
သူမက သိပ်ငယ်လွန်းတဲ့အရွယ်။ ပကတိ ဖြူစင်လွန်းလှတဲ့ နှင်းပန်းပွင့်ဖတ်လေးလို အတို့ထိမခံ၊ ဖြူဥနုဖတ်လို့။ လေယူရာပဲ ယိမ်းတော့မလို။ သစ်ရွက်လေးတွေကို လေပြည်နုအေးက ကြည်စယ်တာကိုတောင် သူမစိတ်လေးက သည်းသည်းလှုပ်ခတ်လို့ ။ သူမက စိတ်ကူးနဲ့ ၀မ်းနည်းတတ်၊ ၀မ်းသာတတ်သေးတယ်။ အတွေးထဲမှာ အိမ်မက်နန်းတော်ကြီး ဆောက်နေတတ်သူပေါ့။ သူမက အရာရာကို ဖြူဖြူစင်စင် မြင်မိတယ်။ လောကကြီးရဲ့ ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် နေရာတိုင်းက သာယာမှုအပေါင်းနဲ့ ခညောင်းသလို ထင်နေမိတာ။ သူမလေးရဲ့ မျက်နှာမှာ အမြဲလိုလို အေးချမ်းမှုတွေ လွှမ်းခြုံလို့၊ သူမလေးရဲ့ နှုတ်ခမ်းထွေးထွေးလေးမှာ အမြဲအပြုံးပန်းတွေ တွဲရွဲခိုလို့။ သူမက အရာရာကို ရိုးဖြောင့်စိတ်နဲ့မြင်တတ်တဲ့ အချိန်မှာ ဒီလမ်းလေးနဲ့ စတင်ဆုံစည်းဖို့ ကံကြမ္မာက ဖန်တီးခဲ့လေတယ်။
ဘယ်သူကမှ သူမကို ဒီလမ်းလေးနဲ့ မိတ်ဆက်ပေးခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်စုံတစ်ယောက်ကများ ဒါဆို မင်းဘယ်လိုများသိခဲ့ရသလဲ..လို့ အတင်းအကြပ်မေးလာမယ် ဆိုရင်တော့ ကံကြမ္မာက မိတ်ဆက်ပေးခဲ့တာလို့ပဲ သူမက ငိုမဲ့မဲ့နဲ့ ပြန်ပြောလိုက်ချင်မိတာ။ လမ်းကလေးက အဲ့သည်တုန်းက မထင်မရှားလေးပါ။ ဘာမှ ဟန်ဆောင်မှုတွေ၊ အဆင်တန်ဆာတွေ မရှိတဲ့ ရိုးရိုးသာမာန် လမ်းဆိုမှ လမ်းကလေး သာသာရယ်ပါ။ သူ့မှာ လမ်းတစ်လမ်းရဲ့ ဂုဏ်အင်္ဂါနဲ့ တူညီတာဆိုလို့ ဘာမှမရှိ။ သူ့ရဲ့ ဟင်းလင်းဖွင့်ထားတဲ့ အကြမ်းထည် လမ်းကလေးတစ်လျှောက် ကမူလေးတွေနဲ့ မြေနီသားဖုံးလွှမ်းလို့။ လမ်းတစ်ဘက်တစ်ချက် ၀ဲယာမှာလည်း ကျိုးတိုးကျဲတဲ မြက်ပင်ငယ်များနဲ့၊ နွေရာသီမှာ ဒီလမ်းကလေးက ဖုံတွေနဲ့မို့ လူတွေက ကွေ့ရှောင်သွားချင်တာ။ မိုးရာသီဆိုလည်း ဗွက်တစိုစိုနဲ့ဆိုတော့ ရံဖန်ရံခါသာ တစ်ချို့ကဖြတ်သွားပေမယ့် ဖြတ်သွားမိပြန်ရင်လည်း နောက်တစ်ကြိမ် ထပ်ပြီးဖြတ်လျှောက်ဖို့ ၀န်လေးခဲ့ကြတာ။ ဆောင်းရာသီလေးမှာတော့ မိုးတွင်းတစ်လျှောက် ရွာခဲ့တဲ့မိုးရေအရှိန်နဲ့ သိပ်သည်းကျစ်လစ်နေတဲ့ မြေသားလမ်းလေးတစ်ခုပေါ့။ တကယ်တော့ ဒီလမ်းကလေးနဲ့ ဆုံတွေ့ဖို့ သူမ ဘာဆိုဘာမျှ အားထုတ်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ဒါပေမယ့် တစ်နေ့မှာတော့ ဒီလမ်းကလေးနဲ့ သူမ ဆုံတွေ့ခဲ့ရပါတော့တယ်။ အဲ့ဒီအချိန်တုန်းက လမ်းကလေးမှာ လျှောက်လှမ်းမယ့်သူရယ်လို့ တစ်ယောက်မျှ မရှိနေချိန်ပေါ့။ လျှောက်လှမ်းမယ့်သူ မရှိတဲ့ လမ်းကလေးဆီကို သူမကပဲ ရောက်ရှိခဲ့တာလား၊ ဒါမှမဟုတ် ဒီလမ်းကလေးကပဲ သူမ လျှောက်လှမ်းမိဖို့ ဖြစ်တည်လာရတာလား.. အခုအခါ ပြန်စဉ်းစားမိရင် မကွဲပြားလှပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုက ဒီလမ်းကလေးရဲ့ အရိုးခံ မထင်မရှား အနေအထားနဲ့ ပကတိအသွင်အပြင်ကပဲ သူမကို တွေ့တွေ့ခြင်း ဖမ်းစားခဲ့တာ။ မြေသားလမ်းကလေးရဲ့ တစ်ဖက်တစ်ချက်က မြက်ပင်ငယ် စိမ်းစိုစိုလေးတွေ၊ စိမ်းလက်ခက်ဖြာနေတဲ့ ၀ါးပင်ပျိုတို့ရဲ့ အရွက်တွေအောက်က မြေနီလမ်းကလေးက ဆွဲညှို့ယူထားပါပြီ။ သူမ တစ်လှမ်းချင်း ခြေချလှမ်းမိလောက်အောင်ကိုပေါ့။ အစပိုင်းမှာ သူမရဲ့ ခြေလှမ်းလေးတွေက တွန့်ဆုတ်လျှက်၊ လမ်းလျှောက်တတ်ကာစ ကလေးငယ်လို စမ်းတစ်ဝါးဝါးနဲ့။ သူမက စိုးတထိတ်ထိတ်နဲ့ လမ်းပေါ်ခြေချလို့ အသာအယာ လျှောက်ကြည့်မိတယ်။ ဖိနပ်မစီးထားတဲ့ သူမရဲ့ ခြေဖျားလေးတွေက အေးစိမ့်တဲ့မြေသားရဲ့ အထိအတွေ့ကြောင့် ပုခုံးလေးနှစ်ဖက်ကို ကျုံ့သွားရလေတယ်။ အေးမြလတ်ဆတ်တဲ့ လေကို တစ်ချိန်ထဲမှာ အဆုတ်ထဲရောက်တဲ့အထိ ရှူရှိုက်လိုက်မိတယ်။ ပထမခြေလှမ်းအတွက် သူမအတော် အားယူခဲ့ရတယ်။ နောက်ခြေတစ်လှမ်း၊ နောက်ထပ်တစ်လှမ်း၊ နောက်......၊ တဖြေးဖြေးနဲ့ လမ်းကလေးပေါ်မှာ ဖွဖွညင်သာ လျှောက်နေရင်း သူမရဲ့စိတ်ထဲ ကြည်နူးခြင်းနဲ့အတူ ချမ်းမြေ့မှုတို့က လွှမ်းခြုံလာလေတယ်။ ဒီလမ်းလေးပေါ် လျှောက်ခွင့်ရလို့ သူမက အရာရာကို ကျေးဇူးတင်နေခဲ့သေးတာ။
ဒီလိုနဲ့ ဒီလမ်းကလေးရှိရာကို မကြာခဏဆိုသလို သူမရောက်နေမိတော့တယ်။ ဒီလမ်းကလေးပေါ် လျှောက်ရတာကို ခင်တွယ်နှစ်ခြိုက်လာမိကာ လမ်းကလေးနဲ့ သူမကြား ပိုမိုရင်းနှီးလာသလို နွေးထွေးမှုမျိုး ခံစားလာရတယ်။ ဒီလိုနဲ့ လမ်းကလေးက သူမကို ဖမ်းစားထားလေတယ်။ လမ်းကလေးက သူမရဲ့ မျှော်လင့်ချက်တွေကို ဖူးပွင့်စေတယ်။ သူမဟာ လမ်းကလေးအတွက် ဘ၀တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့မယ်ဆိုရင် လမ်းကလေးဟာလည်း သူမရဲ့ အိမ်မက်ဖူး၊ သူမရဲ့သံစဉ်ချိုမြ၊ သူမရဲ့ပွင့်ဖတ်လွှာ။ လမ်းကလေးတစ်လျှောက် ငှက်ကလေးတွေရဲ့ တေးသီကျူးသံနဲ့ လေပြည် လေညှင်းလေး တွေရဲ့ တီးတိုးသံက သူမကို စွဲဆောင်ယူနေတော့တယ်။ လမ်းကလေးကလည်း သူမ မလာခဲ့ရင် မျှော်နေတတ်ပြီ။ လမ်းကလေးက သူမကို လောကကြီးကို ရှုမြင်ပုံ ရှုမြင်နည်းတွေသင်ပေးတယ်။ သူမကတော့ အမေးကြွယ်တဲ့ သာလိကာမလေးပေါ့။ လမ်းကလေးက သိမ်မွေ့တယ်။ စိတ်ရှည်တယ်။ အဲ့သည်တုန်းက လမ်းကလေးကရော သူမရဲ့စိတ်ကိုမြင်နိုင်ပါ့မလား..လို့ သူမ လုံးဝကို မစဉ်းစားခဲ့မိတာပါ။ ဘာသာ မသိလိုက်ခင်မှာပဲ သူမနဲ့ လမ်းကလေးအကြား သံယောဇဉ်တွေက တစ်ရစ်ပတ်ပတ် တိုးမှန်းမသိ တိုးလာလေပြီ။
ဒါပေမယ့် တစ်နေ့မှာတော့ ဒီလမ်းကလေးကို သူမလိုပဲ လျှောက်လှမ်းချင်သူတွေ ရှိနေပြီ်ဆိုတာ သူမ ထိတ်လန့်တုန်လှုပ်စွာနဲ့ သိလိုက်ရတယ်။ အဲ့ဒီနေ့က လမ်းကလေးဆီ လျှောက်လှမ်းဖို့ ကြည်လင်တဲ့စိတ်ကလေးနဲ့ တစ်လှမ်းချင်း လှမ်းလာတုန်း သူမရင်ထဲ ထိတ်ကနဲဖြစ်သွားရတယ်။ အလို...လမ်းကလေးပေါ်မှာ သူမ မဟုတ်တဲ့ တခြားလူတွေ လျှောက်နေပါရော့လား။ သူမများ မျက်စိအမြင် မှားနေလေသလား။ ရင်တထိတ်ထိတ် ခုန်နေလျှက်က လမ်းကလေးဆီကို သူမ စူးစိုက်ကြည့်လိုက်တယ်။ သေချာပါတယ်။ ဟိုးအဝေးပြပြမှာ သူမထက် အရင်ရောက်နှင့်လို့ လျှောက်လှမ်းနေတဲ့ သူတွေပါလား။ သူမ စိုးရိမ်လွန်းမက စိုးရိမ်သွားမိပေမယ့် တကယ်တမ်းကျတော့ လျှောက်နေသူရဲ့ ကြည်နူးမျက်နှာကို စာနာစိတ်နဲ့ မြင်လိုက်ရချိန်မှာတော့ သူမရဲ့ ခန္ဓာကိုယ်ကို လမ်းကလေးမတွေ့ခင် သစ်ပင်နံဘေးမှာ အမြန်ဝင်လို့ ပုန်းကွယ်နေလိုက်မိတယ်။ သူမစိတ်ထဲ ၀မ်းနည်းသလို... မလျှောက်နဲ့လို့ဘဲ ပြောလိုက်ချင်သလိုလို ဖြစ်နေခဲ့ပေမယ့် တကယ်တမ်းကျတော့ သူမရဲ့ နှုတ်ခမ်းအစုံက အာစေးမိနေသလို။ တုံဏှိဘာဝေ။ သူမရဲ့ ရင်ထဲမှာတော့ ဘလောင်ဆူဝေလို့။ လမ်းလေးကလည်း သူ့ရဲ့လမ်းကလေးပေါ် နင်းလျှောက်မယ့်သူတွေအတွက် ဟိုးအရင် သူမတုန်းကလို့ပဲ ၀မ်းသာအားရ ရင်ဖွင့်ကြိုလို့။ သူမသာမရှိရင် လမ်းကလေးလည်း မရပ်တည်နိုင်၊ မရှင်သန်နိုင်ဘူးလို့ သူမထင်ခဲ့တာ မှားနေပါရော့လား။ သူမ မဟုတ်သူတွေကိုလည်း လမ်းကလေးက ကြည်ဖြူစွာ လက်ခံလျှောက်ခွင့် ပေးနေတာပါပဲလား။ အဲ့ဒီနောက်မှာတော့ သူမဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချလိုက်မိတယ်။ သူမ ဆက်လက်ပြီး ဘယ်လိုမှ ကြည့်နိုင်ဖို့ ခွန်အားမရှိတဲ့အဆုံး နောက်ဆုံးအကြိမ်အနေနဲ့ လမ်းကလေးကို အကွယ်ကနေ နှုတ်ဆက်အကြည့်တွေနဲ့ တစ်ဝကြီး ကြည့်နေလိုက်မိတယ်။ လာရာလမ်းကို ပြန်လှည့်လို့၊ သူမရဲ့ လမ်းကလေးကို ကျောခိုင်းလို့ လေးပင်တဲ့ ခြေလှမ်းအစုံနဲ့ တစ်ရွေ့ရွေ့ ကျောခိုင်းထွက်ခွာ လာခဲ့မိတော့တယ်။ ဒီလမ်းကလေးက သူမအတွက် လှုပ်လီလှုပ်လဲ့ မျှော်လင့်ကြိုး တံတားလေး တစ်ခုသာသာဆိုတာ သူမ အချိန်မီ သိလာရတယ်။ သူမ မထင်ထားခဲ့ပါဘူး။ လေမလာ မိုးရိပ်မဆင်ပဲ ရုတ်တရက် တိမ်ပြာတွေက အငြိုးတစ်ကြီးနဲ့ လမ်းကလေးအပေါ် ထစ်ချုန်းမိုးရွာချလေတယ်။ သူမရဲ့ မိုးကောင်းကင်က သူမရဲ့ အိမ်မက်နန်းတော်ထဲမှာ ပြိုလဲခဲ့တယ်။ လမ်းလေးပေါ်မှာ အသားတကျ လျှောက်လှမ်းနိုင်ပြီလို့ စိတ်ဒုန်းဒုန်းချကာမှ။ ခြေဖ၀ါးတွေ သွေးခြေဥအောင် လျှောက်ခဲ့တဲ့ သူမရဲ့ခြေရာတွေက ဒီလမ်းကလေးပေါ်မှာ တံဆိပ်ခတ်နှိပ်ပြီးသားဆိုတာ လမ်းကလေး မသိလေရော့သလား။ လမ်းကလေးပေါ် လျှောက်လှမ်းကြသူတွေရော သူမနဲ့ လမ်းကလေးရဲ့ သံယောဇဉ်တွေကို မသိခဲ့ကြဘူးတဲ့လား။
လမ်းကလေးနဲ့ လမ်းခွဲခဲ့ရပေမယ့် လမ်းကလေးရဲ့ သတင်းတွေ သူမ အမြဲနားစွင့်နေခဲ့ပါတယ်။ လမ်းကလေးအနားကို ရောက်ပေမယ့် သူမ ဖြတ်မလျှောက်ဖြစ်တော့ပါဘူး။ လမ်းကလေး တစ်လျှောက် ပျော်ပျော်ကြီး လျှောက်နေသူတွေကို အဝေးကနေပဲ အားကျစိတ်နဲ့ တွေတွေငေးလို့။ သူမနဲ့ လမ်းကလေး ဝေးကွာခဲ့ချိန် ကာလတွေမှာ လမ်းကလေးက ပိုပြီး လမ်းတစ်ခုနဲ့ တူအောင် ပီပြင်လာခဲ့တယ်။ လမ်းကလေးက အရင်လို ဖုံတစ်လိမ်းလိမ်းနဲ့ မြေနီလမ်းလေးမဟုတ်တော့။ လမ်းဘေး ၀ဲယာတစ်လျှောက် စိမ်းစိုအပင်တွေက အုပ်ဆိုင်းဝေဖြာလို့။ လမ်းကလေးက အရင်ကလို အထီးမကျန်တော့၊ ခြောက်သွေ့မနေတော့။ ဖြတ်သန်းသွားလာသူတွေ တစ်ဖွဲဖွဲနဲ့ စည်ကားလာခဲ့ပြီ။ သူမက အဝေးကနေ လမ်းကလေးအတွက် ဂုဏ်ယူနေမိသေးတာ။ ဟိုးတစ်ချိန်က လမ်းကလေးအတွက် ရူးသွပ်နေတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကို လမ်းကလေးမေ့နေရင်လည်း သူမ မမှုတော့ပါဘူး။ လမ်းကလေး အခုလို သက်ဝင်ပျော်ရွှင်နေတာ သူမငေးနေရင်း ကြည်နူးကျေနပ်မိ နေပြန်တော့ သူမကိုယ် သူမ အံ့တွေသြနေမိပြန်ရော။
ဒါပေမယ့် လောကကြီးက သူ့ရဲ့ ကဝေအတတ်နဲ့ လှည့်ဖျားတတ်ပြန်ပါသေးတယ်။ သူမရဲ့ လမ်းကလေးပေါ်မှာ အငြိုးတကြီးနဲ့ ဖျက်လိုဖျက်စီး နင်းလျှောက်လာတဲ့သူတွေကို တွေ့သိလိုက်ချိန်မှာတော့ သူမတန်ဖိုးထားတဲ့ လမ်းကလေးအတွက် စိုးရိမ်စိတ်နဲ့ ကြေကွဲခဲ့ရပြန်ပါတယ်။ လမ်းကလေးပေါ်ကို တိမ်မည်းညိုတွေက အုပ်မိုးထားတယ်။ မာယာများတဲ့ ခြေထောက်တွေရဲ့ အကြိမ်ကြိမ် ဖြတ်နင်းခြင်းကို လမ်းကလေး ခံနေရတယ်။ လမ်းကလေးကတော့ မသိရှာပါဘူး။ သူ့ကို အသုံးချနေသူတွေအတွက် ပျော်ပျော်ကြီး လည်စင်းပေးလို့။ လမ်းကလေးအတွက် သူမ စိုးရိမ်တကြီး ဖြစ်နေမိတယ်။ သူမ ဆုတောင်းတယ်...။ ဆုတောင်းခဲ့တယ်။ မပြည့်ခဲ့ပါဘူး။ လမ်းကလေးအတွက် စိုးရိမ်ပူပန်နေမိတဲ့ သူမကို လမ်းကလေးက မသိခဲ့ရှာပါဘူး။ လမ်းကလေး သိအောင်လည်း သူမက အားမထုတ်နိုင်ခဲ့၊ အားထုတ်ခွင့်မရခဲ့ပါဘူး။ သူမဟာ သထ္ထိမရှိခဲ့သူ တစ်ယောက်လို့ လမ်းကလေးက ဆိုလာခဲ့မယ်ဆိုရင်လည်း သူမကလည်း လမ်းကလေးကို ဥပေက္ခာလမ်းကလေးလို့သာ နာမည် ပေးလိုက်ချင်မိပါတယ်။ သူမ တိုးတိတ်ကြေကွဲနေတာကို လမ်းကလေးမသိစေချင်ဘူး။ လူတွေစည်ကားဖြတ်လျှောက်တာ ခံနေရပေမယ့် လမ်းကလေးမှာ အထီးကျန်နေရတာ။ လမ်းကလေးကို စည်းမဲ့ကမ်းမဲ့ အသုံးပြုကြတာ။ သူခွင့်ပြုလျှောက်ထား သူတွေရဲ့ ကြမ်းတမ်းခြေရာတွေကို လမ်းကလေးက ကြိတ်မှိတ်ခုခံနေရရှာတာ။ သူမ မကြားချင်လျှက် ကြားနေရတယ်။ သူမ မမြင်ချင်လျှက်က မြင်တွေ့နေရတယ်။ သူမမှာ ကြေကွဲနေယုံမှတစ်ပါး၊ ဆုတောင်းနေယုံမှတစ်ပါး အခြားမရှိ။ သူမ ဝေးလွင့်ခဲ့တယ်။ ဟိုး............. အဝေးကြီးဆီ။ လမ်းကလေးနဲ့ ပြန်မဆုံနိုင်မယ့် ဟိုးအဝေးကြီးဆီ။

အချိန်ကာလ အပိုင်းအခြားတွေက အခြေအနေတွေကို ပြောင်းလဲနိုင်စေခဲ့တယ်။ သူမလည်း လမ်းအသစ်လေးတစ်ခုမှာ ခြေချခွင့်ရနေခဲ့လေပြီ။ ဘ၀လမ်းခရီးတစ်လျှောက်မှာ လမ်းခရီး အမျိုးမျိုးကို ကိုယ်တိုင် ရွေးချယ်ကျော်ဖြတ်ခွင့် ရှိတယ်ဆိုတာ သူမ တဖြည်းဖြည်းနဲ့ သိလာလေပြီ။ ဟိုး.... အရင်က လမ်းကလေးတစ်ခုရဲ့ ပုံရိပ်ကို သူမဘ၀က ဘယ်တော့မှ ပယ်ဖျက်နိုင်ခဲ့မှာ မဟုတ်ပေမယ့် လမ်းကလေးနဲ့ သူမက အကွာကြီး ကွာဝေးခဲ့ပြီဆိုတာ သူမ လက်ခံထားမိပြီးလေပြီ။ အဲ့ဒီအချိန်မှာပဲ လမ်းကလေးရဲ့ ကောင်းမွန်တဲ့ သတင်းတွေကို သူမပြန်ကြားရလေပြီ။ သူမရဲ့ လမ်းကလေးက ဟိုးအရင်ကလို ၀ါးပင်ရိုင်းတွေနဲ့ မြေနီလမ်းလေးမဟုတ်လေတော့။ လမ်းကလေးပေါ်မှာ မာယာတွေနဲ့ နိုင်လိုမင်းထက် နင်းချေမယ့် သူတွေလည်းမရှိတော့။ သစ်ပင်ပန်းမာလ်တွေနဲ့ စိမ်းစိုလန်းဖြာနေတဲ့ ခေတ်မှီပန်းခြံတစ်ခုရဲ့ အလည်မှာ သက်ဝင်ကြွရွစွာ ရှိနေလေပြီ။ သန့်ရှင်းလှပတဲ့ ကြာအပေါင်းတို့ ပွင့်ဝေနေတဲ့ ရေကန်သာလေး တစ်ခုကလည်း လမ်းကလေးကို အဖော်ပြုနေလေပြီ။ လာရောက်သူတို့ အပန်းဖြေ အနားယူနိုင်ဖို့ လမ်းဘေး တစ်ဖက်တစ်ချက်မှာ ချစ်စဖွယ် ခုံတန်းလေးများနဲ့ ပဏာရနေလေပြီ။ လမ်းနဘေး ၀ဲယာတစ်လျှောက်နဲ့ လမ်းကလေးတစ်လျှောက် ကြွေကြနေတဲ့ ပန်းပွင့်တို့ရဲ့ သင်းမွှေးရနံ့နဲ့အတူ ပွင့်ဖတ်ပွင့်လွှာတို့ကလည်း လမ်းကလေးကို ရွှေဝါရောင် ကထ္ထီပါကော်ဇော ခင်းပေးထားသလိုနှယ်။ ဘယ်အရာမှ အမြဲတည်မြဲ မနေနိုင်ဘူးဆိုတာ သူမ သက်ဝင်ယုံကြည်လာမိပြီ။ လမ်းကလေးမှာ စိတ်ချရတဲ့ အဖော်မွန်တွေရှိနေလေပြီ။ လမ်းကလေးအတွက် အမြဲထာဝရ ဂရုတစိုက်နဲ့ လက်တွဲလျှောက်လှမ်းပေးမယ့်သူ ရှိနေပြီဆိုတာ ၀မ်းမြောက်စွာ သူမတွေ့မြင်သိရလေပြီ။ လမ်းကလေးရဲ့ ပတ်ပတ်လည် သာယာစိုပြေလှတဲ့ ရှုခင်းတွေကလည်း လမ်းကလေးရဲ့ ပကတိ အရှိတရားကို ဖော်ညွှန်းပေးနေသလိုပါဘဲ။ နေ၀င်မိုးချုပ်ပြီးရင် အရုဏ်ဦးရောင်ခြည်ကို တွေ့ရတတ်တယ်။ မုန်တိုင်းပြီးရင် လေပြည်လေညှင်းတို့ လာလေ့ရှိတယ်။ အခုတော့ သူမရဲ့လမ်းကလေးက လောကရဲ့ အလှကို ကိုယ်တိုင်ကိုယ်ကျ ဆင်ယင်ခွင့်ရနေရှာပါပြီ။ လမ်းကလေးရဲ့အပေါ် သူမရဲ့ ဖြူစင်ဝမ်းသာပီတိက အနှိုင်းအဆမဲ့။
သူမရဲ့ ဟိုးတစ်ချိန်တုန်းက လမ်းကလေးကို သူမဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။
လမ်းကလေး
အလှမ်းဝေးပေမယ့်
ချမ်းအေးပါစေ.....။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
14 comments:
လူတိုင်းမှာ အမှတ်တရ လမ်းကလေးတွေတော့ ရှိတတ်ကြပါတယ်လေ...
လမ်းကလေး အေးချမ်းပါစေ..
သာယာလှပပြီး လျှောက်လှမ်းသူတွေရှိနေပြီဖြစ်တဲ့ လမ်းကလေးကို
အဝေးကနေသာ ကြည့်နေကြပါစို့...
ကိုယ်တိုင်ကတော့ ကိုယ်ပိုင်ဆိုင်ရာ လမ်းကလေးပေါ်မှာ အေးချမ်းစွာ နေနေရင်းပေါ့...
ချစ်စရာ အက်ဆေးလေးပါဘဲ.. အရေးအဖွဲ့လေးတွေက ဆွတ်ပျံ့ဖွယ်ရာ ကောင်းလှချည့်...
လမ်းကလေးကို ရေးဖွဲ့ထားလိုက်တာများ.. တကယ့်ကို.... အနုပညာဆန်ဆန်နဲ့ စိတ်ကူးလေးတွေကို နူးညံ့သိမ်မွေ့သွားစေတာပဲဗျာ..
``လမ်းကလေး
အလှမ်းဝေးပေမယ့်
ချမ်းအေးပါစေ…..။``
ကျေးဇူးပဲနော်..
ဖတ်သွားပါပြီ.
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
လမ်းကလေးပေါ်မှာ အေးချမ်းလွတ်လပ်စွာ လျှောက်လှမ်းချင်လိုက်တာ...
အမရယ်...ဖတ်ပြီးခံစားလိုက်ရတာလေ...ပြောမပြတတ်အောင်ပါဘဲ
လမ်းကလေး...
အလှမ်းဝေးပေမဲ့
ချမ်းအေးပါစေ...
ဟုတ်ပါတယ်အမရယ်...
ကိုယ်မလျှောက်ဖြစ်တော့ပေမဲ့
ညီမလဲအဲလိုဘဲဆိုတောင်းပေးခဲ့ပါတယ်..
မမမြသွေး..
တခုသောလမ်းကလေးဆီကိုချက်ချင်းရောက်သွားခဲ့တယ်.။ဘယ်တော့မှပြန်မရောက်နိုင်တော့မဲ့လမ်းကလေးဆီပေါ့..။
ချစ်တဲ့
သဒ္ဓါ
ချောချစ်>>> လမ်းကလေး ..အလှမ်းဝေးပေမယ့် ..ချမ်းအေးပါစေ…..လို့ ဆုတောင်းထားတယ်လေနော် ။ :)
ကိုဇော်သိင်္ခ >>> လမ်းကလေးက စာဖတ်သူတွေအတွက် တစ်စုံတစ်ခုသာ ရခဲ့မယ်ဆိုရင် ရေးရကျိုးနပ်ပါပြီရှင်။
မေပယ်လ် ရေ >>> အကြံတူနေပါရောလား...။ ဒါပေမယ့် စိတ်ကူးယုံသာ...။
blackroze ရေ >>> ဆုတောင်းလေးတွေ ပြည့်နေရင် အကောင်းဆုံးပေါ့နော် ။
သဒ္ဓါ ရေ >>> ဒီအက်ဆေးလေးရေးပြီးမှ လူတိုင်းမှမဟုတ်တောင် တချို့မှာ ဒီလို လမ်းမျိုးလေးတွေရှိနေနိုင်သားလို့ တွေးမိတယ်။ ဘယ်တော့မှပြန်မရောက်နိုင်တော့မဲ့လမ်းကလေးဆိုရင်လည်း လမ်းကလေး ..အလှမ်းဝေးပေမယ့် ..ချမ်းအေးပါစေ…..လို့ ဆုတောင်းပေးလိုက်နော်။
လမ်းကလေး
အလှမ်းဝေးပေမယ့်
ချမ်းအေးပါစေ…..။
အဆုံးသတ်လေးက လှတယ်ဗျာ...
တမြည့်မြည့်တွေးစရာလေးပါ.. ကျနော့် အစ်မရေ။
ရေးထားတာလေးကကွန်မင့်ပေးရက်စရာမရှိအောင်ကို ကောင်းတယ်။ အရေးအသား၊အဖွဲ့အနွဲ့၊အသုံးအနှုံး၊အကွေ့အကောက်၊ အဖြတ်အတောက်(ဟူး....မောတာ)၊အယူအဆ..အားလုံးပါပဲ။ ..အဲ..မပေးချင်ပေမဲ့ အိုဘားမားက ပေးရတာဝါသနာပါလို့. နည်းနည်းပေးချင်သား၊..၊ "သူမ"ကိုတော့... ဂရုဏာ. သက်မိတယ်၊ လမ်းကလေးကတော့..စိတ်ဆိုးစရာကောင်းတယ်။ ..အိုဘားမားခင်းတဲ့လမ်းဆို..အဲလိုဖြစ်မှာဟုတ်ဖူး၊၊ ကဗျာ..လေး ကလည်းဆိုဖွယ်ရာမရှိ။ ထိထိမိမိရှိတယ်။ လိုက်ဖက်တဲ့ ပုံကလေးပါထည့်ထားတော့ပိုပြီး.. ထဲထဲဝင်ဝင်ဖြစ်သွားရော။ တိုက်တိုက်ဆိုင်ဆိုင် အိုဘားမားက..မီရှယ်ကို..
ကဗျာ.တစ်ပုဒ်ရေးပေးဖူးတယ်။ ကော်ပီကူးတာဟူတ်ဖူးနော်၊တိုက်ဆိုင်တာ။...အိုဘားမားရေးခဲ့တဲ့ ကဗျာလေးက..............
ပန်းကလေး
ခူးစွတ်ရန်မ၀ံ့တာမို့
စိုးစံစားစေ ။
အစ်မမြသွေးနီရဲ့..ဆိုက်ကိုမရောက်တာအတော်ကြာပြီ။ခရီးသွားနေလို့..
လမ်းလည်းကြုံ သတိလည်းရလို့ဝင်လည်တာ..၀င်ဝင်ချင်း..အမောလည်း
ပြေ၊ရသတစ်မျိုးလေးကိုလည်း.ခံစားလိုက်ရတယ်။..လမ်းကလေးကို
ကိုယ်တိုင်လျှောက်နေသလိုမျိုး.ထင်မှတ်မှားမိတယ်။..လမ်းကလေးကအခုဆို
ဘာတွေဖြစ်နေပြီလဲ..ဆိုတာ..သိချင်ပါသေးတယ်။...မျှော်နေသေးတယ်
နောက်လည်း.ရသလေးတွေ..ခံစားချင်ပါသေးတယ်...အသစ်အသစ်လေးတွေကိုစောင့်
နေတယ်နော်......အစ်မ။.စာတွေများများရေးနိုင်ပါစေ...
အမစာတွေအမြဲဖတ်ပါတယ်။ကျွန်မနဲ့..အဖြစ်ချင်း
တူနေလို့..လမ်းကလေး.ကို..လျှောက်ကြည့်လိုက်တယ်..
ကြည်နူးရပါတယ်..အမ...။ဘ၀မှာရွေးစရာ..လမ်းလေးတွေ
အများကြီးရှိတယ်ဆိုတာ..သိလိုက်ရပါတယ်...၊။..ဆုတောင်းချွေလျှက်!!!!!!!
နှလုံးသားရှိသူတိုင်း အနည်းနဲ့အများ..အလားတူ
လမ်းလေးတွေ..ရှိနေမယ်လို့..ယုံကြည်တယ်၊..
အပြီးသတ်မှာတော့..ကိုယ်နဲ့သင့်တော်မဲ့.လမ်း..
လျှောက်ကျရတာပါပဲ...
ကျွန်တော့်စိတ်ထဲမှာလည်း အဲဒီလိုပဲ လမ်းကလေး တစ်ခု ရှိခဲ့ဖူးတယ်။ လူတွေ ကားတွေ စက်ဘီးတွေ ဖြတ်သွားလေ့ ရှိပေမယ့် အဲဒါ မြေနီလမ်းလေးပေါ့။ အဲဒီ လမ်းပေါ်မှာပဲ ကျွန်တော်တို့ ၁၀ တန်းဘဝက သူငယ်ချင်းတွေ ဝိုင်း အနေနဲ့ စာသင်ခဲ့တာ တစ်နှစ်တာလုံး နီးနီးပါပဲ။ အဲဒီလမ်းထက်က ရောက်လာမယ့် ဆိုင်ကယ်လေး တစ်စင်းကို နေ့စဉ်စောင့်ခဲ့ဖူးတယ်။
အဲဒီလမ်းကလေး အကြောင်း တခုခု ရေးဖွဲ့ချင်စိတ်လည်း ဟိုးအရင်ထဲက ရှိခဲ့ပေမယ့် ခုထိတော့ အတွေးထဲမှာပဲ ရှိနေသေးတယ် အစ်မရေ။
ကိုကြီး >>>တစ်ခါတစ်ရံ အရိုးရှင်းစကားလုံးလေးတွေက ပိုထိတယ်နော..။
အိုဘားမား >>> စာရေးကောင်းပါဘဲလားရှင်။ သူမ ကိုစာနာနားလည်ပေးတဲ့ စိတ်လေးကို လေးစားမိပါတယ်ရှင်။ လမ်းကလေးရော သူမကပါ ကျေးဇူးတင်နေရှာမှာပါ။ စာတွေအမြဲဖတ်ပေးတာလဲ ကျေးဇူးပါနေိာ။
ထွန်းထွန်း >>> စာတွေဖတ်ပေးတာကျေးဇူးပါရှင်။ လမ်းကလေးကတော့ အခုအချိန်မှာ အကောင်းဆုံးနေရာတစ်ခုမှာ ရှိနေလိမ့်မယ်လို့ ကျွန်မယုံကြည်နေမိပါတယ်။ ဘာကြောင့်လဲဆိုတော့ လမ်းကလေးအပေါ်ထားတဲ့ သူမရဲ့ နားလည် ယုံကြည်စိတ်လေးကြောင့်ပေါ့။
နွေနှင်းပွင့် ညီမရေ >>> ကျေးဇူးတင်ပါတယ်။ ညီမလည်း ပျော်ရွှင်ဖွယ် လမ်းကလေးကို ရွေးချယ်လို့ ရာသက်ပန်လျှောက်လှမ်းနိုင်ပါစေနော်။
ko aungnaing >>> ဘ၀မှာ လမ်းလေးတွေ ကိုယ်စီသေချာရှိခဲ့ကြမှာပါရှင်။
ကိုမြစ် >>> ကိုမြစ်ရဲ့လမ်းကလေးကို ဖတ်ခွင့်ရချင်ပါတယ်ရှင်..။
* အားလုံးကို သူမနဲ့ သူမရဲ့လမ်းကလေး ကိုယ်စား ကျေးဇူးတင်စွာ...*
There are various kinds of love; maternal and paternal love; brotherly and sisterly love;
love sought and unsought; reciprocal or mutual and one- way love; possessive and
unoccupied love;hidden and secret love; adorable and hateful love;
Among those, Platonic love is eternal and best.
Post a Comment