မရေ..
Waka Waka ကို နှစ်သက်မိသလို စပိန်ဟာလဲ ညီမရဲ့ အကြိုက်ဆုံး အသင်းမို့ ဒီပိုစ့်လေးအတွက် ကျေးဇူးပါ..
စပိန်မြေကို ကမ္ဘာ့ဖလား သယ်ယူသွားတာကို ဆက်ပြီး စောင်ကြည့်အားပေးကြပါစို့လား..
ဖလားမရဖူးသူတွေလဲ ကမ္ဘာ့ဖလားကို မျှော်လင့်ခွင့် ရပိုင်ခွင့်တော့ ရှိကြတယ်မဟုတ်လား.
ဒီလူတွေကြီးဘဲ ယူရမယ်လို့ ဘယ်သူတွေက သတ်မှတ်ထားတာမို့လဲနော်...
မရသေးတဲ့သူတွေရတာ မုဒိတာ ပွားကြပါစို့......

မြတ်မွန် said...

မမရေ..အာဂျင်ရှုံးလို့ ငိုလိုက်ရတာ..
Waka Wakaကို ကြိုက်ပါတယ်
Shakira - Hips Don't Lie ကိုပိုကြိုက်တယ်..။

shwezinu said...

ညီမ မြသွေးရေ

အမလည်း စပိန် ကိုဘဲဆက်အားပေးမယ် ညီအမ တတွေ တူတူ ဘဲ စပိန်နိုင်ရမည်

ရွှေစင်ဦး

Post a Comment