“ ကေသာသုန်ညာ အတ္တေန၀ါ အတ္တနိယေန၀ါ – ဆံပင်၌် ငါသူတစ်ပါး၊ ယောကျာ်းမိန်းမ မရှိ၊ ဆံပင်သည် ငါသူတစ်ပါး ယောကျာ်းမိန်းမ မဟုတ် ”
သီလရှင်တွေရဲ့ ညီညာဖျဖျ ရွတ်ဆိုနေတဲ့ “ ၃၂ကောဋ္ဌာသ ဆင်ခြင်ပုံတရား ” က ကျွန်မရဲ့ စိတ်ကို ကိုင်လှုပ်နေတော့တယ်။ ဆံနွယ်ခွေတွေက တစ်လိပ်ပြီးတစ်လိပ် ဖုတ်ကနဲ ဖုတ်ကနဲနဲ့ ခံထားတဲ့ အခင်းအဖြူရောင်အပေါ်ကို ကျလာနေတယ်။ အဖြူရောင်နဲ့ အနက်ရောင်ရဲ့ ဆန့်ကျင်ဘက် အမြင်။ ကျွန်မစိတ်ထဲမှာလည်း ၀မ်းသာဝမ်းနည်း ဆန့်ကျင်ဘက်စိတ်နှစ်မျိုးက တစ်ပြိုင်နက်ထဲ ဖြစ်ပေါ်လျှက်။ ငိုချင်တာမျိုးလည်းမဟုတ်။ ၀မ်းသာ လွန်းမိတာလည်းမဟုတ်။ ထူးခြားတဲ့စိတ်ခံစားမှု။ ပီတိ ဆိုတာဒါမျိုးလား..။ ကျွန်မ ဘ၀ အတွက် ဦးဦးဖျားဖျား မြတ်သော အတွေ့ထူး။ ဝေ့တက်လာ တဲ့ မျက်ရည်ကြည်တွေကို မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ချုပ်ထိမ်းထား မိတယ်။
“ လောမာသုန်ညာ အတ္တေန၀ါ အတ္တနိယေန၀ါ – မွှေးညှင်း၌် ငါသူတစ်ပါး၊ ယောကျာ်းမိန်းမ မရှိ၊ မွှေးညှင်းသည် ငါသူတစ်ပါး ယောကျာ်းမိန်းမ မဟုတ် ”
ညောင်ရွက်ကြွေတွေက လေအတိုးမှာ တဝေ့ဝေ့ကြွေကြနေတယ်။ သွပ်မိုး ကျောင်းဆောင်လေး ရဲ့ အပေါ် ရွက်ဝါတို့ ကြွေကျသံက သီလရှင် ဆရာလေးတို့ရဲ့ တရားစာသံတို့နဲ့ ရောနှောလို့ သွားတယ်။ အားလုံးရဲ့ အာရုံက ကျွန်မဆီမှာ။ အမေ့ကို ပြင်းပြင်းပျပျ သတိရမိလိုက်တာနော်။ အမေသာသိရင် ကျွန်မအတွက် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ရှာမှာ။ ကျွန်မရဲ့ မျက်လွှာအစုံကို ပိတ်ဖြူစအပေါ်မှာ စုံချထားပေမယ့် အဖေ၊ သူ..နဲ့ တကွ ပါလာသူ မိသားစုဝင်များရဲ့ ၀မ်းသာပီတိ လွှမ်းနေမယ့် ပုံရိပ်တွေကို ပုံဖော်ကြည့်နေမိတယ်။ တစ်ဖက်တစ်ချက်ဆီက ကိုင်ထားတဲ့ ပိတ်ဖြူ စရဲ့ တုန်ရီနေမှုကို ကြည့်ပြီး သူတို့လည်း ကျွန်မနည်းတူ ပီတိအဟုန်နဲ့စိတ်လှုပ်ရှားမှုတွေ ကိုယ်စီရှိနေမယ် ဆိုတာ ခံစားသိရှိနေမိပါတယ်။

“ ဒဏ္ဏာသုန်ညာ အတ္တေန၀ါ အတ္တနိယေန၀ါ – သွား၌ ငါသူတစ်ပါး၊ ယောကျာ်းမိန်းမ မရှိ၊ သွား သည် ငါသူတစ်ပါး ယောကျာ်းမိန်းမ မဟုတ် ”
ဆံချတိုက်အုပ်သီလရှင်ဆရာကြီးက ကျွန်မခေါင်းကို ဘေးသို့အသာငဲ့စေလျှက်က ဘယ်ဘက် နားထင် က ဆံစတွေကို သေချာ ရိပ်သင်ပေး နေ တယ်။ သင်တုန်းဓားနဲ့ ဦးပြည်းထိတွေ့မိတဲ့ ရွှိကနဲ ရွှိကနဲ အသံက စည်းချက်ကျကျ ကျွန်မနားစည်ကို ရိုက်ခတ်နေတယ်။ သီလရှင်ဆရာကြီးရဲ့ နှုတ်က ရွတ်ဖတ်နေသံက နားထဲမှာ ကျေနပ်နှစ်သိမ့်မှု တစ်စုံတစ်ရာကို ပေးနေသလို ခံစားနေမိတယ်။ တကယ်တော့ အခုလို သီလရှင်ကျောင်းမှာ ဆံကေသာတွေ မပယ်ခင် အိမ်မှာကတည်းက ပယ်စရာရှိတာတွေကို ကြိုတင်ပယ်ခဲ့ရသေးတာ။ ခြေသည်း၊ လက်သည်း အရှည်ထားခဲ့တာတွေ ညှပ်ထုတ်ပစ်ခဲ့ရ။ Day Cream၊ Night Cream တွေလည်း မှန်တင်ခုံပေါ်မှာ တစ်ပါတ်လောက်တော့ အနားယူ နေရစ်ခဲ့ပေဦး။ အမေ့ရဲ့ အမွေ၊ မြတ်နိုးလွန်း လို့ အမြဲဝတ်ဆင်ထား တတ်တဲ့ နားကပ်သေးသေးလေးကိုလည်း ချွတ်ပစ်ခဲ့ရ။ လက်သူကြွယ်က သံယောဇဉ် လက်စွပ်လေးရေ.. မင်းကိုလည်းခဏခွဲထားကာမှ တော်ယုံကျမယ်။ တစ်နေ့မှ မပျက်မကွက် အသုံးပြုနေတဲ့ ကျွန်မဘ၀ ရဲ့ တစ်စိတ်တစ်ပိုင်းလို့တောင် ပြောလို့ရတဲ့ www.myathwayni.com ဆိုက်လေးရေ.. မင်းကိုလည်း မြသွေးနီ တစ်ပါတ်လောက်တော့ မေ့ထားပါရစေဦးနော်။ ကျွန်မရဲ့ ရင်နှစ်သည်းချာ အသည်းနှလုံးလေးတွေရေ.. မင်းတို့အားလုံး နေရစ်ခဲ့ကြပေတော့… ဆိုပြီး ပုထုဇဉ် လူမိန်းမ တစ်ယောက်ရဲ့ အဆင် တန်ဆာတွေ၊ အနှောင်အဖွဲ့ တွေကို ကြိုတင် ပယ်ခဲ့၊ ထားခဲ့ရတာ။ သံသရာ ၀ဋ်ဒုက္ခဆင်းရဲက တဒင်္ဂ လေး လွတ်မြောက်ခွင့်ရနိုင်ဖို့ ၀ိပဿနာတရားရဲ့ အဆီအနှစ်တွေကို တစ်ပါတ်လောက် အေးအေးငြိမ်းငြိမ်းလေး စားသုံးခွင့်ရနိုင်ဖို့ ဘာကြောင့် ဒါတွေကို မပယ်နိုင်ရမှာလည်းနော်။
“ နခါသုန်ညာ အတ္တေန၀ါ အတ္တနိယေန၀ါ – ခြေသည်းလက်သည်း၌ ငါသူတစ်ပါး၊ ယောကျာ်း မိန်းမ မရှိ၊ ခြေသည်းလက်သည်းသည် ငါသူတစ်ပါး ယောကျာ်းမိန်းမ မဟုတ် ”
ဒီလို သီလရှင်ဝတ်ပွဲမျိုးကို ပြင်ပမှာ သူများဝတ်စဉ်က တစ်ကြိမ်၊ နောက်.. ရုပ်ရှင်တွေထဲမှာ မကြာခဏ မြင်တွေ့ခဲ့ဘူးပေမယ့် ခုလိုကိုယ်တိုင် ကိုယ်ကျ ၀တ်ဖြစ်ခဲ့လိမ့်မယ်လို့ တစ်ခါမှ မစဉ်းစားထားမိခဲ့။ အခုတော့ မိနစ်ပိုင်းအတွင်း ဘုရားသမီးတော် သီလရှင်တစ်ပါးရဲ့ မြင့်မြတ်တဲ့ ဘ၀ကို ရောက်ရှိရ တော့မယ်။ ကျွန်မရဲ့ ပျံ့လွင့်အာရုံတွေကို ရွတ်ဖတ် သရဇ္ဇာယ်သံတွေ ရဲ့ကြား မှာ ကြိုးစားနှစ်မြုပ်ထားပေမယ့် ပုထုဇဉ်ပီပီ အတွေးတွေက ပျံ့လွင့်လို့ ။ ဒီဆံပင်တွေကို အမြဲလျှော် ခဲ့ရတာ၊ ပုံသွင်းခဲ့ရတာ၊ ဒီနှစ်သင်္ကြန် ပိတ်ရက်မှာ ဆံပင်ကို ခပ်တိုတို ပုံစံ မိုက်မိုက်လေးညှပ်မယ်လို့ စိတ်ကူး ထားတာ။ အခုလို ရုတ်တရက် ဆုံးဖြတ်ချက်ချပြီး သီလရှင် ၀တ်ဖြစ်သွားမယ်လို့ ယောင်လို့ မျှတောင် မစဉ်းစားမိခဲ့တာ။ သီလရှင်အပေါင်းရဲ့ ရွတ်ဆိုနေတဲ့ “ ၃၂ကောဋ္ဌာသ ဆင်ခြင်ပုံ ” တရားက နှလုံးသည်းပွတ်ထဲအထိ နင့်နင့်နဲနဲစိမ့်ဝင်နေလို့။ အဲ့ဒီအချိန်လေးမှာပဲ ကျွန်မရဲ့ သီလရှင်ဝတ်ဖို့ ဆုံးဖြတ်ချက် က လုံးဝ မမှားဘူးလို့ ကိုယ့်ကိုယ် ကို သေချာသွားခဲ့မိတာ။
“ တစောသုန်ညာ အတ္တေန၀ါ အတ္တနိယေန၀ါ – အရေထူ၊ အရေပါး၌် ငါသူတစ်ပါး၊ ယောကျာ်း မိန်းမ မရှိ၊ အရေထူ၊ အရေပါးသည် ငါသူတစ်ပါး ယောကျာ်းမိန်းမ မဟုတ် ”
ကျွန်မရဲ့ နှုတ်ဖျားကတောင် “ငါသူတစ်ပါး ယောကျာ်းမိန်းမ မဟုတ် ” လို့ ဖွဖွညှင်သာလိုက်ပြီး ရွတ်ဆိုနေမိပြီ။ ကျွန်မရဲ့ ဆံပင်တော်တော်များများက အောက်က ခံယူထားတဲ့ ပိတ်စအဖြူပေါ် ကို ထွေးကနဲ ထွေးကနဲ ကျနေတာ။ ဆံပင်တွေ အားလုံး ကုန်လုကာ နီးပါရော့လား။ မမြဲတဲ့ တရားသဘော တွေပါလား။ ကျောင်းဆောင်လေးရဲ့ ပြူတင်းတံခါးက တိုးဝှေ့လာတဲ့ လေပြည်က ဆံကေသာမဲ့ ဦးပြည်းကို အေးစိမ့် စွာ တိုးထိနေတာကို ကျွန်မ သိနေမိတယ်။ သိပ်မကြာခင် အချိန်အတွင်း သီလရှင် တစ်ယောက် ဘ၀ကို ကူးပြောင်းရတော့မယ်။ သီလရှင် တစ်ယောက်ရဲ့ ဘ၀မှာ ကျွန်မအသား တကျ ဖြစ်နိုင် ပါ့မလား။ စိုးရိမ်ပူပန်တတ်တဲ့ ဥာဉ်က ဘာမဆို လုပ်ချင်တာရှိရင် ဖြစ်အောင်လုပ်တတ်တဲ့ စိတ်ကို လွှမ်းခြုံသွားဦးမှာ ကျွန်မသိနေ မိတယ်။ အတတ်နိုင်ဆုံး ဒီရက်သတ္တပါတ် အတွင်းမှာ တရားရဲ့ အဆီအနှစ်တွေကို ရအောင် ခံယူနိုင်ဖို့စိတ်ပိုင်းဖြတ်လိုက်မိတယ်။ ဆံချပြီးသွားလို့ သီလရှင် ၀တ်ရုံ အပြည့်အစုံကို စံနစ်တကျ ခြုံလွှမ်းအပြီးမှာတော့ သီလရှင် ဆရာကြီးက ကျွန်မရဲ့ ဘွဲ့နာမည်ကို ဗုဒ္ဓဟူးသမီးမို့ “ ဒေါ်ဝိမလဉာဏီ ” ဆိုတဲ့ “ ကိလေသာ အညစ်အကြေးကင်းပပြီး ဥာဏ်ပညာ ထက်မြက်တော် မူသော ဆရာလေး ” လို့ အဓိပ္ပါယ်ရတဲ့ ဘွဲ့တော်ကို ပေးသနား တော် မူလေတယ်။

“ ကဲ.. ဒီနေ့ကစပြီး ဆရာလေးဟာ မြတ်စွာဘုရားရဲ့ သာသနာမှာ ဒေါ်ဝိမလဉာဏီ ဆိုတဲ့ အမည် နဲ့ ဘုရားရဲ့ သမီးတော်တစ်ပါး ဖွားမြောက်လာပြီ လို့ နှလုံးသွင်းပြီး ကြည်ညိုဖွယ် အဆင်းကို ဆောင်နေပေတော့.. ” လို့ သီလရှင်ဆရာကြီးက အပြောမှာ “ မှန်လှပါဘုရား ” လို့ လျှောက်ထူး မိတဲ့ အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ရီလို့နေလျှက်။ကျောင်းရဲ့ မှန်ဘီဒိုက ကိုယ့်အရိပ်ကို တစ်ချက်ခိုးကြည့်လိုက်မိတယ်။ အမေမွေးလို့ သိတတ် ကတည်းက ခုလို ခေါင်းတုံးပြောင်နဲ့ ဘယ်လိုများနေမလည်းလို့ တစ်ခါဘူးမျှ မတွေးမိခဲ့။ သီလရှင် ၀တ်စုံလဲလှယ်ပေးစဉ်ကတော့ ဆရာလေးတွေက “ သီလရှင်ဝတ်စုံနဲ့ လိုက်ဖက်တယ်။ ကြည်ညိုဖွယ်ရာကောင်းတယ် ” လို့ ပြောတာတော့ ကြားလိုက်မိရဲ့။ မာကျောလှပါတယ်ဆိုတဲ့ ကျွန်မရဲ့ စိတ်တွေကလည်း ဘာလို့များ ချိနဲ့ကုန်သလဲ။ မျက်ရည်တွေက မျက်ဝန်းအစုံမှာ အိုင်ထွန်းလာလို့။ မငိုမိစေနဲ့။ ဒီခရီးကို ကိုယ်တိုင်စခဲ့တာ။ ကိုယ်တိုင်ရွေးချယ်ခဲ့တာ။
မိသားစု၊ ညီအစ်ကိုမောင်နှမတွေ၊ ကိုယ့်ထက်အသက်ကြီးသူတွေရဲ့ ကန်တော့ခြင်းကို ခံယူရချိန် မှာတော့ သာသနာ့ သင်္ကန်းတော်ကို ၀တ်ဆင် ထားရပေမယ့် ပင်ကိုယ်အခံ အားနာတတ်တဲ့ စိတ်ကြောင့် မျက်နှာထားရခက်ကာ စိတ်လက်မသက်မသာဖြစ်ရလျှက်က မျက်လွှာကိုသာ တွင်တွင် ချထားမိပါတော့တယ်။ လူပုဂ္ဂိုလ်အနေနဲ့မဟုတ်ပဲ သင်္ကန်းဝတ်ဆင်ထားတဲ့ သီလရှင် တစ်ပါးကို ဗုဒ္ဓဘာသာရဲ့ မြတ်သောထုံးစံအရ မွန်မြတ်စွာ ကန်တော့ကြတာပဲလေလို့ စိတ်နှလုံး သွင်းလိုက်တော့မှ နေသာထိုင်သာရှိသွားရတော့တယ်။
သီလရှင်ဝတ်ဖို့ ဆံချရတဲ့ ဒီနေ့ရဲ့ အတွေ့ကြုံထူး၊ ခံစားချက်ထူးကတော့ ကျွန်မအတွက် ပိုက်ဆံပေးဝယ်ယူလို့ မရနိုင်တဲ့ ကိုယ်တိုင်ကိုယ်ကျ ရယူမှသာ ရနိုင်တဲ့ အခွင့်ထူးတစ်ခုပါဘဲ။ ရှေးရှေးတုန်းက မိန်းမတို့ဘုန်း ဆံထုံးတဲ့။ နောက်.. ဆံပင်ဆိုတာများ အစားအစာထဲ ရောနှော ပါလာ ခဲ့ရင်သာ ရွံ့ရှာနေကြတာ။ ဒီ ဦးခေါင်းပေါ်မှာ ရှိနေတဲ့ ဆံပင်ကိုတော့ ရွံရှာဖို့ ဝေးစွ၊ တယု တယပျိုးထောင်နေကြတာ။ ခုတော့ ဒီဆံပင်ကိုပဲ ကေသာ၊ လောမာ၊ နခါ၊ ဒဏ္ဏာ၊ တစော၊ ဆံပင် ၊မွှေးညှင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေထူအရေပါး.. စသည်တို့သည် မတင့်တယ်၊ မဖွယ်ရာသော အသုဘတရား။ ငါ၊ သူတပါး၊ ယောကျာ်း၊မိန်းမ၊ ပုဂ္ဂိုလ်သတ္တ၀ါ၊ ဘာဆိုဘာတစ်ခု မှ အစိုးမရတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားရယ်လို့သာ ဆင်ခြင် ပွားများ နှလုံးသွင်းနေရတော့ တာပါ။

ဦးပြည်းဖွေးဖွေး ပန်းရောင်အသွေးနဲ့ မြသွေးနီ တစ်ဖြစ်လဲ ဒေါ်ဝိမလဉာဏီ ရဲ့ ခြေလှမ်းအစုံက တရားထိုင်ရန် ခန်းမအတွင်းကို တရွေ့ရွေ့ ထိ၊ သိ၊ မှတ်ကာ လှမ်းလျှက်။ ခြေအကြွ၊ ခြေအလှမ်း၊ ခြေအချ အရာရာတိုင်းမှာ အမှတ်တရားလေးနဲ့သာ။ သတ်မှတ်ထားတဲ့ မိမိနေရာမှာ တင်ပလ္လင်ဖွဲ့ခွေ ထိုင်မိတော့ လက်အစုံမိုးလျှက်က မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ” တပည့်တော်မ သီလရှင်ဝတ်မယ့် တစ်ပါတ်တာကာလအတွင်း အတတ် နိုင်ဆုံး ကြိုးစားအား ထုတ်ပါ့မယ်ဘုရား ” လို့ စိတ်ဝယ်ရည်စူးကာ ထိခြင်းငါးဖြာနဲ့လက်စုံမိုးလို့ ရှိခိုးကန်တော့မိ လိုက်ပါတော့တယ်။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
မြသွေးနီ
0 comments:
Post a Comment