
ကျွန်မဒီရက်ပိုင်း အတွေးရေယာဉ်ကြောမှာ နစ်မြောနေတဲ့ အချိန်တွေ အရမ်းများလို့နေတယ်။
အတွေးတွေ ပွားနေမိတယ်ဆိုရင် မမှားပါဘူး။ အလုပ်ကလည်း ဒီရက်ပိုင်းမှာ ပိနေလေပြန်တော့ စာရေးချင်စိတ်ရှိနေ ပေမယ့် စာရေးဖို့ အချိန်ကို လုံးဝကိုမှ မရှိခဲ့ရတာ။ အိမ်မှာ ပိတ်ရက်လေး ရေးမယ်ဆို အားယူပြန်တော့လည်း စာတွေက တစ်လုံးမှချရေးလို့မရ။ အဲ့ဒီလိုသာ ချရေးလို့မရတယ် အတွေးထဲမှာ အလကားရတိုင်း၊ ဖြစ်ခဲ့တာတွေ၊ ဖြစ်နေတာတွေ၊ နောက် ဖြစ်ချင်တာတွေကို တွေးနေမိလိုက်တာ အတောမသတ်နိုင်အောင်ပါဘဲ။ အတွေးတွေဗလပွနဲ့ ဒီရက်ပိုင်းမှာ နှစ်ပါး သွားနေရသူ မြသွေးနီပါ။
အတွေးတွေက ကျွန်မကို ဟိုး.. လွန်ခဲ့တဲ့ ၁၀နှစ်ကျော် ၁၅နှစ်စွန်းစွန်း အတိတ်ကာလတွေစီကို ဆွဲငင်ခေါ်ယူသွားပါတယ်။ ကျွန်မရဲ့ အတိတ်ကာလ တွေဟာ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေလို့ ထင်မိရင် မှားပါလိမ့်မယ်။ အဲ့ဒီတုန်းက ကျွန်မရဲ့ ကမ္ဘာလေးက သေးသေးကျဉ်းကျဉ်းလေးပါ။ အတိတ်ကာလတွေမှာ ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေ ထိုက်သင့် သလောက် ရရှိခဲ့ရပေမယ့် တကယ်တမ်း မြသွေးနီ ပိုင်ဆိုင်ခဲ့ရတာတွေ၊ ရင်းနှီးမြုပ်နှံခဲ့ရတာတွေက အရှုံးတွေ၊ နာကြည်းမှု တွေ၊ သင်ခန်းစာတွေ၊ အမုန်းတရားတွေ၊ ကြေကွဲမျက်ရည်စတွေ၊ ဆို့နစ်အလွမ်းတွေနဲ။့ လူတွေ အားလုံးရဲ့ အလယ်မှာ နေနေရင်းက ဘ၀ရဲ့ အထီးကျန်မှုတွေကို တစ်ပွေ့တစ်ပိုက်ကြီး အပြုံးမပျက် လက်ခံရယူနေရပြီး တိုးတိတ်ကြေကွဲနေရချိန် ပမာဏတွေက ပိုလို့ များခဲ့ရပါတယ်။ ကျွန်မ လူတွေကြားထဲမှာ လူအများနဲ့ အတူတူ နေနေလျှက်ကနေ အထီးကျန်ဆန်ခဲ့ရဘူးတယ်။ ဟန်ဆောင်ကောင်းတယ် လို့ ဆိုချင်ဆို ပြင်ပမှာ အူလှိုက် သည်း လှိုက်ရယ်မောနေလျှက်က ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ငိုကြွေးနေခဲ့ရဘူးတယ်။ ဦးခေါင်းကိုမော့လို့ ရင်ကိုကော့လို့ မာန်တင်းထားရပေမယ့် စိတ်ဓာတ်တွေက ခြေဖ၀ါးအောက်ထိတိုင် ပြားပြားဝပ်ခဲ့ဘူးတယ်။ အားနာစိတ်၊ သနားစိတ်၊ အလျှော့ပေးလိုစိတ်တွေကို အခြေခံထားတဲ့ ဆန့်ကျင်ဘက်စိတ် ခံစားမှုတွေရဲ့ လှိုင်းလုံးတွေ ရဲ့ ပြင်းပြင်းထန်ထန် ရိုက်ခတ်ချက်တွေ ကို စိတ်ရော၊ လူပါ ခံခဲ့ရဘူးတယ်။ အဲ့ဒီအချိန်တွေဟာ ဘ၀ရဲ့ မမေ့ပျောက်နိုင် ဆုံးဆိုတဲ့ ကာလ အပိုင်းအခြားတွေလို့ ပြောလို့ရသလို တစ်ချိန်ထဲမှာပဲ ပစ္စုပ္ပန်ရပ်တည်မှု အတွက် ဒေါက်တိုင်တွေ၊ တွန်းအားတွေ၊ အားမာန်တွေကို အဲ့ဒီ အတိတ်ကာလ တွေဆီကနေ ရယူခဲ့ရပြန်ပါတယ်။ အတိတ် ဆိုတာတွေက ခါးသီးလွန်းတယ်ဆိုပေမယ့် မေ့လျှော့ပစ်ဖို့ မကြိုးစားချင်မိပါဘူး။ ခါးသီးမှု့တွေထဲမှာပဲ မေ့ပျောက်မရတဲ့ ချိုမြိန်မှုတွေက ရှိနေခဲ့တယ်လေ။
ဒီလိုနဲ့ ကျွန်မရဲ့ အတွေးတွေက အတိတ်ကနေ ပစ္စုပ္ပန်ကာလတွေဆီကို ကူးလာခဲ့ပြန်တယ်။ အတိတ်တွေကို တဖြေးဖြေး စွန့်ခွာရင်းက ပစ္စုပ္ပန်ကာလတွေမှာ အသားတကျ ပျော်ဝင်ရှင်သန် လာမိပြန်တယ်။ ပစ္စုပ္ပန်နဲ့ ကျွန်မဟာ စစချင်း မှာ အသားတကျ မဖြစ်ပေမယ့် ရှင်သန်မှု အ၀၀ အတွက် သင်ယူရင်း ရုန်းကန်ရပ်တည်နေရတာကိုက ကျွန်မ အတွက် အသက်ရှူနှုန်းတွေ စည်းချက်မှန်မှန် ညီနေခဲ့တယ်။ ပစ္စုပ္ပန်ကာလတွေကို လှပစွာ ပုံဖော် ထုဆစ်မိပြန်တယ်။ ငုံ့လျိုးနေတဲ့ မာနတွေက ပြည့်ပြည့်၀၀ ပံ့ပိုးပေးတယ်။ ရှုံးနိမ့်ခဲ့ရတဲ့ အားမာန်တွေက နေ့သစ်တွေရဲ့ ခြေလှမ်း တွေကို မွေးဖွားပေးပြန် တယ်။ ကြေကွဲမှုတွေကို ဖြူစင်မေတ္တာတွေနဲ့ ခြယ်မှုန်းခဲ့တယ်။ ရယ်ရင်လည်း လိပ်ပြာသန့်စွာ ရယ်မောလာနိုင်တယ်။ ငိုရင်လည်း နောက်ကြောင်းအေးစွာ ငိုကြွေးလာနိုင်ခဲ့တယ်။ ဘ၀ဟာ တဖန်ပြန်လည် ရုပ်လုံးကြွလာခဲ့တယ်။ ပစ္စုပ္ပန်ကာလမှာတော့ ဘ၀ရဲ့ ထူးခြားတဲ့ ဖြစ်စဉ်တွေကို ဖြတ်သန်းရင်း သင်ယူခွင့်ရလာ တယ်။ တဖြေးဖြေးနဲ့ ချစ်ခြင်းတရား၊ ယုံကြည်မှု၊ နားလည်ခြင်း၊ ကံတရား၊ မုဒိတာနဲ့ ဥပေက္ခာ စတဲ့ စကားလုံးတွေရဲ့ အနက် အဓိပ္ပါယ်ကို ကျွန်မ တဖြေးဖြေးနဲ့ နားလည် သိကျွမ်းဝင်ခွင့်ရလာတယ်။ ကျွန်မရဲ့ ကမ္ဘာလေးဟာ ကျွန်မကိုယ်တိုင် ချဲ့ထွင်ရင်းနဲ့ ဘာသာ မသိလိုက်ခင်မှာပဲ တဖြေးဖြေးနဲ့ ကျယ်ဝန်းလာခဲ့တယ်။ ပစ္စုပ္ပန်ကာလတွေက ကျွန်မကို ပျော်ရွှင် လွမ်းမောဖွယ်ဖြစ်အောင် အငိုက်ဖမ်း ကြည်ဆယ်နေပြန်သေးတယ်။
ပစ္စုပ္ပန်ကာလနဲ့ဆက်စပ်တွေးမိပြန်တော့ ရှေ့ဆက်ရမယ့်လမ်း အနာဂတ်ခရီးကို ဆက်စပ်ပြီး စဉ်းစားမိနေပြန်ရော။ ကျွန်မက ရည်ရွယ်ချက်တွေ၊ စီမံကိန်းတွေ ဘယ်တော့မှ ချပြီးလုပ်ခဲ့သူ မဟုတ်လေတော့ ကျွန်မရဲ့အနာဂတ်က တွေးကြည့်တဲ့ အခါမှာ ပြတ်သားကြည်လင်မှု မရှိတာတွေ့ရပြန်တယ်။ ကျွန်မဟာ ပုထုစဉ်ပီပီ လောဘစိတ် ရှိတတ်ပေမယ့် ကျွန်မရဲ့ Life Plan အတွက် ကျွန်မရဲ့ လောဘစိတ်က နည်းနည်းရယ်စရာတော့ ကောင်းနေပြန်တယ်။ ကျွန်မ အသက်ကြီးလာတဲ့အခါ ပုံမှန်နေထိုင်စားနိုင်ပြီး အကြွေးလုံးဝကင်းရှင်းနေရမယ်။ မြေကြီးနဲ့ ခြံဝင်းခတ်ထားတဲ့ သစ်ရိပ်တွေ ပါဝင်နေတဲ့ အိမ်လေးတစ်လုံး အပိုင်ရှိနေရမယ်။ ခြံထဲက အပင်တွေကို ရေလောင်း စိုက်ပျိုး တူးဆွဖို့ မြေလွတ်လေးလည်း ပါရမယ်။ သစ်ရိပ်အောက်က ကွက်ပြစ်လေးမှာ စာအုပ်တွေ ဖတ်ရှုခွင့်ရရမယ်။ ပြည်တွင်းက ကမ်းခြေတွေမှာ တနှစ်ကို အနည်းဆုံး တစ်ခါတော့ သွားပြီး အနားယူခွင့်ရနေရမယ်။ ကျွန်မ လှူဒါန်းချင်တာတွေကို စိတ်သွားတိုင်း ကိုယ်ပါ လှူဒါန်းခွင့် ရချင်တယ်။ ကျွန်မရဲ့ ချစ်ခင်သူတွေနဲ့ အဆက်သွယ်မပြတ် ကျွန်မရှိနေချင်တယ်။ ဖြစ်ချင်တာတွေက သိပ်မများလှပါဘူးနော်။ :) ဒါကြောင့် ကျွန်မ အမြဲ ဘုရားမှာ ဆုတောင်းစကားဆိုမိတယ် ။ ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျရပါလို၏ .. လို့ပေါ့။
တကယ်တော့ မနေ့ကဆိုတာ ပြီးခဲ့ပြီလေ။ နောင်နေ့ဆိုတာကလည်း မရောက်နိုင်သေး။ ကျွန်မ တကယ် တန်ဖိုးထားနေမိတာက လက်ရှိ ပစ္စုပ္ပန်ကာလ။ အများစုကတော့ ပစ္စုပ္ပန်မှာနေထိုင်ရင်းက အနာဂတ်အတွက် အိမ်မက်တွေ မက်ကြတယ်။ အတိတ်ရဲ့ အရိပ်တွေမှာလည်း ယစ်မူးကြတယ်။ ဒါ ... သဘာဝပါဘဲ။ ဒါပေမယ့် ကျွန်မကတော့ နေ့စဉ်ရှင်သန်နေရတဲ့ ပစ္စုပ္ပန်ရဲ့ နေ့ရက်တွေကို တန်ဖိုးထားနေမိတယ်။ အခုအချိန်မှာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း အတန်အသင့်ရခဲ့ပြီ။ ပစ္စုပ္ပန်ရဲ့ နေ့ရက်တိုင်းဟာ ကျွန်မရဲ့ လက်ထဲမှာရှိနေတယ်လေ။ ကျွန်မကိုယ်တိုင် ထုဆစ် ပုံဖော်ခွင့် ရလို့နေတယ်။ အခုလောလောဆည် အချိန်ကာလကတော့ ကျွန်မဘ၀အတွက် အကောင်းဆုံး အချိန်၊ ကျေနပ်နှစ်သိမ့်မှု ရနိုင်ဆုံးသော အချိန်ပါဘဲ။ ကျွန်မ ကျေနပ်မှု အပြည့်အ၀ရှိတယ်။ ကျွန်မ ရောင့်ရဲနေနိုင်တယ်။
တကယ်တမ်းကျတော့ ဘ၀ဆိုတာ တိုတိုလေးပါ။ ဘ၀ဆိုတာကို အဓိပ္ပါယ်သာ ဖွင့်ခိုင်းမယ်ဆိုရင် မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက အလွှာပါးလေး တစ်ချပ်လို့သာ ပြောလိုက်ချင်မိတယ်။ သေချာ စဉ်းစားလိုက်မိတော့ ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ အတိတ်ကာလတွေဟာ အမှတ်ရစရာတွေ ဖြစ်နေယုံက လွဲလို့.. ။ နောက်... မရောက်ရှိသေးတဲ့ ကျွန်မရဲ့ အနာဂတ်ကာလ အတွက် ပူလောင်သောကတွေနဲ့ လောဘတကြီး ဖြစ်နေတာကလွဲလို့... ဘာတွေ များ အဓိပ္ပါယ် ရှိနေပါသေးလို့လဲ။ ကျွန်မကတော့ လက်ရှိ ပိုင်ပိုင်နိုင်နိုင် ရရှိနေတဲ့ တန်ဘိုးရှိလှတဲ့၊ အဓိပ္ပါယ် ပြည့်စုံလှတဲ့၊ ပစ္စုပ္ပန်နေ့ရက်တိုင်း ကိုသာ မလွတ်တမ်း တွယ်ဖက် မက်မော နေချင်မိပါ တော့တယ်။
ဒီသီချင်းလေး ကိုလည်း မျှဝေချင်မိပါသေးတယ်။ ကျွန်မ မကြာခဏ ဆိုညည်းဖြစ်တဲ့ သီချင်းလေးပေါ့။ ကျွန်မ အနှစ်သက်ဆုံး သီချင်းလေး တစ်ပုဒ်ပါဘဲ။
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေရှင်။
မြသွေးနီ
8 comments:
ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်းကျပါစေဗျာ...
ခင်မင်တဲ့
နေ၀သန်
အတိတ်ဆိုတာ အတိတ်မှာဘဲ ထားခဲ့သင့်တဲက အရာပါ..
လူတိုင်းမှာတော့ ခါးသီးတဲ့ အတိတ်တွေ ရှိတတ်ကြပါတယ်..
ဒါပေမဲ့ သင်ခန်းစာယူစရာတွေ မှတ်သားစရာတွေကိုတော့ ပစ္စုပ္ပန်ကို ယူဆောင်လာရင်း အဲဒီကမှ
အနာဂတ်အတွက်အကောင်းဆုံး ပုံဖော်ထုဆစ်ကြတာပေါ့အစ်မရေ....
ဘဝဆိုတာ တိုတိုလေး ပါ ဆိုတာ အမှန်ဆုံးပါဘဲဗျာ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အတိတ်ဆိုတာက ပုထုဇဉ်တွေ အတွက်တော့ လုံးလုံးလျားလျား လွှတ်ချထားခဲ့လို့ မရတဲ့ အရိပ်တခုပါပဲ...။ လက်ရှိမှာနေထိုင်တတ်ရင် အကောင်းဆုံးပေါ့ မြသွေးရေ....:)
ဆိုးဆိုး ကောင်းကောင်း အတိတ်ဆိုတာ ချန်ထားလို့မှ မရနိုင်တာ
ဒီလိုပါပဲ အတိတ်က အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး အသုံးချနိုင်တာကြောင့်
အောင်မြင်သွားကြတဲ့သူတွေလည်း မနည်းမနောပါပဲ။
ဘာပဲဖြစ် အနဂတ်မှာ ချမ်းမြေ့ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေဗျာ။
ဟုတ်တာပေါ့..လက်ရှိပစ္စုပ္ပန်သည်သာ...
အတိတ်ကအရိပ်တွေကို
လည်းသင်းခန်းစာယူရှေ့ဆက်နိုင်သလို
အနာဂါတ်ကိုပုံဖော်နိုင်ခွင့်ရှိတာပစ္စုပ္ပန်ပဲ။.
မမမြသွေးရေ..သီချင်းလေးလည်းထပ်တူခံစား
နားထောင်ပေးသွားတယ်။
ပစ္စုပ္ပန်မှာဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျပါစေနှော်။
အိုဘားမားကတော့........သီချင်းလေးနားထောင်ပြီး..အရှုံးကို..ခံစားကြည့်မိတယ်....
စာသားလေးတွေကထိမိတယ်။ဆိုသူက...အိုဘားမားကိုစောင်းဆိုနေသလို့ပဲ..
သံစဉ်လေးက....ညှို့ငင်ဓါတ်ပါတယ်...
ဟူး......................မောပါ့။................သတိရတယ်...........မီရှယ်..ရယ်...
မမြသွေနီရေ အတိတ်ဆိုတာ ပြီးခဲ့ပါပြီ ။ အနာဂတ်အတွက်နဲ့ ပစ္စုန်အတွက် အလုပ်ဆိုတာတော့ ရှိနေအုံးမှာပါ ။ ဇွဲမာန်တော့ မလျှော့နဲ့ပေါ့ ။ ဒါပေမေဲ့ မာနတော့ မပါစေချင်ဘူး ။ ဘာကြောင့်လည်းဆိုတော့ မာနဆိုတဲ့ အရာဟာ မေတ္တာရဲ့အကြီးမာဆုံးရန်သူဆိုတာ မမြသွေးနီလည်း သိမှာပေါ့နော် ။
ဆန္ဒနဲ့ ဘဝ တစ်ထက်တည်းဖြစ်ပါစေ...
Post a Comment