
“ အနန္တမေတ္တာဘုန်းတော်ကြီးစာသင်ကျောင်း ” ဟာ အမှတ် ၁၂၆၊ ဇောတိကလမ်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ သက်ဆိုင်ရာမှ ဘုန်းတော်ကြီး စာသင်ကျောင်းအဖြစ် ပြီးခဲ့တဲ့ ဇွန်လပိုင်းမှာမှ တရားဝင်ခွင့်ပြုချက်ရထားတဲ့ ကျောင်းဖြစ်ပါတယ်။ ဒီဘုန်းတော်ကြီး စာသင်ကျောင်းလေးကို မျိုးစေ့ချ အပင်ရှင်သန်ဖို့ အံ့နဘမ်း ကြိုးစားနေသူ ရဟန်းတော်ကတော့ နယ်လှည့်ဓမ္မကထိကဓမ္မစရိယ ဆရာတော် ဘဒ္ဒန္တကုန္ဒက(မာန်အောင်) အရှင်သူမြတ်ပဲဖြစ်ပါတယ်။ ဆရာတော်ဟာ သက်တော်(၃၀)နှစ်၊ ၀ါတော်(၁၁)၀ါရှိပြီး ရခိုင်လူမျိုး တစ်ဦးဖြစ်ပြီး ကြည်ညို အေးချမ်းဖွယ် အဆင်းနှင့်အတူ စိတ်ဓာတ် ခိုင်မာသူတစ်ဦးလည်းဖြစ်တာကို တွေ့သိခဲ့ရပါတယ်။

ဘုန်းတော်ကြီးကျောင်းကို “ အနန္တမေတ္တာ ” ရယ်လို့ ကင်ပွန်းတပ်ခဲ့ရတာနဲ့ ပါတ်သက်ပြီး….
“ ဦးဇင်းဟာ မိဘ၂ပါးနဲ့ အသက်၁၆နှစ်မှာ ခွဲခွာခဲ့ရသူဖြစ်ပါ။ အပိုင်းအခြားမရှိတဲ့မိဘမေတ္တာကို ကျေးဇုးဆပ်လိုလို့ “ အနန္တမေတ္တာ ”ရယ်လို့ ကျောင်းကို နာမည်ပေးခဲ့တာပါ။ ပြီးခဲ့တဲ့လကမှ တရားဝင်ခွင့်ပြုချက်ရထားပေမယ့် တကယ်တော့ ဒီကျောင်းလေးဟာစခဲ့တာ သက်တမ်း၅နှစ်နီးပါး ရှိခဲ့ပါပြီ။ ဦးဇင်း သာသနာတက္ကသိုလ်မှာ ပညာသင်ယူနေတုန်း ဒီနေရာ လေးကို အလည်ရောက်ခဲ့ ပါတယ်။ ဒီနေရာက ကလေးငယ်များကို ဦးဇင်း တွေ့ရတဲ့အခါ ဦးဇင်းစဉ်းစားမိပါတယ်။ ကလေး တွေက ဥစ္စာကလည်းချို့တဲ့၊ ပညာကလည်းမဲ့နဲ့မို့ ရေငတ်နေတဲ့ အရိုင်းပန်းလေးတွေကို တွေ့ရ သလိုပါဘဲ။ ဦးဇင်းရဲ့ လက် ထဲမှာ ရေချိုအေးအေးနဲ့ တူတဲ့ ဥာဏ်ပညာတွေ၊ အတတ်ပညာတွေ ဦးနှောက် ပေါက်မတတ်၊ ခန္ဓာကိုယ်က အသွေး အသားတွေ ခမ်းခြောက်မတတ် သင်ယူပြီး၊ သင်ယူဆဲ၊ သင်ယူခွင့်ရနေလေပေမယ့် ဆာလောင်မွတ်သိပ်နေတဲ့ ဒီအရိုင်း ပန်းလေးတွေကို မျက်စိ အောက်မှာ တွေ့မြင်နေလျှက်နဲ့ ရေချိုတစ်ပေါက်သော်မျှ တိုက်ကျွေးနိုင်ခြင်းမရှိတာကို စိတ်မကောင်းစဖွယ်၊ ၀မ်းနည်းစဖွယ် သိလိုက်ရပါတယ် …” လို့ သူ့ရဲ့ ပထမဦးဆုံး ဒီနေရာလေးကို ရောက်အပြီးမှာ ခံစားမိတာကို ပြောပြပါတယ်။

အဲ့ဒီအချိန်က ဒီနေရာလေးမှာ လမ်းမရှိ၊ ရေမရှိ၊ မီးမရှိ၊ ပညာမရှိ၊ ဗြမ္မာစိုရ်တရားမရှိနဲ့ပါ။ ဒီနေရာလေးမှာ ဖုန်းဆိုးမြေ သာသာနဲ့အတူ ဟာနေသော ၀မ်းဘိုက်များ၊ ဗလာလွတ် ဦးနှောက်များ၊ ၀ါကျင်ကျင် မြောင်းရေကို သောက်ရေလုပ်လို့ ချို့တဲ့ ယဉ်ကျေးမှုတွေသာ ထွန်းကားခဲ့တာပါ။ ဦးဇင်းဟာ ကယ်ပါ ယူပါ တစာစာနဲ့ လက်ကမ်းလာသူများကို ဖေးကူ ထူမပေးချင်တဲ့ ဆန္ဒနဲ့ ဒီကျောင်းလေးကို မသေမချင်း ရအောင်တည်ဆောက်သွားမယ်လို့ သံဓိဋ္ဌာန်ချထားသူ ရဟန်းမြတ် တစ်ပါး ဖြစ်ပါတယ်။ ဦးဇင်းက ဒီလိုနေရာမှာနေလို့ ဆင်းရဲရတာ၊ နေပူခံရလို့ အသားတွေမဲခြောက်ခဲ့တာကို မမှုပါ ဘူး။ ဦးဇင်းကအပြင်ရဲ့ ရုပ်ဆင်းသဏ္ဍန်ထက် အတွင်းက ဖြူစင်တဲ့စိတ်သဏ္ဍန်ကို ပိုအလေး ထားသူပါ.. လို့ပြောခဲ့ပါသေးတယ်။

ဒီကျောင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ၊ အကျိုးတော်ဆောင်လည်းဖြစ်သူ တစ်ဖက်ရပ်ကွက်မှ ဦးစိန်ကြည် ကလည်း အခုလို ပြောပြပါတယ်။
“ ဒီကျောင်းလေးကို လူ၃၀ရဲ့ လစဉ် ကျပ်၁၅၀၀စီ စုဆောင်းလို့ ရတဲ့ငွေကနေ စတင်ခဲ့တာပါ။ အခုအခါ သံဃာ၃၅ပါး သီတင်းသုံးနေပြီး စာသင် ကျောင်းသားဦးရေ ၁၃၀နီးပါးရှိပါတယ်။ သူငယ်တန်းမှ လေးတန်းအထိ အခမဲ့ပညာသင်ကြား ပေးနေပါတယ်။ ဆရာမ၃ယောက်၊ဆရာ၂ ယောက်၊ ဘုန်းကြီး၃ပါးမှ ကလေးများကို ပညာသင်ကြား ပေးနေပါတယ်။ ဆရာ၊ ဆရာများကို တစ်လ ၂သောင်းကျပ်စီ ပေးပါတယ်။ ရေမောင်းဖို့ ချည်းပဲ တစ်လကို ဒီဇယ်ဂါလံ ၃၀ကုန်ပါတယ်။ တစ်နေ့ လုပ်မှ တစ်နေ့စားရရှာတဲ့ နေရာဆိုတော့ ဆွမ်းရှားပါးတဲ့ ကျောင်းဖြစ်ပြီး ဘုန်းကြီး၃၅ပါး နေ့စဉ် ဆွမ်းဘုန်းပေးနိုင်ဖို့ အနိုင်နိုင်ကြိုးစား ရပါ တယ်..။ ကျောင်းအတွက် အရာရာလိုအပ်နေတာမို့ သမီးတို့လို စေတနာရှင် အဖွဲ့အစည်းတွေရဲ့ လှူဒါန်းမှုတွေ အမှန်ကိုလိုအပ်နေပါတယ် .. ”

ဟုတ်ပါတယ်။ လေ၀င်လေထွက်နည်း၊ ကျူထရံကာ တဲအဆောင်လေး၃ခု တစ်ဆောင်နဲ့တစ်ဆောင် ပြွတ်သိပ်ကပ်ညပ်ပြီး မြေကြီးပေါ်မှာ သီတင်း သုံး၊ မြေကြီးပေါ်မှာဆွမ်းစားနေရရှာတဲ့ ရဟန်းများ၊ မြေကြီးပေါ်မှာ စာသင်နေရရှာတဲ့ ကိုရင်များနဲ့ ကလေးငယ်များကို ကျွန်မတို့ မျက်မြင်ကိုယ် တွေ့ ကြုံတွေ့ခဲ့ရတာပါ။ နွေအခါ သွေ့ခြောက်ပူပြင်း၊ မိုးအခါ ရွှံ့ဗွက် တလူးလူးနဲ့ကြားမှာ ဒီဘုန်းတော်ကြီး စာဝင်ကျောင်းလေးကတော့ ဦးဇင်းဥူးကုန္ဒကရဲ့ အဆုံးမရှိတဲ့ အနန္တမေတ္တာတွေနဲ့ ဖြန့်ကျက်ထားဦးမှာ မလွဲပါဘူးရှင်။

ဒီဘုန်းတော်ကြီးစာသင်ကျောင်းလေးကို သွားရောက်လှူဒါန်းလိုတယ်ဆိုရင်ဖြင့် အမှတ် ၁၂၆၊ ဇောတိကလမ်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ရန်ကုန်မြို့၊ ဖုန်း ၇၂၃၆၅၅ ( တစ်ဆင့်ခေါ်) ကိုဆက်သွယ် သွားရောက်လို့လှူဒါန်းနိုင်ပါတယ်။ ဘာတွေလိုအပ် သလဲလို့တော့ မမေးပါနဲ့ရှင်။ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းမှာ ရှိသင့်ရှိအပ်သော၊ စာသင်ကျောင်းတစ်ကျောင်းမှာ ရှိသင့်ရှိအပ်သော အရာများအားလုံး အမှန်တကယ် လိုအပ်နေတာပါ။
မိုးများတဲ့နေရာမှာ ရေမလျှံစေပဲ ရေခမ်းခြောက်ငတ်မွတ်နေတဲ့ နေရာတွေမှာသာ အေးချမ်းမယ့် မေတ္တာမိုးတွေ ဖြိုင်ဖြိုင် ရွာသွန်းပေးမယ့် အလှူရှင် များ အမှန်တကယ်လိုအပ်နေပါတယ်လို့ ထပ်မံပြောလိုက်ချင်ပါတယ်ရှင်……..။
Save The Aged အဖွဲ့ရဲ့ ဒီနေရာလေး မှာလည်း ၀င်ရောက်ဖတ်နိုင်ပါတယ်ရှင်...။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
1 comments:
အဲလိုနေရာမျိုးတွေကိုသွားလှူဒါန်းနိုင်ဖို့ကြိုးစားပါ့မယ်ခင်ဗျာ့
Post a Comment