Friday, October 29, 2010

စိုက်ထူထားသော....



ထူးခြားဆန်းသစ်တဲ့ကြော်ငြာတစ်ခု





ကျွန်မလမ်းသွားရင် မျက်စိကအငြိမ်မနေတတ်ပါဘူး။ စပ်စုတယ်လို့ အဆိုးမြင်ဖက်ကပဲပြောရမလား.. ပါတ်ဝန်းကျင်လေ့လာမှု အားကောင်းတယ်လို့ အကောင်းမြင်ဘက်ကပဲ ပြောရမလား.. ကျွန်မကတော့ လမ်းသွားရင် ဘေးဘီဝဲယာ ကြည့်ပြီးသွားတတ်တယ်။ အမေပြောဘူးတာ မှတ်မိနေသေးတယ်။ ငယ်ငယ်က ကျွန်မနဲ့လမ်းများသွားရင် ဘယ်တော့မှ လိုရာခရီးကို တော်တော်နဲ့ မရောက်တော့ဘူးတဲ့။ လမ်းတစ်လျှောက်က တွေ့သမျှ ဆိုင်းဘုတ်၊ ပိုစတာကြီးငယ် မှန်သမျှကို ရပ်ကြည့်လို့၊ နာမည်တွေကို အသံထွက် စာလုံးပေါင်းလို့ ဖတ်နေလိုက်တာ။ ၁နာရီသွားမယ့် ခရီးက အနည်းလေးတော့ ၂နာရီပဲတဲ့။


ဒီအကျင့်က အခုအရွယ်ရောက်တဲ့အထိ ဖျောက်မရသေးပါဘူး။ စိတ်ဝင်စားစရာ ဆိုင်းဘုတ်တွေများ တွေ့လို့ကတော့ မြသွေးနီတယောက် လမ်းသွားရင်းကဆို ရပ်တန့်လို့။ ကားပေါ်ကနေတွေ့တာ ဆိုလည်း သမင်လည်ပြန်ဖတ်ကြည့်လို့။ ခရီးတွေဘာတွေများ ထွက်လို့ကတော့ မျက်စိအစုံက ခရီးလမ်းတစ်လျှောက် ကြည့်မ၀ရှုမ၀။ ဆိုင်းဘုတ်တွေကလည်း အမျိုးအစားအမျိုးမျိုး၊အသွင်သဏ္ဍာန် အမျိုးမျိုး၊ ဆွဲဆောင်မှုအမျိုးမျိုးနဲ့ နေရာအနှံ့မှာ။ အထူးသဖြင့် လူစည်ကားရာ လမ်းဆုံလမ်းခွ၊ အချက်အချာနေရာများမှာ။ ဒီတော့ မြသွေးနီအတွက် ဆိုင်းဘုတ်တွေက အပမ်းဖြေစရာ တစ်ခုလိုတောင် ဖြစ်မှန်းမသိဖြစ်လို့။


ဆိုင်းဘုတ်တွေတွေ့တိုင်း ဖတ်ရင်းနဲ့ ဆိုင်းဘုတ်တွေကို ခွဲခြားတတ်လာပြန်တယ်။ ငယ်ငယ်လေးထဲက ဆိုင်းဘုတ်တွေကို စိတ်ဝင်စားလာသူဆိုလေတော့ အခု ဒီအသက်အရွယ်ကြီး ရောက်နေချိန်အထိ မြသွေးနီ ဖတ်ခဲ့၊ မှတ်ခဲ့တဲ့ ဆိုင်းဘုတ်တွေဆိုတာ မှတ်များထားမယ်ဆိုရင် အရေအတွက်တွေ ထောင်၊ သောင်းချီနေလောက်ပြီ ထင်ပါရဲ့။


ဆိုင်းဘုတ်ဆိုတာက အများသိအောင် ကြော်ငြာတာလို့ အကြမ်းဖျဉ်း သိနားလည်ထားတာဘဲ။ ဆိုင်းဘုတ်တွေကလည်း အမျိုးမျိုးအဖုံဖုံဘဲ။ မြို့တစ်မြို့ ၀င်တိုင်း ကြိုဆိုပါ၏... နှုတ်ခွန်း ဆက်သအပ်ပါ၏... ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့အတူ မြို့ရဲ့ နာမည် ဖော်ပြထားတဲ့ဆိုင်းဘုတ်တွေ။ နောက်.. အရှေ့၊ အနောက်၊တောင်၊မြောက် ခရီးသွားလမ်းညွှန်၊ မြို့လမ်းညွှန် ဆိုင်းဘုတ်တွေ ခရီးသွားလို့ တစ်မြို့ဆီ ဖြတ်ကျော်တိုင်းမှာ တွေ့နေရတာ။ လမ်းနဘေးမှာ ဆိုက်ထူထားတဲ့ မိုင်တိုင်လေးတွေကို တစ်တိုင်ပြီးတစ်တိုင် ကားနဲ့ဖြတ်ကျော်သွားရတိုင်း ရေတွက်ကြည့်ရတာ အရသာသိပ်ရှိတာ။ ဆိုင်းဘုတ်တစ်ခုတွေ့ရင် မြို့တစ်မြို့ရောက်ပြီဆိုတာသိလို့ပေါ့။ မြို့တိုင်း၊ နယ်တိုင်း၊ ရွာတိုင်း၊ ရပ်ကွက်တိုင်းမှာ ဆိုင်းဘုတ် မရှိတဲ့ နေရာဆိုတာ မရှိသလောက်ပါဘဲ။ ခရီးသွားတွေ လမ်းမမှားအောင်၊ မိမိရောက်ရှိနေတဲ့ နေရာက ဘယ်နေရာလည်းဆိုတာ သိရအောင် ဒီလိုဆိုင်းဘုတ်တွေမျိုးက မရှိမဖြစ်လိုအပ်တဲ့ ဆိုင်းဘုတ်မျိုးပေါ့။


နောက်ဆိုင်းဘုတ်တစ်မျိုးက ဆောင်ပုဒ်တွေပေါ့။ လူအများကို သိစေချင်တဲ့၊ လူအများကို လိုက်နာစေချင်တဲ့ ၀ါဒတွေ၊ ဆောင်ပုဒ်တွေ၊ အသိပေးစာတွေ၊ ပညာပေးစာတွေကို ဆိုင်းဘုတ်တွေ ထူကာ ကြေညာပေးကြတယ်။ ဥပမာ... မိုးရွာသီ သွေးလွန်တုတ်ကွေးဂရုစိုက်ဖို့။ AIDS ရောဂါ စုပေါင်းတိုက်ဖျက်ကြပါစို့။ အသည်းရောင်ဘီပိုးဆေး ထိုးကြပါစို့။ ယာဉ်အန္တရာယ်စုပေါင်းကာကွယ်။ ဟွန်းမတီးရဇုန်..... စသည်ဖြင့်ပေါ့။ တခြားကျွန်မ ပြောမပြချင်တဲ့ ဆိုင်းဘုတ်များကလည်း ဒီဆိုင်းဘုတ် ခေါင်းစဉ်အောက်မှာ ပါဝင်နေသေးတယ်။






ဒီကြော်ငြာတော့ တစ်မျိုး





နောက်ဆိုင်းဘုတ်တစ်မျိုးကတော့ စီးပွားရေးကြော်ငြာဆိုင်းဘုတ်တွေပေါ့ ။ အခုအခါမှာတော့ စီးပွားရေးကြော်ငြာဆိုင်းဘုတ်တွေက ဆိုင်းဘုတ်တွေရဲ့ကမ္ဘာထဲမှာ နေရာအယူဆုံးလို့တောင် ပြောလို့ရတယ်။ သူ့ထက်ငါ အလုအယက်ကြော်ငြာကြတယ်။ မြသွေးနီလို ဆိုင်းဘုတ်တွေ စိတ်ဝင်စားသူအဖို့ကတော့ ဒီလိုဆိုင်းဘုတ်တွေကို လိုက်ဖတ်နေရတာကိုက ငွေကုန်ကြေးကျမများပဲ အပမ်းပြေနေစေတယ်။ ထူးခြားစွဲဆောင်မှုရှိတဲ့ ဆိုင်းဘုတ်တွေကို တွေ့ရတဲ့အခါ ကျေနပ်နှစ်သက် မိသလို စွဲဆောင်မှုမရှိတဲ့ ဆိုင်းဘုတ်တွေတွေ့ရပြန်တော့ မဆီမဆိုင် သူတို့တွေ ကြော်ငြာစရိတ် တောင် ကြေပါ့မလားတွေးပူမိပြန်ရော။ တချို့ဆိုင်းဘုတ်တွေက စွဲမက်ဖွယ် မော်ဒယ်များရဲ့ အမို့အမောက်တွေနဲ့ ဘမ်းပြလို့၊ တချို့က ပြူးပြူးပြဲပြဲ စကားလုံးတွေသုံးလို့၊ တချို့ဆိုင်းဘုတ်များ ကြတော့ ဘာကိုကြော်ငြာမှန်း မသိရအောင်ကို စကားလုံးတွေအတတ်ဆန်းရေးလို့၊ တချို့များကြတော့ ကြော်ငြာဆိုင်းဘုတ်မှာတောင် ပဟေဋ္ဌိဝှက်လိုက်သေးတယ်။ တချို့ကလည်း နာမည်ကြီး စီလီဘရီတီများရဲ့ အားကိုယူလို့ ကြော်ငြာကြတာ အပြိုင်းအရိုင်း။ တချို့ဆိုင်းဘုတ်တွေများကြတော့ စစဖတ်မိချင်းမှာကို ဟားတိုက်ရယ်မိချင်သေးတာ..။ နောက်ပိုင်း အဲ့ဒီလိုဆိုင်းဘုတ်မျိုးတော့ ဖတ်ကိုမဖတ်တော့ဘူး။ ဖုတ်လေတဲ့ ငပိရှိလေတယ်လို့တောင် မထင်မိတော့ဘူး။ စာမျက်နှာတွေမှာလို ကိုယ်မဖတ်ချင်တဲ့ စာမျက်နှာကို ကျော်သွားသလို ကျော်သွားလိုက်တာပေါ့။


ဆိုင်းဘုတ်တွေမှာ ရာသီစာဆိုင်းဘုတ်တွေလည်း ရှိသေးတယ်။ စတိတ်ရှိုး၊ မော်ဒယ်ရှိုးလိုမျိုး၊ ကျူရှင်ကြော်ငြာလိုမျိုး၊ xxxx တွေလိုမျိုး၊ xxxx တွေလိုမျိုး၊ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ကြော်ငြာရတဲ့ ဆိုင်းဘုတ်မျိုးကတော့ အမြဲရာသက်ပန်ဆိုက်ထူထားလို့ မရပြန်ဘူး။ သတ်မှတ်ထားတဲ့ အချိန်ကုန်တာနဲ့ ဖြုတ်ကြရပြန်တော့ သြော်... ရှုတတ်ရင် ကြော်ငြာဆိုင်းဘုတ်မှာတောင် မမြဲတဲ့ အနိစ္စသဘောတွေ တွေ့နေရပြန်ပါလားနော်။


တချို့ဆိုင်းဘုတ်တွေကလည်း ပွဲလမ်းရာသီ(၁၂)လလုံး ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ရာသီတွေကိုလိုက်လို့ သင်္ကြန်အထူးစပယ်ရှယ်က အစပြုလို့ သီတင်းကျွတ် အထူးစပယ်ရှယ်အလယ်၊ နယူးရီးယား လျှော့ဈေးအဆုံး.. ဆိုပြီး ၁၂လရာသီလုံးလုံး ခါတော်မှီ ဆိုင်းဘုတ်တွေကို ပွဲတော်စပရှယ် ဒစ်စကောင့်တွေ ပေးနေပါပြီရယ်လို့ အားပါးတရ ဆိုင်းဘုတ်ထူကြပြန်တယ်။ တကယ်လျှော့မလျှော့တော့မသိ။ တချို့များဆို ပွဲတော်နေရာလေးတွေမှာ လိုသလိုဖြည့်လို့ရအောင် ကွက်လပ်လေးများချန်လို့ ပုံသေဆိုင်းဘုတ်များတောင်ထူထားသေး။


အခုနောက်ပိုင်း မိုဘိုင်းဆိုင်းဘုတ်တွေတောင် တွေ့လာရတယ်။ ဘတ်စ်ကားဘော်ဒီတွေပေါ်၊ တက်စီကားအမိုးတွေပေါ်မှာ ။ အသီးသီး ဆိုင်းဘုတ်တွေက နေရာယူလာကြတယ်။ တစ်ခါက ဘတ်စ်ကားဘော်ဒီပေါ်က မိုဘိုင်းဆိုင်းဘုတ်လေး အငေးကောင်းပြီး လမ်းကူးလိုက်တာ မြသွေးနီ တစ်ယောက် ကားဘီးအောက်ရောက်ပြီး မာလကီးယားတော့မလို့။ ကံကောင်းစွာနဲ့ ကားဒရိုင်ဘာရဲ့ ဖရုဿဝါစာလေးပဲ မေတ္တာလက်ဆောင်ရလိုက်တယ်။


မြသွေးနီစဉ်းစားမိပြန်တယ်။ ဆိုင်းဘုတ်တွေ ထူတိုင်း ရောင်းအားတွေရော တကယ်တက်လာကြရဲ့လား။ ဆိုင်းဘုတ်တွေကိုစိုက်ထူတိုင်း လူတွေက တကယ်ယုံယုံကြည်ကြည်နဲ့ သုံးစွဲလာကြရဲ့လား။ ဆိုင်းဘုတ်တွေထဲက ကြော်ငြာထားသလိုမျိုး အရည်အသွေးတွေ၊ စံချိန်တွေ ပြည့်မှီကြပါရဲ့လား။ ဆိုင်းဘုတ်ထဲက ကြော်ငြာခံနေရတဲ့ သက်ရှိမိုဒယ်သရုပ်ပြတွေကရော ဒီကုန်ပစ္စည်းကို သုံးမှသုံးစွဲဘူး ကြရဲ့လား။ ကြည့်ပြီး မျက်စိရည်ဝလို့ ကြည့်ကိုမကြည့်ချင်တော့တဲ့ ဆိုင်းဘုတ်တွေရော ဘယ်လောက်များနေသလဲ။ ကြော်ငြာထားသလို မဆောင်ရွက်နိုင်တဲ့ အာပလာ ဆိုင်းဘုတ်တွေကရော ဘယ်နှစ်ခုလောက်များရှိနေကြသလဲ။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ ဆိုင်းဘုတ်တွေကရော ဘယ်လို ရှေ့ဆက်သွားနေကြသလဲ။ ကြော်ငြာဆိုင်းဘုတ်မဟုတ်တဲ့ ကျော်အောင်ညာနေရတဲ့ ဆိုင်းဘုတ်တွေရော ဘယ်နှစ်ခုများ ရောပါနေလေသလဲ။


အခုတစ်လော ကြော်ငြာတာမဟုတ်ပဲ ကျော်အောင်ညာရတဲ့ ကျော်ညာဆိုင်းဘုတ်တွေ နေ့ချင်းညချင်း ပတ်ဝန်းကျင်မှာ မိုးဦးကျမှိုပွင့်တွေလို ဟိုနားဖျောက်ဖျောက်၊ သည်နားဖျောက်ဖျောက် တွေ့တွေ့နေရ၊ ဖတ်ဖတ်နေရတော့ မြသွေးနီလည်း ကြော်ငြာဆိုင်းဘုတ်မြင်ရင် မနေနိုင်လေသူမို့ ဖတ်မိပါတယ်။ ဖတ်ပြီးတော့ ရင်ထဲမှာလေ အူတွေယား၊ ကျလွိကျလွိနဲ့ လှိမ့်တက်လာပြီး အွန်လိုင်းမှာ ကလေးမလေးတွေ ရယ်နေကြသလိုမျိုး တခစ်ခစ်နဲ့တောင် ရယ်လိုက်ချင်နေမိတယ်။ တချို့ဆိုင်းဘုတ်တွေက တကယ့်ကို မပြုံးပဲနဲ့ ၀ါးလုံးကွဲ ရယ်ရတယ်လေ..။


သြော်... ဆိုင်းဘုတ်တွေ.... ဆိုင်းဘုတ်တွေ ။ သူတို့ကလည်း ဆိုင်းဘုတ်တွေကို စိုက်ထူနေကြဦးမှာဘဲ။ မြသွေးနီကလည်း ၀ါသနာအရ စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေကို လိုက်ဖတ်နေမိဦးမှာပဲ။ အဲ့ဒီလို လိုက်ဖတ်ရင်း မနေနိုင်မထိုင်နိုင် တခစ်ခစ်နဲ့ ရယ်မိရင်လည်း ရယ်မိနေဦးမှာဘဲ။ အင်း... မတတ်နိုင်ပါဘူး။  ကျွန်မကြည့်မိ အပြစ်ရှိသည်ပေါ့လေ။




ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။




Wednesday, October 27, 2010

ဂိမ်းကစားခြင်း

ဆရာက သင်တန်းချိန်ကို နေ့လည် (၃)နာရီမှာ ခဏရပ်လို့ ကော်ဖီသောက်ချိန်အဖြစ် မိနစ်(၂၀) သတ်မှတ်ပေးလေတယ်။ မိနစ် (၂၀)လည်း ပြည့်ရော မူလသင်တန်း အခန်းကို ပြန်မသွားစေသေးပဲ ကစားခန်းမထဲမှာ စုရုံးစေတယ်။


“ အားလုံးပဲ.. ကျွန်တော်တို့ စာသင်ခန်းထဲ ပြန်မသွားခင် ၁၀မိနစ်လောက် အညောင်းပြေ ဂိမ်းလေးတစ်ခု ကစားကြရအောင်နော်..။ ဘယ်လိုလဲ… ကစားချင်ကြရဲ့လားမသိဘူးနော် ”


“ ဝေး…. ဟေး…..ဟေး.. ကစားချင်ကြပါတယ်.. ကစားပါမယ် ”


သင်တန်းသား (၂၄) ယောက်မှာ အများစုက လူငယ်များဆိုတော့ ဟန်မဆောင်နိုင်ပဲ နှုတ်ကနေ အော်ဟစ်မိကြပါတယ်။ အသက်တွေက (၁၉) နှစ်ကနေ (၄၀) နှစ် အရွယ်အထိ ပါဝင်နေပါတယ်။ သူတို့ဟာ သတ်မှတ်ထားတဲ့ ရက်တို ပို့ချချက်ကို သင်ယူဖို့ ဒီကျောင်းလေးမှာ အတူတကွ လာရောက်စုရုံးနေမိကြတာပါ။ တချို့က အချင်းချင်း အရင်ထဲက သိကြပါတယ်။ တချို့ကတော့ ဒီရောက်မှ သိကြရတာပါ။ သူတို့က အသက်အရွယ် တွေ မတူညီကြဘူး။ အလုပ်အကိုင်တွေ ကွဲပြားကြတယ်။ ဒါပေမယ့် သူတို့အားလုံး သင်တန်းတစ်ခုထဲမှာ အတူတကွ သင်ရိုးတစ်ခုကို သင်ယူပြီး ပြန်လည်အသုံးချနိုင်ဖို့ရာ ရောက်နေကြတာဖြစ်ပါတယ်။ သူတို့အားလုံးဟာ အခု အချိန်မှာတော့ အသက်၊ ရာထူး၊ ဌာန မကွဲပြားတော့ပဲ တစ်သားထဲ အတူတူဖြစ်နေကြပါပြီ။





ဆရာက သူတို့ကို ၁၂ယောက်စီ နှစ်စုခွဲလိုက်ပါတယ်။ အဲ့ဒီနောက် သူတို့ကို နှစ်စုခွဲလို့ တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်ကာ ကြမ်းပေါ်မှာ ခြေဆင်းထိုင်စေပါ တယ်။ ပြီးတော့ နောက်ပြန် လက်ချင်းချိတ်ထားစေပါတယ်။ စည်းကမ်းချက်အနေနဲ့ ထချိန်မှာ ချိတ်ထားတဲ့ လက်ကို ဖြည်ထွက်ခွင့် မပေးပဲ၊ လူကိုလည်း မယိုင်လဲစေပဲ အမြန်မတ်တတ်ရပ်ကာ ထစေပါတယ်။


ယောကျာ်းလေးနဲ့ မိန်းမလေး၊ ပုသူနဲ့ရှည်သူ၊ ပိန်သူနဲ့ဝသူ၊ အသက်ကြီးသူနဲ့ ငယ်သူရောလျှက် တွဲမိနေလေတော့  အားလုံးဟာ နောက်ပြန် အနေအထားကနေ ထနိုင်ဖို့ကို မနည်းကြိုးစား ကြရပါတယ်။ ဒါ့အပြင် တစ်ယောက်ကို တစ်ယောက်ဖေးမပြီး ထဖို့မေ့ကာ အမြန်မတ်မတ်ရပ်နိုင်ဖို့ ဦးစားပေးမိလေတော့ အလဲလဲအပြိုပြိုနဲ့ ကြမ်းပေါ်မှာ အတွဲလိုက် ပြိုလဲကြရပါတယ်။  အားလုံးလည်း တဟားဟားနဲ့ လဲပြိုနေတဲ့ ကိုယ့်အဖြစ် ကိုယ်ကြည့်၊ နောက်… ကိုယ့်လိုပဲ မရှုမလှ ထယူရတဲ့ တွဲဖက်သူငယ်ချင်းရဲ့အဖြစ်ကို ကြည့်ပြီး ရယ်မောမိကြပါတယ်။ ဆရာက ဟိုတစ်ဖွဲ့က ပထမ၊ ဟိုအဖွဲ့က ဒုတိယနဲ့ ထနိုင်သူတွေကို အဆင့်သတ်မှတ်ပေးပါတယ်။




ဒုတိယအကြိမ်မှာတော့ ဆရာက ၄ယောက်တစ်အုပ်စုစီ တွဲခိုင်းပြန်ပါတယ်။ အားလုံး ဆူဆူညံညံနဲ့ ၄ယောက်ဖွဲ့ကြပြန်ပါတယ်။ ဒီတစ်ခါလည်း ဆရာက ၄ယောက်တစ်ဖွဲ့စီ ကျောချင်းကပ် လက်ချင်း တစ်ယောက်နဲ့တစ်ယောက် နောက်ပြန်ချိတ်စေလျှက်က ခြေဆင်းထိုင်စေပြန်ပါတယ်။ အပြီးမှာတော့ အဖွဲ့အားလုံးကို ချိတ်ထားတဲ့ လက်ကို ဖြည်ထွက်ခွင့်မပေးပဲ၊ လူကိုလည်း မယိုင်လဲစေပဲ ပထမတုန်းကလိုပဲ အမြန် မတ်တတ်ရပ်ကာ ထစေပြန်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ပထမအကြိမ် တုန်းကလိုပဲ အပြိုပြိုအလဲလဲနဲ့ မနည်းထကြရပြန်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာ တချို့ အဖွဲ့က ဂရုတစ်စိုက်နဲ့ တစ်ယောက်ကို တစ်ယောက် ထိမ်းကာ ကြိုးစားထလာတာကို တွေ့ရပါတယ်။ ဆရာကလည်း ထနိုင်သူများကို ပထမ တစ်ခါကလိုပဲ ပထမ၊ ဒုတိယ သတ်မှတ်ပေးပြန်ပါတယ်။ သင်တန်းသား၊ သင်တန်းသူများချွေးတွေပြန်ကာသွေးတွေပူလာကြပါပြီ။နောက်တစ်ကြိမ်မှာ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ကို အချင်းချင်း တိုင်ပင်ကြပြန်ပါတယ်။



တတိယအကြိမ်မှာတော့  ဆရာက ၈ယောက်တစ်ဖွဲ့စီ ဖွဲ့ခိုင်းပြန်ပါတယ်။ ဒီအခါမှာတော့ အုပ်စုက(၃)စုပဲ ရှိပါတော့တယ်။ ခုနတုန်းကလိုပဲ ၈ယောက်သား ကျောချင်းကပ် လက်ချင်း တစ်ယောက်နဲ့တစ်ယောက် နောက်ပြန်ချိတ်စေလျှက်က ခြေဆင်းထိုင်စေပြန်ပါတယ်။ အပြီးမှာတော့ အဖွဲ့(၃)ဖွဲ့လုံးကို ချိတ်ထားတဲ့ လက်ကို ဖြည်ထွက်ခွင့်မပေးပဲ၊ လူကိုလည်း မယိုင်လဲစေပဲ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တုန်းကလိုပဲ အမြန် မတ်တတ်ရပ်ကာ ထစေပြန်ပါတယ်။ ဒီတစ်ခါမှာတော့ အရှေ့က နှစ်ကြိမ်ထက်စာရင် ပြိုလဲမှုနည်းလာကာ (၃)ဖွဲ့လုံး မရှေ့မနှောင်း ခပ်မြန်မြန်လေး ရပ်လာနိုင်ကြတာကို တွေ့ရပါတယ်။ ပါဝင်ကစားသူ သင်တန်းသား၊ သင်တန်းသူများက ဒီတစ်ကြိမ်မှာတော့ ဒီကစားနည်းနဲ့ ဆရာပေးချင်တဲ့ မက်ဆေ့ခ်ျကို အနည်းငယ် ရိပ်စားမိလာပါပြီ။



စတုတ္ထအကြိမ်မှာ (၃)ဖွဲ့ကနေ ၆ယောက်စီနဲ့ ၄ဖွဲ့ခွဲခိုင်းဦးမလားလို့ အားလုံးက ထင်နေကြပေမယ့် ဆရာက ဒီတစ်ခါတော့ အားလုံးကို မခွဲစေတော့ပဲ စက်ဝိုင်းပုံသဏ္ဍာန် နောက်ပြန်ဝိုင်းထိုင်စေလျှက်ပါ တယ်။  အဲ့ဒီနောက် လက်ချင်းနောက်ပြန်ချိတ်စေလျှက်ကပဲ အားလုံးကို နောက်ပြန်မတ်တပ်ရပ် စေရာ (၂၄)ယောက်လုံး မပြိုမလဲပဲ လွယ်ကူစွာနဲ့၊ ပျော်ရွှင်စွာနဲ့ ထလာနိုင်တာကို တွေ့ရပါတယ်။




ဆရာက ဒီကစားနည်းလေးရဲ့ အနှစ်သာရကို ထုတ်ဖော်မပြောပြပေမယ့် အားလုံးရဲ့အသိမှာတော့ အခက်အခဲဆိုတာ အများနဲ့ ပူးပေါင်းဆောင်ရွက် ဖြေရှင်းရင်၊ စုစည်းလုပ်ကိုင်နိုင်ရင် ပိုမိုလွယ်ကူ အောင်မြင်တယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းဆောင်ရွက်တာမျိုးထက် အများနဲ့အတူတူ ပူးပေါင်းဆောင်ရွက်တာက မိမိတစ်ကိုယ်ကောင်းစိတ်ကို အလိုလိုဖယ်ရှားပြီး ဖြစ်လာစေတဲ့အပြင် မိတ်ဆွေသစ်များနဲ့ သဟဇာတဖြစ်လာစေပြီး ရင်းနှီးမှုတွေ ပိုမိုတိုးပွားလာစေတာကို ဒီကစားနည်းလေးက သက်သေပြလိုက်တယ်ဆိုတာ သူတို့အားလုံး သိလိုက်ကြတယ်။ ဒါကြောင့်ဒီနောက်ဆုံး အစီစဉ်လေးအပြီးမှာတော့ အားလုံးရဲ့ နှုတ်မှ အောင်မြင်မှုရဲ့ ရလာဒ်အတွက် ၀မ်းသာစိတ်နဲ့ “ ဟေး ” ဆိုအော်မိကြပြီး လက်ခုပ်များလည်း ပြိုင်တူတီးမိလိုက်ကြပါတယ်။



…………………@@@....................




ဆရာက ဒီကစားနည်းနဲ့ Team Work ရဲ့ အဓိပ္ပါယ်ကို ပညာသားပါပါနဲ့ ဖော်ညွှန်းသွားပေမယ့် ကျွန်မက ထုံးစံအတိုင်း ကွဲပြားတဲ့အမြင်လေးတွေနဲ့ ဖြည့်စွက်မြင်မိပါတယ်။


ဒီကစားနည်းရဲ့ ပထမအကြိမ်မှ ဘာမှန်းညာမှန်းမသိ ၂ယောက်တွဲ နောက်ပြန်ချိတ်လျှက်ကနေ အမြန် ထကြချိန်မှာ ပြိုလဲကျကြလို့ ရယ်မောမိ ခဲ့ကြတယ်။ တကယ့် လက်တွေ့ဘ၀မှာ အလားတူ အတွေ့ကြုံအသစ်တွေနဲ့ ဘ၀ရဲ့ကစားပွဲအသစ်တွေကို ဆင်နွှဲကြချိန်မှာ ကျွန်မတို့ဟာ အတ္တစိတ်တွေနဲ့ ဘာကိုမှ မငဲ့ညှာနိုင်ပဲ လူးလဲထမိတတ်ကြချိန်မျိုးမှာ အမှတ်မထင် ပြိုလဲကျတာမျိုးနဲ့  ကျွန်မတို့ ကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တွေမှာ ကျွန်မတို့တစ်တွေ အခုလို ရယ်ရယ်မောမောနဲ့ အမြန်ပြန်လည်ထနိုင်ဖို့ သေခြာပါ့မလားရှင်။


ဒါပေမယ့် ဒုတိယအကြိမ် ကစားရာမှာတော့ ပထမအကြိမ်ရဲ့ အတွေ့အကြုံကနေ ဘယ်လို ထယူရင်ဖြင့် အဆင်ပြေမယ်ဆိုပြီး အချင်းချင်း စဉ်းစား တိုင်ပင်မိသလို ကျွန်မတို့ရဲ့ ဘ၀ခရီးလမ်းမှာလည်း ပထမအကြိမ် အတွေ့အကြုံတွေတိုင်းဟာ နောက်ကြုံတွေ့လာရမယ့် အရာတွေကို ကြိုတင် ပြင်ဆင်နိုင်စေဖို့အတွက် အကောင်းဆုံး ဘ၀ရဲ့ကုန်ကြမ်းများ၊ အဖိုးထိုက်တန်ဆုံး အရင်းအနှီးများ ဖြစ်မလာနိုင်ဘူးလား။


တတိယအကြိမ် ကစားနည်းမှာတော့ အတည်ငြိမ်ဆုံးနဲ့ အောင်မြင်စွာ ကျော်ဖြတ်နိုင်လာကြသလို ဘ၀ရဲ့အစိတ်အပိုင်းတစ်နေရာ၊ ဘ၀ရဲ့ခရီးစဉ် တစ်လျှောက်မှာလည်း မိမိကိုယ်ကို ကျေနပ်မှုအရှိဆုံး၊ မိမိကိုယ်ကို ယုံကြည်မှုအရှိဆုံး အချိန်ကာလတစ်ခုကိုတော့ ကျွန်မတို့ မလွဲမသွေ ကြုံကြရမှာပါ။ အဲ့ဒီလိုမျိုး မကြုံသေးဘူးဆိုရင်တော့ မိမိရဲ့ကစားနည်းမှာ အံလွဲနေပြီဆိုတာကို သတိပြုရတော့မှာပေါ့။


ဆရာက လူတွေကို ပထမအကြိမ်မှာ၂ယောက်၊ ဒုတိယအကြိမ်မှာ ၄ယောက်၊ တတိယအကြိမ်မှာ ၈ယောက်၊ နောက်ဆုံးမှာ အားလုံး၂၄ယောက် တွဲလုပ်ခိုင်းသလိုမျိုးပဲ ကျွန်မတို့ရဲ့ ဘ၀မှာလည်း နောက်တစ်ကြိမ် ငါတို့အကောင်းဆုံး လုပ်မယ်ဟေ့လို့ ကြိုတင်ပြင်ဆင်ထားပေမယ့် မျှော်မှန်းထားတဲ့ အခြေအနေမျိုးက ကြုံလာချင်မှာ ကြုံလာမှာပါ။ ကျွန်မတို့ဟာ ၂ယောက်နဲ့ ကြုံမလား၊ ၄ယောက်နဲ့ ကြုံမလား၊ ၈ယောက်နဲ့ ကြုံမလား၊ ဘာမှ ကြိုတင် တွက်ဆထားလို့မရပါဘူး။ အလားတူ ကျွန်မတို့ဟာ ဂိမ်းပွဲမှာ တွဲဖက်ကစားခဲ့ရတဲ့ ပုသူ၊ရှည်သူ၊ ၀သူ၊ ပိန်သူ၊ အသက်ကြီးသူ၊ အသက်ငယ်သူများကဲ့သို့ပင် ကျွန်မတို့ရဲ့ ဘ၀ခရီးတစ်လျှောက်မှာလည်း ကောင်းသှူဆိုးသူ ပုံသဏ္ဍာန်အမျိုးမျိုး၊ စိတ်အထွေထွေရှိသူများနဲ့ ရည်ရွယ်လို့သော်၎င်း၊ မရည်ရွယ်ပဲနှင့်သော်၎င်း ကြုံတွေ့ရင်းနှီးကာ ပတ်သက်ရပါလိမ့်မယ်။ ။


နောက်ဆုံးကစားနည်းမှာတော့ ပထမအကြိမ်တွေလို ပထမ၊ ဒုတိယ၊ တတိယအဆင့်တွေကို ဆရာက မသတ်မှတ်ပေးတော့ပါဘူး။ သတ်မှတ်ပေး ဖို့လည်း မလိုတော့ပါဘူး။ အဆင့်တွေ သတ်မှတ်ဖို့ မလိုတော့တဲ့ နေရာတစ်နေရာကို ရောက်ဖို့ဆိုတာကတော့ ကျွန်မတို့ ကိုယ်တိုင် အပေါ်မှာ မူတည် နေသလို ဘ၀ခရီးလမ်းမှာ အတူတူ တွဲပါမိလျှက်သားရှိနေတဲ့ ကျွန်မတို့ရဲ့ ချစ်သူများ၊ လေးစားခင်မင်ရပါတဲ့ မိတ်ဆွေများ၊ နားလည်စာနာဖေးမ တတ်တဲ့ သူငယ်ချင်းရောင်းရင်းများရဲ့ ဟန်ချက်ညီတဲ့ မေတ္တာ၊စေတနာ၊ အကူအညီနဲ့ ပံ့ပိုပေးမှုတို့ကလည်း မရှိမဖြစ် လိုအပ်လှပါတယ်။


ကျွန်မတို့တွေရဲ့ အောင်မြင်မှုအရသာကို တစ်ဦးထဲ ကျိတ်ပြီး စားသုံးမယ့်အစား ချစ်ခင်သူများနဲ့ အတူတကွ “ ဟေး ” ကနဲ အော်ဟစ်ပြီး ပြိုင်တူ လက်ခုပ်များတီးလို့ စားသုံးကြည့်ချင်မိပါတော့တယ်။




( ၂၃.၁၀.၂၀၁၀နေ့ Save The Aged အတွက်ဖွင့်လှစ်တဲ့  Basic Mental Health Counseling  Training &  Mental Health + Aging: Elder Care Psychology and Counseling Training Course သင်တန်းရဲ့ ပထမနေ့မှာ လေ့လာသူ တစ်ယောက်အနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဂိမ်းလေးတစ်ခုအပေါ် အမှတ်ယစိတ်နှင့်  ဖြန့်ကျက်တွေးကာ ရေးထားခြင်းဖြစ်ပါကြောင်း။)







ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

Tuesday, October 26, 2010

ရောင်စဉ်ယှက်ဖြာခဲ့သော ဆီမီးခွက်ငယ်ကလေးများ



" ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ရှင်မြတ် "






ဝါလကင်းလွတ်သီတင်းကျွတ်အချိန်အခါကို ရောက်ခဲ့လေပြီ။ မြတ်စွာဘုရားရှင်က တာဝတိံသာနတ်ပြည်မှ မယ်တော်မိနတ်သား အား ၀ါတွင်း(၃)လပါတ်လုံး အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူပြီးနောက် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းသုံးသွယ်မှ လူပြည်ကို ပြန်လည်ဆင်းသက်တော်မူသော မြတ်စွာဘုရားအား နတ်လူအများက ဆီမီးများ ထွန်းညှိပူဇော်ကြိုဆိုကြပြီး ထိုနေ့ သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မာ အခါတော်နေ့) မှာ အိမ်၊ ကျောင်း၊ လမ်း၊ဘုရားတို့မှာ ဆီမီးရောင်စုံများ ထွန်းညှိပူဇော်ကာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲကြပါတယ်။


သီတင်းကျွတ်လပြည့်နေ့မှာ Save The Aged အနေနဲ့ ဆီမီး၅၀၀၀တင်မက ပန်းစေတီပါ တည်လှူမယ်။ ဒါ့အပြင် မကြာသေး ခင်မှ ဖွဲ့စည်းလိုက်တဲ့ Save The Aged ရဲ့ ၀တ်အဖွဲ့မှလည်း ပထမဦးဆုံး ပွဲဦးထွက်ဝတ်ရွတ်ပူဇော်ကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဖြစ်ချင်တော့  ဒီစနေ သီတင်းကျွတ် လပြည့်နေ့  မတိုင်ခင်(၄) ရက်လောက်ထဲက ဂီရိမုန်တိုင်းရဲ့ ရိုက်ခတ်မှုနဲ့ ရန်ကုန်မှာ မိုးဖြိုင်ဖြိုင်ရွာသွန်းနေခဲ့ပါတယ်။ ဒါပေမယ့် Save The Agedရဲ့ ထုံးစံက ဆုံးဖြတ်ပြီးရင် ဘယ်လောက်ခက်ခဲနေပါစေ.. အဖွဲ့ဝင်တွေရဲ့ စိတ်စွမ်းအားနဲ့ အောင်အောင်မြင်မြင် ဖြစ်အောင်လုပ်ခဲ့ကြတာချည်းပါ။  အားလုံးက ဒီနေ့မှာ ယောကီဖြူညိုဆင်တူဝတ်ဆင်လို့ ဆင်နွှဲဖို့ အားခဲထားကြလေတော့ အုံ့ဆိုင်းရွာသွန်းနေတဲ့ ရွှေမိုးကိုကြည့်ပြီး အစီစဉ်တွေပျက်မှာကို  တွေးကာပူနေကြပါတယ်။


အဖွဲ့ဝင်များက တာဝန်တွေခွဲဝေယူကြပါတယ်။ ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ်ဆံတော်ရှင် စေတီတော်မြတ်မှာ ဆီမီးထွန်းညှိခွင့် ရဖို့ တာဝန်ရှိဂေါပကလူကြီးများနှင့် ကြိုတင်သွားရောက်တွေ့ဆုံကာ ခွင့်ပြုချက်တောင်းယူကြပါတယ်။ ခွင့်ပြုချက်ရပြန်တော့ ဆီမီးခွက်များ၊ မီးစာများ၊ ထွန်းညှိရန်ဆီ အချိန်မှီ ၀ယ်ယူစုဆောင်းရပြန်ပါတယ်။ ပန်းစေတီပါတည်မှာဖြစ်လို့ ဂန္ဓမာပန်းတွေ ကြိုတင်မှာယူ၊ စေတီတည်ဖို့ လိုအပ်တာများပြင်ဆင်ရပြန်ပါတယ်။ မီးပုံးပဒေသာပင်တစ်ပင်သီးမှာမို့ အဲ့ဒီအတွက်လည်း စီစဉ်ရပြန်ပါတယ်။ အဖွဲ့ရဲ့ ၀တ်ရွတ်မယ့်အဖွဲ့ကလည်း ကြိုတင်ပြီး ၀တ်တိုက်ထားကြပြန်ပါတယ်။


ဒီလိုနဲ့ သီတင်းကျွတ်လပြည့်နေ့ (၂၃.၁၀.၂၀၁၀) စနေနေ့ရောက်ခဲ့ပါတယ်။ မုန်တိုင်းကြေညာချက်က အညိုရောင် အရေး ပေါ်အဆင့်။ နေ့လည်၂နာရီလောက်မှာ မိုးရောလေရောပြင်းထန် နေဆဲ။ Save The Agedကလည်း လုပ်မယ်ဆိုရအောင်လုပ် မယ်ဆိုတဲ့ အထဲကဘဲ။ အဓိက လုပ်ဆောင်နေကြတဲ့ ဖုန်းတွေ လိုက်ချိတ်ကြည့်တော့ အားလုံးက ကိုယ်စီကိုယ်ငှ လုပ်ဆောင်စရာ များကို အရှိန်မပျက် ဆက်လက်ဆောင်ရွက်နေဆဲ။ မိုးနတ်မင်းကြီးကို ဒီတစ်ည မိုးရွာသွန်းခြင်းကနေ ဒီတစ်ညတာ ကုန်ဆုံးတဲ့ အထိပဲဖြစ်ဖြစ် ရပ်တန်းပေးပါဆို ဆုတွေတောင်းနေကြတာ ကျွန်မတစ်ယောက်ထဲ မဟုတ်.. အဖွဲ့ဝင်တိုင်းရဲ့ ဆုတောင်းသံတွေ။ ညနေလေးနာရီ ရွှေမိုးက ဖြိုးဖြိုးဖျောက်ဖျောက် ရွာနေတုန်း။ ပြင်ဆင်ထားတဲ့ အဖွဲ့ယူနီဖောင်း အဖြူ+ အညိုလေးနဲ့ မိသားစုလိုက် ဘုရားကို ထွက်ခဲ့ကြတယ်။




ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ရှင်မြတ်ရဲ့ ရင်ပြင်တော်ပေါ်မှာတော့ ဘုရားဖူးလားသူ၊ စတုဒီသာတိုက်ကျွေးသူ၊ ဥပုသ် သီလယူသူများနဲ့ ပြည့်နှက်လို့။   ဓမ္မဥသျှောင်တိလောကမာန်အောင်မဟာမုနိတန်ဆောင်းကြီးရှေ့က ရင်ပြင်တော်နေရာမှာ တော့ Save The Aged အဖွဲ့တာဝန်ခံများက တစ်ဖွဲဖွဲရွာချနေတဲ့ မိုးစက်မိုးပေါက်များကို အံတုလို့ ဆီမီးခွက်အလွတ်များကို စာလုံးဖော် နေရာချနေကြပေပြီ။ မီးစာကျစ်သူကကျစ်၊ ဆီမီးခွက်သယ်သူကသယ်၊ အဖွဲ့နာမည် ချိတ်သူကချိတ်၊ ဆီမီးခွက် နေရာချသူကချ၊ ကန်တော့ပွဲပြင်ဆင်သူကပြင်ဆင်၊ မိုးနတ်မင်းကြီးကို ဆုတောင်းသူကဆုတောင်းနှင့် ဒရဇပ်ဆောင်ရွက်နေကြပြီ။


ဝတ်ရွတ်အဖွဲ့ဝင်တော်တော်များများကလည်း အဖွဲ့ရဲ့သင်တန်းမှာ  မနက်၉နာရီကနေ ညနေ ၅နာရီအထိ တက်ရောက်နေကြ လေတော့ သူတို့ကတော့ သင်တန်းချိန် ၅နာရီနောက်ပိုင်းမှ ဒီဘက်ဆီမီးထွန်းရာဆီကို ကူးလာကြမှာ..။ သူတို့လည်း စာသာ သင်နေကြရတယ် စိတ်တွေကတော့ ဘုရားဆီမီးထွန်းရာမှာ ရောက်နေကြမှာမလွဲ။ အဖွဲ့ဝင်တွေက မိုးစက်မိုးပေါက်များ အောက်မှာ တစ်ဖွဲဖွဲရောက်လာကြတယ်။ အဖွဲ့ဝင်မိန်းကလေး၊ ယောကျာ်းလေးတိုင်းဟာ အဖြူ+အညိုဝတ်စုံလေးတွေနဲ့ ကျက်သရေရှိစွာ လှပတင့်တည်နေခဲ့ကြတယ်။


ညနေ(၆)နာရီကျော်ကျော်မှာတော့ Save The Aged ရဲ့ ၀တ်ရွတ်အဖွဲ့ရောက်ရှိလို့လာပါတယ်။ ၀တ်ရွတ်မယ့်နေရာမှာ နေရာ ယူပြင်ဆင်ပါတယ်။ မရှေ့မနှောင်းမှာပဲ  ဂန္ဒမာပန်းရောင်စုံ (၂၆၀၀) ပွင့်နဲ့ ပြင်ဆင်ထားတဲ့ ပန်းစေတီလည်း ရောက်ရှိလာပါ တော့တယ်။ ဒီပန်းစေတီကို စိန်သြဂတ်စတင်း မှ ဆရာမဒေါ်နှင်းသီတာနဲ့ ဆရာမဒေါ်ပြုံးပြုံးတို့က အပင်ပမ်းခံကာ ပူဇော်ရန် အတွက် ပြင်ဆင်ပေးပါတယ်။ ဆရာမတို့ရဲ့ စေတနာဒါနအတွက် ဒီနေရာကနေ Save The Aged အဖွဲ့မှ ကျေးဇူးစကား ပြောပါရစေရှင်။ အဲ့ဒီအချိန်မှာပဲ မိုးကလည်းတဖြည်းဖြည်းဆဲရာမှ တိတ်သွားပါပြီ။


ညနေ (၆) နာရီခွဲနောက်ပိုင်းမှာတော့ အဖွဲ့ဝင်များမှ " Save The Aged - သက်ကြီးရွယ်အို ထောက်ပံ့ရေးနှင့်စောင့်ရှောက်ရေး အဖွဲ့ " ဆိုပြီး စာလုံးဖော်ထားတဲ့ ဆီမီးခွက်ငယ်နေရာများမှာ တပျော်တပါး ဆီမီးများ ထွန်းညှိပူဇော်ကြပါတယ်။




မိုးရွာထားလေးတော့ ဆီမီးထွန်းခွင့်ပေးထားတဲ့ ရင်ပြင်နေရာတွေမှာ ရေညှိများနဲ့အတူ မိုးရေတွေနဲ့ စိုစွတ်နေပြီး ချော်လဲကျမှာ တောင် စိုးရိမ်ရပါတယ်။ ဒါပေမယ့် ကျွန်မတို့ မမှုကြပါဘူး။


တစ်ယောက်ကို တစ်ယောက် ချော်မလဲအောင် ဂရုစိုက်ဖို့ မှာသူကမှာ။ ဆီမီးခွက်တွေမှာ ဆီဖြည့်သူကလိုက်ဖြည့်၊ မီးစာကျစ်သူက ကျစ်၊ ဆီမီးထွန်းသူကထွန်းနဲ့.. တက်ညီလက်ညီနဲ့ လွန်စွာမှ ပျော်ရွှင်ဖွယ်ရာ ကောင်းလှပါတယ်။



ကျွန်မတို့ Save The Aged အဖွဲ့ရဲ့ စုပေါင်းစွမ်းအားကို ဒီ...မိုးစက်မိုးပေါက်များရဲ့ အောက်မှာပဲ အံတုပြသနိုင်ခဲ့ကြပါတယ်။





Save The Aged အဖွဲ့ရဲ့ ၀တ်အဖွဲ့ကလည်း ဋ္ဌာန်ကဋ္ဌိုင်းကျကျနဲ့ ပရိတ်များ၊ သုတ်တော်များကို ရွတ်ဖတ်သရာဇ္ဖာယ်ကာ မြတ်စွာဘုရားရှင်တော်မြတ်ကို ပူဇော်ကန်တော့နေသံ ညီညာဖျဖျက လွန်စွာမှာ ကျက်သရေရှိလှစွာ စိတ်နှလုံးထဲ ရွှင်လန်းချမ်းမြေ့ ရပါတယ်။ အဖွဲ့ဝင်အားလုံးရဲ့ စိတ်နှလုံးထဲမှာ မိမိတို့ရဲ့ ပြုပြုသမျှ ကုသိုလ်ကောင်းမှုအတွက် ၀မ်းသာ၊ ပီတိတွေနဲ့ လှိုင်လှိုင်ဝေ နေခဲ့ကြပါတယ်။



ဘုရားဖူးလာ ပရိသတ်များကလည်း ထွန်းညှိထားတဲ့ ဆီမီးများနဲ့၊ ပန်းစေတီများနဲ့။ မီးပုံးပဒေသာပင်များနဲ့ လာရောက်ကာ အမှတ်တရ ဓာတ်ပုံရိုက်ယူကြပါတယ်။



တချို့ဘုရားဖူးများသာမက  နိုင်ငံခြားသားခရီးသည်များလည်း ဆီမီးထွန်းညှိမှုကို စိတ်ဝင်တစား လာရောက်လေ့လာကာ ကိုယ်တိုင်ဝင်ရောက် ဆီမီး ထွန်းညှိကြပါတယ်။



MRTV4 ရုပ်သံဌာနမှလည်း မှတ်တမ်းတင်ရိုက်ကူးကာ အင်တာဗျူးပါတယ်။ အဖွဲ့ဝင် လူငယ်တချို့မှလည်း မိဘများ၊ အုပ်ထိမ်းသူများနဲ့ အတူတကွလာရောက်ကာ ဆီမီးပူဇော်ကြတာကိုတွေ့ရပါတယ်။ အဖွဲ့အင်အား (၁၀၀)နီးပါးနဲ့ တက်တက်ကြွကြွ ညီညာစွာ၊ ဆင်တူဝတ်စုံလေးများနဲ့ တင့်တယ်နေကြတဲ့ ကျွန်မတို့ Save The Aged ရဲ့ ဆီမီးပူဇော်ရာ နေရာမှာ စိတ်ဝင်တစား လာရောက် ကြည်ညိုသူ၊ လေ့လာသူ၊ ပူဇော်သူများနဲ့ ဘုရားဖူးလာများနဲ့ စည်ကားစွာရှိနေခဲ့ပါတယ်။




အဆုံးသတ်မှာတော့ ဆီမီး(၅၀၀၀)ကို အဖွဲ့ဝင်များရဲ့ စုပေါင်းလက်များနဲ့ ပြီးမြောက်စွာ ထွန်းညှိနိုင်ခဲ့ကြပါတယ်။ ည(၉)နာရီ ထိုးချိန်မှာတော့ ကျွန်မတို့ရဲ့ အစီစဉ်ကို အောင်မြင်စွာ ရပ်နားကာ ဘုရားရင်ပြင် ဆီမီးထွန်းပူဇော်ရာ နေရာတစ်ဝိုက်ကို အဖွဲ့ဝင် များက ပြန်လည် သိမ်းဆည်း၊ သန်ရှင်း၊ ဆေးကြောပေးကြပြန်ပါတယ်။



Save The Aged က သီတင်းကျွတ်လပြည့်နေ့မှာ မြတ်စွာဘုရားရှင်တော်ကို ပန်းစေတီတည်ကာ၊ ဆီမီး (၅၀၀၀) ထွန်းညှိလို့ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဖာယ်ကာ ကြည်ညိုပူဇော် ကန်တော့ခဲ့ကြပါပြီ။ မုန်တိုင်းအရှိန်ကြောင့် သီတင်းကျွတ် လပြည့်နေ့မှာ ပျပျလင်းနေတဲ့ ဖိုးလမင်းကြီးက တိမ်မည်းညိုညိုတွေကြားကနေ Save The Aged အဖွဲ့ရဲ့ ပရဟိတစိတ်တွေနဲ့
ထုံမွှမ်းထားတဲ့၊  ညီညွတ်စွာ.. လှပစွာနဲ့ တောက်ပနေတဲ့ ဆီမီးတောက်လေးတွေကို သာဓုခေါ်ဆိုကာ  လှမ်းကြည့်နေတာ တွေ့ရပါတယ်။



Save The Aged အဖွဲ့ဝင်များရဲ့ ဆီမီး (၅၀၀၀)ရဲ့ တောက်ပရောင်စဉ်များကို မိုးနတ်မင်းကြီးကလည်း ကောင်းချည်းပေးကာ ရပ်တံ့ပေးခဲ့ရပါတယ်။ Save The Aged က သူ့ရဲ့ နောက်ထပ်မှတ်တိုင်တစ်ခုကို အခက်အခဲတွေကြားက အောင်မြင်စွာနဲ့ စိုက်ထူနိုင်ခဲ့ပြန်ပါပြီ။ ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ် ဆံတော်ရှင်မြတ်ရဲ့ မိုးကောင်ကင်ယံမှာ Save The Aged က ထွန်းညှိလိုက် တဲ့ ဆီမီးတောက် ၅၀၀၀ရဲ့ ရောင်ခြည်များနဲ့ ထိန်ထိန်ညီးကာ လှပသက်ဝင်လို့နေပါတော့တယ်။



ကျေးဇူးမှတ်တမ်း။


သီတင်းကျွတ်လပြည့်ဆီမီး ၅၀၀၀ ထွန်းညှိပူဇော်ပွဲတော်ဖြစ်မြောက်ဖို့  အောက်ဖော်ပြပါ အဖွဲ့ဝင်များ ဦးဆောင်ပြီးအပင်ပမ်း ခံကာ၊ မဆောင်ရွက်ခဲ့ဘူးဆိုရင် ထမြောက်အောင်မြင်ဖွယ်နိုင်ရာ မရှိပါဘူး။ ဒါကြောင့် ကိုဗေဒါဇော်၊ ကိုအောင်မျိုးမင်း (ပဒုံမ္မာ)၊ ကိုဇော်ဆီဆေ့ခ်ျ၊ ကိုဝေယံမင်း၊ ကိုအနက်ရောင်၊ ကိုစိမ်းလန်း၊ ကိုသားမောင်၊ ကိုသက်ဝင်း၊ နွယ်ပင်၊ နောင်ရိုး၊ ၀ဏစိုး၊ ရဲထွဋ်နဲ့တကွ မြသွေးနီမသိလိုက်သော၊ ဖော်ပြရန်ကျန်ရှိသော အဖွဲ့ဝင်များ၊ ပြည်တွင်း၊ ပြည်ပမှ အဖွဲ့ဝင်များ၊ အလှူရှင်များအား  လှိုက်လှဲစွာ ကျေးဇူးမှတ်တမ်းတင်ရှိပါကြောင်း။






ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။











Wednesday, October 20, 2010

မရမ်းချောင်းသို့ တစ်ကြော့ပြန်





ကျွန်မတို့ Save The Aged အဖွဲ့ရဲ့ အောက်တိုဘာလအတွက် အလှူကို ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာမှာရှိတဲ့“အပြစ်မဲ့ အပယ်ခံ ” များလို့ ကျွန်မတို့ရဲ့ ရင်တွင်းက အမည်ပေးထားခဲ့ဘူးတဲ့ အနာကြီးရောဂါသည်များရဲ့ သီးခြားကမ္ဘာလေးဆီကို ဒုတိယအကြိမ် ပြန်လည်ရွေးချယ်လိုက်မိပါတယ်။ ဟုတ်ပါတယ်ရှင်။ ကျွန်မတို့အဖွဲ့ရဲ့ ပြီးခဲ့တဲ့ ဇွန်လခရီးစဉ်မှာလည်း မရမ်းချောင်းကျေးရွာလေးကိုပဲ သွားခဲ့ကြပြီး အဲ့ဒီအခေါက်မှာ အဖွဲ့ဝင်များအားလုံးရဲ့ရင်ထဲက စာနာ၊ ဂရုဏာ၊ သနားကြင်နာ မိုးစက်မိုးပေါက်တွေဟာ ဂေဟာက စောင့်ရှောက်ထားသူ ရောဂါသည် ဘိုးဘွားများရဲ့ ရင်ထဲ ဒုတ်ဒုတ်ထိရောက်အောင် ဖြိုင်ဖြိုင်ရွာသွန်းခဲ့ဖူးပါတယ်။




အဲ့ဒီအခေါက်တုန်းက အဖိုးတို့၊ အဖွားတို့ ရင်ထဲမှာ လုပ်ချင်တာ ဘာများရှိလည်းလို့ မေးမိတော့ တချို့က “ မသေခင် ကျိုက်ထီးရိုး ဘုရားဖူးသွားချင်တယ် ” လို့ ပြောတယ်။ တချို့ကတော့ “ ဒီမရမ်းချောင်မှာ ဆောင်းတွင်းဆို မတရားအေးတယ်.. သမီးတို့၊ သားတို့ မ၀တ်တော့တဲ့ အနွေးထည်အဟောင်းလေး များရှိခဲ့ရင် အဖွားတို့ကို လာပို့ပေးပါလားကွယ် ” လို့ သားသမီးတွေကို ပြောသည့်ပမာ သူတို့ ပြောခဲ့ကြတယ်။ ဒီတစ်ခေါက် မရမ်းချောင်းခရီးကို မရွေးချယ်ခင် စပ်ကြား သူတို့တွေ အလှူရှင်များရဲ့အစီအစဉ်နဲ့ ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်ပါးထံ ဖူးမြှော်ခွင့်ရခဲ့ကြတာကို သိရတော့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပြန်တယ်။ ဒါနဲ့ ကျန်နေသေးတဲ့ သူတို့ရဲ့ ဆန္ဒပြည့်ဝဖို့ ဆောင်းမ၀င်ခင်အမှီ အနွေးထည်များသွားပို့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။




ဒါနဲ့ အဖွဲ့ဝင်တွေအားလုံး တာဝန်တွေ စံနစ်တကျခွဲဝေယူကြပါတယ်။ အနွေးထည်လှလှပပ အရောင်ဆင်တူလေးများ ရဖို့အတွက် မေမြို့မှာနေသူ
အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နေမင်းသူရိန် ဆက်ပိုင်ကို အရောင်တူအနွေးထည်များလှမ်းမှာ၊ Save The Aged စာတန်း ရင်ဘတ်မှာထိုးဖို့ စီစဉ်၊ အဲ့ဒီအချိန် Save The Aged စကာင်္ပူရဲ့ အမာခံအလှူရှင် ကိုရီး {ကိုကြီး} မှ ဂေဟာရှိ လူနာများတစ်နေ့တာ ကျွေးရန်လှူမယ့်အပြင် သွားရောက်မယ့် အဖွဲ့ဝင်များအားလုံးအတွက် နေ့လည်စာပါ ဒါနလုပ်မယ် ဆိုပြန်တော့ အားလုံးက ၀မ်းသာပီတိနဲ့ သာဓုခေါ်မဆုံးတော့။ ဒီတော့ ဂေဟာအတွက် တစ်နေ့တာ အလှူနဲ့ ရွာကျောင်းမှ ကလေးများ၃၇၀စာ အတွက် ကြာဇံချက်ကိုတော့ မရမ်းချောင်း အုပ်ချုပ်ရေး အဖွဲ့ကို ငွေပေးလှူလိုက်ရင် ပြီးပေမယ့် အဖွဲ့ဝင်တွေ စားမယ့် နေ့လည်စာ ကြက်ဆီထမင်းအတွက် ကိုတော့ အော်ဒါမှာကြ၊ ကားကြီး၂စီးငှားဖို့ ကြိုတင်စီစဉ် သူက စီစဉ်၊ ဂေဟာမှာ အမှတ်တရထားဖို့ ဓာတ်ပုံနဲ့အယ်လ်ဘမ်စီစဉ်သူက စီစဉ်၊ အဖွဲ့ဝင်အဟောင်းတွေကလည်း ဒုတိယ အကြိမ် အရောက် သွားဖို့ အားခဲကြ၊ အဖွဲ့ဝင်အသစ်တွေကလည်း ဒေါက်တာနတ်ဆိုးရဲ့ သွေးပူလေ့ကျင့်ခန်းလုပ်ပေး ထားတဲ့ ပို့စ်လေးဖတ်ပြီး လိုက်ဖို့ အားယူကြနဲ့ အားလုံးကိုယ်စီ တက်ကြွလို့နေကြပါတယ်။




သတ်မှတ်ထားတဲ့ ဆုံရပ်ကို မနက်(၈)နာရီ ရောက်လေတော့ အဖွဲ့ဝင်ဟောင်းများသာမက အဖွဲ့ဝင် အသစ်များစွာကိုလည်း ၀မ်းမြောက်ဖွယ် တွေ့ကြရပါတယ်။ အဖွဲ့ဝင်တွေကိုယ်စီ သယ်လာတဲ့ အ၀တ်အစားများကလည်း ကျားမအရွယ်စုံ (၁၂၀၀) နီးပါးရှိပါတယ်။ ကားပေါ်မှာ အသီးသီး နေရာယူပြီးချိန် ၉နာရီဝန်းကျင်မှာ ဆုံရပ်(၂) ဖြစ်တဲ့ ၈မိုင်မှာ စောင့်ဆိုင်းနေတဲ့ အဖွဲ့ဝင်များကို ၀င်ခေါ်အပြီးမှာတော့ အဖွဲ့ဝင်များ (၁၅၀)နီးပါးကိုတင် ဆောင်လာတဲ့ ကားကြီး(၂)စီးစာနဲ့ Light Truck (၂)စီးအပါအ၀င် ကျွန်မတို့ Save The Aged အဖွဲ့ဝင်များဟာ လှည်းကူးမြို့နယ်မှာရှိတဲ့ မရမ်းချောင်းကျေးရွာကို စတင် ထွက်ခွာ လာခဲ့ကြပါတယ်။




လမ်းမှာ ကားပေါ်ပါအဖွဲ့ဝင်အချင်းချင်း လူသစ်နဲ့ လူဟောင်းမိတ်ဆက်ကြ၊ သံပြိုင်သီချင်းတွေ သီဆိုကြနဲ့ ထုံးင်္စအတိုင်း တပျော်တပါး ခရီးဆက်ခဲ့ကြပါတယ်။ ထောက်ကြံ့မှာ ၁၅မိနစ်ခန့် ခရီးတစ်ထောက်နားပြီး ခရီးဆက်ခဲ့ကြတာ မရမ်းချောင်းကို ရောက်တော့ ၁၂နာရီနီးပါး ရှိနေပါပြီ။ အရင်ကြိုရောက်နှင့်နေတဲ့ ကားမှ အဖွဲ့ဝင်များက ကလေးများကို ကြာဇံချက်တိုက်ကျွေး ထားပြီး ကြပါပြီ။




ဒီနေရာမှာ ကြားဖြတ်လို့ သူတို့တွေကို ဝေဒနာရှင်တွေ၊ အနာကြီးရောဂါသည်တွေလို့ မသုံးနှုန်းပဲ “ သူတို့ ” လို့ပဲ သုံးနှုန်းသွားပါ့မယ်။ ဒါ.. ပထမတစ်ခေါက်အလှူထဲက ကျွန်မဆုံးဖြတ် ထားခဲ့တာပါ။ သူတို့ဟာ လူတွေထဲက လူတွေဆိုတာ ကျွန်မ မျက်ဝါးထင်ထင်တွေ့ခဲ့ရပြီးထံက သူတို့ဟာ ကျွန်မတို့နဲ့ ဘာမှမကွဲပြားဘူး။ သူတို့ရှင်သန်နေစဉ်ကာလမှာ ဘ၀အကျိုးပေးကြောင့် ဒီလူဖြစ်ရှုံးတဲ့ ဝေဒနာဆိုးကို ကပ်တွယ်ငြိခံခဲ့ရတယ်။ ဒါပေမယ့် သူတို့ဟာ အခုအခါမှာ ဝေဒနာတွေ ကင်းပသလောက်ဖြစ်နေကြပေမယ့် ဝေဒနာဖြစ်စဉ်က အရှိန်ကြောင့် ခြေ၊ လက်၊ မျက်နှာတို့က ပုံသဏ္ဍာန် ပျက်ယွင်းနေကြပါပြီ။ ဒီလို ပုံသဏ္ဍာန်တွေ ဘယ်လောက်ပဲပျက်ယွင်းနေစေဦးတော့ သူတို့ရဲ့  ရင်ထဲက ခံစားတတ်တဲ့ နှလုံးသားတွေကတော့ ကျွန်မတို့နဲ့ ဘာမှမခြားနားပဲ ထပ်တူ ထပ်မျှပါဘဲ။ ကျွန်မတို့က သူတို့ကို အပေါ်ယံအမြင်၊ အပေါ်ယံအကြည့်နဲ့ မသတီ ရွံရှာမနေကြပဲ လူချင်းသူချင်းအတူတူ စာနာစိတ်လေးမွေးနိုင်ဖို့ လိုအပ်လှပါတယ်။ ဒါကြောင့် သူတို့ကို နွေးနွေးထွေးထွေး ဆက်ဆံနိုင်ဖို့၊ သူတို့ရဲ့စိတ်အားတွေကို ရောက်တဲ့အချိန်တဒင်္ဂလေးမှာ မြှင့်တင်ပေးနိုင်ဖို့ကို ဇင်အိက လမ်းခရီးမှာထဲက အဖွဲ့ဝင်များကို ကြိုတင်ရှင်းလင်း မေတ္တာရပ်ခံ ထားခဲ့ပါတယ်။




ကျွန်မတို့ကားက လမ်းမှာ ခဏရပ်နားကာ ပြင်ရသေးလို့ နောက်ကျမှ ရောက်ပါတယ်။ ကျွန်မတို့ ရောက်တဲ့အချိန်မှာပဲ ဂေဟာက သူတို့တွေကို ထမင်းကျွေးဖို့ ပြင်ဆင်နေကြပါပြီ။ အဖွဲ့ဝင်တွေ အားလုံးက သူတို့အနားမှာ ကိုယ်စီဝိုင်းရံလျှက်။ သူတို့က ထမင်းမစားခင် အလှူရှင်များကို ဆုတောင်းမေတ္တာပို့သချိန် မှာတော့ ကျွန်မတို့အားလုံးရဲ့ရင်ထဲမှာ အမည် မဖော်ပြနိုင်တဲ့ ဂရုဏာလှိုင်းတို့ ရိုက်ခတ်သွားခြင်း ခံလိုက်ရပါတယ်။





သူတို့တွေရဲ့ နေ့လည်စာက ငါးဟင်း၊ ပဲဟင်းချိုနဲ့ ငပိတို့စရာပါ။ သူတို့တွေ မြိန်ရည်ယှက်ရည် စားနေချိန်မှာ အဖွဲ့ဝင်များက အနားကနေယပ်ခပ်သူခတ်၊ ငါးအရိုးနွှံသူကနွှံ၊ ထမင်းဟင်းလိုက်သူက လိုက်နှင့်။ ကျွန်မတို့ကလည်း သူတို့ကို မှတ်မိနေတယ်.. သူတို့ကလည်း ကျွန်မတို့တွေကို မှတ်မိနေကြတယ်။ အပြုံးပန်းတွေ လှိုင်လှိုင်ပွင့်ကြတယ်။ တချိန်ထဲမှာ ၀ှီးချဲနဲ့သွားရတဲ့ သူတို့တွေကတော့ မိမိရဲ့ ကုတင်နေရာလေးမှာပဲ ထမင်းစားကြပါတယ်။ အဖွဲ့ဝင်များကလည်း အနားက တစ်ဖ၀ါးမှမခွာ ကူညီကာ ထမင်းကျွေးကြပါတယ်။







ကျွန်မမျက်လုံးများက ထမင်းစားဆောင်ထဲမှာ အဘဦးတင်ခိုင်ကို ရှာနေမိပါတယ်။ မတွေ့တော့ အဆောင်ထဲလိုက်သွားတော့ အဘကို သူ့ရဲ့ ကုတင်နံပတ်(၃၀) မှာ မတွေ့ရပြန်ပါဘူး။ ဒါနဲ့ထမင်းစားဆောင်ထဲ ပြန်လိုက်ပါတယ်။ တွေ့ပါပြီ။ အဘက ပထမတစ်ကြိမ်ထက် ပိုလို့ ပိန်သွားသလိုထင်ရပါတယ်။ အဘရဲ့ ကုတင်နေရာက်ု ကျွန်မပြန်လာခဲ့ပါတယ်။  အဘက ကျွန်မကို ကောင်းစွာ မှတ်မိနေပါတယ်။ အဘအားနည်းလို့ ပြီးခဲ့တဲ့၂ရက်လောက်ကပဲ ဂလူးကို့စ်သွင်းရသေးတယ်လို့ပြောပါတယ်။ ပထမအကြိမ်က အဘနဲ့ အတူသီချင်းဆိုနေတာ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးပေးဖြစ်ပါတယ်။ အဘက ဘာသာတရားမြဲဖို့၊ မိဘကို ဂရုစိုက်ဖို့ ဆုံးမပါတယ်။ အဘဟာ ပထမတစ်ကြိမ်တုန်းကလည်း ကားထွက်တဲ့အထိ ရွာဝကိုလိုက်ကာ နှုတ်ဆက်ရှာခဲ့သူပါ။





နေ့လည်စာ စားအပြီးမှာတော့ ဇင်အိနဲ့ အဖွဲ့ဝင်အချို့၊ လိုက်ပါလာတဲ့ Total ဧည့်သည်များ၊ အဖွဲ့ဝင် ကိုဝေဖြိုးဘော် ဦးဆောင်တဲ့ ယုဇနဥယျာဉ် အိမ်ရာစခန်းမှ ကြက်ခြေနီအဖွဲ့ဝင်များ အင်အား(၁၄) ယောက်က ကျေးရွာထဲမှာ အ၀တ်အစားများ သွားရောက်ဝေငှဖို့ ထွက်ခွာသွားကြပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်အများစုကတော့  ပင်မခန်းမဆောင် မှာ အစီစဉ်စဖို့ ပြန်စုရုံးကြပါတယ်။ သူတို့ကလည်း ထိုင်ခုံကိုယ်စီမှာ အသင့် နေရာယူနေပြီးကြပါပြီ။ ဒီတစ်ခေါက် ကျွန်မတို့ ကံအားလျှော်စွာ မရမ်းချောင်စခန်းရဲ့ ပဲ့ကိုင်ရှင် ဆရာ(ဦး)ချစ်စံဝင်းနဲ့ ကြုံခွင့်ရလိုက်ပါတယ်။ ဆရာ(ဦး)ချစ်စံဝင်းနဲ့ ဧည့်သည်များရောက်လာကြလို့ ဂေဟာမှုးက ကျွန်မတို့အဖွဲ့နဲ့ မိတ်ဆက်ပေးပါတယ်။





ဆရာက ဂေဟာအတွက် လှူဒါန်းထားတဲ့ ဓာတ်ပုံအယ်လ်ဘမ်မှ ပုံများကိုကြည့်ပြီး ပုံတချို့ ယူခွင့်တောင်းပါတယ်။ အဲ့ဒီနောက် အတူပါလာတဲ့ ဧည့်သည်များနဲ့ဆရာကမိတ်ဆက်ပေးပါတယ်။ အဲ့ဒီနောက် ဆရာ(ဦး)ချစ်စံဝင်းမှ မရမ်းချောင်ဖြစ်ပေါ်လာ ပုံနဲ့တကွ ဂေဟာမှ သူတို့ရဲ့ ဘ၀နဲ့အတူ လူငယ်များပရဟိတ အလုပ်မှာ စိတ်ပါဝင်စားစွာ ဆောင်ရွက်လာတာကို အားရစဖွယ်တွေ့ရလို့ ၀မ်းမြောက်ကြောင်း ပြောကြား သွားပါတယ်။ ဆရာစကားပြောလို့အပြီးမှာတော့ ဆရာ့ရဲ့ဧည့်သည်များနဲ့ အတူပါလာတဲ့ ရေခဲမုန့်များကို အဖွဲ့ဝင်များက ကူညီလို့ သူတို့ကို ၀ိုင်းဝန်းကာ ကျွေးပေးကြပါတယ်။





အဲ့ဒီနောက်မှာတော့ ကျွန်မတို့ရဲ့ အစီအစဉ်လေးကို စတင်လိုက်ပါတယ်။ မြသွေးနီက အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ မရမ်းချောင်ကို ပထမအကြိမ် သာမက ဒုတိယအကြိမ်လာရောက်လှူဒါန်းဖြစ်ရခြင်း အကြောင်းကို ရှင်းလင်းပြောပြပါတယ်။




အဲ့ဒီနောက် အဖွဲ့ဝင်များမှ အနွေးထည်များကို တစ်ယောက်ချင်းစီ ပေးအပ်လှူဒါန်းပါတယ်။





အဲ့ဒီနောက် ၀ါလကင်းလွတ်သီတင်းကျွတ် အခါသမယရောက်တော့မှာမို့ အဖိုးအဖွားများအား ကိုသူရတိုင်ပေးတဲ့ ကန်တော့ကြိုးနဲ့ ထိခြင်း၅ပါးဖြင့်
ကန်တော့ကြပါတယ်။





အဲ့ဒီနောက် အမာခံအဖွဲ့ဝင် ဇလပ်ဖြူမှ သူမရဲ့ “ အပြစ်မဲ့အပယ်ခံ ” သီချင်းနဲ့ ကိုယ်တိုင်ဂစ်တာတီး သီချင်းသီဆိုတဲ့အခါ အဖွဲ့ဝင်များမှ သံပြိုင်လိုက်ပါ သီဆိုကြပါတယ်။ ဒီသီချင်းလေးဟာ အဖွဲ့ရဲ့ အလှူခရီးတိုင်းမှာ ဆိုဖြစ်ပါတယ်။ ဆိုတိုင်းလည်း ကျွန်မတို့အားလုံးရော... အလှူနေရာကသူတွေပါ မျက်ရည်လည်ရတဲ့ သီချင်းလေးပါဘဲရှင်..။




“…..ကြည့်…ကြည့်….ကြည့်လိုက်ပါ… သနားဖို့ကောင်းတဲ့…သူတို့ဘ၀တွေ ကူညီမယ့်သူ ရှားပါးလို့နေတယ်… အကြောင်းမလှခဲ့တဲ့ သူတို့ ဘ၀မှာ … ကံကြမ္မာကိုပဲ ပြစ်တင်မလား… စာနာစွာနဲ့ ဖေးကူမလား… အကြင်နာလက်ကမ်း… တို့ပါဝင်စို့လေ…. ”


မရမ်းချောင်းတစ်ရွာလုံး ကျွန်မတို့တွေရဲ့ တေးသံတွေက ပျံ့လွင့်လွှမ်းခြုံလို့နေတယ်။ သူတို့.. နောက် ကျွန်မတို့ အားလုံးဟာ နှလုံးသားကိုယ်စီရှိကြပြီး ခံစားတတ်ကြတာချင်းပါတူညီ နေကြသူများပါ။ ပထမ ခရီးစဉ်ကလိုပဲ ကျွန်မတို့နဲ့ သူတို့ဟာ မကွဲပြားပဲ တစ်သားထဲ ရှိနေကြပြန်ပါတယ်။ သူတို့.. သူတို့တွေရဲ့ မျက်ဝန်းမှာ မျက်ရည်ဥတွေ ခိုတွယ်နေကြတယ်။ ကျွန်မတို့တွေရော ဘာသားနဲ့များ ထုလုပ်ထားကြတာမို့လဲ..။ အဲ့ဒီအချိန်မှာ ကျွန်မတို့တွေ မျက်ဝန်းမှာ မျက်ရည်စကိုယ်စီနဲ့ တစ်ယောက်ကို တစ်ယောက် စေတနာတွေ၊ မေတ္တာတွေ၊ ဂရုဏာတွေ၊ စာနာစိတ်တွေနဲ့ အပြန်အလှန် နွေးထွေးစွာ ရင်းနှီးစွာ ရှိနေကြတယ်ဆိုတာ ငြင်းမရနိုင်ပါဘူးရှင်။




ပထမအကြိမ် မရန်းချောင်းအလှူတုန်းက ကျွန်မတို့အဖွဲ့ရဲ့ ပင်တိုင်သီချင်း(၂)ပုဒ်ကို လက်ကမ်း စာရွက်လေးများနဲ့ ရှေ့နောက် ရိုက်ကာ မရမ်းချောင်က သူတို့ကို ဝေခဲ့ရင်း သူတို့နဲ့ အတူ သီချင်းတွေသီဆိုခဲ့ကြဘူးပါတယ်။ အခုတစ်ခါမှာတော့ ကျွန်မတို့ အဖွဲ့ဝင်များကို မထင်မှတ်တဲ့ ကြားဖြတ်အစီအစဉ်အဖြစ် ဂေဟာမှ အဘ(၄)ဦးက “ Save The Aged ” သီချင်းနဲ့ သံပြိုင်သီဆို ဖျော်ဖြေ ပါတယ်။ တစ်ယောက်ရဲ့လက်ထဲမှာက ပထမအကြိမ် ကျွန်မတို့ပေးဝေခဲ့တဲ့ သီချင်းစာရွက် အဖြူလေးက ဘယ်လောက်များ တရိုတသေသိမ်းထားသလဲမသိ၊ မနွမ်းကြေပဲ သန့်ရှင်းလျှက်။ နောက် (၃)ဦးရဲ့ လက်ထဲမှာတော့ ဗလာစာရွက်လေးတွေ ကိုယ်စီမှာ ဘောပင်နဲ့ ကူးရေးထားတဲ့ “ Save The Aged ” သီချင်း။ ကျွန်မတို့အဖွဲ့လာမှာသိနေလို့ ကျွန်မတို့အဖွဲ့ အတွက် ကြိုတင်ပြင်ဆင်ထားကြတာတဲ့။ သီချင်းတွေလည်း ကြိုတင်လေ့ကျင့်ထားတယ်ဆိုပဲ။ ကျွန်မတို့ တကယ့်ကို ၀မ်းသာစိတ်နဲ့ အံ့သြမိရပါတယ်။ ဒီလိုနဲ့ အဘတို့(၄) ဦးနဲ့အတူ ကျွန်မတို့အဖွဲ့ “ Save The Aged ” သီချင်းလေးကို သံပြိုင်သီဆိုကြပါတယ်။






“ Save The Aged …. Save The Aged လူငယ်များရဲ့ စေတနာ.. လူ့ပတ်ဝန်းကျင်အလှတရား.. တို့စွမ်းအားနဲ့ အလှဆင်မှာ…”



အဘဦးသိန်းလွင်ဆိုရင် ခေါင်းတွေခါ၊ ချွေးတွေမျက်နှာမှာ ဒီးဒီးယိုစီးကျအောင် သီဆိုဖျော်ဖြေပါတယ်။ အားပေး လက်ခုပ်သံတွေက သွပ်မိုးကို ကျော်ဖြတ်လို့ မရမ်းချောင်ရဲ့ မိုးကောင်းကင်ယံအထိ ပျံ့လွင့်သွားပါတော့တယ်။



အဲ့ဒီအစီစဉ်ပြီးတဲ့နောက် ဆရာ(ဦး)ချစ်စံဝင်းက ကျွန်မတို့ အဖွဲ့နှင့်ထပ်မံလို့ တွေ့ချင်သေးကြောင်း ပြောပြကာ နှုတ်ဆက်လို့ မရမ်းချောင်မှ ပြန်လည်ထွက်ခွာသွားပါတယ်။


အဲ့ဒီနောက် အဖွဲ့ရဲ့ အမာခံအဖွဲ့ဝင်တစ်ဦးဖြစ်သူ သက်ဝင်းမှ လျှပ်တပြက်အစီအစဉ်လေးတစ်ခုကို စတင်ပါတယ်။ ဒီအစီ အစဉ်လေးက အဖွဲ့ဝင်များနဲ့ ဂေဟာက သူတို့အကြား ရင်ထဲက ခံစားချက်လေး တွေကို အစီစဉ်မရှိပဲ ပေါ်လွင်အောင် ပြောဆိုတင်ဆက်စေတာပဲဖြစ်ပါတယ်။





အဖွဲ့မှ သက်ဝင်းနဲ့ ဂေဟာမှ အဘဦးတင်ခိုင်တို့စုံတွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှု၊ အဲ့ဒီနောက် ကချင်ပြည်နယ်မှာ စစ်မှုထမ်းခဲ့ဘူးတဲ့ အဘဦးသိန်းလွင်က အဖွဲ့မှဖိုးသောကြာ (ရန်ကုန်) နဲ့တွဲဖက်ပြီး အဖေနဲ့သား ရှေ့တန်းထွက်ခါနီး မှာကြားနေပုံမျိုး သရုပ်ဆောင်တာ ပီပြင်လွန်းလို့ ဖိုးသောကြာတောင် အဘကို မနည်းအမှီလိုက်ယူရပါတယ်။ လက်ခုပ်သံများကလည်း သောသောညံလို့ပါဘဲရှင်။




အဲ့ဒီနောက် လွန်ခဲ့တဲ့ ၂ရက်က နေမကောင်းလို့ အားဆေးဒရစ်ချိတ်ရတဲ့ အဘဦးတင်ခိုင်က “ အောင်ပါစေ ” သီချင်းနဲ့ အတီးမပါ အဆိုသက်သက်နဲ့ ပီသကြည်မြ အောင်မြင်စွာသီဆိုပြလေရာ ကျွန်မတို့ရဲ့ “ အောင်ပါစေ ”  “ အောင်ပါစေ ” “ အောင်ပါစေ ” လို့ အတူလိုက်အော်ပေးသံများဟာ ကြက်သီးမွေးညင်းများတောင် ထမိသည်အထိ ကောင်းမွန်လှတာမို့ အဘဦးတင်ခိုင်အတွက် လက်ခုပ်သံတွေ အများကြီးကို ရခဲ့ရပါတယ်။



အဲ့ဒီနောက် အဘဦးသိန်းလွင်က “ Par Par… He loves Mar Mar.. Mar Mar… She loves Par Par ” သီချင်းကို အဖွဲ့ဝင်များနဲ့ အတူ သံပြိုင်သီဆိုကြပါတယ်။ ဒီအစီစဉ်လေးမှာလည်း အားလုံးရဲ့ မေတ္တာလက်ခုပ်သံတွေဟာ လျှံထွက်ခဲ့ရပြန်ပါတယ်။ အဲ့ဒီနောက် အဖွဲ့ရဲ့ Save The Aged သီချင်းနဲ့ အဆုံးသတ်ကာ သူတို့ကို သူတို့ရဲ့ အဆောင်တွေ ရှိရာကို အဖွဲ့ဝင်များက ပြန်လည်ပို့ဆောင်ပေးပါတယ်။



အဲ့ဒီအချိန်မှာတော့ မွန်းတိမ်း(၂)နာရီရှိနေပါပြီ။ အဖွဲ့ဝင်အားလုံးရဲ့ ၀မ်းဗိုက်တွေဆီက သံစုံတီးဝိုင်း တွေက ဂွီဂွီဂွမ်ဂွမ်နဲ့ တီးမှုတ်နေကြပါပြီ။ ဂေဟာအပြင်ဖက် သစ်ပင်ရိပ်အောက်မှာ အဖွဲ့ဝင်များ အားလုံး စုပေါင်းထိုင်ကာ ကိုရီး {ကိုကြီး} ဒါနလုပ်တဲ့ ကြက်ဆီထမင်းကို တပျော်တပါး စုဝိုင်းလို့ ခေါင်းမဖော်စတမ်း စားကြပါတော့တယ်။



စားပြီးချိန်မှာတော့ ထုံးစံအတိုင်း အဖွဲ့ဝင်အသစ်နဲ့ အဟောင်း အပြန်အလှန် ပျော်ရွှင်စွာ မိတ်ဆက် ကြပါတယ်။



မိတ်ဆက်အပြီးမှာ ဂေဟာမှူးမှ ဆရာ(ဦး)ချစ်စံဝင်းမှာကြားခဲ့သည်များကို ကျွန်မတို့အဖွဲ့အား ထပ်မံပြောပြပေးပါတယ်။ ဂေဟာနဲ့ ဂေဟာဝန်းကျင်မှာရှိနေတဲ့ လူငယ်များ အတန်းပညာ ခါးကြောမပြတ်စေပဲ ပြီးမြောက်အောင် သင်ယူနိုင်ဖို့ သဒ္ဒါထက်သန်တဲ့ စေတနာ့အလှူရှင်များ လိုအပ်ပါကြောင်း အဓိကထား ပြောသွားပါတယ်။



ဂေဟာမှလူများနဲ့အဖွဲ့ဝင်တွေ ဘောလုံးကန်ဖို့ အစီစဉ်လုပ်ထားပေမယ့် အချိန်က ၃နာရီနီးပါး ရှိနေပြီမို့ ရန်ကုန်ပြန်အ၀င် နောက်ကျမှာ စိုးတာကြောင့် ဒီအစီအစဉ်ကို စိတ်လျှော့ထားလိုက်ရပါတယ်။



တဖက်မှာလည်း ရွာထဲမှာ အ၀တ်အစားတွေ သွားဝေငှနေတဲ့ ဇင်အိတို့ အဖွဲ့ပြန်အလာကို စောင့်နေကြပါတယ်။ ဒါတောင် အဖွဲ့ရဲ့ Royal STA Football Team က ဘောဝါသနာအိုးများက  ရတဲ့အချိန်လေးမှာ အချင်းချင်း လုကန်နေကြတာတွေ့ လိုက်ရပါသေးတယ်။


အဲ့ဒီအချိန်မှာ ကျွန်မအနားရောက်လာတာက အဘဦးတင်ခိုင်။ တန်ဖိုးရှိတဲ့ လက်ဆောင်တော့မဟုတ်ပါဘူးတဲ့။ သမီးကို အမှတ်တရပေးချင်လို့ လက်ခံပေးပါဆိုပြီး သူ..ကျိုက်ထီးရိုးသွားတုန်းက ပါလာတဲ့ ရင်ထိုးလေးကို တုံးတိနေရှာတဲ့ သူ့လက်ဖ၀ါးလေးပေါ်တင်လို့ ပေးပါတယ်။



ကျွန်မရင်ထိုးကို ချက်ချင်းပဲ တတ်လိုက်ပါတယ်။ ဖြစ်ချင်တော့ ရင်ထိုးချိတ်က ချက်ချင်းတွယ်မရလေတော့ အားစိုက် တွယ်နေတုန်း သူက " အဘလက်ကလေးတွေမရှိလို့ .. မဟုတ်ရင် ကူညီပေးချင်သား" တဲ့။ ကျွန်မ မျက်ဝန်းထဲ မျက်ရည်စတွေ ရုတ်ချည်းရစ်ခိုလာပါတယ်။ အဖေ့နဲ့ အဘက အသက်တူတူလို့ ပြောပြထားတော့ အဖေ့ကို ဂရုစိုက်ဖို့မှာပါတယ်။ ကျွန်မလည်း သူ့ရဲ့ တုံးတိနေတဲ့ လက်နှစ်ဖက်ကို ဆုတ်ကိုင်ယူလို့ အဘကျန်းမာရေးကောင်းအောင်နေဖို့၊ ပထမအကြိမ်တုန်းကပြောခဲ့တဲ့အတိုင်း ကျွန်မတို့ ထပ်လာခဲ့ကြတယ်၊ ကျွန်မတို့ နောက်တစ်ကြိမ် ထပ်လာဖို့လည်း ကြိုးစားပါ့မယ်လို့ ပြန်မှာမိပါတယ်။


တအောင့်နေတော့ ဇင်အိတို့(၁၄)ယောက်အဖွဲ့ ခြေကုန်လက်ပမ်းကျကာပြန်လာတာတွေ့ရပါတယ်။ မပမ်းခံနိုင်မလား.. အိမ်ထောင်တစ်စုကို (၁၀)ထည်နှုန်းနဲ့ အိမ်ခြေ၁၅၀လုံးမရောက်ခဲ့ပေမယ့် အိမ်ခြေ (၁၂၀) အိမ်အထိကို အိမ်တိုင်ရာရောက် သွားရောက်ဝေငှခဲ့တာပါ။ ကျေးရွာ အတွင်းမှာ မိသားစုနဲ့ နေထိုင်တဲ့ ရောဂါဒဏ်ခံခဲ့ရဖူးတဲ့ ၇၉ဦးအတွက်လည်း Save The Aged အနွေးထည်များ ပေးလှူခဲ့ပါတယ်။ ကျေးရွာအတွင်း အပင်ပမ်းခံ လိုက်ပါဝေငှပေးသူများအားလုံးကို ကျေးဇူးမှတ်တမ်း ဒီနေရာကနေ တင်ပါရစေရှင်။



အဲ့ဒီနောက် အဖွဲ့လိုက် အမှတ်တရ ဓာတ်ပုံရိုက်ယူကြပါတယ်။



အချိန်တန် အိမ်ပြန်ရပေဦးမည်။ ညနေ (၄)နာရီအထိုးမှာတော့ ကျွန်မတို့ Save The Aged အဖွဲ့ မရမ်းချောင်းက အပြစ်မဲ့ အပယ်ခံ သူတို့အားလုံးကို နှုတ်ဆက်လို့ ရန်ကုန်မြေစီ ခြေဦးပြန်လှည့် ရပါတော့တယ်။ လက်ပြကျန်ခဲ့တဲ့ အပြစ်မယ့်အပယ်ခံများရဲ့ မျက်နှာများက ကျွန်မတို့ မျက်ဝန်းထဲမှာ စွဲထင်နေပါတော့တယ်။


အံ့သြစရာက ရန်ကုန်မှာ မိုးသည်း ထန်စွာရွာလို့ ရေတွေတောင် တချို့နေရာတွေ ကြီးနေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မရမ်းချောင်းမှာတော့ Save The Aged ရဲ့ မေတ္တာတန်ခိုးနဲ့ နေတွေကျဲကျဲပူခဲ့ပါတယ်။ သေချာပါတယ်။ Save The Aged က လိုအပ်နေသူများအတွက် အနည်းဆုံးတော့....






နေပူချိန်မှာ အိုအေစစ်ငယ်လေးတစ်ခု (ဒါမှမဟုတ်)


မိုးသည်းချိန်မှာ နေပျောက်လေးတစ်ပွင့် (ဒါမှမဟုတ်)


ဆောင်းအေးချိန်မှာ ထင်းမီးဖိုလေးတစ်ခုလောက် အဖြစ်နဲ့ပဲဖြစ်ဖြစ် ဆက်လက်ရှိနေဦးမှာပါ။







ဒီတစ်ကြိမ်လည်း ကျွန်မတို့ Save The Aged အဖွဲ့သားများကို ယခုလိုပြောလိုက်ချင်ပါသေးတယ်..။








We Did It Again !



အဖွဲ့ဆိုက်ဖြစ်တဲ့ ဒီနေရာလေး မှာလည်းဝင်ဖတ်နိုင်ပါတယ်ရှင်..။




ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။







Friday, October 15, 2010

အကျွမ်းတ၀င်ရှိသောသူစိမ်းများ



ကျွန်မတို့ဟာ ပတ်ဝန်းကျင်လောကကို နေ့စဉ်ကြည့်မြင်နေကြ ဖြစ်ပေမယ့် မမြင်မတွေ့ခဲ့ကြပါဘူး။ ဘယ်အချိန်ကြမှ မြင်မိကြသလဲဆိုတော့ အကျွမ်းတ၀င်ရှိခဲ့တဲ့ တစ်စုံတစ်ဦးကိုဘဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်စုံတစ်ခုကိုဖြစ်ဖြစ်၊ ကိုယ့်ရဲ့ပါတ်ဝန်းကျင်က ကွယ်ပျောက်သွားတော့မှ သတိထားမိတတ်ကြတယ်။ ဥပမာပြောရရင် ကျွန်မနေ့စဉ်အလုပ်သွားတိုင်း ဆုံတွေ့နေကြဖြစ်တဲ့ ဆံပင်ကိုအမြဲဖြန့်ချထားတတ်တဲ့ အမျိုးသမီးတစ်ဦး.. သူဟာ ၃နှစ်လုံးလုံး ဘယ်လိုရာသီဥတုမှာပဲဖြစ်ပါစေ၊ မနက်၈နာရီထိုးတာနဲ့ ကားမှတ်တိုင်မှာ အမြဲစောင့်လျှက်သား တွေ့ရတတ်တယ်။ သူ့အသွင်အပြင် ကြော့ရှင်းနေတာကို ကြည့်ယုံနဲ့ သူဟာကုမ္ပဏီတစ်ခုခုမှာ တာဝန်ထမ်းဆောင်နေသူလို့ ခန့်မှန်းလို့ရတယ်။


အဲ့ဒီလို သူ့ကိုယ်တွေ့နေကျကနေ သူ့ကိုတစ်နေ့လောက် ကျွန်မမြင်ကွင်းကနေ မတွေ့မိရင် အမှတ်တရ မြင်ယောင်မိနေတတ်တယ်။ နောက်တစ်နေ့ဆို ကျွန်မသူ့ကို တွေ့နိုးနိုးနဲ့ ဂရုစိုက်ရှာဖွေနေမိပြီ။ သူ့ကို အကျွမ်းဝင်သူတစ်ဦးကို လွမ်းဆွတ်နေမိသလိုမျိုး ခံစားနေမိပြန်ရော..။ တစ်ပါတ်ထက်ပို မတွေ့မိတော့ရင်တော့.. သူ.. ခရီးများသွားသလား၊ နေမကောင်းများဖြစ်နေလား ..မတော်တဆ ထိခိုက်ဒဏ်ရာရနေသလား.. ဒါမှမဟုတ် ဒီထက်ဆိုးဝါးတဲ့ အမှုတွေနဲ့များ ကြုံနေရသလား၊ သူမရှိတော့မှ သူ့ကိုနှစ်ပေါင်းများစွာက ခင်မင်လာခဲ့မိသလိုမျိုး ခံစားမိလာရတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ကျွန်မ သိနားလည်လာရတာကတော့ ကျွန်မတို့ရဲ့ နေ့စဉ်ဘ၀တွေမှာ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ်နဲ့ အကျွမ်းတ၀င် ရှိနေတဲ့ သူစိမ်းတွေ ပါဝင်နေမိလျှက်ရှိတယ်ဆိုတာပါဘဲ။


နေ့စဉ် နေ့လည် ၃နာရီလာနေကျ စာပို့သမား၊ မနက်တိုင်း ခွေးစုတ်ဖွားလေးနဲ့ လမ်းလျှောက်ထွက်နေကျ လမ်းထဲက အမျိုးသမီး၊ စာကြည့်တိုက်မှာ ဆုံနေကြ အမွှာညီအစ်ကို၊ သူတို့ဟာ ကျွန်မနဲ့ မသိတဲ့ ရင်းနှီးကျွမ်းဝင်သူတွေဖြစ်နေတာ အံ့သြစဖွယ်သိလိုက်ရတယ်။ သူတို့တွေဟာ ကျွန်မတို့ရဲ့ ဘ၀မြင်ကွင်းတွေမှာ အရေးပါလှတဲ့ အမှတ်အသားတွေဖြစ်နေတယ်။ ကျွန်မတို့နေထိုင်သွားလာ လှုပ်ရှားရာနေရာမှန်သမျှကို အားဖြည့်လေးနက်စေ သူတွေပါဘဲ။ ဒါကြောင့် ကျွန်မတို့ အလုပ်ခွင်သွားရာ လမ်းတစ်လျှောက် အဆောက်အဦ၊ ဈေးဆိုင်တွေကို မှတ်သား ဖြတ်သန်းသွားရသလိုဘဲ လမ်းမှာ ဆုံတွေ့နေကျ အမည်မသိသူတစ်ယောက်ကိုလည်း သတိထားမှတ်သားသွား မသင့်ပေဘူးလား။ ဆိုကြပါစို့။ လမ်းမှာ နိုင်ငံခြားသားခရီးသွားတစ်ယောက်တွေ့လိုက်ရင် သူကတော့ ကျွန်မအဖို့ သူစိမ်းသက်သက်ပါဘဲ။ ဒါပေမယ့် အမြဲမြင်တွေ့နေကြ အပြေးလေ့ကျင့်နေသူကိုတော့ ကျွန်မအသိအမှတ်ကို ပြုမိနေသင့်တယ်။


မြင်တွေ့နေကျ သူစိမ်းတစ်ဦးကိုလည်း ကျွန်မတို့မသိစိတ်က မျှော်နေမိတတ်တယ်။ ဈေးဝယ်ထွက်လို့ ဆိုင်ရှင်က အသိအမှတ်ပြု ပြုံးပြတာဘဲ ဖြစ်ဖြစ်၊ ခေါင်းကလေး ဆတ်ပြလိုက်တာဘဲဖြစ်ဖြစ်၊ နေ့စဉ်အလုပ်သွားရာမှာ ကားမောင်းပို့ပေးနေကြသူကိုဘဲဖြစ်ဖြစ်၊ ကလေးလက်ကိုဆွဲကျောင်းပို့နေတဲ့ မိခင်တစ်ယောက်ကိုဘဲဖြစ်ဖြစ်၊ သတိထားတွေ့မြင်နေရရင် စိမ်းမနေတော့ဘဲ စိတ်ထဲသက်တောင့်သက်သာ ရှိနေမိတတ်တယ်။


ကျွန်မကလည်း တခြားကျွန်မ မသိသူတစ်ဦးအတွက် အကျွမ်းတ၀င် မြင်နေကြ သူစိမ်းတစ်ယောက် ဖြစ်နေနိုင်မယ်ဆိုတာ စဉ်းစားမိပါတယ်။ စူပါမားကက်မှာ ဈေးဝယ်သူတစ်ဦးက ကျွန်မကို စနေနေ့တိုင်းဈေးဝယ်တတ်သူလို့ မြင်တွေ့သတိထားမိနိုင်ပါတယ်။ ကျွန်မနေ့စဉ်ထိုင်တတ်တဲ့ လက်ဘက်ရည်ဆိုင်ကို ကျွန်မ မသွားမိရင်လည်း မြင်တွေ့နေကျ တစ်ဦးက ကျွန်မကို သတိရမိနေတတ်တာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။


လွန်ခဲ့တဲ့ ရက်ကပဲ မြင်တွေ့နေကျ သူစိမ်းတစ်ဦးနဲ့ မနက်ခင်းဈေးမှာ ကျွန်မဆုံဖြစ်ပါသေးတယ်။ သူက " မတွေ့တာကြာပြီနော် " ဆို နှုတ်ဆက်ပြီး သူနဲ့ကျွန်မ ရှေးကသိခဲ့တဲ့သူတွေလို ၃မိနစ်ခန့် စကားတွေ ပြောဖြစ်ကြသေးတယ်။ ဒါပေမယ့် ကျွန်မတို့ တစ်ယောက်နာမည်တစ်ယောက်တောင် မသိကြပါဘူး။


အကျွမ်းတ၀င်မြင်ခဲ့တဲ့ သူစိမ်းတွေရဲ့ အရေးပါပုံတစ်ခုကို ကျွန်မမှတ်မိနေသေးတယ်။ တစ်ခါ ကျွန်မ ခွင့်ရက်ရှည်ယူပြီး ခရီးထွက်ရာက အိမ်အပြန်.. နေနေကျလမ်းထဲဝင်လာတော့ လမ်းတလျှောက် ဘယ်သူကိုမှမတွေ့လို့ တစ်ခုခုလစ်ဟာနေသလိုလည်း ခံစားနေမိတယ်။ ကိုယ့်နေရာမဟုတ်သလို စိမ်းနေမိတယ်။ မြင်တွေ့နေကျ ဦးထုတ်အစိမ်း အမြဲဆောင်းတတ်တဲ့ ဦးလေးကြီးတစ်ယောက်ကို တွေ့လိုက်ရမှ ကိုယ့်လမ်း၊ ကိုယ့်အိမ် ပြန်ရောက်ပြီလို့ ကျေနပ်စိတ်ဖြစ်မိတော့တယ်။ ဒါကြောင့် ကျွန်မတို့ဘ၀မှာ အကျွမ်းဝင်တဲ့ သူစိမ်းတွေသာ ပါဝင်နေခြင်းမရှိဘူးဆိုရင် ခြောက်သွေ့ ငြီးငွေ့စရာကောင်းတဲ့ ပါတ်ဝန်းကျင်နဲ့ဘဲ ရင်ဆိုင်ခရီးဆက် နေရလိမ့်မယ် ထင်မိတယ်။ ပြီးပြည့်စုံတဲ့ ဘ၀မြင်ကွင်းတွေလည်း ဖြစ်လာလိမ့်မယ် မထင်မိဘူး။ သေခြာတာကတော့ ကျွန်မနဲ့ အစဉ်တွဲပြီး ရှိနေရမယ့်သူများမှာ အကျွမ်းတ၀င်ရှိတဲ့ သူစိမ်းများ အမြဲပါဝင်နေမှာပါ။


အခု ကျွန်မတို့တတွေ အွန်လိုင်းမှာနေ့တစ်ဓူဝ မိတ်ဆွေသူငယ်ချင်းများနဲ့ ဆုံတွေ့နေကြပါတယ်။ တချို့ဆိုရင် အပြင်မှာလုံးဝကို တွေ့မြင်သိထား ခြင်း မရှိကြပါဘူး။ ဒါပေမယ့် သူတို့တွေနဲ့ ရင်းနှီးခင်မင်ရတဲ့ အတိုင်းအတာကတော့ တကယ့်ကိုရက်တွေ ရှည်ကြာလာတာနဲ့အမျှ သံယောဇဉ်တွေ က ရင့်သန်နေရပါပြီ။ တစ်ခါတစ်ရံ အွန်လိုင်းမှာ အမြဲမြင်တွေ့နေကြ သူများ နှစ်ရက်သုံးရက်လောက် မတွေ့ရင်ဖြင့် ဘာများဖြစ်နေကြပါလိမ့်ဆို စိုးရိမ်မိနေတတ်ပါပြီ။ သူတို့တွေရဲ့ “မင်္ဂလာပါ ”  “နေကောင်းလား”  “ အလုပ်များနေလား ” ဆိုတာလေးတော့ အမြဲကြားချင်နေမိပါတယ်။ အနည်းဆုံး သူတို့မနှုတ်ဆက်အားတောင် အွန်လိုင်းမှာ သူတို့နဲ့အတူ အနီရောင်မီးနီလေးတွေ လင်းနေခဲ့မယ် ဆိုရင်တောင် အဲ့ဒီနေ့တွေ နေရတာ အဆင်ပြေလို့နေပါတယ်။


စာဖတ်သူတို့ရော သဘောတူကြပါရဲ့လားရှင်..။


Reader’s Digest ( 1993, December) issues မှ Alice Steinbach ရဲ့ Those Strange’s We Know ကို ဆီလျှော်အောင် ခံစားပြီး  ပြန်လည်ရေးဖွဲ့ထားခြင်းပါ။  နောက်... ပို့စ်အဟောင်းလေး ဆားပြန်ချက်ထားခြင်းဖြစ်ပါကြောင်း။



ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။


Wednesday, October 13, 2010

ဘ၀ဆိုတာ...


ဘ၀ဆိုတာ တိုက်ပွဲ..တဲ့ ။


တိုက်ပွဲဆိုမှတော့ ရုန်းရင်းဆန်ခတ်မှုနဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ အနိုင်အရှုံးတွေနဲ့  ပရိယာယ် မာယာတွေနဲ့ လုံးထွေးရစ်ပတ်လို့ နပန်းသတ်ပြီးသားပါပဲနော်။ အူဝဲဆိုပြီး အမိဝမ်းကြာတိုက်က ရှင်သန်မွေးဖွားလာချိန်ကစပြီး နောက်ဆုံး အိုမင်းမစွမ်းဖြစ်၊ နာမကျန်းဖြစ်ပြီး ဒီလောကကြီးကို စွန့်ခွာလာရတဲ့အချိန်အထိ ကျွန်မတို့ဟာ ဘ၀တွေရဲ့ တိုက်ပွဲတွေကို တစ်ဖန်တလဲလဲ ဆင်နွှဲကြရတယ်။


အမေ့ဝမ်းထဲက မထွက်လာခင်ထဲက ၀မ်းဗိုက်ထဲမှာ ကန်ကျောက်ရုန်းကန်လို့။ ထွက်လာပြန်တော့ လည်း “ အူဝဲ… အူဝဲ ” ဆိုတဲ့ ငိုသံနဲ့အတူ လူ့ဘ၀ကို စပြီး မိတ်ဆက်ခွင့်ရတယ်။ နို့ဆာရင် အော်ငိုမယ်၊ ရှူရှူပေါက်ချင်ရင် အော်ငိုမယ်၊ အလိုမကျရင် အော်ငိုမယ်ဆိုပြီး လူ့လောကထဲ ရောက်လို့မှ လပိုင်းရှိသေး မိမိနေထိုင်ရှင်သန်ဖို့ကို သဘာဝရဲ့ ဗီဇအရ ရုန်းကန်ဆန္ဒပြရင်း တိုက်ပွဲဝင် တောင်းဆိုတတ်လာပြီ။  ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ လူလားမြောက်လာတော့ ပညာတွေ ဆည်းပူးရပြန်တယ်။ အဲ့ဒီကနေ အရွယ်ရောက် ကြီးပြင်းလာပြန်တော့ စား၊၀တ်၊နေရေး ဆိုတဲ့ တို့တာဝန်အရေး (၃)ပါး အတွက် ရုန်းကန်လှုပ်ရှားရပြန်ပါရော။ သားရေး၊ သမီးရေး၊ ကြီးပွားရေး၊ စီးပွားရေးတွေနဲ့ ဘ၀မှာ လူတန်းသူတန်းစေ့ဖို့ ထွေးလုံးရစ်ပတ် တိုက်ပွဲဝင်ရပြန်တယ်။  အဲ့ဒီကတစ်ဖန် နုပျိုရာက ၀င်းမှည့်ပြီး ဘ၀ရဲ့ကြွေလုချိန် ရောက်ကာနီးပြန်တော့ ကျန်းမာရေး ကောင်းမွန်စွာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့အရေး၊ နောင်ဘ၀အတွက် သယ်ယူသွားရမယ့် မျိုးစေ့တွေ အပင်မှန်ရှင်သန်စေဖို့အရေး ကြိုတင်တွေးတောပြင်ဆင်ပြီး သတိဂရုပြုလို့ နေထိုင်တိုက်ပွဲဝင် ရပြန်လေတယ်။


ဘ၀တိုက်ပွဲတလျှောက်မှာ ပျော်ရွှင်ရတယ်။ ကြည်နုးရတယ်။ နာကျင်ရတယ်။ ငိုကြွေးရတယ်။ ၀မ်းနည်းရတယ်၊ ၀မ်းသာရတယ်။ ဗုံလုံတစ်လှည့်ငါးပျံတစ်လှည့်နဲ့ လောကဓံရဲ့ အထုအထောင်း အရိုက်အပုတ်ဒါဏ်တွေကို ရင်ကော့၊ ခေါင်းမော့တစ်ဖုံ။ အံကြိတ်တက်ခေါက်လို့ တစ်မျိုးနဲ့ ကျော်လွန်ဖြတ်သန်းကြရတယ်။


တိုက်ပွဲဝင်တယ်လို့ စကားလုံးလှလှလေးသုံးလိုက်တာပါ။ အမှန်ကတော့ ကျွန်မတို့ဟာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက အလွှာပါးပါးလေးကို အသက်ရှင်သန်နေစဉ် ကာလမှာ မပေါက်ပြဲ၊ မပျက်စီးရလေအောင် ကြိုးစားသတိပြု ထိမ်းသိမ်းနေကြရတယ်ဆို ပိုမှန်လေမလားမသိ။ ကျွန်မတို့က ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုခုမှာ ကြိုးပမ်းအားထုတ်တဲ့အခါ အခြားကျန်တဲ့အစိတ်အပိုင်းတွေဟာလည်း ပိုကောင်းမွန်လာတယ်လို့ ခံစားရလာတယ်။ ဘ၀ခရီးတစ်လျှောက် ကျွန်မတို့ လုပ်နေသမျှ အလုပ်တိုင်းက အရေးကြီးပါတယ်။ ကျွန်မတို့ဟာ ဘ၀တစ်လျှောက်မှာ ကျွန်မတို့ရဲ့ ပုံတူပန်းချီကား ကို ကိုယ်တိုင်ကိုယ်ကျရေးဆွဲနေသူများပါ။ ကျွန်မတို့ရဲ့ သမိုင်းကို ကျွန်မတို့လက်နဲ့၊ ကျွန်မတို့ရဲ့ နှလုံးသွေးနဲ့ကိုယ်တိုင် ထွင်းထုနေကြတာပါ။ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ဘ၀တွေကို ကျွန်မတို့ရဲ့ ပုံရိပ်နဲ့ ထပ်တူကြဖို့ မရပ်မနား အမြဲကျိုးပမ်းနေကြသူများပါ။


“ ထပ်တူကျအောင် ဖန်တီးခြင်းရဲ့လှို့ဝှက်ချက်က ဘာလဲ ”  လို့ မြသွေးနီကို မေးလာရင် ..


“ တကယ်တော့ လှို့ဝျက်ချက်မရှိပါဘူး။ ဘ၀ကတကယ်ရိုးဖြောင့်လွန်းပါတယ်။ ပုံတူရေးဆွဲနိုင်ဖို့ ဆိုတဲ့ အထဲမှာက အသေးစိတ် အချက်လက်များစွာနဲ့အတူ အကြောင်းတရားတွေကလည်း ပါဝင်နေပါတယ် ”  လို့ ဖြေလိုက်ဦးမှာ ။


ဘ၀ဟာ ဂေါက်သီးရိုက်ကစားနေရသလိုဘဲလို့ မြသွေးနီ ထင်မိပြန်တယ်။ ရိုက်ချက်ကောင်းကောင်း တစ်ချက်ရိုက်နိုင်ဖို့ စိတ်ထဲမှာ ပုံဖော်ကြည့်ရတယ်။ ဒူးကိုအနေတော်ညွတ်ရတယ်။ ဦးခေါင်းကလည်း တည်ငြိမ်နေဦးမှ။ ဆုတ်ကိုင်ထားမှုကလည်း သက်တောင့်သက်သာ ရှိနေရမယ်။ လှပညက်ညောစွာ လိုရာကို လွှဲရိုက်နိုင်ရမယ်။ အဲ့ဒီအချိန်မှာ စိတ်ထွေပြားမနေပဲ အာရုံစူးစိုက်မှုရှိနေရမယ်။ ကိုယ်တိုင်က လဲ စိတ်အေးစွာရှိနေရမယ်။ ဂေါက်ရိုက်တုတ်နံပါတ် ဘယ်လောက်ကို သုံးသင့်သလဲ ဆုံးဖြတ်နိုင်ရမယ်။


ဘယ်အရာမဆို အောင်မြင်ခြင်းက ကြီးမားတဲ့အရာတစ်ခုထဲကိုသာ မှန်မှန်လုပ်ခြင်းနဲ့ ရလာတဲ့ အကျိုးရလာဒ်မဟုတ်ပါဘူး။ ရာချီနေတဲ့ အရာတွေကို ကျွန်မတို့ ထပ်ခါထပ်ခါ ဆောင်ရွက်ခြင်းက နေရလာတာမျိုးပါ။ တိုးတက်မှုဆိုတာ အသေးအဖွဲအရာတစ်ခုဆီကနေ ပိုမိုကောင်းမွန်လာခြင်းရဲ့ ရလာဒ်လို့ ကျွန်မမြင်မိတာဘဲ။


ဘ၀မှာ ကံကောင်းဖို့အချိန်တစ်နေ့ရောက်လာမယ်လို့ အရှုံးသမားတွေက မျှော်လင့်တွေးအမြဲတွေးတယ်။ နေ့စဉ်နေ့တိုင်း အသေးအဖွဲ အရာအားလုံးမှာ အမြဲကြိုးပမ်းနေမယ်ဆိုရင်ဖြင့် ဘ၀က တိုးတက်ပြောင်းလဲလာနိုင်တယ်လို့ အောင်မြင်မှု ဘ၀ပန်းတိုင်ကို သွားမယ့်သူတွေက မြင်ပြီး ကိုယ်တိုင် တဖန်တလဲလဲ ရွက်ဆောင်ကြတယ်။ဘ၀ဟာ လှို့ဝှက်ချက်တွေ အများကြီးနဲ့လို့ ဆိုရင် အဓိကလျို့ဝှက်ချက်ကဘာလဲဆိုတော့ လှို့ဝှက်ချက်မရှိတာပါဘဲ။ လှို့ဝှက်လွန်းတဲ့ ဘ၀တွေက ရေရှည်မှာ အောင်မြင်မှု ယုတ်လာတတ် တယ်။ ဒါကြောင့် ဘ၀ဟာ ရိုးစင်းပါတယ်လို့ ပြောခဲ့တာပေါ့။



ပြီးပြည့်စုံတဲ့ ဘ၀ဆိုတာ ရှားပါတယ်ရှင်။ အပြစ်ရှာရင် သိကြားမင်းဖန်ဆင်းတဲ့ နွားတောင် ချိုကားတယ်ဖြစ်နေဦးမှာဘဲလေ။ Ralph Waldo Emerson ပြောတဲ့ စကားလေးကို ကျွန်မ သိပ်ကြိုက်တယ်။ "Anything worth doing is worth doing best ".. တဲ့ ။ " လုပ်ရမယ်ဆို အကောင်းဆုံးလုပ် " တဲ့။  ကျွန်မတို့ဘ၀တွေမှာ စိန်ခေါ်တာတွေ၊ လုပ်စရာတွေ ပုံနေတာပါ။ ဒါတွေက ဘယ်တော့မှ ဆုံးမှာမဟုတ်ဘူးလေ။ ဒီလိုပြောလို့ ဘ၀ဆိုတာ လုပ်ရမှာတွေ အားလုံးကို ပြီးစီးအောင်လုပ်ရမယ့် တာဝန်နဲ့ ဖြစ်စဉ်ကြီးလို့လည်း မယူဆစေချင်ဘူး။ အဲ့လိုယူဆလိုက်ရင် စိတ်တွေပင်ပန်းပြီး ဘ၀ရဲ့ဒဏ်တွေပိလာနိုင်ပြန်တယ်။


ဘ၀ဆိုတာ ကြုံသမျှကို အရေးပေါ်အားလုံးကို လိုက်ဖြေရှင်း နေရတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အဲ့လိုသာဆို လိုရာခရီးကို ဘယ်လိုရောက်နိုင်ပါတော့မလဲနော်။  တခါတရံ မပြည့်ဝတဲ့ ဘ၀ရဲ့ လွဲချော်မှုတွေ၊ အံဝင်ခွင်ကျမဖြစ်မှုတွေကို ကျွန်မတို့ ကြုံတွေ့ ကြရမှာပါ။ ဘ၀မှာ ကြုံခဲ့တဲ့ အမှတ်ရစရာတွေကို သိမ်းထုတ်၊ အသေးအဖွဲတွေကို မေ့ပြစ်၊ ရင်ဆိုင်တိုက်ခိုက်ရမှာတွေ အတွက် ခွန်အားမွေးယူ၊ ပြသနာတွေကို ခေါင်းသုံးဖြေရှင်းရမှာပါ။ ကလေးက အတန်းထဲမှာ အဆင့်ကျသွားတာကို မိသားစုထမင်းဝိုင်းမှာ အရေးတယူ ဆူပူနေစရာ မလိုပါဘူး။ ဟင်းတွေ အစပ်ဟပ်မတည့်တာကလည်း ကြီးမားတဲ့ကိစ္စမှ မဟုတ်တာနော်။ အပန်းဖြေခရီးထွက်လို့  ပရုပ်ဆီဗူး မေ့ကျန်ခဲ့ယုံနဲ့ ဗျာမများသင့်ဘူး။ ကြုံရာမှာ ဆင်းဝယ်လိုက်တာပေါ့။ ဘာခက်တာမှတ်လို့။


တချို့ကပြောတယ်။ ဘ၀ဆိုတာ အားစမ်းမှုသာဖြစ်တယ်တဲ့။ ဟုတ်တယ်.. တကယ်သွေးတိုးစမ်းမှု မျှသာပါ။ ဘ၀ကို ရေးကြီးခွင်ကျယ် သတ်မှတ်လွန်းရင် တန်ဆေးလွန်ဘေးဖြစ်နိုင်တယ်။ ဘ၀ဆိုတာ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတဲ့ အားစမ်းပွဲလို့မြင်တတ်လာရင် ကြုံသမျှ အခက်အခဲတွေက ကိုယ့်အစွမ်းအစကိုပြဖို့၊ လေ့ကျင့်သင်ယူဖို့ အခွင့်ကောင်းကြီးလို့ မြင်လာနိုင်တယ်။ ဒီလိုမြင်လာတာနဲ့အမျှ ပျော်ပျော်ကြီး တိုက်ပွဲဝင်နေရတာ ပျော်စရာကောင်းလာတတ်တယ်။ အောင်မြင်မှုတွေကလည်း များများကြုံလာရမယ်။  အဲ့လိုမဟုတ်ပဲ ပြသနာတိုင်းဟာ ဘ၀ရပ်တည်ရေးအတွက် ခြိမ်းခြောက်နေတဲ့ သေရေးရှင်ရေးကိစ္စတွေလို့ မြင်လာရင်တော့  လျှောက်ရတာ ကြမ်းတမ်းသလိုထင်လာပြီး စိတ်ပင်ပမ်းလာရလိမ့်မယ်။


ပုံပြင်လေးတစ်ပုဒ်ထဲမှာပေါ့။


လူတစ်ယောက်၊ ဖားလေးတစ်ကောင်နဲ့ ရေပုံးတစ်ပုံးရှိလေတယ်။ ပျော်ပျော်နေတတ်တဲ့ ဖားလေးကို လူက ရေနွေး ပွက်ပွက်ဆူထည့်ထားတဲ့ ရေပုံးထဲကို ပစ်ထည့်လိုက်တယ်။ ဖားက ဘယ်နေမလဲ။ “ ဒီနေရာ.. ပျော်စရာမကောင်းဘူး.. ပူတယ်...ငါသွားပြီ ”  လို့ လူကို ပြောရင်း အပူရှိန်ကြောင့် ရေပုံးထဲကနေ ချက်ချင်းခုန်ထွက်တော့တာပေါ့။ ချက်ချင်းပဲ ဖားကဆုံးဖြတ်လိုက်တာ။


ဒီတော့ လူက ဥာဏ်များလေတော့ ဘယ်ရလေမလဲ။ နောက်..အဲ့ဒီဖားလေးကိုပဲယူ၊ “ မင်းကို အေးတဲ့နေရာ ငါပို့ပေးပါ့မယ် ” ဆိုပြီး  ခုနက ရေနွေးပူတွေကို သွန်၊ ရေအေးတွေကို ပုံးထဲထည့်၊ ဖားကို ရေပုံးထဲပစ်ချ ပြန်ပါလေရော။ ပြီးမှ ရေပုံးကို မီးဖိုပေါ်တင်ပြီး တဖြည်းဖြည်းပူအောင်လုပ်၊ ဖားက ဒီတစ်ခါတော့ အေးဆေးပဲ။  အေးနေလေတော့ ခုန်မထွက်တော့ဘူးရယ်။ နောက်... မိနစ်အနည်းငယ်ကြလာတော့ ဖားက သူ့ဟာသူ ပြောလာတယ်။


“ ဒီနေရာက နည်းနည်းနွေးလာသလိုပဲ ” တဲ့။ မိနစ်သိပ် မကြာခင်အချိန်တွင်းမှာတော့ လူရဲ့လက်ထဲမှာ ချက်ပြီးသား ဖားသားဟင်းကို တွေ့ရလေတယ်။ ပုံပြင်လေးက ဒါပါဘဲ။


ဘ၀မှာ ရုတ်တရက်တွေ့နိုင်တဲ့ မူယာမာယာတွေ၊ အန္တရာယ်တွေ၊ ဘေးဒုက္ခတွေကို ကျွန်မတို့ ချက်ချင်းဖြေရှင်းနိုင်ပေမယ့် တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာရင်တော့ သတိမမူမိတော့ပဲ ကျော့ကွင်းထဲမှာ လည်စင်းမိတတ်ကြပါတယ်။ သိလည်းသိရော သိပ်ကိုနောက်ကျသွားတတ်တာမျိုး ကျွန်မတို့ ကြုံဘူးကြမှာပါ။ ဖားလို အရူးလုပ်ခံရတာမျိုးတွေ ဘ၀မှာရှိလာတတ်ပါတယ်နော်။


ကျွန်မတို့တွေ အသိလေး၊ သတိလေးတော့ရှိနေမှ..။



{ ခဲလေသမျှတော့ သွားပါပြီ။ စိတ်ဓာတ်တွေကျနေလို့။ အခုတလော ဘာလုပ်လုပ်အဆင်မပြေဘူး။ လုပ်ထားသလောက် ဖြစ်လာပါ့မလား။ စိတ်တွေပူလို့ ညတောင် အိပ်မပျော်ဘူး လို့ မြသွေးနီကို ပြောလာတဲ့ သူများအတွက် စိတ်အဟာရလေး တစ်ခွက်ဖြစ်မယ်ဆိုရင်ဖြင့်.... }


ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။