Sunday, July 18, 2010

အာဇာနည်ဗိမာန်


~ အာဇာနည်ဗိမာန် ~
ဪ.....အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့်နှော
အခေါင်မမြန်းခင်က အောင်စာတမ်း ချို့စေဘို့
အောင်ပန်းညို့ရရှာတဲ့ တောင်တမန်းတို့ဗမာမှာ
အဟောင်း သံသရာအငုတ်တွေနှင့်
အောင်ဆန်းတို့မသာမယာဟာ ၄င်းကံကြမ္မာ အလုပ်ပေထင့်
သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်
ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်။     ။




ဪသား.....တပည့်အရင်းတွေမို့ ကဝိမတင်းနိုင်ဘုကွဲ့၊
သတိကင်းကာ မျက်ရည်ကျကျပြီး၊
ခက်ကပြီ လက်ဆည်မရနိုင်ဘု၊
သောက ဘလောင်ဆူတော့ တောင်ဇမ္ဗူပုဂံခေတ်ဆီက၊
ယခေါင်မူ ယမန်သနစ်တွေပေါ့၊
ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်းဇမ္ဗူရမ်းနေကြ၊
ကျန်ရစ်တဲ့ မြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့်၊
လူကြမ်း ဓါးပြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ၊
ဘေးအပေါင်းကြီးစွာ ဝေဒနာ အစုံနဲ့၊
သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်၊
ရွှေမြန်မာဘုံမှာ အမင်းမင်း သမ္မတတွေနဲ့၊
သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊
သားရင်း ရှင်တရုတ်ကယ်က၊
ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွင်ဖြင့်၊
ထားဝယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊
ဟိုအရင်ယမန် နန်းတော်စီးစဉ်က၊
အပျက်ကြီးပျက်ကာ အသိခန္ဓာတွေဆုံးပုံနဲ့၊
တထုံး နောက်တနဲမှာတော့၊
မင်းရဲရ န္တမိတ်ခမြာမှာ ညီသနင်းပေပေါ့၊
ပြည်မင်းဂုဏ်ခံလို့၊
မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်၊
တလိုင်းနယ် ရွှေပြည်တခွင်မတော့၊
ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက၊
လက်ရုံးရည် တသိန်လျှမ်းပေတဲ့၊
သမိန်ဗရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊
မဟုတ်တရုတ် အကောင် တေလေတစ္တေကိုက်တာနဲ့၊
ဪ....ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော၊
မရေမရာ သေရွာဆိုက်သလိုပါ့၊
အခိုက် အခါတူလို့မို့၊
ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊
ဘမရာအဆူဆူ ကြာကြငှန်းတွေနှင့်၊
မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့်၊
ငါတလူ ငါသရမ်းရော့မဟဲ့လို့
သာခန်း ပလ္လင်ညွှန်းပြီး၊
မြင်ကွန်းပိုင် သောင်းကျန်းသူထစဉ်က၊
ကြုံရသူ မသာတော်နှင့်၊
ပမာသော် တူတယ်လို့ နှိုင်းမိတယ်၊
ရိုင်းသနဲ့ အတိတ်ယခင်လိုနော်ကွယ်၊
စကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေနဲ့၊
မှိုင်းရဲ့စိတ်ထင်။      ။


မင်းစိတ် မင်းမာန် အကြံအဖန်တင်းလိုက်ပုံက၊
အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့၊
ရန်ခပင်းကိုတဲ့ မောင်းကာနှင်၊
ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင်သဘော၊
တကောင်းရာဇဝင်ကိုတဲ့ ဆက်ချင်သကော။


နန်းမြို့တည်ရန်၊
မှန်းလို့ရည်ကာသန်တဲ့ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊
ထိုထိုလူခပဲကို မကြည်ညိုတဲ့၊
ဝသီအလို တဖြေးဖြေးရူးမဟဲ့လို့၊
တနွေးနွေး မူးမူးပြီး ခွေးဘီလူးလို အကောင်မိုက်တွေက၊
ဪ.....အမှောင်စရိုက်ကယ်နှင့်၊
ပြောင်ပြောင်ဘဲ မိုက်မပေါ့လို့၊
ပြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့၊
ဂဏာမငြိမ် တာဝတိံယွန်းကြပေါ့၊
ဖြေမကြည် နေရီတော့လွမ်းစေဘို့၊
မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့၊
အစွမ်းကုန် သည်တခါဖြင့်၊
ပြည်ရွာ ညီညာဘို့ အလုပ်ပေပေါ့၊
သုဿန် တံခွန်စောင်းရရှာတဲ့၊
ရုပ်အကျန် ခုနစ်လောင်းရယ်နှင့်၊
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊
အာဇာနည်ဗိမာန် ပုထိုးကိုဖြင့်၊
ပါရမီ အဓိဌာန်တမျိုးရယ်နှင့်၊
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊
မြန်မာမတော့ ပူစရာဘို့၊
တဗျူဟာ အောင်ခမန်းတွင်မှ၊
လူမသမာ အမှောင်သန်းချိန်မို့၊
သောင်ကမ်းမို့မို့ဆီက၊
ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊
ဪ.....တောင်နန်း မြောက်နန်းအဆောင်ဆောင်ကြငှန်းနဲ့၊
အခေါင်မမြန်းရခင်က အောင်ပန်းညို့ရရှာတဲ့၊
အောင်ဆန်းတို့ သေပုံနှမြော။       ။


သခင် ကိုယ်တော်မှိုင်း




<ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျရောက်သော ၆၃နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုလျှက် အဘိုး သခင်ကိုယ်တော်မှိုင်းရဲ့ အာဇာနည်ဗိမာန် ကဗျာကို ပြန်လည်ဖော်ပြပေးလိုက်ပါ တယ်ရှင် ။  ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အား ရိုသေလေးစားစွာ ဦးညွတ်လျှက်..>

7 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မနက်စောစော အာဇာနည်ခေါင်းဆောင်များကို လာရောက် ဂါဝရပြုပါတယ်.. အစ်မရေ..

Ko Gyi said...

ဂါရဝပြုသွားခဲ့ပါတယ်ဗျာ။

ဇော်သိင်္ခ said...

အာဇာနည်နေ့ကို လာရောက် ဂါရဝပြု သွားပါတယ်..

နေ၀သန် said...

ကျွန်တော်လည်း အာဇာနည်ခေါင်းဆောင်တွေကို အလေးလာပြု ဂါရ၀ပြုခဲ့ပါတယ် မမြသွေးနီရေ..

ခင်မင်တဲ့
နေ၀သန်

ဗေဒါ said...

ယုံကြည်အားတဲ့
မျက်လုံးပေါင်းသန်း၆၀
အောင်ဆန်းမှာရှိ့တယ်.၊
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိ့တယ်..၊
အောင်ဆန်းသေဆို သေပြဝံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိ့တယ်..၊
ဒီမျက်နှာ နှလုံးအသက်
ဗို့အားသိန်းသန်းချီပြီး မီးဆလိုက်အားတွေနဲ့
နေမဝင်အင်ပါယာကို
ပြက်ပြက်သားသားလှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘဝင်မြင့်နေသူတွေ
အားလုံးအရည်ပျော်သွားခဲ့ကြ......။



သခင်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကိုအစဉ် ဦးညွှန့်အလေးပြုလျက်

သဒ္ဓါလှိုင်း said...

ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးများကိုဦးညွှတ်အလေးပြုပါတယ်.။
ယနေ့အထိလည်းမိမိကိုယ်ကျိုးစွန့်ပြီးအသက်ပေးသွားသော၊အသက်ပေးနေဆဲဖြစ်သော
အာဇာနည်များကိုလည်းလေးစားဂုဏ်ပြုရင်းရင်ထဲမှာအမှတ်တရရှိနေကြဖို့ဆုတောင်းမိပါတယ်.။
မမြသွေးကိုလည်းလေးစားပါတယ်.။
ချစ်တဲ့
သဒ္ဓါ

မောင်ဘကြိုင် said...

ဗိမာန်မှာအလေးပြုချင်တာ လွတ်လွတ်လပ်လပ် အလံတဝက်ထောင်တယ်အိမ်မှာ မမေ့ဖူး

Post a Comment