
ဟိုးရှေးရှေးတုန်းက…..
ရွာတစ်ရွာမှာ မောင်နုဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူဟာအမေတစ်ခု သားတစ်ခုဖြစ်ပြီး ဆင်းရဲ နွမ်းပါးပေမယ့် မုဆိုးမအမေအိုကြီးကို ကောက်စိုက်၊ ပျိုးနှုတ်၊ သူရင်းငှါးအလုပ်လုပ်ရင်း ရှာဖွေ ကျွေးမွေးနေတဲ့ သားလိမ်မာတစ်ဦးဆိုရင်လည်း မမှားဖူးလို့ပြောရမှာပါဘဲ။ မောင်နုအမေဟာ မောင်နုကို သူအသက်ထင်ရှား ရှိနေစဉ်မှာ စိတ်ချရလေအောင် အိမ်ထောင်ရက်သားချ ပေးချင်ပေမယ့် သားဖြစ်သူ မောင်နုဟာ ရည်းစားသနာရှိဖို့ဝေးလေစွ၊ အမေကိုယ်တိုင်က ချွေးမလေးတွေလိုက်ရှာဖို့ မ၀ံ့ရဲလှလေအောင် ဘ၀အကျိုးပေးနည်း ရုပ်ဆိုးလှသူတစ်ဦးဖြစ်နေလို့ပါဘဲ။ မောင်နုဘ၀မှာ မှတ်မှတ်ရရ မှန်တစ်ခါသာသေချာကြည့်ဘူးတယ်။ သူလူပျိုပေါက်အရွယ် အမေမရှိခင် အမေ သနပ်ခါးလိမ်းတဲ့ မှန်အကွဲလေးနဲ့ သူ့မျက်နှာကို မထင်မှတ်ပဲ ကြည့်လိုက်မိပါတယ်။ သူတော်တော် စိတ်ဓာတ်ကျသွားမိတယ်။ သူ့ဆံပင်တွေက သန်စွမ်းတယ်။ တောသားပီပီ လုပ်ကြမ်းတွေ လုပ်ရလို့ ခနာကိုယ်က တောင့်တောင့်တင်းတင်းရှိတယ်။ အသားက မဖြူပေမယ့် လတ်တယ်ပြောလို့ရတယ်။ အဲ့ဒီမှာ သူ့မျက်နှာကို ရုပ်ဆိုးလေအောင် ဖျက်ဆီးနေတာက သူ့ရဲ့ သွားတွေပါဘဲ။
ဟုတ်ပါတယ်။ သူ့ပါးစပ်ထဲက ၀ါထိန်နေတဲ့သွားတွေက မညီမညာရတဲ့အထဲ၊ ခေါထွက်၊ ငေါထွက်လို့ တောင်တစ် ချောင်း မြောက်တစ်ချောင်းပေါက်နေလိုက်တာ စကားပြောမလို့ ပါးစပ်များ ဟလိုက်ရင် ပြောင်းဖူးစေ့တွေများ ကျဲပက်ထား သလို။ သူ့ပါးစပ်ကို ပိတ်လို့မရလောက်အောင် ကြီးမားတဲ့ သွားတွေက ညီညာမှုမရှိပဲ ထိုးထောင်ထွက်နေတာ။ ဒီသွားတွေကြောင့် သူက ရွက်ကြမ်း ရည်ကြိုအဆင့်ကို ကျော်လွန်ပြီး ရုပ်ဆိုးတဲ့ အဆင့်ကိုရောက်နေရတာ။ တော်ယုံဂျီကျနေတဲ့ ကလေးငယ်များဆို “ ဟေ့ မောင်နုခေါ်လိုက်ရမလား ” ဆို ခြောက်လိုက်တာနဲ့ ပတ်တောပိတ် တိတ်သွားရလေတာ။ ဒီသွားတွေ ကြောင့် ရှက်လို့ စကားပြောရင် လက်ကလေးနဲ့ ကွယ်ကာကွယ်ကာ ပြောရတယ်။ ဒီသွားတွေကြောင့် ပဲ ရွာကအပျိုတွေက အချင်းချင်း “ ညည်းတို့ လင်ဆန်ရွေးနေကြနော်.. တော်ကြာ မောင်နုနဲ့ ညားလိမ့်မယ် ” လို့ ရယ်သွေးသွမ်းကြတယ်။ ဒီလိုနဲ့ မောင်နုဟာ ဘယ်မှသိပ်မသွားဘူး။ အလုပ်နဲ့လက်မပြတ်လုပ်၊ ပြီးရင် အမေအိုကြီးပြုစု.. ဒါနဲ့ပဲ သူ့ဘ၀အချိန်တွေ ကုန်ဆုံးရတယ်။ ရွာထဲက လူငယ်အုပ်စုတွေထဲမှာ မောင်နုကို မတွေ့ရသလောက်ပဲ။
ဒါပေမယ့် သူလည်းလေ ပုထုစဉ်လူသားပေမို့ မောင်နုတစ်ယောက် သူ သူရင်းငှားလုပ်ရတဲ့ ရွာလည်က အရီးကျော့သမီး မယ်ဖော့ကို နေ့တစ်ဓူဝတွေ့မြင်ရင်း မေတ္တာသက်ဝင်မိလေတယ်။ မယ်ဖော့လေးက ကွမ်းတောင်ကိုင် မဟုတ်ပေမယ့် ချစ်စဖွယ်ညိုချော ၊ လိမ်မာယဉ်ကျေးသူလေးပါဘဲ။ အရီးကျော့က လူကြီးပီပီ မောင်နုသူ့သမီး အပေါ် စိတ်ဝင်စားနေတာ ရိပ်မိတယ်။ အသောက်အစားလည်းကင်း၊ ဖင်ပေါ့ပေါ့နဲ့ အလုပ်ကို မခိုမကပ်ကျိုးစားတဲ့ လူယုံသူရင်းငှားမို့ မောင်နုကို သဘောကျသလိုရှိပေမယ့် သူ့ရဲ့ဆိုးရွားလှတဲ့သွားတွေနဲ့ မျက်နှာကို ကြည့်မိပြန်တော့ ဘယ်လိုမှ သမီးဖြစ်သူနဲ့သဘောတူဖို့ မဖြစ်နိုင်ပြန်ဘူး။ မယ်ဖော့ကလည်း မောင်နုတစ်ယောက် သူမသိငါပိုးလုပ်နေတာ သိနေပေမယ့် ဒီလိုတစ်နေ့လုံးမပြောနဲ့ တစ်မိနစ်လောက် ထိုင်ကြည့်တာတောင် အဆင်မပြေလေအောင် ရုပ်ဆိုးလေတဲ့ မောင်နုကို ခင်မင်ယုံကလွဲလို့ သူ့ရဲ့စာရင်းထဲ လုံးဝမှ ထည့်မထားပါဘူး။
တစ်နေ့ မောင်နုက သူ့အမေကိုပြောတယ်။ “အမေ.. ကျွန်တော် နက်ဖြန်ည တစ်ဖက်ရွာကို အလုပ်ကိစ္စနဲ့ ညအိပ်သွားရမယ်။ မသွားခင် ငါးချဉ်ဟင်းလေး စားချင်တယ်ဗျာ..။ မနက်ဖြန် တစ်ရက်လောက် ချက်ကျွေးပါလား ” လို့ အမေကို ပူဆာလေတယ်။ အမေကလည်း “ ငါ့သား စားချင်ရင် အမေချက်ကျွေးရမှာပေါ့ ” လို့ပြောပြီး နောက်တစ်နေ့ သေသေချာချာ ကျကျနနချက်ကျွေးလေတယ်။ အဲ့ဒီနေ့က မောင်နုလည်း သူစားချင်တဲ့ ငါးချဉ်ဟင်းဆိုတော့ နေ့ရော ညပါစားကောင်းကောင်းနဲ့ တွယ်ပြီး ညရောက်တော့ အမေအိုကြီးကို နှုတ်ဆက်လို့ တစ်ဖက်ရွာကို ခရီးထွက်ခဲ့လေတယ်။ ဒီလိုနဲ့ တစ်ယောက်ထဲ ခရီးထွက်လာလိုက်တာ တစ်ဖက်ရွာထိပ်က ဇရပ်ကြီးဆီရောက်လာပြီး ဇရပ်ထဲက ခဏ၀င် ခရီးတစ်ထောက်နားလေတယ်။
လေကလေးက တဖြူးဖြူးနဲ့ ဇရပ်ကတိုင်ကိုမှီရင်း အနားယူလိုက်တာ စားလာတဲ့ ငါးချဉ်ဟင်းနဲ့ ထမင်းဆိပ် တက်ပြီး အိပ်ပျော် သွားပါလေရော။ အိပ်မောကျလို့ တခေါခေါဟောက် အိပ်ပျော်နေတုန်း အဲ့ဒီ ဇရပ်ကို အပိုင်စိုးရထားတဲ့ ဇရပ်စောင့်ဘီလူးက “ သယ်.. ဘာအသံပါလိမ့်.. ငါအရှင် အိပ်မရအောင် နားအနှောက်ယှက်ပေးလိုက်တာ.. ” ဆို လာအကြည့် ပါးစပ်အဟောင်းသားပွင့်၊ အိပ်ပျော်နေတဲ့ မောင်နုကို တွေ့လေတယ်။ ဒါနဲ့ ဒေါသထွက်ထွက်နဲ့ မောင်နုကိုဖမ်းစားပစ်မှလို့ ကျုံးဝါးနေတုန်း ဘီလူးနှာခေါင်းထဲ မွှေးရနံ့တစ်ခု ရလိုက်တယ်။ ဒါနဲ့ ဘီလူးလဲ နှာခေါင်းလေး ရှုံ့ပွရှုံ့ပွလုပ်လို့ အနံ့ခံလိုက်တော့ ဟောင်းလောင်းပွင့် အိပ်နေတဲ့ မောင်နုပါးစပ်ထဲက ငါးချဉ်နံ့ကိုရလိုက်ပြီး သွားရည်တစ်မျှားမျှားကျလာလေတယ်။ ဒါနဲ့ ဘီလူးလည်း အိပ်မောကျနေတဲ့ မောင်နုရဲ့ဘေးမှာ စပ်ကျမတ်ကျထိုင်လို့၊ မောင်နုပါးစပ်ထဲက တောင်တစ်ချောင်း၊ မြောက်တစ်ချောင်းပေါက်နေတဲ့ သွားတွေကို ဘီလူးတို့ရဲ့တန်ခိုးနဲ့ မနာမကျင်ရလေအောင် တစ်ချောင်းပြီးတစ်ချောင်း ဖြုတ်ယူလို့ သွားကြားထံမှာကပ်ငြိကျန်နေတဲ့ ငါးချဉ်တွေကို စိမ်ပြေနပြေ စုတ်ပြီး စားနေလေတော့တယ်။ ဒီလိုနဲ့ မောင်နုသွားမှာ ကပ်သမျှ ငါးချဉ်တွေ စားအပြီးမှာတော့ ဘီလူးပါ ငါးချဉ်ဆိပ်တက်လာပြီး သူ့ဗိမ္မာန်မှာ ပြန်အိပ်လေတော့တယ်။
မနက်မိုးလင်းလာတော့ မောင်နုလည်း အိပ်ရာကထလို့ လုပ်စရာရှိတာတွေလုပ်အပြီး မွန်းမတိမ်း နေမပြင်းခင် သူ့ရွာကို အသော့ပြန်လာခဲ့တယ်။ ရွာကို ပြန်အ၀င်မှာ သူ့ကိုတွေ့တဲ့ ရွာလူတွေက ကွက်ကြည့် ကွက်ကြည့်လုပ်ကြတယ်။“ မင်း. မောင်နုပါနော်..” ဆိုတဲ့ အူကြောင်ကြောင်မေးခွန်းတွေ မေးတာခံရတယ်။ ရွာထိပ်ရေတွင်းမှာ သောက်ရေချိုခပ်နေကြတဲ့ အပျိုမတွေကလည်း သူ့ကိုကြည့်ပြီး တီးတိုးသဖန်းပိုးလုပ်နေသလို၊ အရင်က ကြောက်ပါတယ်ဆိုတဲ ကလေးတစ်ချို့တောင် ထူးထူး ဆန်းဆန်း သူ့နောက်က လိုက်လာလို့။ အိမ်ဝိုင်းထဲ ၀င်လိုက်တယ်ဆိုရင်ပဲ အမေကိုယ်တိုင်က “ မောင်နု.. သားဘယ်လိုဖြစ်လာတာလဲ..။ ငါ့သား ချောလာလိုက်တာ။ မင်းသွားတွေ ဘယ်လို လုပ်လိုက်လဲ.. ဟင် ” ဆိုပြီး မေးလာလေတော့ မောင်နုလည်း ၀ုန်းကနဲ မှန်အကွဲလေး အပြေးယူကြည့်တယ်။ ဟုတ်ပ။ သူ့သွားတွေ စီရရီနဲ့ ဖြူစင်ညီညာလှပနေပါရော့လား။ မောင်နုရုပ်ကလည်း အရင်ကနဲ့ ဘာမှမဆိုင်တော့အောင်ကို ယောကျာ်းပီပီသသနဲ့ လှပလို့နေတော့တယ်။ ဒီလိုနဲ့ ပုံပြင်လေးကို နိဂုံးချုပ်လိုက်တော့ မောင်နုဟာ ယခင်မောင်နုမဟုတ်တော့လို့ အရီးကျော့လည်း မယ်ဖော့နဲ့သဘောတူ ပေးစားတာကြောင့် သူချစ်သူနဲ့အတူ ပျော်ရွှင်စွာရာသက်ပန် ပေါင်းသင်းနေထိုင်သွားရတော့သတဲ့။ မောင်နုသွားလေးတွေကို ပုလဲသွယ်လိုစီတန်း ညီညာသွားတာအောင် ဘယ်လိုလုပ်လိုက်တယ် ဆိုတာကတော့ ဘီလူးကလွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူးတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်..။
……………………….@.............................
ဒီပုံပြင်လေးကို ချက်ကြီးက သူ့ရဲ့သောက်ဖော်သောက်ဖက် ငတုတ်က မနက်စောစော ခပ်ထွေထွေရှိနေတုန်း ပြောပြတာကို နားထောင်လိုက်ရတယ်။ သူတော်တော်လေး စိတ်ဝင်စားသွားတယ်။ ဒါနဲ့ ငတုတ်ကို သူ့ကိုယ်တာထဲက အရက်တစ်စိတ် မျှတိုက်လိုက်ပြီး နောက်တစ်ကြိမ် ထပ်ပြောခိုင်းတယ်။ ချက်ကြီး သေသေချာချာ နားထောင်တယ်။ နားထောင်ပြီးတာနဲ့ ချက်ကြီး အိမ်ကို တစ်ချိုးထဲ သုတ်ချေတင်လေတော့တယ်။ အိမ်ရောက်တော့ အ၀တ်လျှော်ထွက်တော့မယ့် မာတာမိခင်ကို ဆေးပေါ့လိပ်မီးညှိ နေတုန်း လက်မတင်လေး မှီလိုက်တယ်။
“ အမေ.. ဒီနေ့ ဘာဟင်းချက်လဲ..”
“ မနက်စောစော ဒီအရေတွေနဲ့ မျက်နှာသစ်လာပြီး ငါ့ကို ဘာလာရစ်ဦးမလို့လဲ..။ ဘာမှမချက်ထားဘူး။ ချက်စရာပိုက်ဆံလည်းမရှိဘူး။ ထမင်းတစ်လုံးပဲ တည်ထားတယ်။ ဆားဖြူးသာ စားပေတော့ ”
“ ဟာ.. အမေကလဲ.. ကျွန်တော်ဆိုပြောဖို့ချည်းပဲ။ ငါးချဉ်ဟင်းလေးစာချင်လို့ပါ.. ချက်ကျွေးပါဗျာ..”
” ဘာ.. ငါးချဉ်ဟင်းဟုတ်လား..။ ငါးချဉ်ဈေးများ ပေါ့သေးသေးမှတ်လို့။ ကြက်သားထက်တောင် ဈေးကြီးသေးတာ။ သားတစ်ယောက်ရှိတယ် မိဘကိုဘာမှ ကူဖော်လောင်ဖက်မရ။ အရက်လေးက တမြမြနဲ့။ ဟိုလပ်ယား၊ ဒီလပ်ယားနဲ့။ ဟိုစားချင် ဒီစားချင် အာသီသလေးကရှိသေး။ ရူးသလို ပေါသလိုနဲ့ ။ အလိုက်ကန်းဆိုးကို မသိဘူး။ သေသွားတဲ့ နင့်အဖေပဲကောင်းတယ်..။ ငါ့ကို ဒီ.. ဒုက္ခအိုးကွဲနဲ့ ထားခဲ့တယ်.. ဟင်း ”
“ ဟာ..အမေကလဲ ကျွန်တော်ဈေးဖိုးပေးမှာပေါ့။ မနေ့က ကူရောင်းပေးထားတာလေးတွေ ကော်မရှင်ရထားတယ်လေ။ နောက်ပြီး ကျွန်တော်လည်း ညနေတစ်ရာတစ်ကွက် ပေါက်ထားသေး တယ်ဗျ။ အမေဒီနေ့ အ၀တ်လျှော်မထွက်ပါနဲ့တော့ဗျာ ”
ချက်ကြီးက သူ့ရဲ့အရောင်လွင့်ညစ်ပေနေတဲ့ ဂျင်းဘောင်းဘီ အနောက်အိပ်ကပ်ထဲက လိပ်ထည့်ထား တဲ့ ပိုက်ဆံကို ထုတ်လိုက်တယ်။ ပြီးတော့ အမေလက်ထဲကို ပိုက်ဆံနှစ်ထောင်ထည့်ပေးလိုက်တယ်။ လက်ထဲက ပိုက်ဆံကို ဇောင့်ကနဲယူပြီး ဘောက်ဆတ်ဘောက်ဆတ်နဲ့ ထွက်သွားတဲ့ အမေရဲ့ နောက်ကျောကို ကြည့်ပြီး “ အမေ ကောင်းကောင်းလေးချက်ပါနော်..” လို့အော်လိုက်သေးတယ်။
ပြီးတော့ အိကျီ င်္အိတ်ကပ်ထဲက ပြားချက်နေတဲ့ စီးကရက်ကို ထုတ်မီးညှိလိုက်တယ်။ မီးခိုမျှင်တမ်း ထဲမှာတော့ သူတစ်ဖက်သတ် ချစ်ရတဲ့ နွေမရဲ့ သမင်မျက်လုံးနဲ့ လမင်းမျက်နှာကို မြင်နေမိတယ်။ နွေမက လမ်းထိပ်က ဆံပင်အလှပြင်ဆိုင်က။ ချက်ကြီးမျက်လုံးထဲမှာတော့ နွေမသည်သာ အလှ နတ်သမီး။ ချက်ကြီးကို လူတွေက အရူးအပေါလို့ဆိုရင် သတ်ပစ်ချင်အောင်ဒေါသ ထွက်မိပေမယ့် နွေမက “ ကိုချက်ကြီးက ရူးပေါပေါသာနေတာ ခိုင်းရင်သေချာလုပ်ပေးတယ်တော့။ ခင်ဖို့သိပ်ကောင်းတာပဲ ” လို့များ ပြောလိုက်ရင် သဘောတွေခွေ့နေတာ။ တိုင်ဆိုင်လိုက်ပုံကချက်ကြီးက ငတုတ်ပြောပြတဲ့ ပုံပြင်ထဲက မောင်နုလိုပဲ သွားတွေက ထွန်ခြစ်လို ငေါပြီး ခေါထွက်နေတာ။ ပုံပြင်ထဲကလိုများ ပြန်သာကောင်းသွားရင် နွေမလေးကို သူချဉ်းကပ်ရတာ ဒီထက်ပိုလွယ်မှာ။ သူ့ကိုပြန်ချစ်လာမှာ။ မတော် နွေမက သူ့ကိုလိုက်နေတဲ့ ဗွီဒီယိုဆိုင်က ကောင်ကို ပြန်အဖြေပေးလိုက်ရင် သူနောက် ကောက်ကျမှာ။ သူ့အကြံကို ဘယ်သူမှပေးမသိပဲ တစ်ယောက်ထဲ ဒီညပဲ အမြန် အကောင်အထည် ဖော်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါနဲ့ အမေချက်ကျွေးတဲ့ ငါးချဉ်ဟင်းကို နေ့၊ ည အပြီတွယ်ပြီး ညဖက်မှာတော့ သူက သရဲရော၊ ဘီလူးရှိတယ်လို့ ငတုတ်ပြောဘူးတဲ့ လမ်းထိပ် ညောင်ပင်အောက်က ဟိုးအရင် ကင်းတဲလုပ်ခဲ့ဘူးတဲ့ နေရာလေးကို ရွေးချယ်လိုက်တယ်။ သွားကြားမှာ ကပ်နေတဲ့ ငါးချဉ်တွေ ပြောင်သွားမှာစိုးလို့ ခါတိုင်းလို ထမင်းစားပြီး ရေတောင်မသောက်ခဲ့ဘူး။ ည၁၀နာရီလောက်မှာ ဗွီဒီယိုရုံက အသာလေးလစ်ထွက်လာလို့ အမေပုတို့ဆိုင်မှာ ရဲဆေးတစ်ပက်ဝင်တင်ပြီး ညောင်ပင်အောက်က ကင်းတဲဆီတက်နေလိုက်တယ်။ အမေကတော့ ညစဉ်အိမ်ပြန်နောက်ကျနေကျ ချက်ကြီးကို သတိပြုမိမယ် မထင်ပါဘူး။ ကင်းတဲပေါ်မှာ မျက်စိလေးမှိတ်လို့ အိပ်ချင်ယောင်ဆောင်နေရင်း ချက်ကြီးရင်တွေ တစ်ဒိန်းဒိန်းခုန်နေတယ်။ မောင်နုလို အိပ်မောကျသွားဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလို့တွေးမိတယ်။ ချက်ကြီး ကင်းတဲပေါ်ရောက်နေတာ တစ်နာရီမကတော့.. နှစ်နာရီနီးပါး ရှိနေပြီ။ ခြင်တွေကလည်းတ၀ီဝီ။ ခွေးတစ်ကောင်ရဲ့ စွဲစွဲငင်ငင် အူလိုက်သံနဲ့၊ လေအဝှေ့မှာ ညောင်ရွက်အချင်းချင်း ပွတ်တိုက်မိသံ တစ်ရှဲရှဲကြောင့် ချက်ကြီးရဲ့ ကျောထဲ စိမ့်ကနဲ ဖြစ်သွားရတယ်။ ဒါနဲ့ ၀တ်လာတဲ့ ပုဆိုးလေးကို ခြေရော၊ ခေါင်းရောလုံအောင် ကွေးကွေးလေး ခြုံလိုက်တယ်။
တထိတ်ထိတ်နဲ့ မှေးကနဲ ဖြစ်သွားချိန်မှာ သူအိပ်နေတဲ့ ကင်းတဲလေး သိမ့်ကနဲ တုန်သွားတယ်။ တစ်စုံတစ်ယောက် ကင်းတဲကို လှေခါးက တစ်ဆင့်တက်လာပြီဆိုတာသိလိုက်တယ်။ လှချင်လွန်း လို့သာ ဒီလိုကြံရတာ။ ကြက်သီးတွေ ဖြန်းကနဲထသွားတယ်။ ချက်ကြီး ပုဆိုးခြုံထဲက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ပြီး အားတင်းကာ သူ့မျက်နှာပေါ်က ပုဆိုးကို ဘီလူးဖယ်ချိန်မှာ အသင့်ဖြစ် နေအောင် ပါးစပ်လေးများတောင် အဆင်သင့်ဟထားပေးလိုက်တယ်။ ဒါပေမယ့် သူထင်သလို မဖြစ်လာပါဘူး။ “ ဖုန်း ” ကနဲနေအောင် အကန်ခံလိုက်ရလို့ ချက်ကြီးကျောကော့တက် သွားတယ်။ နောက်တစ်ကြိမ် အကန်မှာတော့ “ အောင်မလေးဗျ.. ကြောက်ပါပြီဗျ..” ဆို ငုတ်တုတ်ထိုင်မိလျှက်သား ဖြစ်သွားတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ညကင်းလှည့်တဲ့ ပတ်တရောင်။
နိဂုံးချုပ်လိုက်တော့ နောက်တစ်နေ့မနက် မသကာင်္မှုနဲ့ အဖမ်းခံထားရတဲ့ ချက်ကြီးကို အမေက ရင်ဘတ်စည်တီးပြီး ရဲစခန်းမှာလာတွေ့ရတယ်။ ချက်ကြီးကတော့ အချုပ်သံတိုင်တွေထဲကြားမှာ။ ရပ်ကွက်ထဲကနေ ချက်ကြီး ဘာများဖြစ်တာပါလိမ့်လို့ လာမေးတဲ့သူမရှိပါဘူး။ ချက်ကြီးအကြောင်း လည်း ဘယ်သူမှ တခုတ်တရ ပြောမနေကြပါဘူး။ ချက်ကြီးကလည်း သံဓိဋ္ဌာန်ချထားတယ်။ ကင်းတဲပေါ် ဘာတက်လုပ်လည်းလို့ သူ့ကိုဘယ်သူကပဲ မေးလာလာ ဘူးခံနေလိုက်မယ်လို့ပေါ့။
(ပုံများကို Google မှယူသုံးပါတယ်ရှင်။ မူရင်းရေးဆွဲသူများကို ကျေးဇူးတင်စွာ..)
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
10 comments:
ဟား....ဟား
ကြံကြံဖန်ဖန် ရေးလည်းရေးတတ်ပါပေ့ နာ့ အစ်မရာ
အသိပညာ မရှိရှာတော့......
ဂရုဏာသက်မိပါတယ်ဗျာ။
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
ဒီပိုစ့်လေးက အစ်မရဲ့ ကိုယ်တွေ့လေးလားဟင်??
ဟိဟိ..
ခုလို မျှဝေတာ ကျေးဇူးပါအစ်မရာ .. ဗဟုသုတရသွားပါတယ်..
နောက်ကို ငါးချဉ်စားပြီးရင် သွားမတိုက်၊ ရေမသောက်ဘဲ အိပ်မှ
:) :)
ငါးချဉ်ကြိုက်ပါတယ်ဆို.မစားရဲအောင် လုပ်ပြန်ပြီနော်......အဟင့်..အဟင့်...တော်ကြာ ရှိစုမဲ့စု သွားလေးတွေ အနှုတ်ခံရမှ..ဟုတ်ပေ့ဖြစ်နေအုံးမယ်.........ဟီးဟီး.........:P
မမြသွေးနီ ရေ
ဖတ်ရင်း နဲ့ ရီ သွားပါတယ်နော်
ခင်တဲ့
ရွှေစင်ဦး
တော်တော်ငတ်ကြီးကျတဲ့ ဘီလူးပဲ စားစရာ ရှားလို့ သွားကြားက ငါးချဉ် စားရတယ်လို့
ကျနော်ဆို ငါးချဉ် မစားဘူး။ သွားဆေးခန်းပဲ တန်းသွားတား)
ဟားဟားမမရေးတာရော..
ဦးမြစ်ကော်မန့် ရော ဖတ်ပြီး ရယ်လိုက်ရတာ..။
မွန်တော့ သွားဒုက္ခပေးနေလို့..ဆေးခန်းမှာ သွားအကြော ၃ချောင်းနုတ်လိုက်ရတယ်..
ခုထိနာနေတုန်းလေ..ငါချဉ်စားရင်ကောင်းမလား မသိဝူးနော်..
ကျွန်တော်ကတော့.ငါးချဉ်တို့.ပုဇွန်ချဉ်တို့ဆို..အရမ်းကြိုက်၊
အမေ့ကို ငါးချဉ်လေးလုပ်ပေးပါအုံး၊ပုဇွန်ချဉ်လေးစားချင်လိုက်တာ
.ဆိုပြီးခဏခဏလုပ်ခိုင်းတတ်တယ်၊...
ခုမှသိတယ်...ဘာကြောင့်..၀ိုင်းဝိုင်းလည်..နေလဲဆိုတာ။။(ကိုယ့်ငါးချဉ်မို့ကိုယ်ချင်တာဟုတ်ဖူးနော်)
ဟူး.................မောသလိုလိုရှိသား။။
စကားပုံအသစ်ထွင်လိုက်တော့မယ်
ငါးချဉ်ကိုစား စော်ကြည်သလား လို့
:))))))))
အတွေးကောင်းပါ့ မြသွေးရယ်...ငါးချဉ်စားပြီးရင် အသေအချာ သွားတိုက်အိပ်မှ၊ နှုတ်ပဲနှုတ်ပေးပြီး ပြန်မစိုက်ပေးခဲ့မှ ခုက္ခ....ခိခိ :P
မိုက်တယ်
Post a Comment