မမ...
မမကို အလုပ်ရှုပ်တယ်လို့တော့ မထင်စေချင်ဘူး။ ညီမလေး ဒီအဖြစ်လေးနဲ့ကြုံပြီးတာနဲ့ ပထမဆုံး သတိရလိုက်မိတာက မမဘဲ။ ဘာလို့လည်း ဆိုတော့ မမအတွက်ပို့စ်လေးတစ်ပုဒ်ရမယ်၊ နောက် ညီမလေးတို့ အဖွဲ့ဝင်တွေကို လည်း မမရဲ့ ပို့စ်လေးကနေဒီအကြောင်းလေးပြောခွင့် ရမယ် ဆိုပြီးပေါ့။ ညီမလေးနေမကောင်းပါဘူး။ ခေါင်းတွေမူးဝေနေတယ်။ ဒါပေမယ့် ဒီအကြောင်းလေး မမကို ပြောပြချင်လို့ ညီမလေး အွန်လိုင်းကို အားတင်းလာခဲ့တာပါ။ မမနားထောင်မယ်..ဟုတ်..။
ဒီလို မမရဲ့။ အဲ့ဒီမနက်ခင်းက မိုးလေးက တဖွဲဖွဲစွေနေတယ်။ ညီမလေးလည်း အိပ်ရာထဲမှာ နေရတာ ကြာလာတော့ အငြိမ်မနေ တတ်သူ ပီပီ ပျင်းလာမိတယ်။ ဒါနဲ့ ချစ်သူငယ်ချင်းကို ငါ့ကို ကားနဲ့ လာခေါ်ပါ။ ငါမြေနီကုန်းက ရွှေရည် မှာ မြန်မာမုန့် လေးတွေ လက်ဖက်ရည်ပူပူလေး နဲ့သွားစားချင်လို့ ဆိုတော့ သူငယ်ချင်းလေးက လာခေါ်ပေးရှာတယ်။ ဒါနဲ့ ညီမလေးလည်း သူ့ကျေးဇူးနဲ့ မြေနီကုန်းကို ရောက်သွားတာပေါ့။
ဆိုင်ရှေ့လည်းရောက်ရော ညီမလေးမျက်လုံးက ဆိုင်ထောင့်က အမိုးစွန်းလေးအောက်မှာ ဇကာ ကုံးလေး တဖက်က ကိုင်လို့တဖက်က လက်ကလေးကို ရင်ထဲမှာပွေ့လို့ အအေးဒဏ်ကို ခုခံနေရတဲ့ အရေတွန့်လိပ် မျက်နှာပေါ်မှာ သနပ်ခါး အဖွေးသား လူးထားတဲ့ အဖွားအို တစ်ယောက်ကို တွေ့လိုက်ရတယ်။ ထုံးစံအတိုင်း ညီမလေးလည်း စိတ်ထဲ သက်ကြီးရွယ်အိုတွေ ခုလိုတွေ့ရရင် မနေနိုင်လေတော့ အဖွားရဲ့ အနားရောက်သွားခဲ့တယ်။
အဖွားခမျာ မိုးအေးအေးနဲ့ ချမ်းနေရှာတယ် မမရယ်။ အဖွားနာမည်က ဒေါ်မြအုန်း၊ အသက်က ၇၈ နှစ်တဲ့ မမရယ်။ ညီမလေး အဖွားနဲ့ရွယ်တူ.. သိလား။ ညီမလေး အဖွားကို ကြည့်ပြီးသနားလိုက်တာ။ အဖိုးက အိမ်မှာကျန်ခဲ့တယ်တဲ့။ အဖိုးရဲ့ နာမည်က ဦးဘတင်၊ အသက်က ၇၆ နှစ်ရှိပြီ။ အဖိုးက မကျန်းမာ ရှာဘူး။ နှလုံးကျောက်ကပ်မကောင်းဘူး။ သွေးတိုးရှိ တယ်တဲ့။ အဖွားက ခြံထဲကခရေပင်ကကြွေကျတဲ့ ခရေပန်းလေးတွေ ကောက်၊ နှီးတံလေးနဲ့သီပြီး တစ်ကုံးကို ၂၀၀ကျပ်နဲ့ ပြန်ရောင်းတယ်။ သုံးကုံး ၀ယ် ရင် အဖွားက ၅၀၀ကျပ်နဲ့ ပေးပါတယ်တဲ့။
အဖွားက အိမ်နံပါတ် ၄၄၅ ၊ အိန္ဒြာ ၃ လမ်း၊ ဇ ရပ်ကွက်၊ မြောက်ဥက္ကလာပမှာနေတယ်တဲ့။ အဖွားက မနက် ၄ နာရီဆို ပုံမှန် နိုးနေပြီ။ နံက်စောစော ဘုရားဝတ်တက်ပြီးတာနဲ့ ထမင်းချက်တယ်။ ညထဲက သီထားတဲ့ ခရေပန်းကုံးလေးတွေနဲ့အတူ မနက် ၆နာရီထိုးခါနီးဆိုရင် အဖွားအိမ်ကထွက်ပြီ။ မနက် ၇း၁၅ နာရီလောက်ဆို မြေနီကုန်းကိုရောက်တယ် ။ ဒီမြေနီကုန်းတ၀ိုက်မှာပဲ အဖွားရောင်းတယ်။ ဒီနားမှာက လူစည်ကားတယ်လေ။ အဖွားကို သနားလို့ ၀ယ်ကြတာများပါတယ်တဲ့ ။
အဖွားမှာ သားသမီးတွေရှိတယ်။ တစ်လတခါအိမ်လာတယ် ။ ထောက်ပံ့ဖို့လာတာမဟုတ်ဘူး ။ လာယူကြတာလို့ပြောလို့ ညီမ လေးရင်ထဲ နင့်ကနဲ ဖြစ်ရတယ် မမရေ။ မိဘမေထ္ထာဆိုတာ စုန်ရေသာ ရှိတာမျိုးသမီးရဲ့ ။ အဖွားက အဖိုးပေါ်မှာထားတဲ့ မေထ္ထာ တရားကလဲ ကြီးမားလှပါတယ်။ အဖိုးက နေမကောင်းပေမဲ့လဲ အခုထိ အဖွားကို လုပ်ကျွေးနေတုန်းပဲလို့ ခံယူထား တယ်တဲ့။ ဘာလို့လဲဆိုတော့ အဖိုးနေကောင်းတုန်းက စိုက်ပေးထားတဲ့ ခရေပင်လေးက အခုအချိန်ထိ အဖိုးအို၊ အဖွားအို လင်မယားကို ထမင်းပြန်ကျွေးနေတာလို့ပြောတော့ ညီမလေးလည်း ညီမလေး မိဘတွေအပေါ် ငါဘာတွေများ ပြန်ကြည့်ခဲ့ ဘူးလဲ.. ငါဘာ တွေများ ပျက်ကွက်ခဲ့လဲလို့ ချက်ချင်းအတွေး ရောက်သွား မိသေးတယ် မမရေ။
အဖွား အိမ်က မနက်စာ ဘာစားခဲ့လဲဆိုတော့ ထမင်းကြမ်းက အဖိုးအတွက်ပဲကျန်လို့ ဘာမှ မစားခဲ့ရဘူးတဲ့။ တခုခုစားပါဆိုတော့ လက်ဘက်ရည်ပဲ သောက်မယ်။ လက်ဖက်ရည်က အဆာခံတယ် တဲ့ ။ ဘာမှကျွေးလို့မရလို့ လက်ဖက်ရည်တစ်ခွက် အတင်း တိုက်ခဲ့ရတယ်။ အဖွား အစာမရှိဘဲ လက်ဖက်ရည်သောက်လို့ လေအောင့်မှာ ညီမလေး စိုးရိမ်လိုက်တာ မမရယ်။ နေ့လည်စာက ပြန်မှ ပန်းကုန်းရောင်းရငွေလေးနဲ့ ချက်ရမှာတဲ့။ အဖိုးအတွက် ဆေးဖိုးကလဲ ကုန်တယ် ။ အများကြီးမ၀ယ်နိုင်ဘူး။ တပါတ်စာ လောက်ပဲ ချွေဝယ်နိုင်တာပေါ့တဲ့ ။ အဖွားက အဖိုးကို တော်တော် ချစ်တာ ပဲနော်လို့ သမီးနှုတ်က ထွက်သွားတော့ သူ့ရဲ့ မှုန်ဝေေ၀ မျက်လုံးလေး တစ်လက်လက်တောက်လို့ " အဖွားတို့ အိမ်ထောင်သက် အနှစ် ၆၀ ရှိနေ ပါပြီတဲ့။ အဖွားတို့ ၂ယောက်လုံး ဘုရား၊ တရားဘယ်တော့မှ မမေ့ခဲ့ဘူး။ ဘယ်လောက် စိတ်ရှုပ်ရှုပ်၊ ဘယ်လောက် ပင်ပန်းပင်ပန်း ဘုရားဝတ် တက် မပျက်စေရဘူး။ အခါကြီးရက်ကြီးတွေတိုင်းမှာ ဥပုသ်မပျက်စေရဘူးတဲ့။ ဒါကြောင့် အဖွားတို့ အခုထိ ထမင်းမငတ် သေးတာတဲ့ ။
ညီမလေးရဲ့ အဖွားကလည်း အခုအိမ်မှာဖျားနေတာဆိုတော့ အဖွားကို အအေးမိပြီးဖျားမယ်.. နွေးနွေးထွေးထွေးနေဖို့ မှာမိတယ်။ အဖွားဒေါ်မြအုန်း က ဖျားချိန်တောင်မရရှာပါဘူး ။ မိုးရွာလို့ ထမီရေစိုလဲ ရောင်းရတာပါဘဲ။ ဒီငွေလေးနဲ့ စားမယ်၊ လှူဒါန်းမယ်၊သားသမီးတွေကို ကျွေးမယ်၊ ဒီဇောတွေ ကြောင့် အဖျားလဲ မလာရဲဘူးထင်ပါရဲ့ သမီးရယ်တဲ့။
ဘာအရောင်လို့ ခန့်မှန်းလို့ မရနိုင်လောက်အောင် ဟောင်းနွမ်းနေတဲ့ ထီးလေးက အဖွားခေါင်းက ငွေရောင် ကေသာတွေနဲ့ အပြိုင် အရောင် လွင့်ဖြူလို့ မမရေ..။ ထီးအစုတ်လေး တစ်ဖက်ကဆောင်းလို့၊ နောက်မြီးပြတ်နေတဲ့ ဖိနပ်လေးစီးထားပြီး နှုတ်ဆက် ထွက်သွားတဲ့ အဖွားရဲ့ နောက်ကျောကို ကြည့်ပြီး ညီမလေးရင်ထဲမှာ တနင့်နင့်ဖြစ်နေမိတယ်။
အဖွားဆီက ညီမလေး ခရေပန်းကုံး ၆ ကုံးကို တစ်ထောင်ကျပ်နဲ့ ၀ယ်လိုက်တယ်။ ပြီးတော့ ၅ ကုံးကို အဖွားရဲ့ ဇကာလေးထဲ ပြန်ထည့်ပေးလိုက် တယ် ။ ၁ ကုံးကိုတော့ အမှတ်တရ ညီမလေး ပြန်ယူလာခဲ့တယ်။ မမကို ညီမလေး လှို့ဝှက်ချက် တစ်ခု ပြောပြမယ်။ ညီမလေးအတွက် ပန်းတွေထဲမှာ အနံ့ အမုန်းဆုံးပန်းက ခရေပန်းဘဲ။ ဒါပေမယ့် အဲ့ဒီနေ့က ညီမလေး အဖွားဆီက ယူလာတဲ့ ခရေပန်းရနံ့ ကတော့ အံ့သြစရာ မွှေးလို့.. သိလား။
Save The Aged အဖွဲ့က ညီမလေးတစ်ဦးရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကို တင်ပြလိုက်တာပါရှင်..။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
မြသွေးနီ
1 comments:
ဖတ်ပြီး ခံစားရတယ်...
ခရေနံ့လေးကို မကြိုက်ပေမဲ့ စေတနာမေတ္တာနဲ့ ၀ယ်လာခဲ့တဲ့ ညီမလေးကို ချီးကျူးလေးစားမိပါတယ်..
သူ့လိုလူမျိုးတွေ လောကကြီးထဲ ရှိနေသေးလို့လဲ မေတ္တာတရားဆိုတာ ထင်ထင်ရှားရှား သက်သေပြစရာ ရှိနေတာပါဘဲ..
မေတ္တာကြောင့်မို့ထင်ရဲ့ မကြိုက်တဲ့ ခရေရနံ့လေးတွေတောင် မွှေးမြလို့ဘဲနော်..
သိပ်ကောင်းတဲ့ ပိုစ့်ကလေးဘဲ...
Post a Comment