
>>>...သံယောဇဉ်ဆိုတာ...<<<
သံယောဇဉ်ဆိုတာ... ဖြတ်ဖို့ခက်တဲ့ ပင်လယ်ရဲ့ဝိသေသ
သံယောဇဉ်ဆိုတာ... ကောင်းကင်ရဲ့ တိမ်မျှင်တစ်စ
သံယောဇဉ်ဆိုတာ... ပင့်ကူတစ်ကောင်ရဲ့ အသိုက်အမြုံ
သံယောဇဉ်ဆိုတာ... စွန်တစ်ခုရဲ့ရစ်ဘီး
သံယောဇဉ်ဆိုတာ... အိမ်တစ်လုံးရဲ့အမိုးအကာ
သံယောဇဉ်ဆိုတာ... ဦးခေါင်းတစ်လုံးရဲ့ဆံချည်ဆံထွေး
သံယောဇဉ်ဆိုတာ... မိသားစုရဲ့ နိဗ္ဗာန်
သံယောဇဉ်ဆိုတာ... တောတောင်တစ်ခုရဲ့စိမ်းလန်းရာ
သံယောဇဉ်ဆိုတာ... ဂိမာန်နွေရဲ့ရွက်ဝါတော
သံယောဇဉ်ဆိုတာ... ၀ဿ န်ဥတုရဲ့မိုးစက်မိုးပွင့်
သံယောဇဉ်ဆိုတာ... ဟေမာန်ဦးရဲ့နှင်းရည်နှင်းစက်
သံယောဇဉ်ဆိုတာ... ချစ်ခြင်းရဲ့နှလုံးသားရပ်ဝန်း
သံယောဇဉ်ဆိုတာ... အမှားပုစ္ဆာရဲ့နောင်တ တရား
သံယောဇဉ်ဆိုတာ... ဥပေက္ခာရဲ့ အမိုက်အမှောင်
သံယောဇဉ်ဆိုတာ... နားလည်မှုရဲ့ဝတ်မှုံဇာတိ
သံယောဇဉ်ဆိုတာ... ယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်
သံယောဇဉ်ဆိုတာ... သေခြင်းတရားရဲ့ဆန့်ကျင်ဘက်
သံယောဇဉ်ဆိုတာ...
ဘယ်သူ့ခံယူချက်နဲ့မှ အသက်မရှင်တဲ့
တသီးတခြား ပစ္စုပ္ပ န်ဘဝ
သံယောဇဉ်ဆိုတာ...
ငါအကြောက်လန့်ဆုံး တစ္ဆေတစ်ကောင်ပေါ့... ။
< ဇွဲလူ>
ကျွန်မက ကဗျာချစ်မက်သူတစ်ဦးပါ။ ကဗျာရေးသူတိုင်း၊ ကဗျာရေးနိုင်သူတိုင်းကို လေးစားအားကျမိပါတယ်။ ကျွန်မဆိုက်ထဲမှာ " ကဗျာ " ဆို Tag တခုခွဲပြီး ကိုယ်တိုင်ရေးကဗျာလေးတွေရော..၊ ကျွန်မနှစ်သက်တဲ့ နာမည်ကြီးသူ၊ မကြီးသူတို့ရဲ့ ကဗျာများကိုရော တင်ပေးခဲ့ပါတယ်။ ဒီကဗျာလေး ကလည်း ကျွန်မနှစ်သက်လွန်းလို့ အရင်ဆိုက်အဟောင်းလေးမှာ တင်ခဲ့ဘူးပါတယ်။ ဆိုက်ကလေး ပျက်သွားတော့ ကဗျာလေးသာ ကျွန်မ မှတ်စုထဲ မှာ လက်ခံကျန်ခဲ့ပါတယ်။ အတူတွဲ တင်ခဲ့တဲ့ ကျွန်မဖန်တီးရိုက်ထားတဲ့ ပုံလေးက လက်ခံမရှိတော့လေတော့ ဒီကဗျာလေးကို နှစ်သက် ရဲ့နဲ့ အခု ဆိုက်အသစ်မှာ မတင်ရပဲရှိနေတာပါ။ ဒီကဗျာလေးကို မဂ္ဂဇင်းထဲမှာ ဖတ်ခဲ့ရတော့ စာကြောင်းတိုင်းကို နှစ်ခြိုက်မိခဲ့တယ်။ သူနဲ့လိုက်ဖက်မယ့် ပုံလေးတွေ ၀က်ဘ်ဆိုက်မှာ ရှာခဲ့ပေမယ့် စိတ်ကြိုက်မရခဲ့ပါဘူး။ ဒါနဲ့ ကိုယ့်ဟာကိုယ် စိတ်ကူး၊ ခရီရိတ်လုပ်လို့ ဖန်တီးရိုက်ယူခဲ့တာပါ။ မနေ့က ကျွန်မစက်ကို ရှင်းရင်း ကံအားလျှော်စွာ ဒီပုံလေးပြန်တွေ့လိုက်လို့ ထခုန်မိမတတ် ၀မ်းသာသွားမိပါတယ်။ ဒါနဲ့ ချင်ချင်းပဲ ဒီနေ့မှာ ပြန်တင်ပေး လိုက်ပါတယ်။ မူရင်းကဗျာ ရေးသူကိုလည်း ကျေးဇူးစကား ဒီနေရာက ပြောလိုက်ပါတယ်ရှင်။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
10 comments:
သံယောဇဉ်ဆိုတာ…ငါအကြောက်လန့်ဆုံး တစ္ဆေတစ်ကောင်ပေါ့…တဲ့
ကဗျာရေးသူဘဲကြောက်တာ မဟုတ်ပါ
ဒီကလည်း ကြောက်ပါတယ်.ယုံဘူးလားး)
ကဗျာလေးနဲ့ ပုံလေးက လိုက်ဖက်လှတယ်
အိုင်ဒီယာကောင်းလိုက်တာ ... တော်လိုက်တဲ့ ချစ်အစ်မ
သံယောဇဉ်ကို ရောက်တုန်း ရောက်ခိုက် နွယ်သွားပါတယ်....
ရှင်းရှင်းလင်းလင်း ကဗျာလေးတွေဆိုတော့ အတွေးမများရဘဲ ရင်ထဲ တန်းရောက်ရလို့ သဘောကျတယ်။
သံယောဇဉ်... ငါလေ အပျက်ပျက်နဲ့ သွေးထွက်ခဲ့တယ် (မောင်မောင်ဇော်လတ်)
ဟုတ်တာပေါ့..
သံယောဇဉ်ဆိုတာ…
ငါအကြောက်လန့်ဆုံး တစ္ဆေတစ်ကောင်ပေါ့… ။
လေးဖြူရဲ့သံယောဇဉ်သီချင်းတောင်သတိရမိသေး။
ဖတ်ခွင့်ရတာကျေးဇူး..အမမြသွေး။
ခင်တဲ့
ခိုင်နုငယ်
သံယောဇဉ် .. သံယောဇဉ်.. တွယ်တာမိပြီဆိုရင် ဖြတ်ဖို့ အလွန်ခက်တဲ့သံယောဇဉ်နော်...
သံယောဇဉ်ဆိုတာ…
ငါအကြောက်လန့်ဆုံး တစ္ဆေတစ်ကောင်ပေါ့… ။ သိပ်ကြောက်ဖို့ကောင်းတဲ့.. တစ္ဆေတစ်ကောင်.. ပါပဲ..
အကြောက်လန့်ဆုံးဆိုပေမဲ့အမြဲထိတွေ့မိတဲ့အရာဟာလည်း`သံယောဇဉ်´ပါပဲ..။
ဝါဆိုလပြည့်နေ့ မမမြသွေးတို့ရဲ့အလှူအတွက် ဒီကနေ မှန်းပြီး သာဓုခေါ်မယ်နော်..။
ချစ်တဲ့
သဒ္ဓါ
သံယောဇဉ်ဆိုတာ ၃၁ဘုံ သံသရာကိုလည်စေတဲ့  ၀န်ရိုးတစ်ခုပေါ့ ဗျာ...
မင်္ဂလာပါဗျာ...
နှစ်သက်မိလို့ ဒုတိယအကြိမ် လာဖတ်ခဲ့ပါတယ်.....
အစ်မပြောတာ မှန်လိုက်တာ
သံယောဇဉ်ဆိုတာ သည်းခံနိုင်စွမ်းလည်းအပြည့်ရှိတယ် ....ပြီးတော့ နားလည်းတတ်ရင်းနဲ့ပဲ
တခါတခါ ရင်ဘတ်တွေနာကျင်ပေမယ့်လည်း ရုံးထွက်ဖို့တော်တော်ခက်တယ်နော်
ဒီကဗျာလေးကိုအ၇မ်းကြိုက်ပါတယ် ***အစ်မ***
အားပေးနေပါတယ်နော်
သံယောဇဉ် သံယောဇဉ် လူကို အရူးတစ်ပိုင်းဖြစ်စေတယ်ဆိုတဲ့ လေးဖြူ သီချင်းကို သွားသတိရမိတယ်။
သံယောဇဉ်က တခါတလေကျ ကိုယ့်ရဲ့ တိုးတက်လမ်းတွေကို ပိတ်စေခဲ့တယ် အမ ရေ။
Post a Comment