
.....အာဖရိကန်ဂီတပညာရှင်တစ်ဦးရဲ့ ဗူဗူဇီလာနဲ့ ဖျော်ဖြေဟန်.....
Waka Waka နဲ့ ၂၀၁၀ ကမ္ဘာ့ ဖလားပွဲ ထပ်တူကျခဲ့တယ်လို့ဆိုရင် ဗူဗူဇီလာ ( Vuvuzela) နဲ့ ၂၀၁၀ကမ္ဘာ့ ဖလားပွဲဟာလည်း ခွဲခြားလို့မရပဲ တစ်သားထဲရှိ ခဲ့တယ်လို့ ကျွန်မပြောချင်ပါတယ်။ ဗူဗူဇီလာကို ကမ္ဘာ့ဘောလုံးပွဲ ပရိတ်သတ်နဲ့သာမက တစ်ကမ္ဘာလုံးက လူသားတွေနဲ့ ရင်းနှီးကျွမ်းဝင်သွားအောင် တောင်အာဖရိကက မိတ်ဆက်ပေးလိုက်တာပါ။
ဗူဗူဇီလာဟာ အာဖရိက ရိုးရာတူရိယာတစ်မျိုးဖြစ်ပြီး ပါးစပ်နဲ့မှုတ်ရတဲ့ လေမှုတ်ဟွန်းတစ်မျိုးပါ။ အာဖရိကကျေးလက်တွေမှာ ရှေးယခင်က ဝေးကွာလှတဲ့ တစ်ရွာနဲ့တစ်ရွာအကြား တွေ့ဆုံပွဲတွေ လုပ်တော့မယ်ဆိုရင် ဒီ.. ဗူဗူဇီလာကို အသုံးပြု၊ အသံပေးလို့ ဆက်သွယ်ခဲ့ကြတဲ့အတွက် ကြားခံဆက်သွယ်ရေးကရိယာ ဖြစ်တယ်ဆိုရင် မမှားပါဘူး။ ခေတ်မှီထွန်းကားတဲ့ ခေတ်ကြီးရောက်လာပြန်တော့ အားကစားယှဉ်ပြိုင်ပွဲတွေ၊ အထူး သဖြင့် ဘောလုံးကစားပွဲတွေမှာ အားပေးတဲ့အနေနဲ့ ဆူညံအောင်မှုတ်ကြတဲ့ ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ ဗူဗူဇီလာတွေကို အာဖရိကတိုက်မှာ သာမက လက်တင် အမေရိကတိုက်တွေမှာလည်း ပုံစံကွဲပြားတဲ့ အမျိုးအစားတွေနဲ့ အသုံးပြုနေတာကို တွေ့ရပါတယ်။
ဒီနှစ် ၂၀၁၀ကမ္ဘာ့ ဖလားပွဲအတွက် ၉၀ရာခိုင်နှုန်းသော ဗူဗူဇီလာအချို့ကို တရုပ်ပြည်မှာရှိတဲ့ " နင်ဟိုင်းဂျီရင်း ပလပ်စတစ်စက်ရုံ " ကနေ ထုတ်လုပ်ပြီးတော့ တောင်အာဖရိကကို တင်သွင်းခွင့် ပေးခဲ့ပါတယ်။ “ယခင်ကထဲက ကမ္ဘာ့ ဘောလုံးပွဲတွေရဲ့ ဈေးကွက်မှာ နေရာရဖို့ ကြိုးစားခဲ့ပေမယ့် တခြားလေမှုတ်ကစားစရာများသာ အနည်းအကျဉ်းအလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်၂၀၁၀ကမ္ဘာ့ ဖလားပွဲမှာတော့ ကျွန်တော်တို့ဟာ ဈေးကွက်ရဲ့ လိုအပ်ချက်အရ ဇန်န၀ါရီလမှစပြီး တစ်နေ့ကို ခုရေ ၂၅,၀၀၀ အထိ ထုတ်လုပ်ပြီး တရုပ်နိုင်ငံ နင်ဘိုဆိပ်ကမ်းကနေ ကွန်တိန်နာများနဲ့ တင်ပို့ပေးခဲ့ရပါတယ်..” လို့ နင်ဟိုင်းဂျီရင်းပလပ်စတစ်စက်ရုံ ရဲ့ GMဖြစ်တဲ့ ၀ူရီဂျွန်ကပြောပါတယ်။ ဒီတူရိယာကို ထုတ်လုပ်ရောင်းချခဲ့တဲ့ ဥရောပအားကစား ကုမ္ပဏီက ဗန်ရှယ်ကွစ်ကလည်း " ဒီဟွန်းတွေကို ဥရောပတစ်ခွင်မှာရောင်းတာ ၁.၅သန်းဘိုးခန့် ရောင်းချခဲ့ရပြီး ပြိုင်ပွဲကာလတက်လာတဲ့ ရောင်းအားဟာ အကျိုးအမြတိအားဖြင့် အမေရိကန်ဒေါ်လာ ၂သန်းဘိုးလောက်ရမယ် " လို့ပြောခဲ့ ပါတယ်။

.....ရိုးရာတူရိယာကို မြတ်နိုးစွာတီးမှုတ်နေသူ.....
ဗူဗူဇီလာကို ပလပ်စတစ်နဲ့ ပြုလုပ်ထားပါတယ်။ အရှည်၁မီတာခန့်ရှိပြီး တောက်ပတဲ့ အရောင် မျိုးစုံနဲ့။ တစ်လက်ထဲမှုတ်ကြည့်ရင် ဆင်တစ်ကောင်ရဲ့ စူးစူးရှရှအော်မြည်သံနဲ့တူပြီး တစ်ပြိုင်နက်ထဲ မရပ်မနားစတမ်းမှုတ်လိုက်ရင်တော့ ရာထောင်ချီစုဝေးနေတဲ့ ယင်မဲတပ်ကြီး၊ ဒါမှမဟုတ် ပျားသတ္တ၀ါများ အုပ်လိုက်ဖွဲ့ အော်ဟစ်ကာ ချီတက်လာသံလိုမျိုး စီစီညံညံ စူးစူးရှရှ ကြားကြရမှာ ဖြစ်ပါတယ်။ ဒီလေမှုတ်ဟွန်းလေးကို အာဖရိကပြည်သူတွေက စွဲစွဲမက်မက်အသုံးပြုလို့ ကမ္ဘာ့ ဖလားပွဲမှာ Waka Wakaနဲ့အတူ ဒီတူရိယာလေးကို ကမ္ဘာကျော်အောင် မိတ်ဆက်ပေး ခဲ့ပါတယ်။

.....ဗူဗူဇီလာကို သရော်ထားတဲ့ ကာတွန်းတစ်ပုဒ်....
ကမ္ဘာ့ ဖလားပွဲကြည့်လာကြတဲ့ ပရိသတ်တွေက ဗူဗူဇီလာလို့ခေါ်တဲ့ ဒီအော်လန်ကြီးတွေကို အသားကုန်မှုတ်နေလေတော့ အသံနဲ့မယဉ်ပါးတဲ့ ဥရောပအခြေစိုက် ကစားသမားများဟာ အာရုံစုစည်းရာမှာ အခက်အခဲတွေ့ခဲ့ရပါတယ်။ ဗူဗူဇီလာနဲ့ပတ်သက်ပြီး ဘောလုံးကစား သမားတွေဆီက တုန့်ပြန်လာတဲ့ အသံတွေကလည်း စိတ်ဝင်စားစရာပါ။ ဗူဗူဇီလာကို ပြိုင်ပွဲမှာ ကစားသမားတွေ အနှောက်အယှက်မဖြစ်အောင် အသုံးမပြုဖို့ ကန့်ကွက်လာသူတွေ ရှိပေမယ့် ပြိုင်ပွဲရဲ့ အကြီးအကဲ ဒန်နီဂျော်ဒန်က " ဒါဟာ အာဖရိကတိုက်ရဲ့ ရိုးရာတူရိယာဖြစ်လို့ ပိတ်ပင်ဖို့ မဖြစ်နိုင်ပါဘူး။ ကွင်းအတွင်းမှာ နိုင်ငံတော်အလံသီချင်း သီဆိုနေစဉ်အချိန်အတွင်းမှာတော့ ခဏတာမမှုတ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်.." လို့ပြောပါတယ်။ ပေါ်တူဂီသား ဒိုလေးကတော့ " ဒီအသံတွေက ကစားနေစဉ် အာရုံစူးစိုက်မှုကို အနှောက်အယှက်ဖြစ်စေပေမယ့် အသားကျဖို့ ကြိုးစားနေရပါတယ် " တဲ့။ ဆာဗီးယားကစားသမားတွေကတော့ ဂါနာကို သူတို့ရှုံးရတာ ဒီအသံတွေကြောင့်တဲ့။ ပြင်သစ်အသင်းက အက်ဗရာကတော့ မိုးလင်းထဲကကြားနေရတဲ့ ဒီဟွန်းသံတွေကြောင့် အိပ်ရေးတွေပျက်ရတယ်လို့ ဆိုပါတယ်။ အာဂျင်တီးနားရဲ့ တိုက်စစ်မှူးမက်ဆီက တောင်ကိုရီးယားကို (၄-၁)နဲ့နိုင်ခဲ့တဲ့ပွဲမှာ ဗူဗူဇီလာအသံတွေကြောင့် အသင်းဖော်တွေရဲ့ တောင်ကိုရီးယား တိုက်စစ်မှူးလီချွန်းယောင်း ကပ်ပါလာတာကြောင်း သတိပေးအော်သံကို နောက်တန်းသမား ဒီမီချီလီ မကြားလိုက်ပဲ ဂိုးပေးခဲ့ရတာလို့ မက်ဆီကဆိုပါတယ်။ ဟော်လန်ရဲ့ ရှေ့တန်းတိုက်စစ်မှူး ဗန်ပါစီဆိုရင်လည်း ဒိုင်က လူကျွံနေလို့ ၀ီစီမှုတ်သံကို ဗူဗူဇီလာအသံတွေ ကြောင့်မကြားခဲ့ပဲ ဆက်ပြီးကန်ခဲ့မိတာပါလို့ ဒိုင်ကို စောဒကတက်ခဲ့ပါတယ်။ အင်္ဂလန်နောက်တန်း ဂျင်မီကာရေဂါ ကတော့ " ဗူဗူဇီလာရဲ့အသံက ကျွန်တော့်ကို ဘာမှ သက်ရောက်မှုမရှိပါဘူး.. ကျွန်တော့်အိမ်က ကလေးတွေ ဖုန်းဆက်မှာလို့ အိမ်ပြန်လက်ဆောင်၂ခုတောင် ၀ယ်ပြီးလို့ ကျွန်တော့်ခရီးဆောင် သေတ္တာထဲ ထည့်ထားပြီး ပါရောဗျာ " လို့ အမေရိကန်နဲ့ (၁-၁) သရေကျ အပြီးမှာ ပြောခဲ့ပါတယ်။

.....ဗူဗူဇီလာနဲ့ ၂၀၁၀ ကမ္ဘာ့ ဖလားပွဲပရိသတ်.....
တစ်ချိန်ထဲမှာပဲ ဗူဗူဇီလာတွေနဲ့ ပတ်သက်ပြီိး ဥဗရာပကလပ်အသင်းတွေရဲ့ တုန့်ပြန်မှုတွေ ကိုလည်း စိတ်ဝင်စားစဖွယ် သိရပါတယ်။ ဘွန်ဒက်စ် လီဂါကလပ် ဒေါ့မွန်က လာမယ့်ရာသီ ကလပ်အသင်းပွဲတွေမှာ ဗူဗူဇီလာကို လုံးဝအသုံးမပြုရလို့ တားမြစ်ပိတ်ပင်လိုက်တာမို့ ဥရောပရဲ့ ဗူဗူဇီလာ ပလပ်စတစ်ဟွန်းကို ပထမဆုံးတားမြစ်တဲ့ ကလပ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဒါပေမယ့် ပရီမီးယားလိဂ်မှ တာဝန်ရှိသူတွေကတော့ ဒေါ့မွန်ရဲ့ လမ်းစဉ်ကို လိုက်မှာမဟုတ်ဘူးလို့ပြောလာပါတယ်။ ဒေါ့မွန်ရဲ့ ဆုံးဖြတ်ချက်ဟာ ကလပ်တစ်ခုချင်းဆိုင်ရာ သီးသန့်ဆုံးဖြတ်ချက်ဖြစ်လို့ လာမယ့်ရာသီမှာ တားမြစ်ခြင်းလုပ်သွားမှာမဟုတ်လို့ သိရပါတယ်။ အာဆင်နယ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူကလည်း ပရိသတ်တွေရဲ့ လုံခြုံရေးကိုသာ အာရုံစိုက်သွားမှာ ဖြစ်ပြီး လေမှုတ်တူရိယာ အသုံးပြုမှုကို တားမြစ်သွားမှာမဟုတ်လို့ ပြောသွားပါတယ်။ စပါးအသင်းရဲ့ တာဝန်ရှိသူကလည်း ဗြိတိန်နိုင်ငံ အနေနဲ့လည်း ဗူဗူဇီလာတွေကို ပြည်သူကြားမှာ တွင်ကျယ်စွာ အသုံးပြုမယ့် အနေအထားမရှိလို့ ဒီအတွက်ကို ဆွေးနွေးစရာပင် မလိုတော့ကြောင်းပြောခဲ့ပါတယ်။
.....နှစ်သက်စရာ ဗူဗူဇီလာ....ဆူဆူညံတာ ဗူဗူဇီလာ.......
တောင်အာဖရိကရဲ့ သမ္မတနယ်စင်မင်ဒဲလားကတော့ သူတို့နိုင်ငံ ရှုံးပွဲနဲ့ထွက်ကာနီးအချိန်မှာ ပြည်သူတွေကို ဆက်ပြီးအားပေးဖို့ အခုလို ပြောခဲ့ပါသေးတယ်။ " မိမိတို့အသင်း ဆက်လက်ပါဝင် ကစားဖို့ အခွင့်အရေး နည်းသွားပေးမယ့် တခြားအာဖရိကန်နိုင်ငံတွေကတော့ ဆက်လက် ပြိုင်ပွဲဝင်နေဆဲပါ။ ဒီကမ္ဘာ့ ဖလားပွဲဟာ အာဖရိကန်တွေအတွက် တစ်ဘ၀မှာ တစ်ကြိမ်သာကြုံရမယ့်ပွဲဖြစ်လို့ လက်လွတ်မခံကြပါနဲ့။ မိမိတို့ နိုင်ငံက ပရိသတ်များသာ ဆက်လက်အားမပေးခဲ့ဖူးဆိုရင် ဗူဗူဇီလာသံတွေ ကင်းမဲ့နေတဲ့ တိတ်ဆိတ်ခြောက်သွေ့နေတဲ့ ညီးငွေ့စရာကောင်းတဲ့ ကမ္ဘာ့ ဖလားပွဲကြီးဖြစ်နေမှာ မလွဲပါဘူး " လို့ပြောသွားတာကို ကြည့်လိုက်ရင် ဗူဗူဇီလာရဲ့ ကြီးမားတဲ့ သြဇာလွှမ်းခြုံမှုကို ကမ္ဘာ့ ဖလားပွဲကြီးက ခံယူနေရတာ သေချာနေခဲ့ပါပြီ။
ဖီဖာရဲ့ ဥက္ကဋ္ဌ ဆပ်ဘက္ကလာကလည်း " ကျွန်တော်ပြောခဲ့သားပဲ.. အာဖရိကမှာ ကွဲပြားခြားနားတဲ့ စည်းချက်တွေ.. မတူညီတဲ့သံစဉ်တွေ မုချရှိနေ တယ်" လို့ပြောခဲ့ပါတယ်။ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့က မြို့ခံတစ်ဦးကတော့ " ဗူဗူဇီလာဟာ သူတို့လူမျိုးရဲ့ ရိုးရာတစ်ခုပါ။ ပျော်ရွှင်ဖွယ် ပွဲတော်ဖြစ် အောင် ကျွန်တော်တို့ ရိုးရာအရ တီးမှုတ်ကြရတာပါ။ ပွဲတော်အချိန်အခါမှာ ကျယ်နိုင်သမျှကျယ်ကျယ် မှုတ်ပြီး ဂုဏ်ပြုကြရတာပါ။ ဒီလောက်လှတဲ့ အသံကိုများ ဆူညံတယ်လို့ ပြောရက်ပလေဗျာ " လို့ပြောပြပါတယ်။

.....Bafana Bafana....It's Time for Africa.....
ဒီဟွန်းကို ထုတ်လုပ်သူ စီးပွားရေးသမားများကတော့ " ဒီအသံကို စစ်တမ်းကောက်ကြည့်လိုက်တော့ ဒိုင်ရဲ့ဝီစီမှုတ်သံ၊ အားပေးတဲ့ ဒရမ်တီးသံတွေ ထက် အသံအတိုးအကျယ် အတိုင်းအတာ ဒက်ဆီဘယ်နည်းနည်းပဲ ပိုတာပါလို့ဆိုပြီး မူလအော်ရီဂျင်နယ်ဟွန်းတွေထက် ၂၀ ဒက်ဆီဘယ်တောင် လျှော့လုပ်ထားပါတယ်လို့ပြောပါတယ်။ တကယ်က သူ့ရဲ့အသံက စူးရှမြင်မားလွန်းပြီး အသံဖိအားဟာ ၁၂၀ဒက်ဆီဘယ် အောက်မလျှော့ခဲ့ပါဘူး။

......ပေါင်၂သောင်းတန် ဗူဗူဇီလာ .....
ဗူဗူဇီလာအသံကို ခရေးဇီးဖြစ်သူတချို့က အင်တာနက်က ဒေါင်းလုပ်လုပ်လို့ တယ်လီဖုန်း Ring သံအဖြစ် ထည့်ကြသလို ရုရှက ဘောလုံးဝါသနာ ပါတဲ့ သူဋ္ဌေးတစ်ဦးဖြစ်တဲ့ ရတနာကုန်သည် ကလီးမန့်ပွိုင့်နာက ပုံမှန်၂ပေါင်သာ တန်ကြေးရှိတဲ့ ဗူဗူဇီလာကို ရွှေဖြူခြယ်သထားပြီး အဖိုးတန် ကျောက်မျက်တွေ မွန်းမံလို့ အလယ်တည့်တည့်မှာ တစ်ကာရက်ရှိ တဲ့ စိန်တစ်လုံးမြုပ်နှံပြုလုပ်ကာ ကမ္ဘာ့ ဖလားပွဲကြီးမှာ အချိန်မှီ အသုံးပြုလိုကြောင်း အပ်နှံခဲ့လို့ အခုအခါမှာ ပေါင်၂သောင်းတန် ဗူဗူဇီလာတောင်ရှိလာပြီဖြစ်ပါတယ်။
ဒီနှစ်၂၀၁၀ ကမ္ဘာ့ ဖလားပွဲကြီးက ၀ါကာဝါကာနဲ့စလို့၊ ဂျဘူလာဇီ ဘောလုံးအလယ်၊ ဗူဗူဇီလာနဲ့ မကြာခင်ရက်ပိုင်းအတွင်း အဆုံးသတ်ရ ပေတော့မှာပါ။ အာဖရိကန်တွေရဲ့ ရိုးရာတူရိယာဆိုပေမယ့် ဆူညံမှုသက်သက်နဲ့ ပျားအုပ်ကြီးပျံသန်းလာသလိုမျိုး " တ၀ီဝီ.. တ၀ူဝူ " အသံပေးစွမ်းတဲ့ ဗူဗူဇီလာကတော့ ကမ္ဘာ့ ဖလားပွဲသက်တမ်းတစ်လျှောက်မှာ လူစိတ်ဝင်စားမှု အများဆုံးအဖြစ် စံချိန်တင်သွားခဲ့ပါပြီ။
သိပ်မကြာခင် ရက်ပိုင်းမှာ ကမ္ဘာ့ ဖလားကြီးကို ဘယ်သူလက်ဝယ်ပိုင်ပိုင်ရမယ်ဆိုတာ ဗူဗူဇီလာ အသံများကြားကနေ ရင်ခုန်စွာ စောင့်ကြည့်ကြပါစို့ ။ ဗူဗူဇီလာရဲ့ အသံကို ကြားချင်တယ်ဆိုရင်ဖြင့် ဒီနေရာလေးမှာ မြည်းစမ်းနိုင်ကြပါတယ်နော်။ ဗူဗူဇီလာနဲ့ ပတ်သက်တဲ့ ချစ်စရာသီချင်းလေးကို နားထောင်ချင်ရင်တော့ ဒီနေရာလေး မှာ ဒေါင်းပြီးတော့သာ နားထောင်ကြပါတော့...။
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေရှင်။
မြသွေးနီ

4 comments:
ဗူဗူဇီလာ တစ်လက်လောက်ဗျို့.......
ညီမတော့ ဗူဗူဇီလာအသံကို မကြိုက်သူထဲမှာပါတယ်.. ဒါပေမဲ့ သူတို့လူမျိုးရဲ့ ရိုးရာဓလေ့ ဆိုတော့လည်း အပြစ်တော့ပြောလို့မရဘူးပေါ့...လူမျိုးတိုင်းမှာ စိတ်ဝင်စားစရာကိုယ်ပိုင်တူရိယာရှိကြတယ်နော်.. ပုံထဲကလိုမျိုး ကိုယ့်ဘေးမှာ ၁၀ယောက်လောက် တစ်ပြိုင်တည်း လာမှုတ်နေတုန်း ကိုယ်အားပေးတဲ့အသင်းကလဲ ရှုံးနေချိန်ဆို ဘယ်လောက်များ ထရိုက်ချင်မလဲမသိဘူးနော်..း)
ဗဟုသုတရပါ၏.။။ကျေးဇူးပါ။
ကမ္ဘာ့ဖလားသာ ပြီးတော့မယ်
တစ်ပွဲမှ မကြည့်ဖြစ်ခဲ့ဘူးဗျ.... ဆိုးချက် :)
အသံလေး..ဒေါင်းပြီးနာထောင်ကြည့်တာ....ချိုသာပြီး..ငြိမ့်နေတာဘဲ။
့မြန်မာပြည်မှာသာ..ကမ္ဘာ့ဖလား.ကျင်းပဖြစ်ခဲ့ရင်...အိုဘားမားကတော့
ိနှဲတွေလုပ်ရောင်းမယ်။......မြန်မာနှဲ ဘယ်လောက်စွမ်းတယ်ဆိုတာ
ကမ္ဘာသိအောင်ပြရမယ်..။
အစ်မမြသွေးနီရဲ့ဆိုက်လေးကိုခုမှရောက်ဖူးတယ်။...အတော်လေးစုံတယ်။
ဗူဗူဇီလာချစ်စရာသီချင်းလေးနားထောင်ရလို့..၀မ်းသာမဆုံးပါဘူး..
နားထောင်ကောင်းလို့အိပ်မပျော်တဲ့ယောက်ခမကြိးကို.ကူးပြီးနားထောင်
ခိုင်းလိုက်တယ်..။..နားထောင်ပြီးမှဘဲ..သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့တယ်..
Post a Comment