Sunday, July 18, 2010

မေတ္တာအလင်းရခဲ့တဲ့ နွံထဲကကြာဖြူများ

ဒီတစ်ခေါက် ကျွန်မတို့ Save The Aged အဖွဲ့ရဲ့ ဇူလိုင်လအတွက် အလှူကို ဒဂုံမြို့သစ် အရှေ့ပိုင်း မှာ တည်ရှိတဲ့ “ အနန္တ္တမေတ္တာ ဘုန်းတော်ကြီးစာသင်ကျောင်း ” ကို ရွေးချယ် လိုက်ပါတယ် ။ ဒီစာသင် ကျောင်းလေးရဲ့ ချို့တဲ့နွမ်းပါးပုံ၊ ပညာသင်ကြားနေရတဲ့ ကလေးငယ် များရဲ့ သနားစဖွယ် ပုံရိပ်တွေကို ကိုဗေဒါဇော်နဲ့ Dr.နတ်စိုးတို့က အကြိုပေးမြည်းထားပြီး ဖြစ်လို့ ကျွန်မတို့ အဖွဲ့ဝင်တွေ အားလုံးဟာ ဒီခရီးကို မသွားခင်ကထဲက ဒီကျောင်းလေးနဲ့ ရင်းနှီးကျွမ်းဝင်နေကြပြီး ဒီအလှူခရီးစဉ်ကို သွားကြဖို့ တစ်ပါတ်အလိုလောက်ထဲက စိတ်အား ထက်သန်နေကြပါတယ်။ ဒီကျောင်းလေးကို ၁၈.၇.၂၀၁၀ နေ့အမှီ ရေစက်ချလှူဒါန်းနိုင်ဖို့ အတွက် ကိုဗေဒါဇော်၊ Dr.နတ်စိုးတို့ ဦးဆောင်လို့ ပြည်တွင်းပြည်ပ အဖွဲ့ဝင်များဟာ ကျောင်းလေးကို ကလေးများစာသင်ချိန်အမှီ ဆောက်လုပ်လှူဒါန်းနိုင်ဖို့၊ ကျောင်း ဆောင် အတွင်းလိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းများ အမြန်ဆုံး ဖြည့်ထည့်နိုင်ဖို့၊ အလှူငွေများ အချိန်မှီ ကောက်ခံနိုင်ဖို့အတွက် တက်သုတ်ရိုက် ဆောင်ရွက်ကြရပါ တော့တယ်။ ဒီလိုနဲ့ အလှူနေ့ မတိုင်မီ ၁၇.၇.၂၀၁၀ - စနေနေ့မှာတော့ ကျောင်းဆောင်လေးက ရုပ်လုံးကြွပုံပေါ် နေပြီဖြစ်တာကို Dr.နတ်စိုးက ဓာတ်ပုံများနဲ့တကွ အဖွဲ့ရဲ့ ဆိုက်မှာ ကြိုတင်မြင်ခွင့်ကို အလှူမတိုင်ခင် ပေးခဲ့ပါတယ်။


၁၈.၇.၂၀၁၀ - တနင်္ဂနွေနေ့ မနက် ။ မိုးလေးက အာဇာနည်နေ့အကြို တစ်ဖွဲဖွဲစွေရွာနေလို့။ ဒီနေ့ကတော့ Save The Aged အဖွဲ့ရဲ့ “ မေတ္တာအလင်း ” စာသင်ကျောင်း ရေစက်ချပွဲနေ့။ ဆုံရပ်ကို မြသွေးနီရောက်တော့ အဖွဲ့ဝင်တွေတောင် တော်တော်ရောက်နေကြလေပြီ။ စနေနေ့ က ဆုံရပ်က စတင်ထွက်ခွာချိန်ကို မနက်၇နာရီခွဲလို့ ရှေ့တိုးလိုက်တဲ့ ဖိတ်စာကို အဖွဲ့ဝင်များထံ မေးလ်ပို့ပေး ခဲ့ကြပေမယ့် စနေနေ့ မေးလ်မစစ်မိသူများလို့လားမသိ။ ဒီတစ်ခေါက်တော့ လေအိတ် ကားကြီး တစ်စီးစာနဲ့ အပြည့်ခန့်မှန်းခြေ အဖွဲ့ဝင်အင်အား ၉၀လောက်သာ ပါလာခဲ့ပါတယ်။ မြို့နယ် သံဃာ့ မဟာနာယကဆရာတော်က လာရောက်လို့ ရေစက်ချတရား ပေးမယ်ဆိုတာ သိလိုက်ရလို့ ဆရာတော်များ ဆွမ်းကပ်ချိန်အမှီ စောစော ရောက်နိုင်ရန် အတွက် ဆုံရပ်ကနေ စထွက်ချိန်ကို အခုလို ရှေ့တိုးလိုက်ရခြင်းပါ။


ဒီလိုနဲ့ ဆုံရပ်ကထွက်ခွာလို့ အဖွဲ့ဝင်တွေကို တင်ဆောင်လာတဲ့ကားဟာ လမ်းခုလပ်မှာတက်မယ့် အဖွဲ့ဝင်အချို့ကို တင်ဆောင်လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းကို ဦးတည်ကာ ထွက်ခွာခဲ့ပါတယ်။ ဆရာတော်များနဲ့ ကလေးတွေကိုကျွေးဖို့ ကြက်သားဒံပေါက်စီစဉ်တဲ့ ကိုဇော်ဆီဆေ့ခ်ျနဲ့ အဖွဲ့ကတော့ ကျောင်းမှာ ကြိုတင်ရောက်နှင့်နေကြနေကြပါပြီ။ ကားလေးက တဖြေးဖြေးနဲ့ ဒဂုံမြို့သစ်ထဲဝင်လာခဲ့တာ ပတ်ဝန်းကျင်မှာ အိမ်ခြေတဖြည်းဖြည်းကျဲလာပြီး ဘေးတစ်ဖက်တစ်ချက်စီမှာ လယ်ကွင်းများနဲ့၊ မြက်စားနေတဲ့ ကျွဲအုပ်နဲ့၊ ကောက်စိုက်နေသူ လုံမငယ်များနဲ့၊ ဟိုသည်တစ်ပြဆီမှာ ကိုယ်စီတည်ရှိနေကြတဲ့ ကျေးလက်ရဲ့ တဲအိမ်ငယ်များကို  သန့်ရှင်းတဲ့ လေနုနဲ့အတူ မိုးစက်မှုန်များ ကြားက ခံစားရှုရှိုက် ရင်း တွေ့လိုက်ရပါတယ်။



ဘုန်းတော်ကြီးကျောင်းတည်ရှိရာ ဇောတိကလမ်းထိပ် ကိုရောက်တော့ ကျွန်မတို့ရဲ့ ကားကြီး ၀င်လို့မရတော့။ ဗွက်တစ်လိမ်းလိမ်းမြေသားလမ်းက အဖွဲ့ဝင်တွေကို စောင့်ကြိုနေပါပြီ။  မြသွေးနီ အပါအ၀င် ဖိနပ်အမြင့်စီးလာမိကြတဲ့ ညီမငယ်များ ဒုက္ခနဲ့လှလှ တွေ့ကြရပြီပေါ့။ ဒါပေမယ့် Save The Agedက ဘယ်တော့မှ နောက်မတွန့်ပါဘူး။ ကားနဲ့အတူ သယ်လာတဲ့ လှူဖွယ်များကို ကိုယ်စီသယ်ယူ ကြလို့ ပျော်ရွှင်စွာ စ..နောက်ရင်း ရွှံ့ဗွက်ရှည်လမ်းကြီးကို ကျော်ဖြတ်လာခဲ့ကြတာ ကျောင်းရှေ့ရောက်တဲ့အထိပါဘဲ။



ကျောင်းရောက်တော့ ကလေးများက စာသင်ခန်းမှာ အဆင်သင့်ရှိနေကြပြီ။ စာသင်ခန်းဆိုတာက မည်ကာမတ္တ၊ အလင်းရောင်နည်းနည်းနဲ့ လေ၀င်လေထွက်နည်းတဲ့ ကျုထရံခင်း၊ ဓနိမိုးအခန်း လေး။ ပုံမှန်က ကျောင်းသားအယောက် ၁၃၀ခန့်ရှိပေမယ့် ဒီနေ့မှာတော့ အယောက်၉၀လောက် နဲ့ ဆရာမ၂ဦးကို တွေ့ရတယ်။ ဒါတောင် ကျပ်သိပ်ညပ်ပြွတ်လို့။ ရွှံ့ဗွက်တွေပေနေတဲ့ ခြေထောက်တွေ ရေဆေးဖို့ အနောက်ဖက်အသွား ဒါဆွမ်းစားဆောင်လို့ပြလို့ ကြည့်လိုက်မိ တော့ အလားတူ မှုန်ကုတ်ကုတ်အလင်းရောင်အောက်က ကျူထရံကာတဲငယ်လေး။




အဖွဲ့ဝင်အချို့်က ဒီအခန်းလေးထဲမှာ စားစရာများကိုနေရာချ ပြင်ဆင်နေပေပြီ။ ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်တော့ ဆရာတော်ရဲ့ ကျောင်းအပါအ၀င် စုစုပေါင်း တဲအိမ်၃လုံး။ မီးဖိုချောင်နဲ့ ဆွမ်းစားဆောင်က တွဲလျှက်တစ်အိမ်၊ ဆရာတော်နဲ့ သံဃာတော်များက တွဲလျှက် တစ်အိမ်၊ ကပ်လျှက်မှာက ကလေးများလက်ရှိ ရှိနေတဲ့ မြေစိုစိုပေါ်မှာ ကျူထရံခင်းထားတဲ့  မြေစိုက်စာသင်ခန်း။ ဒီစာသင်ခန်းက အခုမှ ကျူထရံအကာ နဲ့ဖြစ်လာတာ။ အရင်ကဆို ဘေးပါတ်လည်ကို ပလပ်စတစ်ဖျင်နဲ့သာ ကာထားရတာတဲ့။



သံဃာတွေရဲ့ အခန်းဘေးက ဗွက်ရေတစ်စိုစိုနဲ့ လူတစ်ကိုယ်စာ လမ်းမြှောင်ကျဉ်းကျဉ်းလေးကို ချော်မလဲအောင် သတိထား ကျော်ဖြတ်လို့ ကျွန်မတို့ Save The Aged အဖွဲ့ လှူဒါန်းထားတဲ့ “ မေတ္တာအလင်း ” ကျောင်းဆောင်သစ်လေး ဆီ ရောက်ခဲ့ပါတယ်။ ရွှံ့ဗွက်တွေနဲ့ ပတ်ချာလည်ဝိုင်းနေပေမယ့် ကျွန်မတို့အဖွဲ့လှူထားတဲ့ စာသင်ကျောင်းဆောင်အသစ် လေးက မိုးတစ်ဖွဲဖွဲအောက်မှာ အပြာနုရောင်လိုက်ကာလေး တွေနဲ့ ပဏာရလှပါတယ်။ ကျောင်းဆောင်လေးက သိပ်အကြီးကြီးမဟုတ်ပါ။ ဒါပေမယ့် အဖြူရောင်ဝှိုက်ဘုတ် ၂ချပ်နဲ့၊ သပ္ပါယ်စရာ ဘုရားစင်နဲ့၊ နံရံကပ်ဘီဒိုနဲ့၊ မြေပုံကားချပ်များနဲ့၊ ဖယောင်းပုဆိုးအခင်းနဲ့ဆိုတော့ လေ၀င်လေထွက် ကောင်းကောင်းနဲ့ အသစ်တို့ရဲ့ ဂုဏ်အင်္ဂါရပ်နဲ့ ပြည့်စုံလျှက်က ချစ်စဖွယ်ဖြစ်နေပါတော့တယ်။



ကျွန်မရဲ့စိတ်ထဲ ကလေးများ မြေကြီးပေါ်ထိုင်ကာ ပြူတင်းပေါက်မဲ့အခန်းမှာ စာသင်နေရတဲ့ အဖြစ်မျိုးထက် ယခုကျွန်မတို့ အဖွဲ့လှူဒါန်းတဲ့ ဒီလိုကျောင်းဆောင်လေးတွေ အစီအရီနဲ့များဆို ကလေးတွေ ဘယ်လောက်များ ကျန်းမာရေးနဲ့ ညီညွတ်လိုက်မလဲ.. ဒီကျောင်းမှာ သူငယ်တန်း က ၄တန်းအထိ ပညာသင်ပေးတယ်ဆိုတော့ တစ်တန်းကို စာသင်ဆောင် တစ်ခန်းစီနဲ့ စာသင်ဆောင်၅ဆောင်သာရှိလာခဲ့ရင် ကလေးတွေ ချောင်ချောင်ချိချိနဲ့ ပိုအဆင်ပြေရှာမှာလို့ တွေးမိပါ တယ်။ အခု ကျွန်မတို့ လှူဒါန်းတဲ့ ကျောင်းဆောင်လေးက တကယ်တော့ ကျောင်းသား ၅၀ထက် မပိုသင့်ဘူးလို့ စဉ်းစားမိတော့ နောက်ထပ်ကျောင်းဆောင်သစ်လေးတွေ ဆောက်ဖို့ အလှူရှင်တွေများ ပေါ်လာရင် သိပ်ကောင်းမှာပဲလို့လည်း တွေးနေမိပြန်ပါတယ်။



ကျွန်မရဲ့အတွေးတွေကို ကလေးများရဲ့ စီစီလောင်လောင် ကဗျာရွတ်ဆိုသံ လှုပ်နှိုးလိုက် ပြန်ပါတယ်။ အဖွဲ့ဝင်တွေက ပြောစရာမလိုတော့အောင် ကလေးတွေနဲ့ တစ်သားထဲဖြစ်နေ ကြလေပြီ။ အတိုင် အဖောက် ညီညီနဲ့ အပြန်အလှန်ပြောဆိုနေယုံမျှမက သူတို့လေးတွေရတဲ့ သီချင်းများနဲ့လဲ သံပြိုင် ညီညီ သီဆိုပြနေကြပါသေးတယ်။ မြသွေးနီလဲ ထုံးစံအတိုင်း ကင်မရာ တစ်လုံးနဲ့ ဟိုပြေးသည်ပြေးဆိုတော့  စီးလာတဲ့ဖိနပ်နဲ့ ရွှံဗွက်ထဲချော်လဲကျ မခံနိုင်မယ့်အတူတူ ဖိနပ်မပါ ခြေဗလာနဲ့သာ တစ်ဆောင်နဲ့ တစ်ဆောင် ကူးကာ လိုချင်တဲ့ ပုံများကို ရိုက်နေမိပါတော့တယ်။ ကျွန်မတို့ လှူလိုက်တဲ့ ကျောင်းဆောင်ကလွဲလို့ ကျန်တဲ့ကျောင်းဆောင်များဟာ ပြူတင်းပေါက် တပ်ဆင်ထားခြင်းမရှိလို့ မှောင်နဲ့မည်းမည်းမှာ ရသလောက်ရိုက်ယူထားရတဲ့ ဓာတ်ပုံများရဲ့ ပုံထွက်တွေက အရင်အလှူတွေက ပုံတွေလို စိတ်ကျေနပ်မှု မရရှိခဲ့ပါဘူး။



ဘုန်းဘုန်းတွေ ရေစက်ချတရား ပေးတော့မှာမို့လို့ “ မေတ္တာအလင်း ” ဘက်ကို မြသွေးနီ ပြန်ကူး ခဲ့ပါတယ်။ ဒီတစ်ခေါက်ထူးခြားတာက အိန္ဒိယနိုင်ငံမှာ ပညာတော်သင်သွားနေတဲ့ မြန်မာရဟန်း တစ်ပါးဖြစ်တဲ့ ဓမ္မစရိယ အရှင်အိန္ဒကရိယ က အလှူငွေကျပ်တစ်သိန်းပါဝင် လှူဒါန်းကာ အဖွဲ့နဲ့အတူ လိုက်ပါ လာခဲ့ပါတယ်။ ပရဟိတလုပ်ငန်းများကို စိတ်ဝင်စားသူ ရဟန်းတစ်ပါးဖြစ်ပြီး သာသနာပြုရန် ရည်ရွယ်ချက်ကြီးမားသူ ရဟန်းတစ်ပါးလည်း ဖြစ်ပါတယ်။ မြန်မာပြည်ပြန်ရောက်ခိုက် Save the Aged အဖွဲ့ရဲ့အလှူခရီးတွေမှာ လိုက်ပါမယ်လို့သိရပြီး မိမိအစီစဉ်နဲ့လည်း မရမ်းချောင်အနာကြီး ရောဂါသည်စခန်းနဲ့ စိတ်ကျန်းမာရေးဆေးရုံများသို့ လည်း သွားရောက်လှူဒါန်းဖို့ ရှိကြောင်းသိရ ပါတယ်။ “ အနန္တမေတ္တာ ဘုန်းတော်ကြီး စာသင် ကျောင်း ” မှ ဆရာတော် ဘဒ္ဒန္တကုန္ဒကရဲ့ ရဲ့ရင့်မွန်မြတ်တဲ့ ပရဟိတစိတ်ကို အထူးပင် လေးစားမုဒိတာပွားကာ Save The Aged အဖွဲ့ကြီးကိုလည်း ဒီထက်မက တိုးတက်အောင်မြင်ပြီး ပရဟိတ လုပ်ငန်းများကို ဆထက်တန်ပိုးလုပ်ဆောင်နိုင်ဖို့ ဆုပေးတော်မူပါတယ်။



မြို့နယ်သံဃာ့ မဟာနာယကဆရာတော်ဘုရားထံမှ ကျောင်းဆောင်သစ်အလှူအတွက် တရားနာယူရေစက်ချကာ Save The Aged ရဲ့ တရားနားယူသူအားလုံးက  ပြည်တွင်း၊ ပြည်ပ အဖွဲ့ဝင်များ၊ အလှူရှင်များရဲ့ မွန်မြတ်တဲ့ အလှူဒါနအတွက် ၀မ်းမြောက်စွာ သာဓုခေါ်ဆိုခဲ့ ကြပါတယ်။ ရေစက်ချအပြီးမှာ  သံဃာတော်များကို လှူဖွယ်များ၊ ၀တ္တုငွေများ  ဆက်ကပ်လှူဒါန်းပါတယ်။



ဒီတစ်ခေါက်အလှူမှာ ကလေးများအတွက် စာသင်ကျောင်းဆောင်အပြင် ပဒုံမ္မာဖိနပ်စက်ရုံမှ လှူဒါန်းတဲ့ဖိနပ်များ၊ နောက်.. မိုးကာအကျီင်္၊ ဗလာစာအုပ်၊ ဖတ်စရာကာတွန်းများ၊ ကလေးများ အတွက် ဗဟုသုတဖြစ်ဖွယ်ရာစာအုပ်များ ပါဝင်လှူဒါန်းကြပါတယ်။



အဲ့ဒီနောက်မှာတော့ သံဃာတော်အပါး၄၀ကို ကြက်သားဒန်ပေါက်ဆွမ်း၊ အချိုပွဲများ ဆက်ကပ် လှူဒါန်းပါတယ်။


မြသွေးနီတစ်ဖက်အဆောင်ကို ပြန်ကူးချိန်မှာတော့ ကလေးငယ်များကို အဖွဲ့ဝင်များက သူတို့ရဲ့ မူလစာသင်ဆောင်အတွင်းမှာ ကြက်သား ဒန်ပေါက် ထမင်းကျွေးကာ ကော်ဖီတိုက်ပါတယ်။ အဖွဲ့ဝင်များလည်း လိုက်ပွဲလိုက်သူကလိုက်၊ ကလေးများကို ထမင်းခွံ့ကျွေးသူကခွံ့ကျွေးနဲ့အဆောင် တစ်ခုလုံး ညံစီနေပါတော့တယ် ။ မြိန်လျှက်စွာစားနေတဲ့ သနားစဖွယ် ကလေးငယ်များကို ကြည့်ပြီး ဂရုဏာသက်မိပါတယ်။



ဓာတ်ပုံရိုက်ရင်း မေးမိ၊ ကြားမိတာက  ကလေးငယ်တစ်ဦးက “ ဒန်ပေါက်ကြားဘူးတယ်.. တစ်ခါမှ မစားဖူးသေးဘူး.. နောက်တစ်ပန်းကန် ထပ်စားဦးမယ် ” တဲ့။ နောက် သမီးငယ် တစ်ဦးက ကြက်သား ကို အရိုးကိုက်လျှက်က“ အန်တီတို့ နောက်တစ်ပါတ်လဲလာဦးနော် ” တဲ့ ဗလုံးဗထွေးပြောလို့။ နောက် ကလေး၂ယောက် အချင်းချင်းပြောနေတာက “ ငါတို့ ဒီနေ့ ကံကောင်းတယ်နော်..” တဲ့။ ကျန်တစ်ယောက်က “ ငါ..ဒီနေ့မနက်ရောက်ချင်လို့ ညထဲက အစောကြီးအိပ်တယ် ” တဲ့။ (အဲ့ဒီကလေးက စာစီစာကုံးပထမဆုရသူမှန်း နောက်ပိုင်း ဆုပေးမှသိရပါတယ်။) စားပြီးတဲ့ ကလေးများကို လက်သေချာဆေးကြောဖို့ အဖွဲ့က ပညာပေး ကူညီပါတယ်။



မီးဖိုဆောင် အိုးသူကြီးပိုပိုကလည်း အဖွဲ့ဝင်အချို့နဲ့ အတူ ဆွမ်းစားဆောင်အတွင်းကနေ လိုအပ်တာများကို စီစဉ်ဆောင်ရွက်ပေးပါတယ်။



အဖွဲ့ရဲ့ဆရာဝန်များကလဲ ကလေးများရဲ့နောက်ဆုံးအတန်းမှာ နေရာယူဆေးခန်းဖွင့်လို့ လိုအပ်တဲ့ ကုသမှုများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါတယ်။



အဲ့ဒီနောက် ကလေးများကို ရေခဲမုန့်ထပ်မံကျွေးပြီး ဗလာမပါ ကံစမ်းမဲနှိုက်စေပါတယ် ။ ကျောင်းတက်တဲ့ ကိုရင်လေး တွေ ကလစ်တွေ၊ နားဆွဲတွေမဲပေါက်လို့ ရယ်ရပါသေးတယ်။ ကလေးများသာ လက်ဆောင် ကိုယ်စီနဲ့ ပျော်ရွှင်နေကြတာ ကျွန်မတို့ဆီတောင် သူတို့လေးတွေရဲ့ အပျော်တွေ ကူးစက်ခြင်း ခံလာရပါတယ် ။



အဲ့ဒီနောက် ကလေးများကို အရုပ်ခေါက် ကစားနည်းလေးများ သင်ပေးပြီး ကြယ်ပုံလေးတွေ၊ ကြိုးကြာငှက်လေးတွေ အတူတူခေါက်ကာ ဆော့ကစားကြပါတယ်။ကလေးငယ်အချို့ကတော့ အဖွဲ့ဝင်တချို့နဲ့အတူ ကစားကွင်းနေရာဆိုတာလည်း မရှိရှာလေတော့ ကျောင်းရှေ့လမ်းမ ထွက်လို့ ဘောလုံးကန်ကြပါတယ် ။



အဲ့ဒီနောက် ကလေးများကို အုပ်စုခွဲကာ ကျောင်းရှေ့ တာလမ်းပေါ်မှာ သစ်ပင်စိုက်ပျိုး စေပါ တယ်။



ကလေးများအတွက် ဆုပေးပွဲ အစီအစဉ် စချိန်ရောက်ခဲ့ပါပြီ။ အာဇာနည်နေ့စာစီစာကုံးပြိုင်ပွဲမှာ ဆုရရှိသူ ၄ယောက် နဲ့ သစ်ပင်စိုက်ပျိုးပြိုင်ပွဲမှာ အဖွဲ့လိုက်ကိုယ်စား ခေါင်းဆောင်၃ဦးကို Save The Aged မှ တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးပါတယ်။



နာရီကို ကြည့်လိုက်တော့ အချိန်က ၃နာရီနီးပါးရှိနေပါပြီ။ Save The Aged အဖွဲ့က ကလေး ငယ်များ ကို အဖွဲ့ရဲ့ ပင်တိုင်ဆိုနေကြ သီချင်း၂ပုဒ်နဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။


>>> Save The Aged... Save The Aged... လူငယ်များရဲ့စေတနာ.. လူ့ပါတ်ဝန်းကျင်အလှတရား.. တို့စွမ်းအားနဲ့ အလှဆင်မှာ..<<<


ဆိုတဲ့ အပိုဒ်ကို အခါခါပြန်ကျော့ဆိုလေတော့ ကလေးများကပါ ကျွန်မတို့နဲ့အတူ သံပြိုင်လိုက်ဆိုကြတာ ကြက်သီးမွေးညှင်းထစဖွယ်ပါ။ အဖွဲ့ရဲ့ လက်ခုပ်သံတွေနဲ့အတူ အားမာန်အပြည့်နဲ့ သီဆိုသံတွေဟာ အနန္တမေတ္တာဘုန်းတော်ကြီး စာသင်ကျောင်းရဲ့ ပရ၀ုဏ်ထဲမှာ ပဲ့တင်ထပ် နေပါတော့တယ်။သနားစဖွယ်ကလေးငယ်များက Save The Aged အဖွဲ့ကြီးကို တုန့်ပြန်လို့ ကဗျာလေးတစ်ပုဒ် သီဆိုပြချိန်မှာတော့ ကျွန်မနည်းတူ အဖွဲ့ဝင်အားလုံးရဲ့ ရင်ထဲမှာ  တူညီတဲ့ သနားဂရုဏာတွေ ကိုယ်စီကိုယ်ငှ ဖိတ်လျှံနေ လိမ့်မယ်ဆိုတာ ယုံကြည်နေမိပါတယ်ရှင်..။


>>> ပန်းကလေးများ ပွင့်တော့မည်.. ဖူးတံဝင့်လို့ချီ… နေခြည်မှာ ရွှေရည်လောင်း… ငါတို့ စာသင်ကျောင်း<<<


နေခြည်မှာရွှေရည်လောင်း.....ငါတို့စာသင်ကျောင်း.....တဲ့လား...ကလေးတို့ရေ ။ မိုးတစ်စိုစိုနဲ့ ရွှံ့တောထဲမှာ ပေလူးလို့ စာသင်နေကြတဲ့ ကလေးများရဲ့ ဘ၀တွေ... ဘယ်တော့များမှာမှ နွေးထွေးနေရောင်ခြည်အောက်မှာ ရွှေရည်တွေ လောင်းနိုင်ပါ့မလဲနော်။ ကျွန်မတို့ရဲ့ အပြန်ခရီးမှာ တော့ ကလေးများက နှုတ်ဆက်လက်ပြနေုကြပြီး နောက်တစ်ပါတ် ထပ်လာခဲ့ဖို့မှာနေကြပြန်လေတယ်။ သူတို့လေးတွေရဲ့ နှုတ်ခမ်းကအပြုံး၊ သနားစဖွယ်အရိုးခံ အရိုင်းဆန်တဲ့ပကတိအရှိတရားကို ကျွန်မတို့မျက်ဝါးထင်ထင် တွေ့ခဲ့ကြရပါပြီ။ အလှူတစ်ခုပြီးတိုင်း၊ နှုတ်ဆက်ခွဲခွာကြရတိုင်း ကျန်ရစ်ခဲ့ကြရသူ တိုင်းမှာရှိတတ်တဲ့ မျှော်လင့်မျက်ဝန်းတွေ၊ ချန်ထားခဲ့ရသူတွေတိုင်းမှာရှိတတ်တဲ့ ၀မ်းနည်း ကြေကွဲမှု တွေကို ကျွန်မတို့ Save The Aged အဖွဲ့ဝင်တိုင်း ကောင်းကောင်းကြီး အသားတကျ ကျွမ်းဝင်နေကြပါပြီ။



ရွှံ့တစ်စိုစိုနဲ့ မြေပြင်မှာ ဓနိမိုး၊ ကျူထရံကာ၊ ကြည်လင်တဲ့ မိုးကောင်းကင်ပြာအောက်က  ချို့တဲ့ အလင်းရောင်၊ သန့်ရှင်းခြောက်သွေ့ကင်းမဲ့တဲ့ မြေနေရာ၊ ချို့တဲ့ဆွမ်းနဲ့ သီတင်းသုံးနေရတဲ့၊ ပညာသင်ယူနေကြရရှာ တဲ့ ရဟန်း၊ သံဃာများ၊ ကလေးငယ်များကို ကျွန်မကတော့ နွံထဲမှာ ပင်ပမ်း တကြီးနဲ့ အားယူ ပွင့်လန်းရှင်သန်နေရရှာတဲ့ ကြာပန်းပွင့်များနဲ့ တင်စားလိုက်ချင် ပါတော့တယ်။ လရောင်ဆမ်းမှ ပွင့်လန်းရတဲ့ ကုမြုဒ္ဒာ ကြာပန်းများ လို စေတနာ့အလှူရှင်များရဲ့ မေတ္တာတွေ၊ စေတနာတွေ လှိုင်လှိုင်လိုအပ်နေတဲ့ နွံထဲက ဂရုဏာသည် ကြာပန်းပွင့်ဖြူဖြူလေးများနဲ့ ကျွန်မတို့အဖွဲ့ ဆုံဆည်းခဲ့ကြရတာပါ။



မိုးများတဲ့နေရာမှာ ရေမလျှံစေပဲ ရေခမ်းခြောက်ငတ်မွတ်နေတဲ့ နေရာတွေမှာသာ အေးချမ်းမယ့် မေတ္တာမိုးတွေ ဖြိုင်ဖြိုင်ရွာသွန်းပေးလိုတာ Save The Aged ရဲ့ ရင်ထဲက ခိုင်မာတဲ့ ခံယူချက်ရယ်ပါ။ အမှန်တကယ် လိုအပ်မယ့်နေရာတွေအထိ Save The Aged က ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ကြပါပြီ။



Save The Aged ကတော့ ရောက်တဲ့ အလှူနေရာတိုင်းမှာ သူတို့ရဲ့ ၀ဲဘက်ရင်အုံထဲက စာနာတရား တွေကို မှတ်ကျောက်အတင်ခံလို့ ကိုယ်တိုင်မော်ကွန်းတင် ကဗျည်းရေးထိုးခဲ့ကြသူ များ မဟုတ်ပါလားရှင်။



ဒီပို့စ်လေးကို ဒီနေရာမှာလည်းဝင်ရောက်ဖတ်နိုင်ပါတယ်ရှင်...။





ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။


မြသွေးနီ

10 comments:

Ko Gyi said...

အစ်မ မြသွေး

STA ကတော့ မှတ်တိုင်တွေ တစ်ခုပြီး တစ်ခု စိုက်ထူရင်းပေါ့
အခက်အခဲတွေကြားက သန္ဓေတည်တဲ့ ဒီကျောင်းလေးက သိန်း၂၀ ကျော်ဝန်းကျင်တဲ့
ဖတ်နေရင်း ကြက်သီးမွှေးညှင်းထမိတယ်....
သာဓု.....သာဓု.....သာဓု..... ပါဗျာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ပြီး ရင်ထဲက လှိုက်လှိုက်လှဲလှဲကြည်နူးမိပါတယ်..
STA လိုအဖွဲ့မျိုး များများ ပေါ်လာနိုင်ရင်ကောင်းမယ်နော်...
တကယ်ဘဲ ထိထိရောက်ရောက် လုပ်ဆောင်နိုင်တဲ့ အဖွဲ့ပါဘဲ..
လေးစားချီးကျူးမိပါတယ်... ဆက်လက် ချီတက်လှူပွဲဆက်နိုင်ပါစေ

Thida said...

အစ်မ မြသွေး
အရမ်းကို ပီတိဖြစ်ရပါတယ် ရှင် ...အဲဒီနေ့က အဖြစ်ပျက်လေးတွေက စာသားနဲ့ ပုံဖော်ပေးတာကလည်း တကယ်ကိုကောင်းပါတယ်
ရှင်......အစ်မ ရဲ့ ပို့လေးတွေကို ဖတ်မိတိုင်း ရင်ထဲကို ထိပါတယ်.......အစ်မ ကိုကျေးဇူးတင်ပါတယ်နော်
( ဆိုက်ထဲမှာ လည်း ရေးလို့မရဘူး အစ်မ ....အဲဒါ ဒီမှာပဲရေးတော့မယ် .... )

ခိုင်နုငယ် said...

ပရဟိတစိတ်ဓါတ်တွေကတကယ့်ကိုဂုဏ်ယူ
ဝမ်းမြောက်စရာတွေပါပဲအမရေ...။
လေးစား...ချီးကျူးစရာပါပဲ။

သဒ္ဓါလှိုင်း said...

ကလေးတွေကိုကြည့်ပြီးပီတိဖြစ်ရင်းရင်ထဲမှာလည်းခံစားရပါတယ်.။မမြသွေးတို့အဖွဲ့အားလုံးရဲ့စေတနာ၊မေတ္တာ
တွေကြောင့်ကလေးတွေရဲ့ရင်ထဲအသည်းထဲမှာကျေနပ်ပျော်ရွှင်နေတဲ့ပုံလေးတွေကိုတွေ့ရပါတယ်.။
STA အဖွဲ့မှမောင်နှမအားလုံးကျန်းမာချမ်းသာကြပါစေ..

ချစ်တဲ့
သဒ္ဓါ

မြသွေးနီ said...

ကိုရီး >>> သိတဲ့အတိုင်း အချိန်တိုအတွင်း အမြန်လုပ်ထားကြရတာပါ..။ ၁ရက်စောလေ ကလေးတွေ ပိုလုံခြုလေမို့လေ..။
ချော >>> ရှေ့သို့ ခရီးဆက်ပါဦးမည်ချောညီမရေ..။
Thida>>> ညီမသီတာ, အဖွဲ့ဆိုက်ကနေ အစ်မဆိုက်အထိလိုက်အားပေးတာကျေးဇူးပါနော်။ ရှေ့ဆက်ကြိုးစားပါဦးမည်။
ခိုင်နုငယ် >>> အားလုံးရဲ့ဆန္ဒ တွေ.. စိတ်တွေ.. တူညီကြလို့ထင်ပါရဲ့ကွယ်။ အမြဲလာဖတ်ပေးတာကျေးဇူးပါညီမလေး။
မသဒ္ဓါ >>>> ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏။ ဒါမှ ရှေ့ခရီးဆက်နိုင်ကြမှာလေနော်..။

...အားလုံးကိုကျေးဇူးတင်ပါသည်ရှင့်...

ရှမ်းလေး said...

အလှူ အကြောင်းလေးကို ပြည့်ပြည့်စုံစုံ သိရ ဖတ်ရလို့ ကျေးဇူးတင်ပါတယ် မြသွေးနီ ။ နောက်ကိုလည်း ဒီထက် မက ဆထက်တစ်ပို အတူတူလက်တွဲ ဆောင်ရွက် ကြတာပေါ့နော် ။
မမြသွေးပြောသလိုပဲ ကလေးတွေရဲ့ ဘဝနဲ့ ဆန္ဒတစ်ထပ်တည်းကျကြအောင်ကြိုးစားကြပါစို့

shwezinu said...

မမြသွေးနီ

ဖတ်ရင်း နဲ့ ပိတိဖြစ်မိပါတယ်.. သာဓုပါ အဲဒီ ဘုန်းတော်ကြီးစာသင်ကျောင်း ဆိုတာ အရင်က မရှိပါဘူး အခုခေတ်မှ အစိုးရ က ဖွင့်ပေးတာလား အစိုးရဖွင့် ထားတဲ့ မူလတန်းကျောင်း အလယ်တန်းကျောင်း တွေ နဲ့ မတူဘူးလား

မရွှေစင် လည်း မန္တလေး ဘုန်းတော်ကြီး စာသင်ကျောင်းမှာတော့ ဟိုးနှစ်တွေတုန်းက ခဲတန် စာအုပ် လှူဘူးတယ် ဒါပေမဲ့ ကျောင်း အကြောင်းကောင်းကောင်း မသိဘူး

နောက်ပြီး အဲဒီ ဘုန်းတော်ကြီး စာသင်ကျောင်း တွေက ကျောင်းသားလေးတွေ ဟာ အတော် နွမ်းပါးကြတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဏီလင်းညို said...

မမြသွေးနီ........

ကလေးလေးတွေသနားစရာလေးတွေ........။
အဖွဲ့သားအားလုံးကို လေးစားစွာ............

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

မောင်ဘကြိုင် said...

အားကျလေးစားမိတယ်ဗျာ
သာဓု သာဓု သာဓု

Post a Comment