တကယ်တော့ ကျွန်မတို့ Save The Aged အဖွဲ့ရဲ့ ဇူလိုင်လအတွက်အလှူက ပြီးခဲ့တဲ့ ၁၈.၇.၂၀၁၀မှာပဲ ပူပူနွေးနွေး ပြီးခဲ့တာပါ။ ဒါပေမယ့်အခါကြီး၊ ရက်ကြီးတွေမှာလည်း ထုံးစံအတိုင်း ပါဝင်ဆင်နွှဲလိုပြန်တော့ ကျွန်မတို့အဖွဲ့ဟာ ဇူလိုင်လအလှူပြီးတာနဲ့ တစ်ပြိုက်နက် ၂၆.၇.၂၀၁၀ နေ့မှာကျရောက်မယ့် ၀ါဆိုလပြည့်နေ့ အလှူအတွက် ထပ်မံလို့ ဆိုင်းပြင်းကြပါတော့တယ်။ အဖိုး၊အဖွားတွေအတွက်ယောဂီ၊အကျီ လုံခြည် ကိုယ်တိုင်းယူပြီး ချုပ်သူတွေကချုပ်၊ လက်ကမ်း စာစောင်လေးတွေရိုက်ဖို့ ပြင်ဆင်သူကပြင်၊ အလှူနေ့ ဖိတ်စာရိုက်သူကရိုက်၊ ဝေသူကဝေ၊ အလှူနေရာနဲ့အကျွေးအမွေး စီစဉ်သူကစီစဉ်၊ အဖိုးအဖွားတွေ သွားကြိုဖို့စီစဉ်သူကစီစဉ်၊ အဖွဲ့ရဲ့Activitiesတွေကို ပရိုဂျက်တာနဲ့ ပြရန်ဆောင်ရွက်သူက ဆောင်ရွက်၊ သံဃာတော်များ ပင့်လျှောက်သူက ပင့်လျှောက်နဲ့ အလှူနေ့အတွက်လည်း အလုပ်တာဝန်တွေ ခွဲဝေယူလို့တက်ညီလက်ညီနဲ့ တစ်ပျော်တစ်ပါး စတင်ဆောင်ရွက်ကြပါတော့တယ်။ ကျွန်မတို့ တကယ်တမ်းက အချိန်တစ်ပါတ်ထဲသာ ရခဲ့ကြတာပါ။ ဒါပေယ့် Save The Aged က လုပ်မယ်ဆိုရင်ဖြစ်အောင်လုပ်ခဲ့ကြတာတွေ အရှေ့မှာ သာဓကတွေရှိခဲ့လေတော့ ဘာဆိုဘာကိုမျှ နောက်မတွန့်ခဲ့ကြပါဘူး။ နောက်.. ဒီလို အခါကြီး၊ ရက်ကြီးမျိုးမှာ အဖွဲ့ကကိုယ်စားမိဘအဖြစ် တာဝန်ယူ စောင့်ရှောက်ထားတဲ့ အဖိုးအဖွားများကို သူတို့ရဲ့ လက်နဲ့ကိုယ်တိုင်ကိုယ်ကျ ၀ါဆိုသင်္ကန်းများကို သံဃာတော်အရှင်သူမြတ်များထံ ကပ်လှူပူဇော်စေချင်တဲ့ဆန္ဒ ။ နောက်.. အဖိုး အဖွားများကို Save The Aged ကသူတို့ရဲ့ ၀မ်းမနာသားသမီးများဖြစ်တဲ့ အဖွဲ့ဝင်များနဲ့ ပေးတွေ့လို့ ရင်းနှီးနွေးထွေးစွာ နေစေလိုတဲ့ တူညီဆန္ဒက ကျွန်မတို့အားလုံးရဲ့ စိတ်အဟုန်ကို လွှမ်းခြုံထားပါတော့တယ်။
အလှူနေ့မတိုင်ခင် စနေနေ့မှာလည်း အလှူလုပ်မယ့် အဏ္ဏ၀ါဓမ္မာရုံမှာ သွားရောက်ပြီး အလှူနေ့အတွက် လိုအပ်တာများဆွေးနွေး၊ ခြံစည်းရိုးများ က ထုံးသုတ်လို့ ဒါနလုပ်ကြပါတယ်။ တနင်္ဂနွေနေ့မှာတော့ ဈေးဝယ်အဖွဲ့ကဈေးဝယ်၊ အခမ်းအနား ပြင်ဆင်ရေးအဖွဲ့က လိုအပ်တာ များပြင်ဆင်နဲ့ ညပိုင်းမှာတော့ နောက်တစ်နေ့အလှူအတွက် အားလုံးအဆင်သင့်နီးပါး ဖြစ်နေကြပါပြီ။ အဖွဲ့ဝင်တချို့က ဓမ္မာရုံမှာ ၀ီရိယ ကောင်းစွာနဲ့ ညအိပ်ကြပါတယ်။
ဝါဆိုလပြည့်နေ့ မနက် (၉) နာရီအချိန်မှာတော့ မင်္ဂလာရှိတဲ့အလှူကို ပါဝင်ဆင်နွှဲဖို့ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည် များဟာ တစ်ဖွဲဖွဲနဲ့ စတင်ရောက်ရှိလာပါတော့တယ်။
Information Desk နဲ့ အလှူငွေ လက်ခံရာနေရာ..။
အကျွေးအမွေးအစီအစဉ်ကို မနက်၉နာရီကနေ ၁၂နာရီအထိ စီစဉ်ထားလေတော့ ရောက်လာသမျှ ဧည့်သည်များကို ထောပတ်ထမင်း၊ ကြက်သားဆီပြန်၊ ကြက်အသည်းအမြစ်ဆီပြန်၊ ဘာလချောင်ကြော်၊အစိမ်းကြော်၊ ငါးဖယ်သုတ်၊ ကြာဇံဟင်းခါးချက်၊ ရေခဲမုန့်နဲ့ ကျွေးမွေးဧည့်ခံ ပါတယ်။
၁၀နာရီဝန်းကျင်မှာ အဖွဲ့ရဲ့ အစောင့်ရှောက်ခံ အဖိုးအဖွားများ စတင်ရောက်ရှိလာပါတော့တယ်။
မီးဖိုချောင် တာဝန်ယူရတဲ့ ပိုပိုဦးဆောင်တဲ့ အဖွဲ့ကလည်း ပါးပါးလှီးတန်လှီး၊ ဆေးတန်ဆေး၊ ထည့်တန်ထည့်နဲ့ တက်ညီလက်ညီ..။
လှူဖွယ်များနဲ့ အဖွဲ့ရဲ့ လက်ကမ်းစာစောင်...။
အဖိုး၊ အဖွားတို့ရောက်လာကြလေပြီ...။
အဖွဲ့ဝင်များဟာ အဖိုးအဖွားများကို ကြင်နာစွာဖေးထူမလို့ နှုတ်ဆက်စကားပြောကြပါတယ်။ အဖိုးအဖွားများရဲ့ မျက်နှာမှာ ပွင့်လန်းနေတဲ့ အပြုံးပန်းများက ဝေေ၀ဆာဆာနဲ့ပါ။ ဓာတ်ပုံတွေ ရိုက်ခွင့်တောင်းပြန်လေတော့ အဖွားတို့က မင်းသမီး တွေဖြစ်နေလေပြီပေါ့လို့ ကြည်နူးပီတိနဲ့ ပြောရှာကြပါတယ်။ အဖိုးတစ်ဦးဆို ဒီပွဲကို လာချင်လွန်းလို့ ကျွန်မတို့ ဆရာဝန်အဖွဲ့ကို အားဆေးတောင် ကြိုတင်သွင်းထားခိုင်းခဲ့ရှာပါတယ်။
Save The Aged အဖွဲ့ရဲ့ အစောင့်ရှောက်ခံအဖိုး (၃) ဦးဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်ရှာသူများ မဟုတ်ကြပါ။
Save The Aged အဖွဲ့ရဲ့ အစောင့်ရှောက်ခံအဖွား (၆) ဦးပါ...။
အဖိုး၊အဖွားများ ကိုယ်တိုင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပါတယ်.။
အဖိုး၊အဖွားအချင်းချင်းစကားပြောကြ။ အဖွဲ့ဝင်များရဲ့မိဘများကလည်း အဖိုးအဖွားတွေကို နှုတ်ဆက်စကားပြောကြ။ အသက်အငယ်ဆုံး အဖွဲ့ဝင် တတိယတန်းကျောင်းသား မောင်သားပြည့်မှ အဖွားသို့ လှူဒါန်းကန်တော့...။
အဖွဲ့ဝင်များက အဖိုးအဖွားများကို သေချာဂရုစိုက်လို့ ထမင်းကျွေးမွေးကြပါတယ်။
သံဃာတော်များ နေ့ဆွမ်းစားအပြီး နေ့လည်၁၂နာရီမှာတော့ ဧည့်ပရိသတ်တို့ကို ဧည့်ခံကျွေးမွေးပြီးသလောက်မို့ အခမ်းအနားအစီစဉ်ကို စပါတယ်။ အခန်းအနားကို သြကာသကန်တော့ချိုးနဲ့ ဖွင့်လှစ်ပါတယ်။
အဲ့ဒီနောက် Dr.နတ်စိုးက အဖွဲ့နဲ့ ပါတ်သက်တဲ့ ရည်ရွယ်ချက်၊ ခံယူချက်၊ အဖွဲ့ရဲ့ ပြည်တွင်း၊ပြည်ပ မန်ဘာများနဲ့ အဖွဲ့ရဲ့အလှူများကို ရှင်းလင်း ပြောပြပေးပါတယ်။ အဲ့ဒီနောက် ဆရာတော်ဦးဥတ္ထမသာရက တရားရေအေးတိုက်ကျွေးပြီး၊ ကျွန်မတို့အားလုံး နာရီဝက်မျှ တရားရှုမှတ်စေပါတယ်။
အဲ့ဒီနောက်မှာတော့ အဖိုးအဖွားများက သံဃာတော်အရှင်သူမြတ်တို့ကို သင်္ကန်းဒွိစုံနဲ့ အဖွဲ့ဝင်များမှ ၀တ္ထုငွေများ ကပ်လှူပါတယ်။ အဲ့ဒီနောက် အဖိုးအဖွားများကို အဖွဲ့ဝင်များမှ ပူဇော်ကန်တော့ပါတယ်။ ပြီးတဲ့နောက် ဆရာတော်ရဲ့ ရေစက်ချတရားအပြီး အမျှဝေကာ မိမိတို့ရဲ့ကောင်းမှု ကုသိုလ်အတွက် သာဓုအနုမောဒနာ ခေါ်ဆိုကြပါတယ်။ ကျွန်မတို့ Save The Aged က စောင့်ရှောက်ထားတဲ့ အဖိုးအဖွားများကို ၄င်းတို့ရဲ့ လှူဒါန်းမှု အ၀၀အတွက် ကိုယ်တိုင်ကိုယ်ကျ ရေစက်သွန်းချစေပါတယ်။
Save The Aged အဖွဲ့ဝင်များမှလည်း အဖိုး၊ အဖွားများသို့ ငွေသားများ ထပ်မံလှူဒါန်းပါတယ်။
အဲ့ဒီနောက် မြသွေးနီက အဖွဲ့ဝင်အားလုံးရဲ့ ကိုယ်စား ကျေးဇူးစကားကို သံဃာတော်များနဲ့တကွ ကြွရောက်လာကြတဲ့ ဧည့်သည်တော်များ၊ ရောက်ရှိနေတဲ့ ကျွန်မတို့အဖွဲ့သူ၊ အဖွဲ့သားများရဲ့ ကိုယ်စားမိဘ အဖိုးအဖွားများနဲ့ ဒီအလှူဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့ဝင်များ၊ အလှူကိုလာရောက်နိုင်ခြင်းမရှိသော ပြည်တွင်း+ပြည်ပ အဖွဲ့ဝင်များအား ကျေးဇူးစကား ပြောကြားပါတယ်။ တစ်လက်စထဲ အလှူနေ့က ကျေးဇူးစကား ပြောရန်ကျန်ခဲ့တဲ့ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းခဲ့ကြတဲ့ ကျွန်မတို့ရဲ့ ပြည်တွင်း+ပြည်ပ အလှူရှင်များကိုလည်း ဒီပို့စ်လေးကနေ ကျေးဇူးစကားဖြည့်စွက်လို့ ထပ်လောင်းပြောပါရစေရှင်။
ကျေးဇူးစကားပြောအပြီးမှာတော့ ကျွန်မတို့ရဲ့ ၀ါဆိုလပြည့်နေ့၊ ၀ါဆိုသင်္ကန်းကပ် အစီစဉ်လေးဟာ အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတော့တယ်။ အဖိုးအဖွားများနဲ့ အဖွဲ့သူ၊ အဖွဲ့သားများအားလုံးရဲ့ မျက်နှာ၊ စိတ်အဟုန်မှာလည်းပီတိတွေ ဝေေ၀ဖြာလို့..။
ကျွန်မတို့ရဲ့ Save The Aged အဖွဲ့လေးဟာ မျိုးစေ့မှန်ကန်လို့ အစို့လေး၊ အညှောင့်လေးကနေ တဆင့် အကိုင်းအခက်နု၊ အရွက်အလက်အနုလေးတွေ စတင်ထိုးထွက်လို့လာခဲ့ပါပြီ။ ၂၀၁၀ ခု၊ ဇန်န၀ါရီလ ၃ရက်နေ့က စတင်လို့ယနေ့အချိန်ထိ ကျွန်မတို့ရဲ့ မှတ်တိုင်လေးတွေကို မေတ္တာ၊ စေတနာ၊ ဂရုဏာတွေလွှမ်းခြုံနေတဲ့ အဖွဲ့သူ၊ အဖွဲ့သားများရဲ့ ညီညွတ်တဲ့ ပရဟိတစိတ်ဓာတ်များနဲ့ အရင်းတည်လို့ တစ်မှတ်တိုင်ပြီး တစ်မှတ်တိုင် ခိုင်ခိုင်မာမာ စိုက်ထူခဲ့ကြပါပြီ။ ဆက်လက်ပြီး ကျွန်မတို့ဟာ အခက်အလက်တွေ ဝေဖြာဖို့အတွက် ကျွန်မတို့ အဖွဲ့ဝင်တိုင်း ကိုယ်စီကိုယ်ငှ ကြိုးစားကြရပါဦးမယ်။ အားလုံးဟာ အလှူတစ်ခုပြီးမြောက်တိုင်း အားမာန်တွေထပ်မံရရှိကာ နောက်ထပ် နောက်ထပ်သော လှူဒါန်းမှု အစုစုအတွက် အဆင်သင့် အနေအထားနဲ့ ရှိနေကြမယ်ဆိုတာ ကျွန်မ ရဲရဲကြီးယုံကြည်မိပါတယ်ရှင်..။
ဒီပို့စ်လေးကို အဖွဲ့ရဲ့ဆိုက်ဖြစ်တဲ့ ဒီနေရာလေး မှာလည်း ၀င်ရောက်ဖတ်နိုင်ပါတယ်ရှင်။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
12 comments:
ချီးကျူးသာဓုခေါ်သွားပါတယ်အစ်မ.....။
ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို
ရှားမှရှားတဲ့ တကယ့် အဖွဲ့ဝင်တွေပါဘဲ
စေတနာသဒ္ဓါတရား အပြည့်နဲ့ လုပ်ဆောင်နေကြတာ
အတိုင်းသားတွေ့မြင်ရလို့ ကျေနပ်ပီတိဖြစ်ရလို့
ကိုယ်တိုင် လိုက်ပါဆောင်ရွက်ချင်တဲ့စိတ်ဆန္ဒတွေ တနင့်တပိုးနဲ့ပါဘဲ...
သိပ်ကို ချီးကျူးဖို့ကောင်းကြပါတယ်..
အဖွဲ့ဝင်များအားလုံး အားမာန်အပြည့်နဲ့ လူမှုရေး၊
ဘာသာ သာသနာအရေးတွေမှာ ဆောင်ရွက်နိုင်ကြပါစေ...
ပီတိများစွာဖြင့်
ညီမ ချော
Very nice site!
လှူဒါန်းမှု အစုစုနဲ့... ကုသိုလ်ကောင်းမှုအားလုံးအတွက် သာဓု ခေါ်သွားပါတယ်ဗျာ... ဓာတ်ပုံတွေ ကြည့်ရတာနဲ့တင်.. ဝမ်းသာ ပီတိ ဖြစ်ရပါတယ်။ အမတို့ရဲ့ Save the Aged အဖွဲ့လေးလည်း ဒီထက် မက လူမှု အကျိုးပြု လုပ်ငန်းများနှင့်တကွ.. ကုသိုလ်ကောင်းမှုများ များများ လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
ရင်ထဲမှာ ကြည်နူးမှု ၀မ်းမြောက်မှု များနှင့်အတူ
ထပ်တူ ကုသိုလ်တွေ ဖဲ့ယူသွားပါတယ်
သာဓုပါ ညီမရေ
အားအင်အပြည့်နဲ့စိတ်အားထက်သန်လှတဲ့အလှူတခုပြီးမြောက်သွားပြီမို့အဖွဲ့ဝင်အားလုံးလည်း
ကျေနပ်နေကြမှာပဲနော်..။ ပင်ပင်ပန်းပန်းနဲ့ချီတက်နေကြတဲ့အဖွဲ့ဝင်အားလုံးကိုလေးစားချီးကျူးမိပါတယ်.။
ဓါတ်ပုံလေးတွေကြည့်ပြီးတော့လည်းကုသိုလ်ပွားသွားရပါတယ်.။ အဖွဲ့ဝင်မောင်နှမတွေအားလုံးလည်း ကိုယ်စိတ်
နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေ...။
သာဓု..သာဓု..သာဓု..
ချစ်တဲ့
ညီမသဒ္ဓါ
ဘယ်အချိန် ဘယ်အခါပဲ ဖတ်ရ ကြည့်ရ မြင်ရ သိရတိုင်း ပီတီဖြစ်ရမြဲပါ
အဝေးက သာဓု ခေါ်နေတာနဲ့ အားမရနိုင်ပဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်အားဖြည့်ချင်ပါသေးတယ်
အဲဒီနေ့လေး အမြန်ဆုံးရောက်နိုင်ပါစေလို့ မျှော်လင့်လျှက်ပါ .....
အားလုံး ခံစားသိရှိနိုင်အောင် ဝေမျှပေးတာ ကျေးဇူးပါ အစ်မရေ။
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
မမရေ..
အတိုင်းအထက်အလွန်ပြည့်စုံတဲ့ ဖော်ကျူးမှုပါပဲ..ကျေးဇူးနော် မမ
ရေစက်မချခင် တောင်းခဲ့တဲ့ ဆုတောင်းလေး ဖြည့်ပေးပါလားဟင်...
ချစ်သော
ဇင်အိ
အမရေ..ဓါတ်ပုံတွေကြည့်ပြီးကြည်နူးသာဓုခေါ်သွားပါတယ်..
ခင်တဲ့ညီမ......Blackroze
ဓာတ်ပုံတွေ ကြည့်ရတာနဲ့တင်.. ဝမ်းသာ ပီတိ ဖြစ်ရပါတယ်.။စေတနာသဒ္ဓါတရား အပြည့်နဲ့ လုပ်ဆောင်နေကြတာ
အတိုင်းသားတွေ့မြင်ရလို့ ကျေနပ်ပီတိဖြစ်ရပါတယ်။ အတိုင်းအထက်အလွန်ပြည့်စုံတဲ့ ဖော်ကျူးမှုပါ။ ကြည့်ပြီးကြည်နူးသာဓုခေါ်သွားပါတယ်။
Every man is guilty of all the good he didn't do.
Post a Comment