
ဒီတစ်ခေါက် Save The Aged ရဲ့ ဧပြီလ အတွက် ပရဟိတ အလှူကို ဥက္ကံမြို့မှာရှိတဲ့ “ ဦးမောင်ရုံး + ဒေါ်ရင် ရဲ့ ဘိုးဘွား ရိပ်သာကို ရွေးချယ်ထား တာကို အဖွဲ့ရဲ့ဆိုက်မှာ တင်ထားပြီလို့ ကျွန်မရဲ့ ရုံးက အမာခံအဖွဲ့ဝင် တစ်ဦးဖြစ်သူ Ki Ki က ပြောလာပါတယ်။ ကျွန်မ ကလည်း သင်္ကြန်မတိုင်ခင် ကရော၊ သင်္ကြန်တွင်းရော၊ သင်္ကြန်အပြီးရော အလုပ်တွေက ပိနေလေတော့ အွန်လိုင်းလည်း မတက်နိုင်၊ ဆိုက်ထဲလဲ မတက်နိုင် ဖြစ်နေရတာပါ။ ဒီကြားထဲ အင်တာနက် ကွန်နက်ရှင်တွေကလည်း မတရား ကျနေလေတော့ ဘာဆို ဘာမှ update မဖြစ် ဖြစ်နေ ရပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ ပြီးခဲ့တဲ့ သောကြာနေ့က ကျွန်မတို့ စင်္ကာပူအဖွဲ့ရဲ့ တာဝန်ခံ ဖိုးသောကြာက စင်္ကာပူကနေ ဖုန်းလှမ်းခေါ်ပါတယ်။ စင်္ကာပူအဖွဲ့ရဲ့ ဧပြီလအတွက် ပရဟိတ အလှူငွေ ၂သိန်းသတ်မှတ် လှူပါမယ်ပြောလာလို့ ကျွန်မ လည်း ရန်ကုန်က တာဝန်ခံတွေဆီ ဆက်သွယ် အကြောင်းကြားပေးရပါတယ်။
ဒါနဲ့ ဧပြီလအတွက် အလှူရက်က ၁ရက်သာ လိုတော့တာကို သတိပြုမိပါတယ်။ အမှန်အတိုင်း ၀န်ခံရရင် မိသားစုကိစ္စတွေ ရှိနေတာမို့ မနေ့က ( စနေနေ့ ) အထိ လိုက်ဖို့ကို မသေချာသေး ဖြစ်နေတာပါ။ အွန်လိုင်းက ညီမလေးများ မေးလာတော့လည်း အတတ်နိုင်ဆုံး လာဖို့ ကြိုးစားပါ့မယ်သာ ပြောနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လကလည်း မလိုက်နိုင်ခဲ့တာမို့ ဒီလတော့ သွားချင်စိတ်က ကြီးစိုးနေပါတယ်။ ကံအားလျှော်စွာ စနေနေ့ညမှာတော့ အဖွဲ့ရဲ့ အလှူကို လိုက်ဖို့သေချာသွားပါတယ်။ ကင်မရာက ရုံးမှာ ကျန်ခဲ့လေတော့ Ki Ki ကို ကင်မရာယူခဲ့ဖို့ ညတွင်းချင်း ဖုန်းဆက်မှာရပါတယ်။

ဒီလိုနဲ့ တနင်္ဂနွေနေ့ မနက် ရနာရီ ၄၅မိနစ်မှာ စုရပ်(၁) လမ်းမတော် စံပြရှင်ရုံအရှေ့ကို ကျွန်မ ရောက်နေ ခဲ့ပါပြီ။ အဖွဲ့ဝင် တော်တော် များများလည်း ရောက်နေတာကို တွေ့ရပါတယ်။ ၉နာရီ၁၅မိနစ်မှာ စုရပ်(၁)က ထွက်ခဲ့ပြီး ပြည်လမ်း ၈မိုင်လမ်းဆုံနားက စုရပ်(၂)ကို ၁၅မိနစ်လောက် မောင်းတာနဲ့ ရောက်ခဲ့ပါတယ်။ ကားက ကားကြီးစီစဉ်ထားပေမယ့် လိုက်ပါသူတွေက ခုံနဲ့အပြည့်ပါ။ Light Ace အသေး တစ်စီးနဲ့ အဖွဲ့ဝင်အချို့ ခွဲပါသွားပေမယ့် ကားကြီးပေါ်မှာ တချို့ အဖွဲ့ဝင်တွေ မတ်တပ်ရပ်လျှက်က လိုက်ပါလာရပါတယ်။ ဒီ တစ်ခေါက် ခရီးစဉ်ဟာလည်း အဖွဲ့အတွက် အဝေးဆုံး ခရီးစဉ် ဖြစ်နေလို့ လိုက်ပါသူတွေ နည်းလိမ့်မယ် ထင်ခဲ့တာပါ။ ဒီတစ်ခေါက် မှာ ကားဆရာ ကားမောင်းကြမ်းလို့ စိတ်ကသိကအောက် ဖြစ်ရတာကလွဲရင် အဖွဲ့ဝင်အားလုံးဟာ အသွားလမ်းခရီး တစ်လျှောက် တက်ကြွ ပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။ ဒီတစ်ခေါက်မှာ အဖွဲ့ဝင်အသစ်များစွာ ပါဝင် လာတာကို သတိပြုမိလိုက်ပါတယ်။ ရန်ကုန် ဧရိယာကထွက်တော့ အင်းစိန်၊ မင်္ဂလာဒုံ၊ ထောက်ကြံ့၊ မှော်ဘီတို့ကို ကျော်ဖြတ်ပြီး တိုက်ကြီး Tour Gate ကိုဝင်တော့ မနက် ၁၀နာရီ၁၅မိနစ်။ ကျွန်မတို့အားလုံး အတူတကွ ဦးတည်နေတဲ့ ပန်းတိုင်က နီးကပ် လာပါပြီ။ အားလုံးတူညီတဲ့ ဆန္ဒတွေနဲ့ ဦးတည် နေတဲ့ ခရီးတလျှောက်မှာ အဖွဲ့ရဲ့ ပျော်တော်ဆက်တွေ တိုက်ကျွေးတဲ့ ဟာဒရရွှင်ဆေးကြောင့် ဥက္ကံမြို့ ဘိုးဘွားရိပ်သာရှေ့ကို ဘယ်လို က ဘယ်လို ရောက်သွား လိုက်မှန်းတောင် မသိလိုက်ပါဘူး။ ကျွန်မလက်က နာရီအိုလေးကို လှမ်းကြည့်လိုက်တော့ ၁၀နာရီ ၅၀မိနစ်တိတိ ။

ရိပ်သာရဲ့ ကော်မတီဝင်လူကြီးများနဲ့တကွ ၀န်ထမ်းများက စောင့်ကြို နှုတ်ဆက်နေကြပါပြီ။ ကျွန်မတို့ အဖွဲ့ လည်း ရှေ့မှာ အဘိုး အဘွားတွေနဲ့ဆီ သွားထားတဲ့ အတွေ့အကြုံက ရှိပြီးသားမို့ ကော်မတီဝင် လူကြီးများ နှုတ်ဆက်အပြီးမှာ ခြေလှမ်းများက အဘိုး အဘွား အဆောင်များဆီကို ဦးတည် လိုက်ပါတယ်။ အဘိုးအဘွား အားလုံးကလည်း ကျွန်မတို့လာမယ်ဆိုတာ သိကြလို့ ကိုယ်စီကိုယ်ငှ မိမိအခန်းက ကုတင် နေရာလေး တွေကနေ စောင့်နေကြရှာတာပါ။ အဘိုးအဘွားတွေနဲ့ အဖွဲ့သားတွေ ရင်းရင်းနှီးနှီး၊ နွေးနွေး ထွေးထွေး နေကြပါတယ်။ ကျွန်မတို့ စကားတွေ အတူပြော ကြပါတယ်။ အတူ ရယ်မောကြပါတယ်။ အတူ ဓာတ်ပုံရိုက်ကြပါတယ်။ သူတို့ရဲ့ဘ၀အကြောင်းတွေကို သူတို့နဲ့အတူ စာနာစိတ်နဲ့ မျှဝေ နားထောင် ပေးကြပါတယ်။




အဘိုးအဘွားတွေ နေ့လည်စာစားချိန် ရောက်တော့ ကျွန်မတို့လည်း အဘိုးအဘွားတွေနဲ့ စကား ဖောင်ဖွဲ့ရာကနေ ခေတ္တရပ်လို့ ထမင်းစားဆောင်ကို အတူသွားကြပါတယ်။

ထမင်းစားဆောင်ရောက်တော့ အဘိုးအဘွားတွေက အလှူရှင်တွေကို ဆုတောင်း မေတ္တာပေးပို့ကြပါတယ်။

အဘိုးတစ်ဦး အဘွားတစ်ဦးက ထပ်မံ ကျေးဇူး စကားပြောကြားပြီးမှ နေ့လည်စာကို စတင်သုံးဆောင် ပါတယ်။


ဒီနေ့နေ့လည်စာ အဖြစ် ကြက်သားကာလသားချက် ၊ ကြက်အသည်းအမြစ်နဲ့ အစိမ်းကြော်၊ ငပိရည် တို့စရာနဲ့ ကျွေးမွေး ပါတယ်။

နားထင်က ချွေးတွေ ဒီးဒီးယိုကျနေပေမယ့်....

သား.. သမီးတို့ရဲ့ အပြုအစု အယုအယကြောင့် အဘွားတို့ စားလို့မြိန်လှ....

အဘိုးအဘွားတွေ စားအပြီးမှာတော့ ရိပ်သာက ကျွန်မတို့ အဖွဲ့သားများအတွက် အရသာရှိလှတဲ့ ဥက္ကံ မုန့်ဟင်းခါးကို တ၀ကြီး ကျွေး ပါတယ် ။ ထမင်းစားချင်သူတွေကိုလည်း ထမင်းစားစေပါတယ် ။ အားလုံးက လူငယ်တွေလည်းဖြစ်၊ ဆာလောင် နေကြပြီမို့ အားပါး တရစားကြတာကို ရိပ်သာရဲ့ ကော်မတီလူကြီးတွေက ကြည့်ရင်း တပြုံးပြုံးဖြစ်နေပါတယ်။ ကျွန်မလည်း ဆာဆာနဲ့ မုန့်ဟင်းတစ်ပွဲ၊ ထမင်းတစ်ပန်းကန် စားခဲ့ပါကြောင်း ။

ဆေးအဖွဲ့က အလှမစား.. အ၀စား...

လက်ဆေးမဆေးမသိ..အအေးလေးက အရသာရှိ...

ထမင်းစားပြီးတော့ အလှူကို အဒီအစဉ်လေးနဲ့ လှူမယ်ဆိုတာကြောင့် ကျွန်မနဲ့ အဖွဲ့တာဝန်ခံအချို့ အခမ်း အနားအစီစဉ်လေး အကြမ်းဖျဉ်း ချရေး ကြပါတယ်။ ပြီးတော့ ဘိုးဘွားတွေ အဆောင်ကို နောက် တစ်ခေါက် ပြန်သွားလို့ မကြေပွဲလေးတွေ နွှဲကြပြန် ပါတယ်။ မကြေပွဲဆိုလို့ စဉ်းစားရ ကြပ်မ နေကြပါနဲ့ဦးနော်။ အဘိုး အဘွားတွေနဲ့ အတူ နွေးနွေးထွေးထွေးစကားပြော၊ လက်သည်းခြေ သည်းတွေညှပ်ပေး၊ စကားတွေပြော၊ ဓာတ်ပုံတွေ အမှတ်တရရိုက်ကြနဲ့ပေါ့။

မြသွေးနီလည်း ဟိုဘက်ပြေးရိုက်လိုက်၊ ဒီဘက်ပြေးရိုက်လိုက်၊ သိချင်တာ လေးတွေ မေးလိုက်နဲ့၊ သူ့လောက် ပြာယာခတ်တာတောင် သူ့ထက် မခတ်နိုင်ဘူး ဆိုသလိုဖြစ်နေတော့တာပါဘဲ ။ ခနနေတော့ ကျွန်မ တို့ အဖွဲ့သားတွေ အဘိုးအဘွားတွေကို ဆေးဝါးအပါအ၀င် လက်ဆောင်လှူဘွယ် ပစ္စည်းတွေကို လက်ရောက် ပေးလှူပါတယ်။


တချိန် ထဲမှာပဲ ကျွန်မတို့ရဲ့ ဆေးအဖွဲ့မှ ဆရာဝန်ငယ် များကလည်း အဘိုးအဘွားတွေကို သူတို့ရဲ့ ကုတင်အရောက် ကျန်းမာရေး လိုက်လံ စစ်ဆေး ပေးကြပါတယ်။

ပြန်ခါနီး အဘိုးအဘွားတွေအတွက် ကော်ဖီ နဲ့ ကိတ် နေ့လည်စာ ကျွေးပါသေးတယ်။

နေ့လည် ၁နာရီခွဲလောက်မှာတော့ ရိပ်သာရဲ့ ရုံးခန်းလေးထဲမှာ ကျွန်မတို့ Save The Aged အဖွဲ့ရဲ့ အလှူအစီအစဉ်လေး စလိုက် ကြပါတယ်။ အခမ်းအနားမှူး အဖြစ် သီလရှင်လူထွက် ကျွန်မ မြသွေးနီက ဆောင်ရွက်ပြီး အစီစဉ်များကို ပြောပြပေးပါတယ်။ ( ကလေးတွေက အထင်တကြီး အခန်းအနားမှူး လုပ်စေပေမယ့် အစီအစဉ်တွေဖတ်နေတုန်း အသံတွေ မတုန်အောင် အားတင်းနေ ရတာကိုတော့ မြသွေးနီနဲ့ သူ့ရဲ့ ကိုယ်စောင့် နတ်သာ သိပါတယ်။ ဤ ကားစကားချပ်)

အစီစဉ် (၁) - အခမ်းအနားဖွင့်လှစ်ကြောင်းကြေညာချိန် သောင်းသောင်းဖျဖျ လက်ခုတ်သံတွေက ရိပ်သာရဲ့ ပြင်ပဆီကိုတောင် ပျံ့လွင့်လို့သွားပါ တယ်။ ကျွန်မစိတ်ထဲ ပြည်ပက စေတနာရှင် အလှူရှင်များအတွက်ပါ ရည်ရွယ်လို့ လက်ခုတ်ကို လက်ဖ၀ါးလေးတွေ နီလာတဲ့ အထိ အားပါးတရကြီး တီးမိလိုက်ပါတယ် ။

အစီအစဉ်(၂) – Save The Aged အဖွဲ့ရဲ့ ကွင်းဆင်းလေ့လာသူ ကို ဇော်လင်းထွန်းမှ ဥက္ကံမြို့မှာရှိတဲ့ “ ဦးမောင်ရုံး + ဒေါ်ရင် ရဲ့ ဘိုးဘွား ရိပ်သာကို ရွေးချယ်ရခြင်း အကြောင်းကို ရှင်းလင်းပြောပြပေးပါတယ်။ သူက အပြင်မှာသာ ဟာသတွေဖောက်နေတာ။ ဒီလိုမပြောချင်ပါဘူးဆိုလို့ သူ့ကို မနည်းအားမွေး ပြောခိုင်းခဲ့ရတာပါ။ အဲ.. ပြောလည်းပြောရော အဆင်ကိုချောလို့ပါဘဲ။

အစီအစဉ်(၃) – Save The Aged ရဲ့ တာဝန်ခံတစ်ဦးဖြစ်သူ စည်သူ @ နိုင်စစ်သွေး က Save The Aged စတင်ခဲ့ပုံ၊ အသင်းရဲ့ ရပ်တည်မှု၊ ရည်ရွယ်ချက် နဲ့ တကွ ယနေ့လှူဒါန်းမှု အ၀၀တို့ကို ရှင်းလင်း တင်ပြပေးပါတယ်။ သူလည်း အခမ်းအနားမစခင် ကော်ရစ် တာထောင့်လေးမှာ ပြောရမယ့်စာရွက်လေးကိုင်လို့ မုဒ်တွေသွင်းနေတာ တွေ့ဖြစ်အောင် တွေ့လိုက်မိပါသေးတယ်။ ( နာမည်ကြီးချင်သူများနော်)

အစီအစဉ်(၄) - ဘိုးဘွားရိပ်သာ တာဝန်ခံ ဒု - ဥ က္ကဌ ဦးခင်အောင်က ရိပ်သာရဲ့ သမိုင်းကြောင်းကို ကျွန်မတို့ အဖွဲ့သားများ သိရှိ စေရန်ရှင်းပြပေး ပါတယ်။

အစီအစဉ်(၅) - ဘိုးဘွားရိပ်သာ အတွင်းရေးမှူး ဦးစံရီမှ ရိပ်သာရဲ့ လုပ်ဆောင်ချက်များကို ရှင်းလင်း ပြောပြပေးပါတယ်။

အစီအစဉ်(၆) - ဘိုးဘွားရိပ်သာ ဥက္ကဌ ဖြစ်သူ ရိပ်သာပိုင်ရှင်ရဲ့ ညီဖြစ်သူ ဦးဟုန်စိန်မှ ကျွန်မတို့ အဖွဲ့အား ၀မ်းမြောက်စွာနဲ့ ကျေးဇူးတင်စကား ပြောကြားပေးပါတယ်။

အစီအစဉ်(၇) – ကျွန်မတို့ အဖွဲ့မှ အဘိုးအဘွားများအတွက် ဆန်အိတ် ၂၂အိတ်၊ တစ်နေ့တာ အဟာရ နဲ့ ငွေပဒေသာပင် ၃သိန်း ပေးအပ်လှူဒါန်း ပါတယ်။ ရိပ်သာမှ တဖန် ကျွန်မတို့ အသင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပါတယ်။ ( လက်ခုပ်သံများ ဖြည့်စွက်နားထောင် ယူပေးကြပါ)

ဆန် ၂၂အိတ်...

တစ်နေ့တာ အဟာရ...နဲ့..

ငွေ ၃သိန်း....လှူဒါန်း။
အစီအစဉ်(၈) – ကျွန်မတို့ အဖွဲ့မှ တာဝန်ခံတစ်ဦးဖြစ်သူ ဇင်အိအိဝင်းက ယနေ့အလှူအတွက် ကျေးဇူးတင် ၀မ်းမြောက်ပီတိဖြစ် ရကြောင်းကို ပြန်လည်ပြောကြားပေးပါတယ်။ စကားပြောကောင်းသူ ဇင်အိရဲ့ ၀မ်းမြောက်စကားသံကြားမှာ ရိပ်သာရဲ့ ကော်မတီဝင် လူကြီးများရဲ့ ပီတိအပြုံးတွေ ပျော်ဝင်နေတာကို တွေ့လိုက်ရပါတယ်။ ဇင်အိရေ.. နောက်ပွဲတွေ အတွက်လည်း nominate လုပ်လိုက် ပြီနော်။

ဇင်အိပြောအပြီးမှာတော့ ရိပ်သာမှူးဒေါ်ခင်ချိုအေးက ဆုတောင်းမေတ္တာပေးပို့ဖို့ ကြားဖြတ် ကြေညာခိုင်းပါတယ်။ ဒေါ်ခင်ချိုအေးကလည်း ဒီရိပ်သာ မှာ အဘိုးအဘွားတွေကို ထိထိရောက်ရောက်တာဝန်ယူ စောင့်ရှောက်ပေး နေရသူ ၀န်ထမ်းတစ်ဦးပါ။ ဆုတောင်း မေတ္တာပို့သ အပြီးမှာတော့ ထမြောက် အောင်မြင်သွား တဲ့ ကျွန်မတို့ Save The Aged (ပြည်တွင်း+ပြည်ပ) အဖွဲ့ဝင်များရဲ့ အလှူ အတွက် လှိုက်လှဲစွာ သာဓုခေါ်မိပါတယ်။
အခမ်းအနား အပြီးမှာတော့ ရိပ်သာရဲ့ ဧည့်မှတ်တမ်းမှာ အမှတ်တရရေးဘို့ စာအုပ်ကြီးက မြသွေးနီ လက်ထဲ ရောက်လာပြန်ပါတယ်။


မှတ်တမ်းရေးအပြီးမှာ ကော်မတီဝင်လူကြီးများကို ဓာတ်ပုံရိုက်ဖြစ်ပါတယ်။

ကားပြန်အလာကိုစောင့်ရင်း ရိပ်သာရဲ့ ဘုရား ဧည့်ခန်းမှာ အဖွဲ့ဝင်အားလုံးစုဖြစ်ကြပါတယ်။ တာဝန်ခံ ကိုဗေဒါဇော်က မေလအတွက် စီစဉ်ထားတဲ့ အဖွဲ့ရဲ့ အလှူအကြောင်းရှင်းပြပါတယ်။ နောက်.. အဖွဲ့ဝင် အသစ်များအတွက် ရင်းနှီးမှုရလာအောင် တစ်ယောက်ချင်း မိတ်ဆက်စေပါတယ်။ ကျွန်မတို့ အားလုံးဟာ ကွဲပြားတဲ့ အရောင်အသွေးစုံ၊ အသက်အရွယ်စုံ၊ အလွှာစုံ၊ အလုပ်ဌာန အစုံက ဖြစ်နေ ကြပေမယ့် Save The Aged အဖွဲ့ကြီးရဲ့ အောက်မှာတော့ အားလုံးဟာ တစ်သွေးထဲ တစ်သားထဲ ရည်ရွယ်ချက်တစ်ခုထဲ ဖြစ်နေကြ တာကို ကြည်နူးစဖွယ် တွေ့၊ သိလိုက် ရပါတယ်ရှင်။

ရိပ်သာရဲ့ အပြင်မှာတော့ နေကကျဲကျဲ ပူနေပြီ။ အချိန်က မနည်းတော့။ မွန်းတည့် ၂နာရီ ကျော်နေပြီ။ ရိပ်သာတည်ထောင်သူ “ ဦးမောင်ရုံး + ဒေါ်ရင် " ရဲ့ ရုပ်ထုရှေ့မှာ အဖွဲ့ ဓာတ်ပုံရိုက်ပြီးတော့ ကော်မတီဝင် လူကြီးများနဲ့ တကွ ၀ရန်တာမှာ ကိုယ်စီရပ်နှုတ်ဆက် လက်ပြနေကြတဲ့ အဘိုးအဘွားများ ကို လမ်းခွဲ နှုတ်ဆက်ကာ ရန်ကုန်မြေကို ပြန်ဖို့ အားပြန်ယူကြရပါတော့တယ်။ အလှူပြီးလို့ ပြန်ရ တိုင်း ဒီလို ခွဲခွာခဲ့ရတိုင်း ရင်ထဲမှာ ခံစားချက် တစ်ခုက အမြဲကျန်ခဲ့ရပါတယ်။ တခြားအဖွဲ့ဝင်များလည်း ကျွန်မနည်းတူ ဖြစ်မယ်လို့ ထင်မိပါတယ်။
အပြန်လမ်းမှာ ကားဆရာအမောင်းကြမ်းလို့ ကျွန်မတို့ ဘုရားစာ အထပ်ထပ်ရွတ်ရင်း ကုသိုလ်တွေ ထပ်မံရကြပါတယ်။ ဖြစ်ချင်တော့ ထောက်ကြံ့မြို့ ထဲ ၀င်လာချိန်မှာကားက ပျက်ပါလေရော။ ဒီလောက် ရမ်း၊ ကြမ်းမောင်းလာတာ လမ်းမှာ အ န္တရယ် မဖြစ်တာကိုပဲ စိတ်ထဲက ကြိတ်ဝမ်းသာနေမိသေး။ ကုသိုလ်ရေး လုပ်ခဲ့တဲ့နေ့လေး ဖြစ်နေလို့ ကြည်လင်နေတဲ့ စိတ်အဟုန်ကလေး မပျက်စီးစေ ချင်တာနဲ့ ယာဉ်မောင်းကို မေတ္တာသာ နာနာ လှိမ့်ပို့ နေဖြစ်ပါတယ်။ ကားပြင်ချိန်နာရီဝက်ကို မစောင့်နိုင်တော့တာကြောင့် အဖွဲ့ဝင် တချို့နဲ့ အတူ ၅၁ ဘတ်စ်ကားကြီး စီးလို့ ရန်ကုန်မြေကို ပြန်နင်းခဲ့ ရပါတယ်ရှင်။ မြသွေးနီရဲ့ အိမ်အပြန်လမ်းမှာတော့ ထောက်ကြံ့မြို့မှာ တာဝန်ခံ အချို့နဲ့ အတူ ကားပြန် ကောင်းလာတဲ့ အထိ စောင့်နေခဲ့ကြတဲ့ ကျန်ခဲ့တဲ့ အဖွဲ့ဝင်တချို့ အဆင်ပြေစေဖို့ ဆုတောင်းနေ မိရင်း....။
ဆန် ၂၂အိတ် အလှူ မှတ်တမ်း။

ကျပ်ငွေ ၃သိန်းငွေပဒေသာပင် အလှူ မှတ်တမ်း။

တစ်နေ့တာ အဟာရမှတ်တမ်း။

( Save The Aged အဖွဲ့ရဲ့ ၂၅.၄.၂၀၁၀နေ့မှာပြုလုပ်တဲ့ " ဥက္ကံမြို့ ရှိ ဦးမောင်ရုံး + ဒေါ်ရင် ရဲ့ ဘိုးဘွား ရိပ်သာ " ရဲ့ ပြုပြုခဲ့သမျှ အလှူ ဒါန အတွက် စေတနာ သုံးတန်ပြဌာန်း လှူဒါန်းပေးခဲ့တဲ့ ရပ်ဝေး ရပ်နီး ပြည်တွင်း ပြည်ပ၊ အဖွဲ့ဝင်များ၊ အဖွဲ့ဝင် မဟုတ်သူများ အားလုံး ကို သာဓု သာဓု သာဓု ခေါ်နိုင်ဖို့ မြသွေးနီ စာရေးတင် လိုက်ရပါတယ်ရှင် )
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
မြသွေးနီ