Wednesday, July 7, 2010

၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ရှုံးသူတို့ရဲ့မျက်နှာစာ


ဘောလုံးပွဲတွေကို ယောကျာ်းလေးများသာ ရူးရူးမူးမူး နှစ်သက်တာမဟုတ်ပဲ မိန်းကလေးတွေပါ နှစ်သက်လာကြတာကို သတိထားမိကြမှာပါ။ ကျွန်မ လည်း လိဂ်ပွဲတွေ၊ ကလပ်ပွဲတွေကို ရံဖန်ရံခါလောက်ပွဲဆူမှ ကြည့်ဖြစ်ပေမယ့် ၄နှစ်တစ်ကြိမ် ကြုံတောင့်ကြုံခဲ ကမ္ဘာဖလားပွဲကိုတော့ အလွတ် မခံပဲ ကြည့်ဖြစ်ခဲ့ပါတယ်။ ကျွန်မဟာ ဘောလုံးပွဲ ၀ါသနာကြီးသူ တစ်ယောက်မဟုတ်ပေမယ့် ဘောလုံးပွဲရဲ့ အသုံးအနှုန်းတွေနဲ့ စည်းမျဉ်းတွေနဲ့ ယဉ်ပါး သူတစ်ဦးဖြစ်ခဲ့ပြီး ဘောလုံးပွဲကပေးတဲ့ ရင်ခုန်ဖွယ် ထူးခြားတဲ့ရသကို စွဲမက်သူ မိန်းကလေးတွေထဲမှာတော့ တစ်ဦးအပါအ၀င်ပါ။ ဒီနှစ် ကမ္ဘာဖလားပွဲ မှာ ပွဲမစခင်ကထဲက ကျွန်မနှစ်သက်တဲ့ စပိန်အသင်းကို အားပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ကံအားလျှော်စွာ ကျွန်မအားပေးနေတဲ့ စပိန်အသင်းက အုပ်စုပွဲက နေ ကွာတားကိုကျော်ဖြတ်လို့ ၈.၇.၂၀၁၀နေ့မှာ ဂျာမဏီနဲ့ ကန်မယ့် ဆီမီး ဖိုင်နယ်အထိ တက်ရောက်လာလို့ အလွန်ပင် ၀မ်းသာမိခဲ့ရပါတယ်။ စပိန်အသင်းရဲ့ ရွှေခြေထောက်ပိုင်ရှင် ဒေးဗစ်ဗီလာဟာ ယခု ၂၀၁၀ ကမ္ဘာဖလားပွဲမှာ စုစုပေါင်း ဂိုး၅ဂိုး အများဆုံးသွင်းထားသူအဖြစ် အခုအချိန်ထိ စံချိန်တင်ထားခံ နေရသူပါ။



ကမ္ဘာ့ဖလားပြိုင်ပွဲကာလကို ရောက်ရင်ဖြင့် ကမ္ဘာပေါ်က လူသား သန်းထောင်ချီတို့ဟာ ကမ္ဘာ့ဖလားဝေဒနာစွဲကပ်ခြင်းခံကြရပြီး အပျော်လွန်သူတို့ ကပျော်၊ ၀မ်းနည်း ပက်လက် ပူဆွေးသူကဆွေးနဲ့ မအိပ်နိုင် မစားနိုင်ပဲ ကမ္ဘာ့ဖလားပွဲကိုက်ကြပါတော့တယ်။ ကျွန်မလည်း ပွဲစဉ်တော်တော်များများ ကြည့်အပြီးမှာတော့ ပို့စ်လေးတစ်ပုဒ် ရေးချင်လာမိပါတယ်။ ဒီပို့စ်လေး ရေးဖြစ်အောင် တွန်းအားပေးလာတာကတော့ အောင်ပန်းဆွတ်ခူး အနိုင်ရ သူတွေရဲ့ အောင်ပွဲတွေ ကြောင့်မဟုတ်ပဲ  ရှုံးနိမ့်ခဲ့ရသူတွေရဲ့ ကြေကွဲပဲ့တင်သံတွေကြောင့်ပါဘဲ။ ရှုံးသူတွေရဲ့ ကြေကွဲမှုတွေ၊ ရှုံးသူတွေရဲ့ ကြိမ်းဝါး သံတွေ၊ ရှုံးသူတွေရဲ့ မချိတင်ကဲရေရွတ်မှုတွေ၊ ရှုံးသူတွေရဲ့ မထိမ်းနိုင်တဲ့ မျက်ရည်တွေဟာ ဒီနှစ် ကမ္ဘာဖလားဖလားဘောလုံးပွဲကို ခတ်ပြင်းပြင်း လေး ရိုက်ခတ်သွားပါတယ်။ အရှုံးတွေကို စိတ်ဝင်စားတတ်တဲ့ မြသွေးနီတစ်ယောက် ရှုံးပွဲတွေကို ပြန်စဉ်းစားရင်း ပို့စ်လေး တစ်ပုဒ်လောက် ရေးချင် စိတ်ဖြစ်လာပါတယ်။ ဒါနဲ့ ဒီပို့စ်လေးကို နက်ဖြန် မနက်စောစောကန်မယ့် ဥရုဂွေးနဲ့ နယ်သာလန်ရဲ့ ဆီမီးဖိုင်နယ်ပွဲကို ကြည့်ဖို့ စောင့်နေရင်း ရေး လိုက်မိပါတယ်။



............................0............................





အာဂျင်တီးနားနဲ့ မာရာဒိုနာ။ မာရာဒိုနာနဲ့ အာဂျင်တီးနား ခွဲခြားလို့မရ တစ်သားထဲမြင်ခဲ့ကြရတာပါ။ ဒီနှစ်မှာတော့ ကမ္ဘာ့ဖလားကို အရယူမယ်။ ရခဲ့ရင် အ၀တ်မဲ့ ခန္ဓာကိုယ်နဲ့ လမ်းပေါ်မှာပြေးမယ်လို့ လွန်လွန်ကျုးကျူးကြွေးကြော်ထားတဲ့ မာရာဒိုနာက ဂျာမဏီကို ၄ဂိုးပြတ်ရှုံးနိမ့်လို့ ပွဲစဉ်က ထွက်လိုက်ရချိန်မှာ … “ အာဂျင်တီးနားပြည်သူတွေ ကြေကွဲနေသလိုမျိုး ကျွန်တော်လည်း ကြေကွဲနေပါတယ်။ ပွဲသိမ်းခရာအမှုတ်မှာ အာဂျင်တီးနား ရှုံးပြီဆိုတာ လက်ခံလိုက်ရတယ်။ အာဂျင်တီးနား မဟုတ်သူတွေက အောင်ပွဲခံနေကြတယ်။ ဒါကို ထိုင်ကြည့်နေရတာ အလွန်ခက်ခဲ လှပါတယ်။ နည်းပြရာထူးက ထွက်သင့်မသင့်ကို စဉ်းစားရမယ့် အချိန်ရောက်လာပါပြီ။ သံယောဇဉ်ရှိလှတဲ့ အသင်းကို ထားခဲ့ဖို့ဆိုတာ လွယ်မှ မလွယ်တာဗျာ ” ..တဲ့။ သူ့ရဲ့ ယုံကြည်မှုလွန်ကဲခြင်းတွေက သူ့ရဲ့ အရှုံးကို ပိုလို့အရောင်တင်ပေးနေသလို..။



ဘရာဇီးရဲ့ တိုက်စစ်မှူး ရိုနယ်ဒိုကတော့ နယ်သာလန်ကို ရှုးံနိမ့်ပြီး ပွဲကထွက်ခွာခဲ့ရတဲ့ ဘရာဇီးအသင်းက အနီကဒ်အပြခံခဲ့ရတဲ့ မယ်လိုကို စိတ်ပူနေ ရှာပါတယ်။ လောလောဆည် သူ မွေးရပ်မြေ ဘရာဇီးကို ပြန်မလာသေးတာဟာ သူ့အသက်အတွက် လုံခြုံမှုပိုရှိလိမ့်မယ်တဲ့..။ ကိုလံဘီယာက ကစား သမားတစ်ယောက် ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့  ပြည်တော် အပြန် လုပ်ကြံခံခဲ့ဘူးတာကို မှတ်မိလိုက်တယ်။ စာနာစိတ်ကင်းမဲ့သူတွေရဲ့ ဆိုးရွားတဲ့ ကြိုဆိုမှုတွေက အရှုံးသမားတွေကို ကြေကွဲစိတ်တွေကို မီးလောင်ရာလေပင့်နေသလိုပါဘဲ။ ဘရာဇီးရဲ့ နည်းပြ ဒွန်ဂါကတော့ “ တကယ်ပဲ ကျွန်တော် တို့ ကြေကွဲဝမ်းနည်းခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ သူတို့ကစားပုံကို ကျွန်တော်တို့ မမှီခဲ့ပါဘူး။ ဒီလိုအရှုံးကို မမျှော်လင့်ထားပါဘူး..။ ကျွန်တော် အကောင်းဆုံးလုပ်ခဲ့ပါတယ်..။ သူတို့တကယ်ကောင်းခဲ့တာပါ ” လို့ မုဒိတာစကားပြောခဲ့ပြီး အရှုံးကို ကျေကျေနပ်နပ်ခံယူသွားသူပါ။



၁၆သင်းရှုံးထွက်ပွဲစဉ်မှာ ပါရာဂွေးကို ပယ်နယ်တီလွဲကာ (၅-၃) နဲ့ ရှုံးနိမ့်ထွက်ခဲ့ရတဲ့ ဂျပန်က  ကျောနံပါတ် (၃) ကိုမာနိုရဲ့ အိမ်အပြန်ကို ၀ါကာရာမာခရိုင်မြို့တော်ဝန် က ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်မယ်လို့ သိရပါတယ်။ မြို့တော်ဝန်က “ သူဟာ ပယ်နယ်တီ လွဲချော်ခဲ့တာ မှန်ပေမယ့် ကျွန်တော်တို့ ဒေသခံလူထု ကို အိပ်မက်နဲ့ စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်ခဲ့သူပါ။ အသင်းမှာ အကောင်းဆုံးပါဝင် ကစားခဲ့သလို ပထမဆုံးအကြိမ် ၁၆သင်းအဆင့်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့လို့ ရှုံးနိမ့်ရပေမယ့်  ထိုက်တန်စွာ ချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်ရတာပါ” ။ ကိုမာနို ကိုယ်တိုင်ကလည်း ရှုံးပွဲအတွက် ကွင်းထဲမှာပင် ရှိုက်ကြီးတငင် ငိုကြွေးခဲ့ပြီး သူ့ကို အသင်းတာဝန်ရှိသူများနဲ့ ကစားဖော်များက ၀ိုင်းဝန်းဖေးမ ဖြောင့်ဖျခဲ့ကြပါတယ်။ “ ပယ်နယ်တီ လွဲချော်ပြီးချိန်မှာ ကျွန်တော့် စိတ်ဓာတ်က သုညအမှတ်ထိ ကျဆင်းသွားတယ်။ ကျွန်တော့်ကို အဖော်တွေအားလုံးက ၀ိုင်းဖြောင်းဖျလို့ အရှုံးကို ရင်ဆိုင်လာ နိုင်တာပါ” ..လို့ပြောပြတယ်။ နွေးထွေးတဲ့ ပတ်ဝန်းကျင်ရဲ့ စာနာမှုနဲ့ နားလည်ပေးခြင်းက အားမာန်တွေ တစ်ဖန်ပြန်လည် ရလာနိုင်စေပါတယ်။




အသင်းကို ၂၀၀၇ခုနှစ်ထဲက စတင်ကိုင်တွယ်ခဲ့တဲ့ တောင်ကိုရီးယားအသင်းရဲ့ နည်းပြ အသက် ၅၅နှစ်အရွယ် ဟူဂျန်မိုကတော့ သူ့အသင်းကို ၁၆သင်းအဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ဥရုဂွေးကို ၂ဂိုး၁ဂိုးနဲ့ ရှုံးနိမ့်ပြီးချိန်မှာ ရာထူးကနှုတ်ထွက်ကြောင်း မီဒီယာတွေကို အသိပေးခဲ့ပါတယ်။ “ လာရာလမ်းအတိုင်း ပြန်သွားဖို့ ဆန္ဒရှိလို့ နှုတ်ထွက်ခဲ့ရတာပါ။ လူတိုင်းက အနာဂတ်အတွက် ပြင်ဆင်ရပြီး ကျွန်တော်လည်း ကိုယ့်ရဲ့အနာဂတ် ပြင်ဆင်ဖို့ အချိန်တန်လို့ ခုလိုနှုတ်ထွက်ရတာပါ။ ကျွန်တော် အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ထင်ပါတယ်” လို့ ပြောခဲ့တာက သံဝေဂရဖွယ်ပါ။





၁၆သင်းအဆင့်မှာ ဘရာဇီးကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရပေမယ့် ချီလီလက်ရွေးစင် အသင်းရဲ့ ပြည်တော်ပြန် ခရီးကို သမ္မတကြီး ပီယာနီနှင့်တကွ ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုကာ သမ္မတရဲ့ နန်းတော်မှာ ဂုဏ်ပြု ဧည့်ခံခဲ့ကြပါတယ်။ ၁၉၆၂ ခုနှစ်၊ ချီလီမှာ အိမ်ရှင်နိုင်ငံပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလားပွဲမှာ ချီလီအသင်းက တတိယဆု ရရှိခဲ့ဖူးပြီးသားပါ။ အောင်ပွဲရခဲ့ဖူးပေမယ့် အရှုံးကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခြင်းဖြင့် ရှုံးသူတွေရဲ့ စိတ်ဓာတ်ခွန်အားတွေကို အကောင်းဆုံး ရောက်အောင် တစ်ဖန်ပြန်လည် တည်ဆောက်ပေးလိုက်တာ ကြည်နူးစရာပါဘဲ။


ကျွန်မဖတ်ထားဖူးတာတစ်ခုမှာတော့ ၁၉၃၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဗိုလ်လုပွဲမှာ (၄-၂)နဲ့ အီတလီကို ရှုံးခဲ့ရတဲ့ ဟန်ဂရေရီက ဂိုးသမားက “ ငါ့ဘ၀မှာ အခုလို အရှုံးအတွက် ဂုဏ်ယူမိတဲ့ ဖီလင်မျိုး တစ်ခါမှမရခဲ့ဘူး ” လို့ သူ့ကစားဖော်တွေကိုပြောပြတော့ အားလုံးက နားမလည်နိုင်ကြ ဘူးတဲ့။ သူကဆက်ပြောတယ် “ ငါ .. လူ ၁၁ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်လိုက်တယ်လေ ”တဲ့။ ဟုတ်ပါတယ် ။ ဗိုလ်လုပွဲ ကျင်းပကာနီး နာရီပိုင်းအလိုမှာ စစ်ဗိုလ်ချုပ်ကြီး မူဆိုလိုနီက သူ့ကစားသမားတွေကို ကြေးနန်းတစ်စောင် ပို့ပေးခဲ့တယ်။ ကြေးနန်းမှာရေးထားတာက “ Win Or Die”.




............................0............................




ပြိုင်ပွဲဆိုရင် အားကစားပွဲတွေမှ မဟုတ်ပါဘူး။ စာမေးပွဲတွေပဲဖြစ်ဖြစ်၊ တခြားဘယ်လို ယှဉ်ပြိုင်ပွဲမျိုး တွေပဲဖြစ်ဖြစ်၊ ပုထုဇဉ်ဆိုတာမျိုးက ယှဉ်ပြိုင်ရင် အနိုင်ရချင်ကြသူချည်းပါဘဲ။  အနိုင်မရချင်သူဆိုတာ မရှိပါဘူး။ ဒါကလည်း သဘာဝကျပါတယ်။ ဒါပေမယ့် ယှဉ်ပြိုင်တိုင်း အနိုင်ရကြဖို့ အရေးကြီး သလို ရှုံးနိမ့် လာချိန်မှာလည်း အရှုံးကို မှန်မှန်ကန်ကန်နဲ့ ကျေကျေနပ်နပ် လက်ခံနိုင်ဖို့ကလည်း အလွန် အရေးကြီးလှတယ်လို့ထင်မိပါတယ်။ ငါတို့ အနိုင်ရအောင် ကြိုးစားရမယ်လို့ ကြွေးကျော်ထားသလို ငါတို့ ရှုံးများ ရှုံးနိမ့်ခဲ့ရင် အရှုံးကို ဘယ်လိုရင်ဆိုင်ကြမလည်းဆိုတာကိုလည်း ကြိုတင် ပြင်ဆင် ထားသင့်ပါတယ်။


မှတ်မှတ်ရရ ကျွန်မ တက္ကသိုလ် ပထမနှစ်က စာမေးပွဲကျရှုံးတဲ့ အရသာကို တစ်ပါတ်လောက် လူးလူးလှိမ့်လှိမ့် ခံစားခဲ့ရဘူးပါတယ်။ ကျွန်မတစ်သက် စာမေးပွဲတစ်ခါမှ မကျရှုံးခဲ့ဖူးပါဘူး။ အောင်ရင်လည်း အမြဲ ထူးထူးချွန်ချွန်နဲ့ အောင်မြင်နေကြမို့ အရှုံးရဲ့ အရသာဆိုတာ ဘယ်လိုနေ မယ်လို့ တစ်ခါ မှ မြည်းစမ်းခွင့်မကြုံခဲ့ပါဘူး။ အောင်စာရင်းကြည့်ချိန်မှာ ကိုယ့်နာမည် မပါလာလို့ ရလိုက်တဲ့ ခံစားချက်က အလူးအလှိမ့်ပါဘဲ။ မမျှော်လင့် ထားတဲ့ အတွက် ရလာတဲ့ အရှုံးက ခါးသီး စူးရှလွန်းလှပါတယ်။ အိမ်ထဲက အိမ်ပြင်မထွက်ရဲ၊ ကျောင်းလည်း ပြန်မတက်ရဲနဲ့ အရှက်တောထဲ နစ်မွန်းပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်ဝမ်းနည်း ကြေကွဲခဲ့ရဘူးပါတယ်။ တစ်ပါတ်နေလို့ နောက်ဆက်တွဲ အောင်စာရင်းတွေထွက်လို့ ကိုယ့်နာမည်ပါလာမှ ကျောင်းလခ ဘယ်လိုကနေ ဘယ်လို တစ်လစာ သွင်းဖို့ မေ့ကျန်နေခဲ့လည်းမသိ၊ ထွက်ထွက်ချင်း အောင်စာရင်းမှာမပါဘဲ နောက်ဆက်တွဲ ဆပ်ပလီ ကြွေးကျန် စာရင်းနဲ့ ဂုဏ်ထူး၂ဘာသာနဲ့ အောင်စာရင်းထွက်ခဲ့ရလို့ ငိုရ ရယ်ရအခက် ကြုံခဲ့ရဘူးပါတယ်။ ဒါက ကျွန်မကိုယ်တွေ့ အရှုံးတစ်ခုကို ခါးသီးစွာ ရင်ဆိုင်ခဲ့ရတာပါ။


အရှုံးဆိုတာမျိုးကလဲ ကိုယ်တိုင်အရှုံးကို ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံရှိသူတွေက  သူတစ်ပါးရဲ့ အရှုံးကို ပိုလို့ စာနာနားလည် ပေးတတ်မယ်ထင် ပါတယ်။ ဆန့်ကျင်ဖက် ပြန်တွေးကြည့်မိပြန် တော့လည်း အနိုင်အမြဲရနေသူတွေက သူတို့ရဲ့ ကောင်းမွန်ခဲ့တဲ့အစဉ်အလာ၊ သူတို့ရဲ့ ယုံကြည်မှု လွန်ကဲတဲ့ အတ္တကြောင့် မကြာခဏ အရှုံးတွေကိုရနေသူတွေထက် အရှုံးကို ရင်ဆိုင်ရမှာ ပိုလို့တောင် စိုးရွံ့နေကြမလားလို့ တွေးမိပါတယ်။ အောင်ပွဲ တွေဆက်တိုက်ရခဲ့တာ ဒီတစ်ကြိမ်ရှုံးတာလေးလောက် နဲ့များ မမှုရေးချ မမှုလို့ မာန်တင်း ဟန်တင်းပြောနေပေမယ့် သူတို့ရဲ့ အရှုံးက အဖတ် ပြန်ဆည်လို့ မရတော့ပါဘူး။ ဒီလို လူမျိုးတွေကတော့ ရလာတဲ့ အရှုံးတွေကြောင့် နလံမထူ နိုင်အောင် ဗုန်းဗုန်း လဲကျသွားတတ်ပါတယ်။


ရှုံးနိမ့်နေသူတွေကို ရေနစ်ရာ ၀ါးကူထိုးမယ့်အစား အရှုံးကြောင့် ကြေကွဲနေသူတို့ရဲ့ အရှုံးကို ရင်ဖွင့်စာနာပေးဖို့ လိုအပ်လှပါတယ်။ သူတို့ကို နွေးထွေးစွာ ဖေးမပေးရပါ့မယ်။ သူတို့မှာ ထွက်ပေါက်ရှိသင့်ပါတယ်။ သူတို့ကို နောက်ထပ်တစ်ကြိမ် ထပ်မံ အခွင့်အရေးတွေရလာအောင် ဖန်တီး ပေးရပါမယ်။ အရှုံးတွေကနေပဲ ပြန်လည် အားမာန်တွေရ အောင်ပွဲတွေတည်ဆောက် နိုင်တယ်ဆိုတာ၊ အရှုံးတွေရဲ့ ဇစ်မြစ်ကို  ရှုံးသူတွေ သေချာ သိနားလည်ရင် အနာဂတ်ရဲ့ အောင်ပွဲတွေက လက်တစ်ကမ်းမှာ ရောင်နီနဲ့အတူ စောင့်ကြိုနေကြ မုချမလွဲပါ။



ဒီပို့စ်လေးရေးအပြီး နယ်သာလန်နဲ့ ဥရုဂွေးရဲ့  အကြိုဗိုလ်လုပွဲ အပြီးမှာတော့ နယ်သာလန် က  ဥရုဂွေးကို  (၃ -၂ ) နဲ့ အနိုင်ရကာ ဗိုလ်လုပွဲကြီးကို တက်ရောက်သွားခဲ့ပါပြီ။ နက်ဖြန် စိတ်လှုပ်ရှား ဖွယ်ရာ အလွန်ကောင်းမယ့် စပိန်နဲ့ ဂျာမဏီ ပွဲအပြီးမှာ ကမ္ဘာ့ဖလားကြီးကို ဘယ်သူက ဆွတ်ခူးရ ယူလို့ ဘယ်သူက ရှုံးပွဲအတွက် မချိတင်ကဲ ကြေကွဲရဦးမလဲဆိုတာ………။



ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

မြသွေးနီ

11 comments:

ဖိုးသောကြာ said...

အစ်မတော်ရေ..

ကြာကြာ ကိုလေ သူတိုတွေပေါ့..အင်္ဂလန် ... ဘရာဇီး...အာဂျင်တီးနား တို့ နှိပ်စက်လိုက်တာပြောမနေပါတယ်.. စိတ်လည်းပန်း...အိပ်ရေးပျက်လို လူ လည်းပြိုင်း...အခုတော့ ကြာကြာ တစ်ယောက် စားစရာရှိလို ရေသောက် ဗိုက်မှောက်နေရပြီး..ဟီး.... ဟီး

လက်ကျန်အသင်း ဂျာမဏီး ကို ပဲ မျှော်လင့်နေရတယ်....

သဒ္ဓါလှိုင်း said...

အရှုံးကိုလက်ခံဖို့ဆိုတာ အခက်ခဲဆုံးအရာပါ..။ ဒါကြောင့်အရှုံးကိုရဲရဲရင့်ရင့်လက်ခံနိုင်ပြီး စိတ်ဓါတ်ထက်သန်စွာနဲ့
ပြန်လည်လို့တဖန်ကြိုးစားအားထုတ်သင့်ပါတယ်..။အရေးကြီ်းတာကစိတ်ဓါတ်ခိုင်မာဖို့ပါ..။ဘယ်သောအခါမှ နိုင်နေတဲ့သူ
်ဖြစ်မှာမဟုတ်သလို အမြဲရှုံးနေမဲ့သူလည်း မဖြစ်နိုင်ပါဘူး..။


ခင်တဲ့
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကမ္ဘာ့ဖလားမှာ အကြီးအကျယ် ရှုံးကြသူတွေက ဘောလုံးကန်တဲ့သူတွေလည်း မဟုတ်
နည်းပြတွေလဲမဟုတ်ဘဲ.. လောင်းကြတဲ့သူတွေသာဖြစ်လိမ့်မယ်..
ကစားတဲ့သူတွေက ဘ၀မပျက်ဘူး.. လောင်းကြေး မြင့်မြင့်လောင်းလို့ ရှုံးသူတွေကသာ ဘ၀ပျက်ကြတာ တွေ့ဖူးတယ်..
ဘယ်သူဘာပြောပြော စပိန်ကွ...
ညပွဲကို ထမင်းမစားဘဲ အားပေးမယ် စပိန်နိုင်မှ ထမင်းစားမယ်
ရှုံးရင် မစားတော့ဘူး .. ဟိဟိ
ဒါလဲ လောင်းကြေးတစ်မျိုးဘဲထင်ရဲ့..း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဗီလာကွ..
ဒီည ဂိုးများများ သွင်းနိုင်ရင် အိမ်အပြန် ပန်းကုံးလေးနဲ့ကြိုနေမယ်..း)
ကာစီလက်ကတော့ တစ်ဂိုးမှ မလွတ်တမ်းဖမ်းနိုင်ရင် အိမ်အပြန် ထမင်းဝိုင်းလေးနဲ့ကြိုနေမယ်..း)

ဇော်သိင်္ခ said...

ကျွန်တော်ကတော့ ဂျာမဏီရော စပိန်ရော နှစ်သင်းစလုံး ကြိုက်တာ ဆိုတော့နှစ်သင်း လုံး အားပေးမယ်ဗျာ.. ဘယ်အသင်းနိုင်နိုင် ဟော် လန်က ရော်ဘင် တို့ စနိုက်တာ တို့နဲ့ တော့ တွေ့ကြသေးတာပေါ့ဗျာ..... :)

minyarzar said...

Failure teaches success.

Sometimes the best gain is to lose.

zymo said...

ယောက်ျားရင့်မ ကြီးတွေ မျက်ရည်ကျတာ မြင်ရတာ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ဘဲ...ဘာပဲဖြစ်ဖြစ် ဒီနေ့ စပိန် အပြုံးကို မြင်ချင်တယ်...(ကမ္ဘာ့အကောင်းဆုံး ဂျာမနီ counter မမိပါစေနဲ့ဘဲ ဆုတောင်းရမှာဘဲ..နိုင်မှာပါ..စပိန်..စပိန် ..စပိန်..

oburma said...

မရှုံးတဲ့အသင်းက..နိုင်မယ်ထင်တာဘဲ...
ဘယ်..အသင်းပဲနိုင်နိုင်..ကျွန်တော်ကတော့အားပေးတယ်..
ဘောလုံးကလုံးနေတာဆိုတော့..ပြောရခက်တယ်နော်..
ဘောလုံး..အကြောင်းလေးရေးထားတာ..အရမ်းကောင်းတယ်...

မောင်လေး said...

ကြိုက်တဲ့အသင်းတွေ အကုန်ထွက်သွားပြီဆိုတော့ စပိန် ကိုပဲ သိပ်မကြိုက်လှပေမယ့် အားပေးရတော့မယ်ဗျို့။
ဂျာမဏီကို သောက်မြင်ကပ်(သူ့ကြောင့် အင်္ဂလန်နဲ့ အာဂျင်တီးနား တိုထွက်ခဲ့ရတာကိုးဗျ)တာလဲ တကြောင်းပေါ့။
ပို့စ်လေးကမိုက်တယ်။

တန်ခူး said...

အမယ် ဂျာမဏီကို အင်္ဂလန်ကြောင့်တော့ အမြင်မကပ်ပါနဲ့ ဟာ သူတို့ ညံ့လွန်းလို့. တယောက်ချင်း ဖောက်ပြီး အစွမ်းပြချင်လွန်းလို့ . team work မရှိလို့ ရူံးခဲ့ရတာပါ .အာဂျင်ကိုလည်း အရမ်းကြိုက်ပါတယ် ဒါပေမယ့် သူတို့ က တဖက်အသင်းကို လျှော့တွက်လို့ ရူံးခဲ့၇တာပါ. စပိန်မှာ ဒေးဗစ်ဗီလာ နဲ့ တောရက်စ် တို့လို့ ဂိုးပေါက်မလွဲကန်တတ်တဲ့ နံမည်ကြီးတွေ ရှိလို့ သဘောကျပေမယ့် ဂျာမဏီလို လူငယ်ကစားသမားတွေနဲ့ စုစုစည်းစည်း ကစားတတ်တဲ့ အသင်းမျိုးက ပိုပြီးအားပေးဖို့ ကောင်းပါတယ် .. ကလိုဆေးတယောက် 2ဂိုးထပ်သွင်းပြီး မာရာဒိုနာ စံချိန်ချိုးမလား ပိုလောစကီးတယောက် ပဲ ဂိုးတွေသွင်းပေးဥိးမလားဆိုတော့ ဒီညတော့ စိတ်လူပ်ရှားစွာနဲ့ စောင့်ကြည့်ရတော့မှာပဲ.. ဒါပေမယ့် အဲဒီ ဂျွန်စတုံးတီထွင်ထားတဲ့ ဂျာဘူလာနီ ဘောလုံးက လှည့်စားတတ်တော့ ..........ဟင်းးးးး...

shwezinu said...

မမြသွေးရေ ဘာဘဲပြောပြော ရွှေစင်ဦးကတော့ စပိန် ကိုဘဲ ဒီနေ့ ညအားပေးမယ်

Post a Comment