
တစ်ခါက မောင်ပိန်လို့ခေါ်တဲ့ အရက်သမားတစ်ယောက်ရှိတယ်။ တစ်နေ့သူက အရက်လေး တထွေထွေနဲ့ သူတို့ရပ်ကွက်နားက ဘုရားကို ရောက်သွားတယ်။ ဘုရားစောင်းတန်းတစ်လျှောက် လှေကားက တက်လာရင်း ဘေးဘီဝဲယာနံရံပေါ်မှာ သရုပ်ဖော်ထားတဲ့ ပုံတွေကိုလည်း ကြည့်လာ တယ်။ ငါးပါးသီလကို ကျူးလွန်မိရင် ငရဲမှာ ဘယ်လိုဝဋ်ခံရတယ်ဆိုတာ ပန်းချီဆရာကြီးများက သီလတစ်ပါးခြင်းဆီအတွက်ကို ဘုရားဖူးတွေ သိရလေအောင် နံရံပေါ်မှာ သေချာသရုပ်ဖော်ထားတယ်။ မောင်ပိန်လည်း စောင်းတန်းတလျှောက် တက်လာရင်း နံရံက သရုပ်ဖော်ပုံတွေနဲ့ စာတွေကို စိတ်ဝင်တစား ကြည့်ရင်း ထုံးစံအတိုင်း သူ့ရဲ့အသံ ကျယ်လောင်ကျယ်လောင်နဲ့ အသံထွက် ဖတ်လာမိတယ်။
" ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ " - အင်း.. သူ့အသက်မသတ်ရ ဆိုတာကို သတ်တာကိုး။ ခံ..ခံ ..။ ဒီလိုကံမျိုး ကျူးလွန်သူတွေ ငရဲမှာခံရ.. နည်းတောင်နည်းသေး။ ကိုယ့်အသားပဲ ကိုယ်ဆိတ်ကြည့်ဦး.. နာတတ်ကြသေတာ။ သူများအသက်တစ်ချောင်းကို မဆင်မခြင် ရက်ရက်စက်စက် သတ်တာ..ငရဲကျတာ နည်းတောင်နည်းသေး..။
ဘုရားဖူးလာသူတွေက မောင်ပိန်အသံ ကျယ်လောင်ကျယ်လောင်ကို ကြားတော့ မနေနိုင်တော့ပဲ စောင်းငဲ့ကြည့်ကြတယ်။ ဒါက သူ့ကို လူတွေ စိတ်ဝင်စားလေအောင် အမြဲထွင်လေ့ရှိတဲ့ မောင်ပိန်ရဲ့ အကွက်ရိုးကြီးပေါ့။
" အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ " - သြ... သူတစ်ပါးပစ္စည်း အချောင်လိုချင်၊ ခိုးချင်သူတွေ၊ ဒီလိုငရဲမျိုး ကျမယ်ဆိုတာ မသိသား ဆိုးဝါးနိုင်လိုက်တာ ...။ ကိုယ့်ရှိတာလေးနဲ့ မရောင့်ရဲနိုင်ဘူး။ သူများပစ္စည်းလိုချင်မျက်စိရှိတော့ စာရိထ္ထက ပျက်စီးပြီပေါ့။ ကိုယ်စရိတ်နဲ့ ကိုယ်သွားပေရော့..။
မောင်ပိန်ကတော့ အာပေါင်အာရင်း သန်သန်နဲ့ စွတ်တင်နေလေတယ်။ သူ့အနားမှာ ရှိနေတဲ့ ဘုရားဖူးတွေက မောင်ပိန်ဆီက ပျံ့လွင့်လာတဲ့ အရက်နံ့ တစ်ထောင်းထောင်းကို နှာခေါင်းအုပ်လျှက်က မောင်ပိန်ရဲ့ တတိယမှတ်ချက်ကို စိတ်ဝင်တစားဖြစ်လာကြတယ်။ မျက်နှာတွေကတော့ ပြုံးစေ့စေ့နဲ့ပေါ့။
" ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ " - သူများသားမယား ပြစ်မှားချင်သေးတယ်။ လူ့စည်း ဘီလူးစည်း နားမလည်ကြဘူး..။ အော့နှလုံးနာလိုက်တာ။ ဒီလိုလူမျိုးတွေ ငရဲကျတာ မဆန်းဘူး။ နည်းတောင်နည်းသေး ။
ဘုရားဖူးတွေက နီးစပ်ရာကို လက်တွေတို့ကြလေပြီ။ မောင်ပိန်လည်း သူ့ကို လူတွေဝိုင်းကြည့်လေတော့ စိတ်တွေ တက်ကြွလာပြီး အသံကို မူလကထက် ပိုမြှင့်လိုက်တယ်။
" မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ " - အိုး.. ဟိုး လိမ်ညာပြောလို့ ငရဲမှာတန်းစီ နေရသူ တွေ အောတိုက်ပါလား။ ကိုယ့်သိက္ခာ ကိုယ်မငဲ့.. ကိုယ့်လိပ်ပြာ ကိုယ်မလုံ လျှာအရိုးမရှိတိုင်း လိမ်ချင်သူတွေ ငရဲအိုးထဲ ကျ.. ကျ....ခေါင်းစိုက်ပြီးကို ကျပါစေဗျာ..။
ဘုရားဖူလာသူတွေရဲ့ အာရုံစူးစိုက်မှုက မောင်ပိန်ကို သွေးနထင်ရောက်သွားစေတော့တယ်။ ဒီလိုနဲ့ ပုံတွေကြည့်... စာတွေဖတ်.. ပါးစပ်က တောပြော တောင်ပြော အော်လာလိုက်တာ.. ၅ပါးသီလရဲ့ နောက်ဆုံးသီလကို သရုပ်ဖော်ထားတဲ့ ပုံနေရာလည်း ရောက်ရော... သူ့နဘေး ပတ်ဝန်းကျင်ကို တစ်ချက် အကဲခပ်လိုက်တယ်။ ပြီးမှ....
" သူရာမေရယ ...ယ...ယ....မဇ္ဇပ္ပမာဒဌာနာ .....
ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ..မိ..မိ..."
"...ဘာ...."
" သေရည်သေရက်ကို ရှောင်ကျဉ်ရမယ်.. ဟုတ်လား..။ ဟေ့..ဟေ့...ဒီမှာ ငပိန့်ကို အချဉ်မှတ်လို့လား ။ ငပိန့်ကို ဆရာလာမလုပ်ကြ နဲ့..။ မွေးထဲက အရက်ပုလင်းဖက်မွေးလာတာ။ ငရဲလည်း ငါမမှုဘူး။ သောက်ချင်ရာ သောက်မယ်ကွ... ဂေ့ ..... "
မောင်ပိန်ရဲ့ ဂေ့ကနဲ လေချင်တက်သံလည်းဆုံးရော ဘုရားဖူးတွေရဲ့ ၀ါးကနဲရယ်လိုက်သံတွေက ဘုရားစောင်းတန်းမှာ နားနေတဲ့ ခိုတစ်အုပ်တောင် လန့်ပျံသွားတော့တယ်။
:) ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ ငါတကောကောနေကြပြီး၊ သူများမျက်ချေးသာမြင်တတ်ပြီး၊ ကိုယ်မျက်ချေးကိုယ်မမြင်တတ်သူ မောင်ပိန်လို လူစားမျိုးတွေကို မကြာခဏတွေ့မြင်နေရလေတိုင်း ဒီပုံပြင်လေးထဲက ဘုရားဖူးပရိသတ်တွေလိုပဲ မရိုးနိုင်ပဲ မပြုံးပဲနဲ့ ၀ါးလုံးကွဲ ရယ်ဖြစ်မိပါတယ်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ မောင်ပိန်လို လူစားတွေ အများကြီးပဲရှင့်..။ :)
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
23 comments:
တော်သေးတယ် မောင်ပိုင် လိုမလုပ်ကြေးမဟုတ်လို့...။
ဘယ်သူကို မြင်ပြီး ဝါးလုံးကွဲ ရယ်တာပါလိမ့်
ဘာပဲဖြစ်ဖြစ် ရယ်နိင်တုန်း ရယ်ပေး ခဲ့ပါနော်
ကျနော်တို့လည်း ဖတ်နိင်တုန်း ဖတ်ပေး ခဲ့မယ်လေ ဟဲဟဲ
ဟုတ်ပါ့.......ကိုယ့်မျက်ချေးကျ မမြင်ဘဲ သူများမျက်လုံးထဲက မျက်ချေးပဲ လိုက်ကြည့်ပြီးပြောနေကြတဲ့သူတွေမြင်ရင် မောင်ပိန်..မောင်ပိန်ဆိုပြီးပဲ တရားသဘောတွေးတော့မယ်နော်......မ........:D
အဲ.... အစ်မ ဒီနေ့ဘာများ ရယ်စရာတွေ့လိုက်လို့ပါလိမ့်။
အော် မောင်ပိန် မောင်ပိန်
တော်တော်ဆိုးတဲ့ မောင်ပိန်... အစ်မပြောသလိုဘဲ ကိုယ့်မျက်ချေးကိုယ် မမြင်နိုင်ဖြစ်နေရှာတာ.. သနားပါတယ်..
အင်း ကိုယ်တိုင်လည်း မောင်ပိန်လိုလူစား မဖြစ်အောင် ကြိုးစားဦးမှပါလေ။
တော်ကြာ သူများ လက်ညိုးထိုးစရာ ဖြစ်နေဦးမယ်... :)
ဟုတ်ပါ့ ဗျာ မောင်ပိန်လို လူစားမျိုးတွေ အပြင်မှာ အများကြီးပါ။ အောက်ဆုံး ရောက်ရင် မောင်ပိန် ဘယ်လိုများ ပြောမလဲ လို့ စောင့်မျှော်ဖတ်လိုက်ရတာ လက်စသတ်တော့ မောင်ပိန်က ငရဲ ဆိုတာကို မမှုဘူး၊ မကြောက်ဖူး ဖြစ်နေတာ ကိုး.... ဒါကြောင့်ပဲ ဒီလိုလူတွေ တန်းစီနေတာ ဖြစ်ပါလိမ့်မယ်.. ကိုယ်တိုင်လည်း အဲဒီလို လူထဲ မပါအောင်တော့ ဂရုစိုက်နေရတယ်ဗျို့...... :)
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
ဟား ဟား ရီရတယ် မောင်ပိန် ရယ် အဲ ညီမရယ်
ကျေးဇူး
ရွှေစင်ဦး
ဟားဟား..လုပ်ချင်အုံးလေ လူတက်ကြီး..
ကိုယ့်ကိုတော့ မမြင်ဘူး..
ကျေးဇူးမမ..
အိုဘားမားကတော့ အိပ်ယာနိုးတိုင်း အရင်ဆုံးမှန်ကြည့်တယ်။
ကိုယ့်မျက်ချေးရှိမရှိသိဖို့လေ...၊ဒါမှ..သူများမျက်ချေးကိုလိုက်ကြည့်လို့ရမှာ။။
အဲ...ပိုပြီးချောလာလား၊.အသားပိုပြီးဖြူလာလား..သိချင်တာလည်းပါတယ်။
ကြည့်တိုင်း..ပိုပိုပြိးချောချော..လာသလိုပဲ..............။
ဟူး......................မောဘူး။
အွန်...
လုပ်ချလိုက်ပြန်ပြီ
ဒါကြောင့် "မောင်ပိန်လို မလုပ်ကြေး" ဆိုပြီး ပြောသွားတာပါလား
သိသိကြီးနဲ့ ကစ်သွားဒယ်ဂျာ :)
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
It is a great thing to know our vices.
People ask you for criticism but they only want praise.
မောင်ပိန်လိုလူမျိုးမဖြစ်အောင်ကိုယ်ကိုယ့်ကိုကြိုးစားနေထိုင်ပါ့မယ်မမမြသွေးရေ..။ အသိထပ်တိုးရတာပေါ့..။
ချစ်တဲ့
သဒ္ဓါ
မောင်ပိန် ..
မောင်ပိန် ..
ကျွန်တော်တို့ တတွေလည်း သံသရာတလျှောက်
မောင်ပိန်လို လူမျိုးတွေဖြစ်ခဲ့ဘူးမှာပါဗျာ..
သိတဲ့အခါတော့ ထပ်မဖြစ်အောင်ကြိုးစားရမယ်နော်
ဒီဘလော့မှာစာလာဖတ်မိတိုင်း မမြသွေးနီ ဆီမှာ လာရောက်လည်ပတ်သူ ဆိုတဲ့ ကမ္လာလုံးလေးအောက်မှာ "2 Cambodia" လို့ တွေ့ တွေ့ နေမိတယ် .. တကယ်ပါ .. ကမ္ဘောဒီးယားမှာ မြန်မာသူငယ်ချင်းမရှိလို့  ဘယ်သူများလဲမသိဘူး .. ခင်မင်ချင်ပါတယ်ရှင့် ..
ကောင်းပ
တော်တော်ကို တော်တဲ့ အရက်သမားလေး မောင်ပိန်ပဲဗျ
အဲ
ရေးတဲ့သူက ပိုတော်တယ်
ဟုတ်တယ် မမရေ.. ငါတကော ကောနေကြတဲ့သူတွေမှ တကယ်ကို အများကြီးပါ....
အများကြီးရှိတာပေါ့ မြသွေးရယ်...မောင်ပိန်တွေ မောင်ပိန်တွေ...မှားလို့ မှားမှန်းကို မသိ၊ သိလည်း မသိချင်ယောင်ဆောင်နေတဲ့ မောင်ပိန်တွေရယ်လေ....
တော်တော် ဆိုးတဲ့ မောင်ပိန်ပါလား...
မောင်ပိန် တို့ ဆိုးချက်တော့.. ကမ်းကိုကုန်ပါရောလား
ကျနော်လည်း မောင်ပိန်ပါပဲ
အမရယ်
အဟ ဟုတ်ပ မောင်ပိန်လို မဖြစ်အောင်နေရမယ်။
မောင်ပိန်လို မလုပ်ကြေး read thwar bar tae ....
ဟုတ်တယ် မမြသွေးနီ..
လောကကြီးမှာ မောင်ပိန်တွေ အများကြီးပဲနော်.အရှေ့ တောင်အာရှမှာ မြန်မာနိုင်ငံက အရက်သောက်သူဦးရေ သိပ်များလို့ လေ..
.:P
အစ်မ ရေ ကိုယ်မျက် နှာ ကိုယ်ပြန်ကြည့် ဦး မှ မောင်ပိန်လို များ ဖြစ်နေမလား လို့:)
မောင်ပီန်းကတော့လေ
ဖြစ်ရမယ်
အော်
မောင်ပိန်းထက်ပိန်းချင်နေတာက
အိုဘားမားဖြစ်မယ်နော်
သူ့ကိုသူများချောသလေးဘာလေးနဲ့...ဟိဟိ
မမကျေဇူးပါနော်
ဗဟုသုတရပါတယ်
Post a Comment