" အားလုံးကို အရမ်းကို လွမ်းမိပါတယ် "
တကယ်ပါ။ ကျွန်မလေ အဆိုတော် အာဇာနည်တို့၊ မျိုးကြီးတို့ သူ့ပရိတ်သတ်ကို နှုတ်ဆက်သလိုမျိုး အားပါး တရကြီးကို အော်ဟစ် နှုတ်ဆက် ပြောလိုက်ချင်မိတာ။ ဒီစာလေးဖတ်ရင်းနဲ့တောင် သေချာ စူးစိုက်နားထောင် ကြည့်လိုက်။ လွမ်းဆွတ်မှုတွေ ခြုံလွှမ်းနေတဲ့ မြသွေးနီရဲ့ အသံကို ကြားကောင်းကြားမိကြမှာ။
တကယ့်ကိုပါဘဲ။ ကျွန်မတို့ Mylovecafe လေးဒေါင်းသွားတာ ဇွန်လ၁ရက်နေ့ကဆိုတော့ ဒီနေ့ထိဆို ဘာလိုလို နဲ့ ဒီဆိုက်လေးစတဲ့ ၆လအတွင်း မှာ ဒါပါဆို (၃)ကြိမ်မြောက် ကြုံခဲ့ရတာ။ ပထမဆုံးအခေါက်က ၁၀ရက်လောက်။ ဒုတိယက ၂ရက်လောက်မှာ ပြန်ကောင်းခဲ့တာ။ အခု ကတော့ တစ်လ နီးပါးရှိတော့ မယ် အရိပ်အယောင်တောင် မမြင်။ ကျွန်မတို့ Mylovecafeသုံးသူ User အချင်းချင်းလဲ ရမရ မေးဖို့ခွန်အားတွေမဲ့ကုန်နေကြပြီ။ အဆိုးဆုံးက တော့ ကျွန်မ ၆လလုံးလုံးရေးထားသမျှ ဘာဆိုဘာမှ Back Up မလုပ်ထားမိတာ။ ဒီတော့ အသစ်တစ်ခုပြန်စမယ် ဆိုပြန်တော့လည်း ခွန်အားက လုံးဝမဲ့နေပြီ။ လုံးဝကို မရေးတော့ဘူးလို့တော့ မဆုံးဖြတ်မိပါဘူး။ ခွန်အားကိုမဲ့ သွားရတာပါ။ ဒါနဲ့ Save The Aged အဖွဲ့ဆိုက်မှာပဲ စိတ်နှစ်ရေးနေလိုက်မိတယ်။ မရေးပဲမှ မနေနိုင်တာကို။ တစ်ဖက် မှာလည်း အလုပ်တွေပိနေပြန်တော့ အလုပ်ထဲစိတ်ကိုလည်း ဇွတ်နှစ်လို့ပေါ့။ ဒီကြားထဲ အစပိုင်းမှာ မိတ်ဆွေများရဲ့ အိမ်တွေ စာမှန်မှန် ၀င်ဖတ်နေပေမယ့် နောက်ပိုင်း ဘလော့စပေါ့မိတ်ဆွေတွေ အိမ်ကလည်း အကွက်မျိုးစုံနဲ့ ခုန်ပျံကျော် လွှားဝင်တာတောင် ဆိုးရွားလှတဲ့ ကိုးနတ်ရှင်တန်ခိုးနဲ့ ဘာဆိုဘာမှ ၀င်ဖတ်မရတော့။ စာတွေကလည်း ချရေးပေမယ့် မရ။ စကားလုံးတွေက တစ်ဆို့လို့။ ကောင်းလေစွ။ သည်တော့ အိမ်က စာအုပ်စင်က စာအုပ်အဟောင်းတွေဖက် တစ်ဖန် ခြေဦးပြန်လှည့်ပေါ့။
ဒီကြားထဲ ရေးဖော်ချောကလည်း ဘ၀တူဆိုတော့ အချိန်ရှိသရွေ့ နည်းအမျိုးမျိုးနဲ့ ဘယ်လိုပြန် ရေးရင်ကောင်းမလဲ စဉ်းစား။ နောက် သူက အစ်မက အားလုံး Back Up လုပ်ထားရမှာဆို တပြစ်တောက်တောက်ပြော။ ( ဟွန်း.. သူက အကုန်ပြန် သိမ်းနိုင်တာကို .. အစုတ်ပလုပ်ရဲ့။ ) ဘာမှန်းမသိ စိတ်အားတွေကို ငယ်လို့။ ကိုယ်က ဘာကနေ ဘာစရမှန်းသိတာမဟုတ်။ ဒီလိုနေရာမှာ ဇီးရိုးနောလစ်ဂ်ျ ဆိုတော့ သူ့ကိုပဲ ပုံအပ်ပေါ့။ တော်ရှာပါတယ် ကလေးမက။ သူ့ရဲ့ ဆောင်မမှုနဲ့ပဲ ဒီနေ့ ဒီဆိုက်လေးကို အသစ်တစ်ဖန် အခုလို ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီ။ ခွန်အားတွေလည်း တစ်ဖန် ပြန်လည် မွေးဖွားရ ပြန်ပြီ။ ဒါနဲ့ ဒီမနက်ကစလို့ လိုတာလေးတွေ ဖြည့်လို့ပေါ့။ Wordpress ကိုခြေခံရေးတာဆိုတော့ Mylovecafe တုန်းကနဲ့ အတူတူပဲမို့ သိပ်မခက်။ ဒါပေမယ့် ကလေးများ စာမေ့သလို တဖြေးဖြေးပြန်စဉ်းစား။ စာတွေပြန်နွှေး၊ မေးမြန်နဲ့ အခုလောက်လေး တစ်ရက်အတွင်း အိမ်ကလေးကို အကြမ်း ထည်လေး တဖန် ပြန်လည်ဆောက်နိုင်ခဲ့လေပြီ။
ဒီတော့ ဆောက်လို့မပြီးခင်တစ်ပုဒ်လောက်ရေးဖို့ ပိုးလေးက ကြွလာပြန်သမို့ ဒီပို့စ်လေးကို တင်လိုက်မိပြန်တယ်။ ပျောက်သွားတဲ့ ပို့စ်ရာကျော်ကို Back Up မလုပ်ထားမိပေမယ့် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃၀ရက် က စပြီး Ning. Site တွေမှာ ကြိုကြားရေးခဲ့တဲ့ ပို့စ်အဟောင်းလေးတွေကို ပြန်လည် ရှာဖွေမိတော့ အားလုံး လတ်လတ်ဆတ်ဆတ် ရှိနေတာ ၀မ်းသာစဖွယ်တွေ့ရပါတယ်။ နောက်တစ်ခါ ကျွန်မဆိုက်လေး စခဲ့တဲ့ ဇန်န၀ါရီလ ၁ရက်ကနေစပြီး ရေးတဲ့ ပို့စ်တော်တော် များများကို Ning.site တွေမှာ ကံအားလျှော်စွာ ဆက်တင်ထားပေးနေပြန်တော့ ကျွန်မရဲ့ ပို့စ် အဟောင်းတွေကို အဲ့ဒီကနေ ပြန်လည် သိမ်းဆည်းနိုင်ဖို့ အခွင့်အရေးရပြန်ပါတယ်။ ဒီတော့ ဒီနေ့ကစလို့ အဟောင်းနဲ့ အသစ်ပို့စ်ကို မျှတင် ပေးသွားဖို့ ဆုံးဖြတ်မိပါ တယ်။ အဟောင်းတွေက ပိုများမှာတော့ ကြိုတင် ၀န်ခံထားပါရစေနော်။ စိတ်မကောင်းအဖြစ်ရဆုံးကတော့ ကျွန်မရဲ့ ပို့စ် တစ်ခုစီမှာ ချစ်ရပါတဲ့ စာဖတ်သူ မိတ်ဆွေများ ပေးထားတဲ့ ကွန်မန့်များကိုတော့ ကျွန်မ သေချာပေါက် ဆုံးရှုံး လက်လွှတ် လိုက်ရပါပြီ။ ဒီအဖြစ်မျိုး နောက်တစ်ခါ အဖြစ်မခံတော့ပါဘူး။ ပုံမှန် Back Up လုပ်သွားပါတော့မယ်။
ဒီဘလော့ဂ်လေး ဒေါင်းနေတဲ့ ရက်တိုင်း နေလို့မထိ၊ ထိုင်လို့ မထိ၊ အိပ်ရတာ စိတ်မပါ၊ စားရတာ တစ်ခုခု လိုနေသလို။ ဘာလုပ်လုပ် စိတ်နဲ့ ကိုယ် မကပ်။ လွမ်းသလိုလို၊ ဆွေးသလိုလို။ ဒီဘလော့ဂ်လေးကြောင့် စာရေးဖော်တွေ တိုးရတယ်။ စာဖတ်သူတွေ နဲ့ သိကျွမ်းရတယ်။ မိမိလေးစား ချစ်ခင် ရတဲ့ ဘလော့ဂါများနဲ့ သိခွင့်ရခဲ့ တယ်။ အနှစ်နှစ် အလလက ကွဲကွာနေခဲ့သူတွေကိုတောင် ဒီ " မြသွေးနီ " ဆိုတဲ့ နာမည်လေးကြောင့် ပြန်လည်ဆုံ တွေ့ခွင့်တွေရခဲ့ပါတယ်။ ဒါကြောင့် ကျွန်မရဲ့ ဘလော့ဂ်လေးဟာ ကျွန်မဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာ အခုအခါမှာ ပိုလို့တောင် သေချာ လာပါတယ်။
ဒီဘလော့ဂ်လေးပြန်လည်တည်ဆောက်နိုင် အောင်ကူညီခဲ့တဲ့ ချော-အစိမ်းရောင်လွင်ပြင် နဲ့ လိုအပ်တာများ ကူညီပေးခဲ့တဲ့ မောင်လေး စိန်ကုလား( seinkalar@gmail.com) ကို ကျေးဇူးအထူးတင်ပါတယ်။ သူဟာ ကျွန်မတို့ ဆိုက်လေး ပြန်စဘို့ ပြီးပြည့်စုံတဲ့ ၀န်ဆောင်မှု ပေးခဲ့သူပါ။ စိတ်ရှည်ပြီး မေးမြန်သမျှကို သေချာဖြေကြားပေးသူပါ။ ပြီးမှ သူ့ဆီက ၀န်ဆောင်ခကို ကြော်ငြာခနဲ့ ပြန်လည် ခုနှိမ်ယူရပါမယ်။:)
နောက် ကျွန်မမိတ်ဆွေများရဲ့ ၀က်ဘ်ဆိုက်လင့်ခ်များလည်း ပြန်လည်ချိတ်ယူရပါဦးမယ်။ လိပ်စာလေးတွေ ကျေးဇူးပြုပြီး Cboxမှာ ချန်ပေးခဲ့ဖို့ ရီကွက်စ် လုပ်ပါရစေရှင်။ နောက် ကျွန်မရဲ့ Web Site လိပ်စာအသစ်က www.myathwayni.com ဖြစ်သွားပါပြီ။ အရင်လိပ်စာ အဟောင်း နဲ့ သိပ်မကွာခြားပါဘူး။ y တစ်လုံးလျှော့ သွားတာပဲကွာပါတယ်ရှင်။ လင့်ခ်ချိတ်လိုသူများလည်း လိပ်စာအသစ်ကို တိုက်ရိုက်ချိတ်နိုင်ပါပြီရှင်။ လင့်ခ်ချိတ် လို့ အဆင်မပြေတာများရှိရင်လည်း ပြောပေးကြပါနော်။ နောက် ကျွန်မရဲ့ Flag Counter, Visitor Count နဲ့ Cbox များကိုတော့ အရင် သုံးတဲ့ အတိုင်း ပြန်ထည့်ပေးထားပါတယ်။
မြသွေးနီ ဒီနေ့ အရမ်းကို ပျော်နေမိပါတယ်။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
မြသွေးနီ

6 comments:
ပြန်လာပါ ပြန်လာပါ.. ကြိုဆိုပါ၏..
တစ်ကြော့မက သုံးကြော့လေးကြော့ပါ ပြန်လာပါ..
ဘလော့လောကကြီးကို ဆက်လက်ချီတက်ကြတာပေါ့
ဘလော့ပင်လယ်ကြီးကို အားကုန် လက်ပစ်ကူးကြမယ်
လာလေ့..း)
ကူးတာပေါ့........ကူးကြတာပေါ့နော်......။ ဒါလည်းဝဍ်ပဲ........
ခင်တဲ့
သဒ္ဓါ
အမ ချော ဆီကသတင်း စကားအရ ကိုယ်ပိုင် ဒိုမိန်းလေးနဲ့ ကိုယ်ပိုင် hosting လေးဖြစ်သွားပြီး ဆိုဒ်ကလေးကိုအရင်လို ပုံမှန်အတိုင်း ဆက်လက် ရပ်တည်သွားနိုင်တဲ့ အတွက် ၀မ်းသာပီတိ ဖြစ်ရပါတယ်ခင်ဗျ။ ကျွန်တော်တို့တော့ အခုမှ ဟိုပြေး ဒီပြေးနဲ့ ဘလော့ဂါ ဘက်ရောက်သွားပြန်ပြီဗျာ.. backup ကတော့ နောက်ဆုံး တင်တဲ့အထိ တော့လုပ်မထားမိဘူး။ ဒါပေမယ့် ဘလော့စပေါ့မှာ ရော သွားပြီးတင်ထားမိလို့ တော်သေးတယ်ပြောရမယ်ဗျာ.. အကုန်ပြန်ရလိုက်ပါတယ်....
အားလုံး အဆင်ပြေ ချောမွေ့ပါစေ ဗျာ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
ကြိုဆိုပါတယ် အစ်မရေ
သင်ခန်းစာတွေ ရလိုက်တယ်ပဲ သဘောထားပေါ့။
ပို့စ်လေးတွေ ပြန်ရလိုက်တာပဲ ကံကောင်းလှပါပြီ။
I'm really pleased to know that you've had your site back.There are sayings
"everything comes to those who wait"
"fortune,bad or good, does not last forever"
From that day onwards,you are right man in a right place.I'll be looking forward to reading your
new posts very soon.
ရေးအားကောင်းသူတစ်ဦး စာပြန်ရေးခွင့်ရတာ ဝမ်းသာစရာပါပဲ...
လင့်ခ်လေးချိတ်ထားပေးတာ ကျေးဇူးတင်ရပါတယ်ဗျာ။
အဆင်ပြေပါစေ အစ်မရေ ။
Post a Comment