ဂုဏ်ပြုလက်ဆောင်ဆိုတာ တစ်စုံတစ်ယောက်ရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက် အပေါ်မှာ မှတ်ကျောက်တင်တဲ့အနေနဲ့ အမှတ် တရ ပစ္စည်းတစ်ခုခု ကို ပေးအပ်တာမျိုးလို့ ယေဘူယျ နားလည်ထားပါတယ် ။
XXXXX
ဂုဏ်ပြုလက်ဆောင်ဆိုတာနဲ့ ကျွန်မငယ်စဉ်အခါထဲက ရင်းနှီးကျွမ်းဝင်ခွင့်ရခဲ့ပါတယ်။ ကျွန်မ အသက် ၅နှစ်သမီးမှာ အမေက ကိုယ့်အခန်းနဲ့ကိုယ် သီးသန့်ခွဲနေစေလို့ အဲ့ဒီပထမဦးဆုံးနေ့ အိပ်ရာခွဲအပြီး မနက်စောစောမှာ အမေ့သမီးတော်တယ်ဆိုပြီး အမေကကျွန်မကို ဆုချတဲ့အနေနဲ့ ဆံပင်ရွှေဝါရောင်လေးတွေနဲ့။ မျက်လုံးပြာလေးတွေ နဲ့ မြန်မာဖြစ် ကော်ပတ်ရုပ် ဗိုလ်မ လှလှလေး ကို ပေးခဲ့ပါတယ်။ ကျွန်မမှာ ဒီအရုပ်လေးကို မခွဲနိုင်မခွာရက်နဲ့ မျက်စေ့အောက်က အပျောက်မခံ စွဲလမ်း နှစ်သက် မိခဲ့တာ မှတ်မိနေပါသေးတယ်။ ဒါဟာ ကျွန်မဘ၀ လူမှန်းသိတတ်စ အချိန်မှာ ပထမဦးဆုံး ရခဲ့တဲ့ အမေ့ရဲ့ ဂုဏ်ပြုလက်ဆောင်ပါပဲ။ ကျွန်မသူငယ်တန်းစာမေးပွဲကို ပထမဆု ဆွတ်ခူးပြန်တော့ အဖေက အဲ့ဒီခောတ်က ဗိုလ်အုန်းသီး လို့ခေါ်တဲ့ သုံးဘီးစက်ဘီးလေး ၀ယ်ပေး ပြန်တယ်။ သမီး ပထမဆုရလို့ ဂုဏ်ပြုလက်ဆောင်တဲ့။ စက်ဘီးလေးကို ဒူးတွေ ပြဲကွဲတဲ့အထိ မက်မက်စက်စက် စီးခဲ့ပါတယ်။
မှတ်မှတ်ရရ ၉တန်းတစ်နှစ်ကလွဲလို့ မူလတန်းကနေ အလယ်တန်း၊ နောက် အထက်တန်း ၊ တက္ကသိုလ်ပညာသစ်နှစ်တွေမှာ ပညာရေးနဲ့ ပတ်သက်ပြီး၊ နောက် စာစီစာကုံးပြိုင်ပွဲလိုမျိုး၊ စာရိထ္ထဆုလိုမျိုးတွေအတွက် ဂုဏ်ပြုလက်ဆောင်လို့ ခေါ်လို့ရတဲ့ ဂုဏ်ပြုကဒ်ပြားလေးတွေ၊ ဆုတံဆိပ်လေးတွေ နှစ်စဉ်လိုလို ကျွန်မရရှိခဲ့ပါတယ်။ လုပ်ငန်းခွင်ထဲ ရောက်လာပြန်တော့ လုပ်သက် တွေ တစ်နှစ်တိုးလာတိုင်းမှာ ထိုက်သင့်တဲ့ ဂုဏ်ပြုမှုလေးတွေ ရရှိခဲ့ပြန်ပါတယ်။ ထူးထူးခြားခြား သင်တန်းတွေမှာ ဂုဏ်ပြုတဲ့ အနေနဲ့ လက်ဆောင်အဖြစ် အခြားသင်တန်းတစ်ခုကို အခမဲ့ တက်ခွင်ရတာ့တို့၊ လုပ်ငန်းခွင်မှာ ပြည်ပအပျော်ခရီး Bonusပေးတာ တို့ ရရှိခဲ့ဘူးပါတယ်။ ဒါပေမယ့် ကျွန်မရဖူးသမျှ လက်ဆောင်လေးတွေထဲမှာ ကျွန်မစိတ်ကို တွယ်ငြိနိုင်ဆုံး လက်ဆောင် လေးက အမေ မဆုံးခင် ပေးခဲ့တဲ့ နံ့သာဖြူ စိတ်ပုတီးလေးပါပဲ။ ဂုဏ်ပြုလက်ဆောင်လေးတွေကို လက်ခံရယူတဲ့အခါတိုင်းမှာ ခံစားရတဲ့ ၀မ်းသာပီတိကလည်း ၀ယ်ယူလို့ မရနိုင်တဲ့၊ အစားထိုးလို့ မရနိုင်တဲ့ ခံစားမှုမျိုးဆိုတာ ကိုယ်တွေ့ ကြုံဖူး သူတိုင်း သိကြမှာပါ။
၆.၆.၂၀၁၀ နေ့မှာ ကျွန်မ မသိထားတဲ့၊ ကျွန်မကြိုတင်မမျှော်လင့်ထားတဲ့ ဂုဏ်ပြုလက်ဆောင် တစ်ခုကို ကျွန်မ လက်ခံရယူခဲ့ ရပြန်ပါတယ်။
Save The Aged ရဲ့ မန်ဘာအဖြစ်နဲ့ စတင်ဝင်ရောက်ခဲ့တဲ့ ဇန်န၀ါရီလ ရွှေသံလွင် ဘိုးဘွားရိပ်သာ အလှူကနေစပြီး ဒီကနေ့အထိ အလှူနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို အဖွဲ့ရဲ့ဆိုက် မှာရော၊ ကျွန်မရဲ့ဆိုက်မှာပါ တင်ပေးဖြစ်ခဲ့ပါတယ်။ ဒီလိုတင်ပေး ဖြစ်တဲ့ရည်ရွယ်ချက်က (၂) ခုရှိပါတယ်။ ပရဟိတလုပ်ငန်းကို အစပြုတဲ့ ဒုတိယ အရွယ်မှာ ကျွန်မ ၀ါသနာပါတဲ့ စာရေးခြင်း အမှုကို ဒီပို့စ်လေးတွေရေးရင်း အဖွဲ့ရဲ့ အလှူတွေကို မှတ်တမ်းသဘောမျိုးဖြစ်သွားရအောင် နဲ့ နောက်တစ်ခုကတော့ အဖွဲ့ကို မိမိတတ်နိုင်တဲ့ဘက်ကနေ အလှူရှင်များ သိရှိ လာနိုင်အောင် လှုံ့ဆော်စည်းရုံးပေးချင်မိတာပါ။ ဒါကြောင့် အလုပ်တွေ ဘယ်လောက်ပိပိ ကျွန်မအတတ်နိုင် ဆုံးပို့စ်လေးတွေ အမိအရ တင်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ စာရေးတိုင်းမှာလည်း ပုဂ္ဂိုလ်စွဲ ကင်းကင်းနဲ့ အဖွဲ့ရဲ့ လုပ်ဆောင်မှုလေးတွေ ပေါ်လွင်အောင် အားစိုက်ခဲ့ပါတယ်။ ပြောရရင် ပို့စ်လေးတွေ ရေးပေးနေတာကလွဲလို့ မြသွေးနီအဖွဲ့အတွက် အားစိုက်လုပ်နေရတာ မယ်မယ်ရရ မရှိခဲ့ပါဘူး။ ကိုယ်တိုင်ကလည်း အချိန်မပေးနိုင် သူ၊ အချိန်ရှားပါးသူမို့ အဖွဲ့အတွက် ထိရောက်တဲ့ ဆောင်ရွက်မှုတွေမလုပ်နိုင်မှာ၊ တာဝန်မကျေပြွန်မှာ စိုးရိမ်မိလို့ အစည်းအဝေး တွေတောင် မတက်ဖြစ်ခဲ့ သလောက် ပါဘဲ။
အဲ့ဒီနေ့ကတော့ မြသွေးနီ အစည်းအဝေးကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ အဖွဲ့က မောင်လေး ၊ ညီမလေးတွေက တက်ဖို့တိုက်တွန်း တာကြောင့် ဒီတစ်ကြိမ်မှာ တက်ဖြစ်ခဲ့ပါတယ်။ အစည်းအဝေး မှာ မြသွေးနီအပါအ၀င် (၅) ဦးကို Save The Aged အဖွဲ့က အမှတ်တရ လက်ဆောင် လေး တွေပေးပါတယ်။ Save The Aged အဖွဲ့ကလို့ သုံးလိုက်ရတာကတော့ ဒီလက်ဆောင်တွေ ကို ဘယ်သူတွေ ဆုံးဖြတ်ပြီးရွေးချယ်ပေးမှန်း တကယ့်ကို မသိလိုက်ရပေမယ့် ကျွန်မအနေနဲ့ ကတော့ Save The Aged အဖွဲ့သူ၊ အဖွဲ့သားတွေအားလုံးက ပေးတဲ့ လက်ဆောင်ရယ်လို့ ခံယူမိလို့ပါ။ ကျန်တဲ့ လက်ဆောင် လက်ခံရရှိသူတွေလည်း ကျွန်မကဲ့သို့ပဲ ခံယူမိမယ် ထင်မိပါတယ်။
အနက်ရောင်က ဒီ ၅ယောက်ကို ပေးရတဲ့ အကြောင်းရင်းကို ရှင်းပြပါတယ်။Dr.သော်ဇင်ဟာ အဖွဲ့မှာ ဆရာဝန်မန်ဘာများကို ပါဝင်စေခဲ့ပြီး လိုအပ်တဲ့ ဆေးကုသမှုများကို အဖွဲ့ရဲ့ ဆေးအဖွဲ့နဲ့ တက်ကြွစွာ ပါဝင်ခဲ့သူပါ။ စည်သူ@နိုင်စစ်သွေးကတော့ အဖွဲ့ရဲ့ အလှူတွေ ကို မလွတ်စေရပဲ အလုပ်ပျက်ခံ၊ အပင်ပမ်းခံ တက်တက်ကြွကြွပါဝင်ခဲ့သူပါ။ လင်းခိုင်ကတော့ အဖွဲ့မှာမန်ဘာအသစ် တစ်ယောက် ရောက်လာတိုင်း မပျက်မကွက် ဦးအောင် ကြိုဆို နှုတ်ခွန်း ဆက်တတ်သူပါ။ကျီးကန်း ကတော့ အဖွဲ့ရဲ့အလှူတွေမှာ ကျန်းမာရေးတောင်မငဲ့ကွက်ပဲ ပရဟိတ စိတ်အပြည့်နဲ့ ဆောင်ရွက် ခဲ့သူ၊ အဖွဲ့အတွက် သူ့ရဲ့ ခန္ဓာကိုယ်တောင် ပေးလှူရန်အသင့် လို့ ဆိုထားသူပါ။လင်းခိုင်မတက် ရောက်နိုင်ခဲ့ပေမယ့် ကျွန်မအပါအ၀င် ကျန်သူအားလုံးဟာ မမျှော် လင့်ဘဲ ဒီလက်ဆောင်လေး တွေအတွက် ပုထုဇဉ်ပီပီ ကိုယ်စီ ပီတိဖြစ်ကြရပါတယ်။ လင်းခိုင်လည်း အခုလောက်ဆို ကျွန်မတို့နည်းတူ သူလည်း ပီတိဖြစ် နေရှာမှာပါ။
ဒါပေမယ့် ကျွန်မရဲ့ ပီတိလေးမှာတော့ ရှက်ရွံ့စိတ်နဲ့ အားနာစိတ်လေးတွေ ရောထွေး ပူးကပ် တွယ်ငြိနေတာကို ၀န်ခံပါရစေရှင်။ ရှက်ရွံ့စိတ်ကတော့ ဒီအစီအစဉ်လေးကို အမှတ်မထင်ထားပဲ ရုတ်တရက်ကြေငြာမှ သိလိုက်ရလို့ပါ။ အားနာစိတ်လေးကတော့ ကျွန်မတို့ အဖွဲ့လေးမှာ ကျွန်မထက်ပိုပြီး အဖွဲ့ရဲ့ တာဝန်တွေကို ယူနေရသူ၊ မိမိရဲ့ ကိုယ်ပိုင်အချိန်တွေကို အဖွဲ့အတွက် ပေးပြီး အပင်ပမ်းခံလုပ်နေရသူ၊ ကျွန်မထက် ငယ်ရွယ်သူ ပရဟိတစိတ် အပြည့်အ၀ရှိနေသူ လူငယ် မိန်းကလေး၊ ယောကျာ်းလေးများကို ကျွန်မ မျက်ဝါးထင်ထင် တွေ့သိထားနေမိခဲ့လို့ပါဘဲ။ ဒါကြောင့် ဒီလက်ဆောင်လေးကို ကျွန်မအစား သူတို့ သူတို့လေးတွေသာရခဲ့ ရင် ပိုကောင်းမှာဆို တဲ့ စိတ်ကလေးနဲ့ ရိုးသားစွာ မ၀ံ့မရဲတွေးမိကာ အားနာ ခဲ့ရပါတယ်။
အပေါ်မှာရေးခဲ့သလို ကျွန်မဘ၀မှာ ဂုဏ်ပြုလက်ဆောင်တွေ အမျိုးမျိုးရရှိခဲ့ဘူးပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ဘ၀ သုံးချိုးနှစ်ချိုး မှာ ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်ရင်း ရရှိခဲ့တဲ့ ဒီလက်ဆောင်လေးဟာ ကျွန်မအတွက် တန်ဘိုးမဖြတ်နိုင်သလို ရရှိခဲ့ဘူးတဲ့ အခြားသော ဂုဏ်ပြု လက်ဆောင် တွေထက် သာလွန်မြင့်မြတ်လှတယ်လို့ ခံယူမိပါတယ်။
" အခွင့်သင့်ရင် တစ်နေ့မှာ ဒီဂုဏ်ပြု လက်ဆောင်လေးကို အဖွဲ့အတွက် အမှန်တကယ် ထိရောက်စွာ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဝင် တစ်ဦးကို ကျွန်မရဲ့ အမှတ်တရလက်ဆောင်နဲ့ အတူ ပြန်လည် ဂုဏ်ပြုပေးအပ်ချင်မိပါသေးတယ်.. "
လူကြီးဆိုတာ တချိန်ကလူငယ်ဆိုတဲ့ ဘ၀ကာလအပိုင်းအခြားကို အခက်အခဲများစွာနဲ့ ဖြတ်သန်းခဲ့ကြရတာပါ။ လူငယ်တွေ ဦးဆောင်လုပ် နေတဲ့ ကောင်းမှု အ၀၀ကို မုဒိတာအပြည့်နဲ့ လက်ခံပေးကြပြီး အတတ်နိုင်ဆုံး ပံ့ပိုးကြရမှာပါ။ အဖွဲ့မှာ ပရဟိတ စိတ်အပြည့်အ၀နဲ့ ဆောင်ရွက် နေတဲ့ လူငယ်အားလုံးကို မြသွေးနီရင်ထဲက အမြဲလေးစား ဂုဏ်ပြုလျှက်ပါ။ Save The Aged ရဲ့ နွေးထွေးတဲ့ မိသားစုအဖွဲ့လေးထဲမှာ အုတ်တစ်ချပ် မဖြစ်တောင် သဲတစ်ပွင့် အဖြစ်နဲ့ ဆောင်ရွက် နိုင်တဲ့ အချိန်နောက်ဆုံးအထိ ပါဝင်သွားခွင့် ရချင်ပါသေးတယ်ရှင်။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
မြသွေးနီိီ
5 comments:
Congratulations! ချစ်သော အစ်မ
ထိုက်တန်လို့ရတာမို့ လှိုက်လှဲစွာဂုဏ်ယူဝမ်းသာပါကြောင်း.......
ရှေ့ဆက်ပြီး အများအကျိုး သယ်ပိုးနိုင်ပါစေ..
စိတ်စေတနာကောင်းရဲ့ ရလာဒ်ကောင်းများကို ခံစားနိုင်ပါစေ..
ချစ်စွာသော
ချော
မမြသွေးကို ဂုဏ်ပြုလိုက်ပါတယ်..။ ဆက်လက်ပြီးတော့လည်း ကောင်းကျိုးအထွေထွေကို ဆောင်ရွက်နိုင်ပါစေ..။
ကျန်းမာရွှင်လန်းပြီး အစစအရာရာအဆင်ပြေ ပါစေမမြသွေး...။
ခင်တဲ့
သဒ္ဓါ
လူမှုရေးလုပ်ငန်းတွေကို ရှေးကထက် ပိုပြီး ဆောင်ရွက်နိင်ပါစေနော်
ဘဝကို အဓိပ္ပါယ်ရှိရှိ တန်ဖိုးရှိရှိ ဆက်လက်ဖြတ်သန်း နိင်ပါစေဗျာ
Congratulations!မမြသွေးနီကို ဂုဏ်ပြုလိုက်ပါတယ်..။
ဘဝကို အဓိပ္ပါယ်ရှိရှိ တန်ဖိုးရှိရှိ ဆက်လက်ဖြတ်သန်း နိင်ပါစေဗျာ
ကျန်းမာရွှင်လန်းပြီး အစစအရာရာအဆင်ပြေ ပါစေ။
စိတ်စေတနာကောင်းရဲ့ ရလာဒ်ကောင်းများကို ခံစားနိုင်ပါစေ..
လူမှုရေးလုပ်ငန်းတွေကို ရှေးကထက် ပိုပြီး ဆောင်ရွက်နိင်ပါစေနော်။
ဆက်လက်ပြီးတော့လည်း ကောင်းကျိုးအထွေထွေကို ဆောင်ရွက်နိုင်ပါစေ..။
ဂုဏ်ပြုလက်ဆောင်ကို ဂုဏ်ပြုချင်လို့ နောက်တစ်ကြိမ် လာဖတ်သွားပါတယ်ဗျာ။
Post a Comment