Friday, November 12, 2010

ကဗျာသည်မ၏သက်ပြင်း


ဘောင်ခတ်ခံရတဲ့

ကမ္ဘာလောက

မသိမသာအညောင်းဆန့်ရင်း

အဖြူရောင်ရေစီးကြောင်းတွေနဲ့အတူ

လျှောက်လွှာစာတစ်ရွက်ထက်

အသက်ရှုမွန်းကြပ်နေလေရဲ့...။



ကံ

စိတ်

ဥတု

အဟာရ

မပြည့်ဝတဲ့ အပင်ပျိုငယ်

အစေ့မှ အညှောက်ထွက်

အခက်အလက်ဆက်ဖို့

မြေမာအက်ကွဲကြား

ရုန်းကန်ကြိုးစားရင်း

ရင်ခုန်မောပမ်း

အသက်ရှူကြမ်းနေပါရော့လား..။



ပုရွက်ငယ်တစ်ကောင်

ကြည်လင်တဲ့ ဖန်အုပ်ဆောင်းထဲက

လောကကို လှမ်းကြည့်

ထိထိမိမိ

ထွင်းသိမြင်နေတယ်

ဥမင်လှိုဏ်တူး အတွေးထူးနဲ့

ဖန်သားအပြင်ဘက်ထွက်

ဖုန်အလူးလူး ပေကျံလျှက်က

လောကကြီးနဲ့ မိတ်ဆက်ရင်း

ကျေနပ်အားရခြင်းနဲ့အတူ

ဟားတိုက်ရယ်မောနေသံ

ဆူဆူညံပါပေါ့..။



ခဲတစ်တို ပေတစ်စနဲ့

အတိတ်ဆယ်စုနှစ်ရဲ့

ကဗျာချိုမြမြ

အပိုင်းအစတွေကို

လုံခြုံအောင်သိမ်းထုတ်ဖို့

ရင်တဒိတ်ဒိတ်ခုန်လျှက်

ကမ္ဘာကြီးထဲ လမ်းလျှောက်ထွက်ရင်း

ကဗျာသည်ကျွန်မ

ရင်တမမနဲ့

အဟုတ်.. သက်ပြင်းချမိတယ်...။



( ပေဖူးလွှာမဂ္ဂဇင်းစာမျက်နှာမှာ ပထမဦးဆုံးဖော်ပြခွင့်ရခဲ့တဲ့ ၁၉နှစ်သမီးတုန်းက လက်ရာလေးပါ..။)

8 comments:

မောင်လေး said...

အဟား....၁၉နှစ်သမီးအရွယ်က လက်ရာက ရေလည် လန်းသဗျာ..။တကယ်...။ရှိသေးရင် ထပ်ပြပါဦးလား...။သဘောကျတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

တော်လိုက်တာတော်
၁၉နှစ်သမီးနဲ့ စာမျက်နှာတစ်နေရာရနေပြီ။
သက်ပြင်းလေးချပြီး ဖတ်သွားတယ်..
ဘာလို့ဆို ကော်နက်ရှင်မကောင်းလို့လေး)

ဂျေဂျူဝိုင် said...

ဖတ်သူ မောနေအောင်ရေးထားပါလား

ချစ်ကြည်အေး said...

အဲသလို အဲသလို လက်က ထက်တာ ၁၉နှစ်သမီးလက်ရာတဲ့....။ ကောင်းလိုက်တဲ့ ကဗျာလေး.....။ ရပါတယ် ညီမရေ တို့ရွာကကော်နက်ရှင်ကို အားလုံးက နားလည်ကြမှာပါ :)

ဝက်ဝံလေး said...

ကဗျာလေး လာခံစားသွားတယ်နော်
၁၉ နှစ်တုံးကတည်းက ရေးထားတာလား
များကတော့ ကဗျာမရေးတတ်ဘူး ဖတ်တတ်တယ် သူများတွေ ပေးရင်ပေါ့ ဟဲဟဲ

ငြိမ်းစိုးဦး said...

ကဗျာကောင်းလေးကို ဝေမျှခံစားသွားပါတယ် ...
ငြိမ်းစိုးဦး
nyeinsoeoo.multiply.com

မောင်ဘကြိုင် said...

လက်စောင်းထက်တယ်ဗျား
ကဗျာလေးကောင်းမှကောင်း

မေဇွန် said...

ကြိုက်တယ်ကွာ..အဲ့ကဗျာလေးကို ...........

Post a Comment