Monday, November 1, 2010

အဆုံးသတ်မျဉ်း






ခြေနှစ်ချောင်းကို ချိတ်လျှက် စားပွဲပေါ်လက်နှစ်ဖက် ယှက်တင်ပြီး ရှေ့တူရှူကို  ခပ်ငေးငေးကြည့်နေသည့် သူမကို ကြည့်ရသည်မှာ သက်တောင့်သက်သာရှိလှ၏။ သူကတော့ စားပွဲကိုလက်ညှိုးဖြင့်တစ်ဒေါက်ဒေါက်ခေါက်လျှက်က ဆိုင်အနောက်ဘက်ရှိ ကောင်တာသို့ကြည့်လိုက်၊ တည်ငြိမ်လွန်းနေသည့် သူမကို ကြည့်လိုက်နှင့် ရှိနေသည်။



စိတ်လှုပ်ရှားလွန်းသည့်အခါများတွင် သူသည်လိုပဲ စားပွဲကို လက်နှင့်ခေါက်လေ့ရှီ၏။ ကော်ဖီနှစ်ခွက် စားပွဲပေါ် ရောက်လာ၏။ စီးကရက်ကို တစ်ချက်ခပ်ပြင်းပြင်းရှိုက်လိုက်ရင်း… “သောက်လေ..မလတ် ” ဟု သူပြောကာ သူမဘက်သို့ ပန်းကန်ကို တိုးရွှေ့ပေးလိုက်သည်။ နှုတ်ခမ်းမှ စီးကရက်ကို ဖြုတ်၍ သူမရှေ့ပန်းကန်ထဲရှိ ဇွန်းနှင့် ကော်ဖီခွက်ကို မွှေပေး၏။



သူမ သူ့ကို ကြည့်လိုက်သည်။ နဖူးပေါ်က ဆံနွယ်ခွေများသည် ယခင်အတိုင်း ကျမြဲကျလျှက်ရှိ၏။ သူမ ကော်ဖီကြိုက်တတ်သည်ကို သူမေ့ပုံ မရသေးဟု သူမ, ကျေနပ်နေမိဆဲ သူ့အကြောင်း တွေးမိပြန်တော့လည်း စောစောက ကျေနပ်မှုတို့ လွင့်စင်ပျောက်ပျက်သွားပြန်သည်။


ဇွန်းနှင့်ဖန်ခွက် သွားထိသံသည် ညင်ညင်သာ လွင့်ပျံ့နေသော တေးသွားတို့ကြား စည်းချက်လိုက်လျှက်ရှိသည်။ သူစိမ်းတရံနှစ်ဦး တွေ့ဆုံခြင်းမျိုးကဲ့သို့ သူနှင့်သူမအကြား တိတ်ဆိတ်မှုတို့ဖြင့် အတိရှိနေ၏။


လက်ဖက်ရည်ဆိုင်လေးက သေသပ်လှသည်။ အလှမွေးငါးကန်များနှင့်။ စားပွဲတင်ပန်းအိုးနှင့်။ ကုလားထိုင် စားပွဲတို့ကို အခင်းအစွတ်တို့ ရှိစေခြင်းတို့က အခြားဆိုင်များနှင့် ခြားနားစေ၏။ တေးသီချင်းတို့ကို တိုးတိုးသက်သက်ဖွင့်ထားခြင်းနှင့် လူစည်ကားခြင်းကင်းခြင်းတို့ကြောင့် သူမကို ဤဆိုင်သို့ သူခေါ်လာခြင်း ဖြစ်မည်ဟု သူမတွေးနေမိသည်။


မတွေ့သင့်တော့ဟု ဆုံးဖြတ်ထားသော လူတစ်ဦးနှင့် လမ်း၌ အမှတ်မထင်တွေ့ဆုံမိပြီး ထိုသူ၏ တောင်းဆိုချက်တို့ဖြင့် ဤဆိုင်သို့ သူမရောက်လာခဲ့သည်။ဒါပေမယ့် သည်လိုလိုက်လျောမှု အတွက်သူမကိုယ်သူမ ကျေနပ်နေ မိသည်။



ကောင်တာအထက် ကျွန်းသားနံရံပေါ်တွင် “ တိတ်ဆိတ်ခြင်း ” ဟု အဓိပ္ပာယ်ရသည့် ဆိုင်၏အမည်ကို အင်္ဂလိပ် စာလုံးဖြင့် လှပစွာ ထွင်းထိုးထား၏။ သူနှင့်သူမအတူ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းမှာ သူမတို့နှစ်ဦး မတွေ့ဆုံကြ သည့် ခြောက်လအတွင်း ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ သူနှင့်သူမ ချစ်သူဘ၀တုန်းကလည်း သည်လိုပင် လက်ဖက်ရည်ဆိုင်များစွာမှာ အတူထိုင်ခဲ့၏။



သူနှင့်သူမ ခင်မင်ပြီးသည့်နောက် ပထမဦးဆုံးထိုင်ခဲ့သည့် လက်ဖက်ရည်ဆိုင်လေးကို မှတ်မိနေသေး၏။ အဲ့သည်တုန်းက ဆိုင်လေးမှာ ခပ်သေးသေးမြေစိုက်တဲ့လေးသာဖြစ်သည်။ ဆိုင်လေးမှာ ခပ်အိုအိုဖြစ်သော်ငြား သပ်သပ်ရပ်ရပ်ရှိနေ၏။ ပြောင်လက်နေသည့် ဒန်ရေနွေးအိုးလေးကို ကြည့်ပြီး သူတို့နှစ်သက်ခဲ့၏။



ဆိုင်ထဲမှာ လူရှင်းလှ၏။သူတို့လို စုံတွဲတစ်တွဲနှင့် အသက်၆၀ခန့် အဖိုးအိုတစ်ဦးသာရှိ၏။ စားပွဲထိုးကောင်လေးက စားပွဲလွတ်တစ်လုံးတွင်ငိုက်မျဉ်းနေရာမှ ထလာပြီး ကော်ဖီနှစ်ခွက်ကို လေးဖင့်စွာ ယူလာပေးလေသည်။ ကော်ဖီခါးခါးသည်ဘုရားစူးလောက်အောင်ပင်ခါးလှ၏။ သည်ကြားထဲ အရည်ကလည်း ကျဲလှ၏။ ကော်ဖီမှုန့်ဖတ် တွေကလည်း ပန်းကန်နှုတ်ခမ်းတွင် ပေကျ၊ံလျှက်ရှိသည်။ ဆိုင်ထောင့်မှ စုံတွဲကလည်း ခေါင်းခြင်းဆိုင်ကာ တွတ်ထိုးလျှက်ရှိ၏။ အဖိုးအိုကလည်း ပေါင်မုန့်ကို လက်ဖက်ရည်နှင့်တို့ကာ မြိန်ယှက်စွာ စားလျှက်ရှိ၏။ သို့သော် ထိုအရည်ကျဲကျဲ ကော်ဖီခါးခါးကိုပင် သူတို့နှစ်ဦး ကျေနပ်စွာသောက်ရင်း ကြည်နူးဖူးခဲ့ကြသည်။



သူတို့နှစ်ဦး ချစ်သူဖြစ်တော့ ထိုဆိုင်လေးကို စွန့်ခွာလိုက်၏။ ဒုတိယရွေးလိုက်သည့် ဆိုင်ကတော့ သူမတို့ စိတ်ကြိုက် ခင်ဝမ်း၊ မွန်းအောင်၊ ခင်မောင်တိုး သီချင်းတို့ကို ခပ်တိုးတိုးသာ ဖွင့်ထား၏။ ကော်ဖီကလည်း သူမအကြိုက် စိမ့်ခါးခါးဖြစ်၏။နောက်ဆုံးတော့လည်း “ ဆိုင်က ကောင်လေးတွေ သိပ်များတယ် ” ဆိုတဲ့ အကြောင်းပြချက်ဖြင့် သူက စွန့်ခွာစေခဲ့သည်။ လက်ဖက်ရည်ဆိုင်ကောင်းကောင်း တစ်ဆိုင်တွင် နာရီဝက် တစ်နာရီမျှထိုင်၍ စကားပြောရသည့် အရသာကို သူတို့နှစ်ဦး ဘာနှင့်မျှမလဲနိုင်ခဲ့။ ခက်သည်က သူက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို တစ်ခါနှစ်ခါထက်ပို၍ စွဲစွဲမြဲမြဲ မထိုင်ခြင်းပင်။ ဆိုင်တစ်ဆိုင်၌ ထိုင်ပြီးလျှင် အကြောင်းပြချက် တစ်မျိုးမျိုးဖြင့် နောက်ထပ်အဆင်ပြေသည့် ဆိုင်တစ်ဆိုင်ကို ရှာကြံကာ ပြောင်းထိုင်ပြန်၏။







သူနဲ့သူမတို့ မဆုံးနိုင်သော စကားတို့ကို ကော်ဖီသောက်ရင်း၊ တစ်ခါတစ်ရံ သူ့အကြိုက် လက်ဖက်ရည် သောက်ကာ ပြောဆိုကြ၏။သူမက စိတ်ဝင်စားဖွယ်အကြောင်းအရာတို့ကို ပြောပြနေတတ်ချိန် သူက သူမရဲ့ အလျင်ရည်းစားအကြောင်း စဉ်းစားနေတတ်၏။ “ မောင့်ကို မလတ်ချစ်တယ် ” ဟု သူမက တယုတယဆိုတိုင်း သူမမျက်နှာလေးကို လေးလေးနက်နက်ကြည့်ကာ စိတ်မကောင်းစွာ ပြုံး၏။ ထိုအခါမျိုးတွင် သူမက ပျာပျာသလဲ နှင့် ...


“ မလတ် မောင်နဲ့မတွေ့ခင်တုန်းက အကြောင်းတွေပြောပြပြီးသားပဲ၊ မလတ် အဲဒီတုန်းက ရည်စားသာ ထားခဲ့တာ၊ ခုလို တွဲသွားတွဲလာ လုပ်တာမှမဟုတ်ဘဲ၊ မလတ် မောင့်အပေါ် သစ္စာရှိပါတယ်၊ မလတ် မောင့်ကိုပဲ ချစ်တယ်၊ မလတ်ကျောင်းပြီးရင် မောင်နဲ့လက်ထပ်ရအောင်နော် ”


ထိုအခါမျိုးတွင် သူမလက်ဖျားတို့ကို ဆုပ်ကိုင်ရင်း “ မလတ်ကို ဆုံးရှုံးရမှာ မောင်သိပ် ကြောက်တယ် ” ဟု စိုးရိမ်သည့် ကလေးတစ်ယောက်ကဲ့သို့ သူပြော၏။ ဒါပေမယ့် သူမတို့နှစ်ဦးကြား အစစအရာရာ အဆင်ပြေ ချောမွေ့ခဲ့သည်။ “ သူငယ်ချင်းများ” ဟု အမည်ရသော လက်ဖက်ရည်ဆိုင် ကျဉ်းကျဉ်းလေးတွင်လည်း သူတို့ နှစ်ဦးထိုင်ဖူးခဲ့၏။ ပဲပလာတာ ကောင်းကောင်းရသည့် “ ဝေ ” လိုဆိုင်မျိုးသာမက “ စကားဝါ ” ” ငြိမ်းချမ်း ”  စသည် စသည်ဖြင့်။ သူတို့ လက်ဖက်ရည်ဆိုင် တော်တော်များများနှင့် သိကျွမ်းခဲ့သည်။ သူမကြိုက်သည့် ကော်ဖီခါးခါးကိုလည်း သူ စွဲမက်မှန်းမသိ စွဲမက်လာခဲ့၏။


လက်ထဲမှ စီးကရက်တိုကို အောက်ခံပန်းကန်ပြားပေါ်သို့ ထိုးချေထည့်လိုက်၏။ နောက်.. အိကျီ င်္အိတ်ထဲရှိ ဘူးထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ယူမီးညှိလိုက်၏။ နှစ်ဦးအကြား တိတ်ဆိတ်ငြိမ်သက်ခြင်းမျိုးကို သူရွံ့လာ၏။ မနေနိုင်သည့်အဆုံး သူမကို သူ.. မေးလိုက်သည်။



“ မလတ်.. ဘာတွေများ ဒီလောက်တောင် စဉ်းစားနေတာလဲ၊ မောင့်ကို ရှိတယ်လို့မှ သိသေးရဲ့လား ”



သူမက ခပ်သာသာပြုံးလိုက်၏။ ပြီးမှ..



“ သြော်.. မလတ်နဲ့ ကိုသက်ခိုင် အတူတူထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်တွေ မနည်းဘူးနော်၊ လက်ချိုးရေကြည့်ရင် မှတ်တောင်မှတ်မိမှာ မဟုတ်ဘူးလို့ တွေးမိလို့ပါ ”



“ ကိုသက်ခိုင်” ဆိုသည့် သူမစကားအသုံးအနှုန်းကြောင့် သူ မျက်နှာတစ်ချက် ပျက်သွား၏။ သူမနဲ့အတူ နောက်ဆုံးထိုင်ခဲ့သည့် “ စကားဝါ ” လက်ဖက်ရည်ဆိုင်လေးကို သတိရမိသည်။ သူမက နံရံမှာ ချိတ်ထားသည့် ပြက္ခဒိန်ကို ကြည့်လျှက်။ သူမ၏ အေးစက်စက်အပြုအမူနှင့် မရေရာစကားတို့ကြောင့် သူ့ရင်ထဲ ဆက်ချုပ်တည်း နိုင်စွမ်း မရှိတော့ပေ။



“ မလတ် မောင့်ကို ဘာကြောင့် အတွေ့မခံပဲ ရှောင်နေတာလဲ ”



သူ့အသံက အနည်းငယ် မာသယောင်ရှိ၏။ သူမ သူနှင့် ရင်ဆိုင်လိုက်သည်။



“ မလတ် ကိုသက်ခိုင်ကို မရှောင်ပါဘူး၊ မလတ်နဲ့ ကိုသက်ခိုင် မတွေ့သင့်တော့ဘူးလို့ ထင်တယ်၊ ဒါကြောင့်မို့ပါ ”


စားပွဲပေါ်တင်ထားသည့် သူမလက်ဖျားကို ရုတ်တရက် သူဖမ်းဆုပ်လိုက်၏။ အေးစက်နေသည့် သူ့လက်တို့က သူမလက်မှ အနွေးဓာတ်ကို ထိတွေ့သိလိုက်ရ၏။



“ မလတ်နဲ့ တွေ့နိုင်ဖို့ မောင် ကြိုးစားခဲ့တာ ခြောက်လနီးပါးရှိပြီ၊ မလတ်နဲ့ အခုလို မမျှော်လင့်ပဲ တွေ့ရတော့ မောင်ဘယ်လောက် ၀မ်းသာသွားတယ်မှတ်သလဲ၊ မလတ် မောင့်ကို မုန်းနေပြီလား”



“ ဟင့်အင်း၊ မဟုတ်ဘူး ”



သူမ ခေါင်းခါယမ်းလိုက်၏။



“ မလတ်ကို မောင်ချစ်တယ်၊ မလတ်နဲ့နီးဖို့ မောင် ကြိုးစားနေတယ်၊ မလတ်ကို လက်ထပ်ယူဖို့ မောင့်ကို အချိန်နည်းနည်းသာ ပေးပါလို့ မောင်ပြောထားသားပဲ ”






ချွေးပြန်နေသည့် သူ့လက်ထဲမှ သူမလက်ကို အသာဆွဲထုတ်ယူလိုက်၏။ ပါးပြင်ပေါ်မှ ဆံစအချို့ကို အနောက်ဖက်သို့ အသာသိမ်းလိုက်၏။ ပြီးမှ…



“ အချိန်ဆိုတဲ့အရာကို ကိုသက်ခိုင်ထက် မလတ်တန်ဘိုးထားတတ်တယ်၊ ဒါပေမယ့် မျှော်လင့်ထားခဲ့တဲ့ အရာတွေဟာ တစ်ခါတစ်ခါ စိတ်ကုန်စရာကောင်းလောက်အောင် တန်ဖိုးမဲ့နေတတ်တယ်လေ၊ တကယ်ဆို မလတ်အခုလို ကိုသက်ခိုင်နဲ့အတူ စကားပြောနေဖို့ မသင့်ဘူး။ မသင့်ဆို လွန်ခဲ့တဲ့ သုံးနှစ်လောက်ထဲက ကိုသက်ခိုင်နဲ့မလတ် မတွေ့ခဲ့ဖို့ကောင်းတာ ”



သူမ၏ အေးစက်စက်စကားတို့က သူ့ရင်ကို လှုပ်ခါစေ၏။ သူမနှင့် မျက်လုံးချင်း ရင်ဆိုင်လိုက်သည်။ သူမရဲ့ မျက်လုံးများက ရီဝေလျှက်။



“ မလတ် ဘာကို ရည်ရွယ်ပြောတာလဲ၊ မောင့်ကို အရင်လူတွေလိုပဲ မုန်းချင်လာပြီလား၊ မင်းရဲ့ အရင်ရည်းစားတွေ ထဲ မောင် ပါသွားပြီလား၊ ဟင်.. ပြောလေ ”



သူ့အသံမာမာတို့သည် သူမရင်ထဲထိ ထိုးဖောက်ဝင်သွားပြီး ဦးခေါင်းကို မတ်သွားစေ၏။



“ မောင်ဟာ ဘယ်သောအခါမှ ကျွန်မရဲ့အပျော်ရည်းစားထဲက တစ်ယောက်မဖြစ်စေရဘူး၊ မောင်ဟာ ကျွန်မရဲ့ ချစ်သူ ”  လို့ သူမရင်ထဲက စကားတို့ကို သူ မကြားနိုင်စေအောင် အပြုံးတုတစ်ခုဖြင့် ဖုံးကွယ်လိုက်သည်။ သူမ ခပ်ဟက်ဟက်ရယ်နေလိုက်သော်လည်း ရင်ထဲ၌   ကြေကွဲနေ၏။



ဖျဉ်းကနဲ ၀င်လာသည့် ဒေါသစိတ်သည် သူ့လက်ထဲမှ စားပွဲခင်းအဖြူစအစွန်းကို ဆုတ်ချေပြီးသားဖြစ်၏။ သူမ၏ ထီမထင်ဟန်က သူ့ကို ခံရခက်စေသည်။



“ ဒါဆို ချစ်တယ်ဆိုပြီး မင်း မောင့်ကို ညာခဲ့တာပေါ့.. ဟုတ်လား ခင်ခင်လတ် ”



ဒေါသကြီးနေသော သူ့ကို ကြည့်ပြီး သူမက ကြေကွဲစွာ တိုးသာသာရယ်လိုက်၏။



“ ခင်ခင်လတ်က ကိုသက်ခိုင်ကို ညာခဲ့တာမဟုတ်ပါဘူး၊ ကိုသက်ခိုင်ကသာ ခင်ခင်လတ်ရဲ့အချစ်ကို သုံးနှစ်လုံးလုံး ညာယူခဲ့တာပါ။ အင်း.. ၀ဋ်ဆိုတာကို ကျွန်မယုံကြည်သွားပြီ၊ အရင်က ကျွန်မ အပျော်ရည်းစားတွေ ထားခဲ့ပေမယ့် ကိုသက်ခိုင်နဲ့ ပတ်သက်ပြီးနောက် ကျွန်မ ကိုသက်ခိုင်အပေါ် သစ္စာရှိခဲ့တယ်၊ ချစ်ခဲ့တယ်၊ ဒါတွေအားလုံး ကိုသက်ခိုင်သိပါတယ် ”



သူမ၏အသံတို့က တုန်ရင်လျှက်ရှိသည်။ သူ ထိတ်လန့်သွား၏။



“ မဟုတ်ဘူး မလတ်၊ မောင်ပြောပြမယ်၊ မောင်… မလတ်အပေါ်….. ”



“ ဟင့်အင်း.. မဟုတ်ဘူး ကိုသက်ခိုင်၊ ကျွန်မ သန္တာကိုလည်း ကိုယ်ချင်းစာတယ်၊ သမီးလေးကိုလည်း သနားတယ် ”



နှလုံးခုန်သံတို့ ရုတ်ချည်း လျှင်မြန်လာ၏။ မမျှော်လင့်သော စကားတို့ကြောင့် သူ တုန်လှုပ်သွား၏။



“ ဟင်..မလတ်.. ဒါတွေ ဘယ်လိုသိလဲ.. ”



သူ့အသံက အံ့သြခြင်းတို့ စွက်လျှက်ရှိ၏။ အနှေးနှင့်အမြန် သူမျှော်လင့်ထားခဲ့သည့် နေ့တစ်နေ့ ရောက်လာချေ ပြီ။ စားပွဲခင်းစအဖြူကို လက်ဖြင့်အသာ ပွတ်သပ်ရင်းက သူမ ပြော၏။



“ ကျွန်မဆီ သန္တာရောက်လာတယ်၊ နေမကောင်းတဲ့ သမီးအကြောင်း၊ ကိုသက်ခိုင် မိသားစုနဲ့ ကင်းကွာနေတဲ့ အကြောင်း၊ မိဘခြင်းပေးစားလို့ ယူခဲ့ရပေမယ့်  ကိုသက်ခိုင်အပေါ် သူ တကယ်ချစ်ကြောင်း၊ နောက်ဆုံး ကွာရှင်းခွင့်တောင်းထားတဲ့ ကိုသက်ခိုင်နဲ့ သူ့ရဲ့ စစ်အေးတိုက်ပွဲကြားက သမီးလေး မြေစာပင်ဖြစ်မှာစိုးမိတဲ့ အကြောင်း၊ အားလုံး ကျွန်မသိခဲ့ရတယ်.. ၊ ကိုသက်ခိုင် စုဆောင်းထားတဲ့ အချိန်တွေရဲ့ အကျိုးအမြတ်ဟာ သန္တာတို့ သားအမိနဲ့ပဲ ထိုက်တန်တယ် ”



သူမ စကားကို တစ်ချက်နားလိုက်၏။ ပြီးမှ....



“ အိမ်ထောင်ရှိ ယောကျာ်းတစ်ယောက်နဲ့ ပတ်သက်ခဲ့မိတဲ့ ကျွန်မလို မိန်းမတစ်ယောက်နဲ့ ယဉ်ယဉ်ကျေးကျေး လာတွေ့ခဲ့တဲ့ ကိုသက်ခိုင်ရဲ့အမျိုးသမီးရဲ့ စိတ်ဓာတ်နဲ့ သူ့ရဲ့ မေတ္တာကို ကျွန်မတန်ဘိုးထားသင့်တယ်၊ ဒါကြောင့် ကိုသက်ခိုင်ကို ကျွန်မရှောင်နေခဲ့တာ၊ ကျွန်မနဲ့ ကိုသက်ခိုင် လက်ထပ်ဖို့သက်သက်နဲ့တော့ သန္တာနဲ့သမီးလေးကို စွန့်ပြီး အချိန်တွေကို ဖြုန်းတီးမနေသင့်ဘူးလို့ ကျွန်မထင်တယ် ကိုသက်ခိုင်”



အမြဲတစေ ချိုသာစွာ ပြောဆိုချွဲနွဲ့တတ်သည့် သူမ၏ နှုတ်ခမ်းပါးတို့မှ တိကျခိုင်မာသည့် စကားလုံးတို့က သေသပ်စွာ ထွက်ပေါ်လာခဲ့သည်။ စားပွဲခင်းပေါ်မှာ သွားနေသည့် ပုရွက်ဆိတ်ငယ်တစ်ကောင်ကို ကြည့်ရင်း သူမကို ရင်ဆိုင်ဖြေရှင်းရန် စကားလုံးတို့ ရှာဖွေမိ၏။ သူမရှေ့တွင် ထိုင်နေရင်း ကိုယ့်ကိုယ်ကို သိမ်ငယ်လာ၏။ နှစ်ဦးသား နှုတ်ဆိတ်ကာ စက္ကန့်အတော်ကြာမျှ ငြိမ်နေမိကြသည်။


....“ မောင် ” ....


သူမထံမှ ဝေးကွာနေသည့် ခြောက်လအတွင်း ပထမဆုံး “  မောင် ” ဟု ခေါ်သံ ကြားလိုက်ရ၏။ တုန်ယင်နေသည့် သူမအသံ တိုးလျလျက ခန္ဓာကိုယ်မှ ခွန်အားတို့ကို  နှုတ်ယူသွားသလို ခံစားလိုက်ရသည်။ အာစေးထည့်ထား သလို နှုတ်ဆွံ့နေမိ၏။ အားယူ၍ သူမဆီ လှမ်းကြည့်လိုက်သည်။ သူ ချစ်မြတ်နိုးခဲ့ဘူးသည့် သူမ၏ မျက်ဝန်းအစုံ တွင် မျက်ရည်စတို့ ဝေ့သီလျှက်ရှိ၏။ သူမစကားတို့ တစ်ခွန်းခြင်း ထွက်လာပြန်သည်။


“ တကယ်တော့ လူ့ကျင့်သိက္ခာဆိုတဲ့ စည်းကို ချိုးဖောက်ဖို့ ကျွန်မတို့နှစ်ယောက် ကြိုးစားနေမိကြတာပဲ၊ မောင့်ကို ကျွန်မချစ်ခဲ့တယ်၊ ဒါပေမယ့် ကျွန်မတို့နှစ်ယောက် လက်ထပ်ဖို့ကိစ္စ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ ဘူး၊ ကျွန်မတို့ နှစ်ဦးစလုံး မိုက်မဲခဲ့တာပဲ၊ စူးစမ်းဆင်ခြင်တုံတရားကင်းမဲ့တဲ့ ကျွန်မအမှားက ပိုပါတယ်၊ မောင်... ကျွန်မကို မေ့လိုက်တော့  ”





သူမ စကားတို့ မဆုံးနိုင်ခဲ့။ ၀ဲကျလာသည့် မျက်ရည်စတို့ကို မျက်တောင်ချင်း ပုတ်ခတ်၍ ဖယ်ရှားလိုက်၏။ သို့သော် ပါးပြင်ပေါ် ယိုစီးကျလာ၏။ မျက်ရည်တို့ကို သုတ်ပေးချင်နေမိ၏။ သို့သော် မမြင်နိုင်သော အရာတစ်ခုက ဟန့်တားထားသလို ၀န်လေးနေမိသည်။



“ မလတ်ရယ်..  ”



သူ့အသံက ညည်းတွားသံပေါက်နေ၏။



“ မလတ်ကို မောင် ချစ်တယ်၊ ဒါပေမယ့် မောင့် အိမ်ထောင်အကြောင်း မပြောပြခဲ့တာ မောင့်အမှားပါ၊ မလတ်ကို ဆုံးရှုံးရမှာ မောင်ကြောက်တယ် ”



“ သမီးလေးကိုတော့ မောင် ချစ်ပါတယ်၊ ဒါပေမယ့်.. ”



သူ့စကားတို့ နားထောင်ရင်း သူမမျက်ရည်တို့ ရစ်ဝဲလာပြန်သည်။ သူနှင့်ပတ်သက်သမျှ ပျော့ညံ့လွန်းနေမိသည့် သူမကိုယ်သူမ ရွံမုန်းလာမိ၏။ ခိုင်ခိုင်မာမာသံန္နိဋ္ဌာန်ချထားသည့် ဆုံးဖြတ်ချက်ကိုတော့ သူမပြင်ဖို့ မကြိုးစား ချင်တော့။



“ ဟုတ်တယ် ကိုသက်ခိုင်၊ သမီးလေးဟာ သနားဖို့ သိပ်ကောင်းပါတယ်၊ ကျွန်မတို့ နှစ်ယောက် ဒုတိယအကြိမ် အမှားကို  ထပ်ပြီး မကျူးလွန်ကြပါစို့လား ”



“ မလတ်.... ”





နှစ်သက်မြတ်နိုးရသည့် အရာတစ်ခုကို အပြီးတိုင် စွန့်လွှတ်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူနှင့်အဆုံး စွန်သော ဝေးကွာခြင်းသို့ သူမ ရောက်ရှိသွားသည်ဟု ထင်လိုက်မိသည်။



“ မလတ် မောင့်ကို ခွင့်လွှတ်ပြီး နားလည်ပေးပါ ”




ခွင့်လွှတ်ပါဆိုသော သူ့စကားအတွက် သူမခေါင်းညိတ်လိုက်၏။ သူနှင့်ပတ်သက်သမျှ ခွင့်လွှတ်ဖို့စိတ်၊ ရင်ထဲမှာ မွေးထားပြီးပြီပဲလေ။ လက်ကိုင်ပုဝါစွန်းဖြင့် ပါးပြင်ပေါ်မှ အကြွင်းအကျန်မျက်ရည်စတို့ကို စင်ကြယ်စွာ သုတ်လိုက် ၏။



“ ကျွန်မတို့ နှစ်ယောက် မိတ်ဆွေဖြစ်သွားပြီနော် ”



သူမကိုယ်သူမ သန့်စင်သွားသလို ခံစားလိုက်ရ၏။ သူက သူမကို ချစ်မက်စွာ ကြည့်နေ၏။ ပြီး.. သူက စားပွဲပေါ်သို့ မျက်နှာကို အပ်လျှက် မှောက်ထားလိုက်သည်။ “  မောင့်ကို ကျွန်မ တကယ်ချစ်ခဲ့တာပါ ” ဟူသည့် စကား သူမနှုတ်မှ ထွက်မလာအောင် ခက်ခဲစွာ ထိန်းချုပ်ထားစဉ်အတွင်း သူမ သူ့အပါးမှ အမြန်ထွက်ခွာဖို့ လိုအပ်မှန်းသိလာသည်။ သူမ ထိုင်ရာမှ ထလိုက်၏။


“ ကျွန်မကို သွားခွင့်ပြုပါ ” ဟု သူမပြောလိုက်ပြီး သူ မတားနိုင်ခင်မှာပင် သူမ ဆိုင်ထဲက ထွက်ခွာခဲ့သည်။


“ တိတ်ဆိတ်ခြင်း ” အမည်ရှိ လက်ဖက်ရည်ဆိုင်ငယ်တစ်ခုအတွင်းရှိ စားပွဲတစ်လုံးတွင် လူတစ်ယောက် ထိုင်လျှက်ရှိသည်။ သူသည် မျက်နှာကို စားပွဲပေါ် မှောက်လျှက်အိပ်သားရှိ၏။ သီချင်းသံသဲ့သဲ့က ဆိုင်ထဲတွင် ပျံ့လွင့်လျှက်ရှိ၏။ ခဏကြာတော့ သူခေါင်းထောင်လာသည်။ စားပွဲပေါ်ရှိ ကော်ဖီခွက်ကိုယူ၍ သူ တရှိန်ထိုးမော့ သောက်လိုက်၏။ လွယ်အိတ်ကို ပခုံးထက် လွယ်လိုက်သည်။ လက်ဖက်ရည်ဖိုး ပိုက်ဆံကို ထုတ်ယူကာ စားပွဲပေါ်မှ ပြာခွက်အောက်တွင် အသာဖိလျှက် ဆိုင်ထဲမှ ခေါင်းငိုက်စိုက်ချကာ သူ ထွက်လာခဲ့သည်။


သောက်သူကင်းမဲ့သော ကော်ဖီတစ်ခွက်သည် ကော်ဖီခွက်လွတ်တစ်လုံးနှင့် ယှဉ်လျှက် အဖြူရောင်အခင်းဖြင့် သေသပ်လျှက်ရှိသော စားပွဲတစ်လုံးပေါ်တွင် ရှိနေ၏။











( အသက်၂၁နှစ်အရွယ်၊ ပေဖူးလွှာမဂ္ဂဇင်း၊ အမှတ် ၁၁၈၊ သြဂုတ်လထုတ်တွင် ဖော်ပြခံခဲ့ရဖူးပြီး မဂ္ဂဇင်းစာမျက်နှာ ပေါ်မှာ တတိယအကြိမ် ပါဝင်ခွင့်ရခဲ့တဲ့ ၀တ္တုတိုတစ်ပုဒ်ပါ။ အမှတ်တရ သိမ်းဆည်းချင်တဲ့အတွက် ဆိုက်မှာ ပြန်လည် တင်လိုက်မိပါတယ်။ ဒီစာမူလေးကို အမျိုးသားစာကြည့်တိုက်မှ  ပြန်လည်ရှာဖွေပေးခဲ့သော သူငယ်ချင်း NMK ကို ဒီနေရာက ကျေးဇူးစကားဆိုပါရစေရှင် ။ )





ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။







11 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

( အစ်မက ၂၁နှစ် သမီးကတည်းက လက်စောင်းထက်လှတယ်.. ဘ၀ရဲ့ အမှတ်တရ မှတ်တိုင်လေး တစ်ခုပါဘဲနော်။)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ခင်ခင်လတ်ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို သဘောကျတယ်.. . ကိုယ်ချစ်တဲ့လူတစ်ယောက်ကို အလွယ်တကူ စွန့်လွှတ်ဖို့ဆိုတာ တကယ်တမ်းတော့ မလွယ်လှဘူးနော်.. ကိုယ့်နှလုံးသားကို ကိုယ်တိုင် ခွဲထုတ်လိုက်ရသလိုပါဘဲ... အဲဒီမလွယ်လှတဲ့အလုပ်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး မိန်းခလေးချင်း ကိုယ်ချင်းစာစိတ်နဲ့ လုပ်သွားလို့ လေးစားအားကျမိတယ်..

မောင်ဘကြိုင် said...

လက်စသတ်တော့ မမြသွေးနီက ဇ နဲ့ကိုးဗျ ဒါကြောင့် စာတွေဂလောက်ဖတ်ကောင်းနေတာ
ကွန်ကောင်းတိုင်းလာလာချောင်းပါတယ်ဗျာ
ဒီပို့စ်လေးကိုလည်း ကူးသွားပါတယ် သိမ်းထားမယ် သူငယ်ချင်းတွေကိုပေးဖတ်မယ်း)

မြစ်ကျိုးအင်း said...

လူသားဆန်တဲ့ ဝတ္ထုလေးကို အဲဒီအရွယ်မှာ တွေးနိင် ရေးနိင်ခဲ့တာ ဂုဏ်ယူပါတယ် အစ်မရေ။
ငယ်ငယ်ထဲက စာဖတ်အား များခဲ့မယ် ဆိုတာပါ ခန့်မှန်းလို့ ရတယ်။
ရသစာပေလေးတွေလည်း အများကြီး ဖတ်ချင်ပါသေးတယ်။

ကိုကြီးကျောက် said...

ဟာ...လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ဝတ္ထုလေးကိုး...

ဘုန်းကျော်ထက် said...

မင်္ဂလာပါဗျာ ၀ါသနာတူခြင်းတွေ့ရလို့ ၀မ်းသာပါတယ်။ကျွန်တော်လည်း ကဗျာလေးတစ်ပုဒ် ပေးသွားမယ်နော်။

ဆောင်းကုန်ကာ နွေကူးပြီမို့
ဟောင်းရွက်ကြွေရွက်သစ်ဝေပြီ
လွမ်းရသူမချိပြီပေါ့။
အလိုဗျာ မောင့်သက်ထားရယ်တဲ့
တစ်ယောက်ဆိုတစ်ယောက်
ပိတောက်ဆိုပိတောက်ပေမို့
သောင်းပြောင်းထွေလာမပြော လိုပါဘူး
အမယ်မင်းရယ်တဲ့တတ်နိုင်လိုက်တာ
သူ့အရိပ်တွေ ကပ်တွယ်
ရင်တွင်းဥသြဆွဲလို့
မျက်စိထဲကမထွက်ဘူး။
အိုဗျာစိတ်နဲ့လူကပ်ပြန်တော့
ပြီးလုပေါ့ သူပူတဲ့ခရေကုံး
ဟော့ဗျာကျွန်တော့မှာဖြင့်
သူမွှေးမယ့်ခရေကို
ကြည့်ပြန်ကာဝန်တိုမိပြန်ပေါ့
ရင်တုန်အောင် ကလူနိုင်တဲ့
မောင့် ချစ်သူလေး…….

မင်းရဲနိုင် said...

အဆုံးသတ်မျဉ်းလေးက..ဘယ်သူဆွဲလိုက်လည်းဆိုတာ..သိချင်သား။
ကျွန်တော်လည်း...တစ်ခါက..သောက်သူကင်းမဲ့တဲ့..ကော်ဖီခွက်လေး
တစ်ခုဖြစ်ခဲ့ဖူးပါတယ်...။..ပို့စ်လေးက..အရေးကောင်းတော့..
ဟိုး.....................................................တုန်းကအချိန်လေးကိုပြန်ရောက်သွားသလိုပဲ။
နောက်လည်း..ဖတ်ချင်ပါသေးတယ်..

Ko Gyi said...

နိပ်တယ် အစ်မရေ

ဒါတွေဟာ တကယ်တော့ ဒီလိုပဲ ဖြစ်သင့်တယ်
မသိလို့ မှားခဲ့စေဦး.... အမှန်တရားကို လက္ခံနိုင်ရမယ်
မိမိရဲ့ ရယူလိုမှု အတ္တတွေအတွက် တစ်ပါးသူတွေကို မနင်းခြေသင့်ဘူး
ရသပေးလေး ကောင်းတယ်ဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

sosegado said...

၂၁ နှစ်ကရေးတယ်လို့တောင် မထင်မိဘူး၊ ရသပါပါတယ်၊ မလတ်ရဲ့ စိတ်ဓါတ်ကိုလေးစားမိပါတယ်၊
ဒါပေမဲ့ အချစ်မပါတဲ့ အိမ်ထောင်ရေးကိုဆက်လျှောက်ရမဲ့ မောင် အတွက်တော့ ဝမ်းနည်းမိပါတယ်၊ သမီးလေးကိုပဲ အချစ်ပုံလိုက်ကြပေတော့။

ချစ်ကြည်အေး said...

မြသွေးရေ...မလတ် ဆုံးဖြတ်ချက်ရော တည်ငြိမ်စွာကိုင်တွယ်ခဲ့တဲ့ သန္တာ့ ကိုရော သဘောကျတယ်။ မိန်းကလေးဆိုတာ ဒီလိုပဲ ဖြစ်ရမှာပေါ့။ ၂၁နှစ် သမီးရဲ့ အတွေး အရေးလေးက ရင့်ကျက်လွန်းတယ်...တကယ်ပဲ ချီးကျူးမိပါတယ် ညီမရေ :)

Chit Thu Mg said...

မရေ... ဇာတ်ကောင်နှစ်ဦးစလုံးရဲ့ ခံစားချက်တွေကို နှလုံးသားနဲ့ ခံစားသွားပါတယ်။ အပြင်လောကမှာ ဖြစ်တတ်တဲ့သဘာဝလေးကို အခြေခံပြီးရေးသားထားတဲ့အတွက် အရမ်းကောင်းတဲ့ ၀တ္တုတပုဒ်အဖြစ် အားပေးသွားပါတယ်။ မရေ... တခါတလေတော့လည်း အချစ်ဟာ ဆန်းကျယ်သလို၊ တခါတလေတော့လည်း လှည့်စားတတ်ပြီး တခါတလေမှာတော့ လွမ်းမောစရာလေးတွေ ပေးစေတတ်တယ်နော်။ :P
အရမ်းကောင်းတဲ့ ဇာတ်လမ်းလေးမို့ ကျေနပ်စွာနဲ့ အားပေးသွားပါတယ်။
ဂီ

နေရောင် said...

သြော်...
အခုမှ ဖတ်ရတယ်

Post a Comment