Saturday, September 25, 2010

အပြီးမသတ်သောပုံပြင်


ကုတင်ပေါ်က သားရဲ့ မျက်နှာဝင်းပပက ဖြူလွှလွှခေါင်းအုံးထဲမှာ နစ်မြုပ်နေတယ်။ အိပ်ရာထဲမှာ ပက်လက်အိပ်လျှက်ကနေ မေမေ့မျက်နှာကို မော်ကြည့်လျှက် ပုံပြင်နားထောင်ဖို့ကို သားက အဆင်သင့် အနေအထားဖြစ်နေတယ်။ မေမေကတော့ သားရဲ့နဘေးမှာ ၀မ်းလျားမှောက် အိပ်လျှက်က သားရဲ့ ဆံပင်ပျောပျော့လေးတွေကို ညင်သာစွာ ပွတ်သပ်ပေးရင်း ဒီတစ်ညအတွက် ပုံပြင်လေးတစ်ပုဒ်ကို သားရဲ့ မျက်နှာကို စေ့စေ့ကြည့်လို့ အခုလို အစချီပြောပြလေတယ်။





………………@@@………………







ဟိုးရှေးရှေးတုန်းက ကျေးငှက်တိရစ္ဆာန်နဲ့ တောကောင်ငယ်အများစုသာ နေထိုင်တဲ့ သာယာလှပတဲ့ တောအုပ်ငယ်လေးတစ်ခုမှာ တိရစ္ဆာန်လေးတွေဟာ အချင်းချင်း အတူတကွ ပျော်ရွှင်ညီညွတ်စွာနဲ့ နေထိုင်ကြသတဲ့ကွယ်။ အဲ့ဒီတောအုပ်လေးကို စည်းစံနစ်တကျ အုပ်ချုပ်နေတဲ့သူကတော့ ပညာရှိ ဦးဇီးကွက်ကြီးပဲပေါ့။ ဦးဇီးကွက်ရဲ့ ဆုံးဖြတ်မှု၊ ဆုံးမမှုအောက်မှာ တိရစ္ဆာန်လေးတွေ အားလုံးဟာ သင့်မြတ်ပျော်ရွှင်စွာ နေထိုင်ကြသတဲ့ကွယ်။ ဖြူဖွေးတို့ ယုန်မိသားစုဟာလည်း ဒီတောအုပ်လေးထဲမှာ စံပြလို့ပြောလို့ရအောင် နေထိုင်ကြတဲ့ မိသားစုလို့ ပြောလို့ရတယ်ကွဲ့။



တစ်နေ့မှာ တစ်ဖက်တောအုပ်ကြီးထဲက မြေခွေးဖိုးရှုပ်ဟာ ဖြူဖွေးတို့ရှိတဲ့ တောအုပ်ငယ်လေးထဲကို ရောက်လာလေတယ် ။ တကယ်တမ်းက ဖိုးရှုပ်ဟာ သူနေထိုင်ရာတောကို စွန့်ခွာထွက်ပြေးရင်း လေလွင့်လာကာ ဖြူဖွေးတို့ရှိရာ တောအုပ်လေးထဲကို မျက်စေ့လည် လမ်းမှားပြီး ရောက်လာခဲ့တာကွဲ့။ သူနေခဲ့တဲ့ တောအုပ်ကြီးထဲမှာ သူ့ထက်အားနည်းတဲ့ တိရစ္ဆာန်တွေကို ညှာတာမှုမဲ့ လွန်လွန်ကျူးကျူး ဖမ်းဆီးသတ်ဖြတ် စားသောက်လို့ တောဘုရင် ကေသရာဇာခြသေ့င်္မင်းကိုယ်တိုင် ပြန်မလာရအမိန့်နဲ့ မြိုင်ရပ်ကနေ နှင်ထုတ်ခြင်း ခံထားရသူပေါ့ကွယ်။



ဒီလိုနဲ့ မြေခွေးဖိုးရှုပ်တစ်ကောင် ယုန်လေးဖြူဖွေးတို့ မိသားစုရှိရာ တောအုပ်ကို ရောက်ပြန်တော့လည်း ဗီဇဟောင်းက မဖုံးဖိနိုင်ပဲ တိရစ္ဆာန်ငယ်လေးများကို တစ်နေ့တစ်မျိုးကျ ဖမ်းယူစားသောက် ပွဲတော်တည်နေလေသတဲ့။ ဖြူဖွေးတို့ရဲ့ အေးချမ်းနေတဲ့ တောအုပ်လေးလဲ အရင်လို မဟုတ်တော့ပဲ မြေခွေးဖိုးရှုပ်ကြောင့် ပူပန်ရ၊ ကြောက်ရွံ့ရ၊ သောကတွေပွေလို့ ရုတ်ရုတ်သည်းသည်း ဖြစ်နေရတော့တာပေါ့ကွယ်။ တောကောင်ငယ်လေးတွေ ဖြစ်နေတာရော၊ နဂိုထဲက အေးအေးဆေးဆေးနေတတ်တဲ့ တိရစ္ဆာန်လေးတွေပဲရှိတာကြောင့် ဖိုးရှုပ်ရဲ့အန္တရာယ်ကို ဘယ်လို ကာကွယ်ရမှန်း မသိကြပေမယ့် အားလုံးက သတိအနေအထားနဲ့ ရင်တမမရှိကာ နေနေရတာပေါ့ကွယ်။ အေး… ဒီလိုနဲ့ မြေခွေးဖိုးရှုပ်လည်း တစ်နေ့တမျိုးနဲ့ ဖမ်းယူစားသောက်ရင်းက တစ်နေ့မှာတော့ “ ငါ ယုန်သားမစားဘူးသေးဘူး။ ယုန်သားက ချိုတယ်။ အရသာရှိတယ်လို့ ငါကြားဖူးတယ်။ အင်း… ဒီနေ့တော့ ယုန်သားကို ရအောင် ဖမ်းစားရမယ် ” ဆို သံဓိဋ္ဌာန်ချလို့ ယုန်ရှာဖွေထွက်ခဲ့သတဲ့ကွယ်။



မြေခွေးဖိုးရှုပ်ရဲ့ တီးတိုးကြိမ်းဝါးသံကို ခေါက်ရှာငှက်လေးက သစ်ပင်ပေါ်ကနေကြားပြီး တောအုပ်ငယ်ထဲမှာ ရှိသမျှ ယုန်မိသားစုများကို လိုက်လံသတိပေးသတဲ့။


“ ယုန်မိသားစုများအားလုံး သတိဝီရိယနဲ့သာ နေပေတော့။ မြေခွေးဖိုးရှုပ်တော့ ဒီတစ်ခါ ယုန်သားစားမယ်လို့ ကြိမ်းဝါးနေသံကြားရတယ် ”


ခေါက်ရှာငှက်လေး သတိပေးလို့ ပညာရှိဦးဇီးကွက်အပါအ၀င် တောထဲက တိရစ္ဆာန်ငယ်လေး တွေအားလုံးဟာ ဖိုးရှုပ်လာရင် သူ့ရန်က ဘယ်လို ကာကွယ်ရမယ်ဆိုတာ ကြိုတင်ပြင်ဆင်ကြလေသတဲ့။


ဒီလိုနဲ့ တိရစ္ဆာန်ငယ်လေးတွေက ညီညွတ်ပြီး စည်းစည်းလုံးလုံးရှိနေကြတော့ ဖိုးရှုပ်လည်း ယုန်လေးတွေကို ဘယ်လိုပဲ ရှာဖွေစားစား ရှာမတွေ့ဘူးတဲ့။ တွေ့ပြန်တော့လည်း အပြေးမြန်လွန်းတဲ့ ယုန်ကလေးတွေကို သူမိအောင် ဘယ်လိုနည်းနဲ့မှ မဖမ်းနိုင်ဘူးတဲ့ကွယ်။ တစ်နေ့မှာတော့..


“ ယုန်သားကို မဖြစ်ဖြစ်တဲ့နည်းနဲ့ရအောင်စားမယ်။ ငါတစ်ကောင်ထဲ မဖမ်းနိုင်ရင် အရင်ငါနေခဲ့တဲ့ တောအုပ်က အပြေးမြန်တဲ့ ကိုကျားကြီးကို အသုံးချပြီး ဖမ်းခိုင်းရမယ် ” ဆို ဥာဏ်နီဥာဏ်နက်ထုတ်ပြီး ကိုကျားကြီးဆီသွားလို့…


“ ကိုကျားကြီး.. ကျုပ်အခုနေနေတဲ့ တောအုပ်က ဖမ်းစားစရာ တောကောင်တွေ ပေါမှပေါဗျာ။ တစ်နေ့ဘယ်နှစ်ကောင်စားချင်သလဲ။ စိတ်ကြိုက်အလွယ်တကူနဲ့ကို ဖမ်းစားလို့ရတယ်ဗျာ။ ကျုပ်စားဖူးတဲ့ အထဲမှာတော့ ယုန်သားလောက်ကောင်းတဲ့ အသားဘယ်မှာမှ မတွေ့ဘူးဗျို့။ ချိုအိပြီး နူးညံ့နေလိုက်တာများဗျာ အခုပြောနေရင်း သွားရည်များတောင်ယိုလာတယ်။ ကိုယ့်မိတ်ဆွေရင်းမို့ စားစေချင်လွန်းလို့ အခုလို တကူးတကန့်လာပြောတာဗျ။ ကျုပ်နဲ့ လိုက်ခဲ့ပြီး ယုန်သားလေး လာလွှေးလှည့်စမ်းပါဗျာ ” လို့ မြေခွေးတို့မာယာတွေ ပေါပေါလှိုင်လှိုင် ထုတ်သုံး၊ မက်လုံးတွေပေးပြီး ကိုကျားကြီးကို ဒီဘက်တောအုပ်ငယ်ဆီကို လှည့်ဖျားခေါ်လာခဲ့သတဲ့။


ကိုကျားကြီးကလည်း တစ်ခါမှ မစားဘူးတဲ့ ယုန်သားကို စားချင်မိတဲ့စိတ်နဲ့ လိုက်ခဲ့ရပေမယ့် မြေခွေးဖိုးရှုပ်ရဲ့ စဉ်းလဲတဲ့ စိတ်ထားကို အရင်ထဲက သိထားလေသူဆိုတော့ မသွားခင်မှာ…


“ ဒီမှာ ဖိုးရှုပ်.. ဒီတောထဲမှာ နာမည်ပျက်မရှိအောင် ငါနေခဲ့တာ မင်းအသိနော်။ ငါ့တောမှာ ငါ့သိက္ခာနဲ့ငါနေနေတာ။ အေး.. ဒါပေမယ့် မင်းခေါ်လို့ ငါ အားနာပြီးလိုက်ခဲ့မယ်။ ဒါပေမယ့် မင်းနဲ့ ဒီအတိုင်းတော့ ငါမလိုက်နိုင်ဘူး။ ငါ.. မင်းကို မယုံကြည်ဘူး။ တစ်ခုခုဆို ငါ့ကိုထားပြီး မင်းကိုယ်လွတ်ရုန်း ထွက်မပြေးသွားနိုင်အောင် မင်းရဲ့အမြှီးနဲ့ ငါ့ရဲ့အမြှီးကို အတူတူ ကြိုးနဲ့ ပူးပြီးချည်နှောင်ထားမှဖြစ်မယ် ”


ကိုကျားကြီးစကားလည်းဆုံးရော မြေခွေးဖိုးရှုပ်လည်း …


“ကိုကျားကြီးကလည်းဗျာ.. မြေခွေးကို မယုံကြည်သလိုလို ဘာလိုလိုနဲ့။ ကဲ.. ကဲ စိတ်ကြိုက်သာလုပ်ပါဗျာ။ ခင်ဗျားကို ကျွန်တော်က မဟုတ်တာပြောပါ့မလားဗျ ” ဆိုပြီး အမူပိုပိုနဲ့ပြောကာ အမြှီးနှစ်ခု ပူးချည်တာကို အောင့်သီးအောင့်သက် နဲ့ ခံလိုက်ရလေသတဲ့။


ဒီလိုနဲ့ သူတို့နှစ်ကောင် အမြှီးနှစ်ခုပူးလျှက်နဲ့ တစ်ဖက်တောအုပ်ငယ်လေးဆီကို လာနေတာကို တွေ့တဲ့အခါ ကင်းစောင့်နေကြ ခေါက်ရှာငှက်ငယ်လေးက “ ရန်သူဟာ အခုအခါ တစ်ကောင်ထဲ မဟုတ်ပဲ နှစ်ကောင်ပူးလာနေပါပြီ..။ အားလုံးသတိပြုကြပါလို့ ” တစ်တောလုံးကို သတိလိုက်ပေး လေသတဲ့။


မြေခွေးဖိုးရှုပ်နဲ့ ကိုကျားကြီးလည်း သူတို့ပစ်မှတ်ဖြစ်တဲ့ ယုန်မိသားစုကို ဖမ်းစားဖို့ သွားရည် တမြှားမြှားနဲ့ လိုက်ရှာကြသတဲ့ကွယ်။ ကံဆိုးချင်လေတော့ ယုန်ဖြူဖွေးတို့ မိသားစု ပုန်းအောင်းရာ နေရာကို နောက်ဆုံးမှာ သူတို့ရှာတွေ့သွားသတဲ့။  ဖြူဖွေးလည်း “ အလို.. မြေခွေးနဲ့အတူ ကျားကြီးတစ်ကောင်ပါ ပါလားပါရော့လား။ အပြေးသန်တဲ့ ကျားကြီးပါလာတော့ ငါတို့အရင်လို ပြေးလို့လွတ်မယ်မထင်ဘူး။ ဒီတော့ ဥပ္ပါယ်တစ်မျှင်သုံးမှ ” ဆိုပြီး … မြေခွေးဖိုးရှုပ်နဲ့ ကျားကြီးတို့ကြားရအောင် ..


“ ကိုကြီးမြေခွေးဖိုးရှုပ်က စေတနာကောင်းတယ်နော်။ ဟိုဘက်တောအုပ်က ကျားကြီးကို ဒီနေ့ ငါတို့ဆီ ညာခေါ်၊ ထောင်ခြောက်ဆင်ဖမ်းပြီး အရသာရှိတဲ့ ကျားသားကျွေးမယ်တဲ့။ ကျားကြီးကို ငါတို့ တစ်တောလုံးက ၀ိုင်းဖမ်းဖို့ စောင့်နေကြတာ။ သူက အခုထက်ထိ မလာသေးပါလားကွ ” လို့ အော်ပြောလိုက်လေတယ် ။


တစ်ချိန်ထဲမှာပဲ ကြိုတင်ပုန်းအောင်းနေတဲ့ ပညာရှိ ဦးဇီးကွက်ဦးဆောင်တဲ့ တောကောင်ငယ်များက ဆူဆူညံညံအသံများ တစ်ပြိုင်နက်ထဲပြုလုပ်ပြီး  ညာသံပေးကာ ထွက်လာကြတယ်။


“ ဖမ်းဟ၊ ဆီးဟ ..။ ဒီကျားကို အလွတ်မပေးနဲ့။ မိတာနဲ့ အရေခွံဆုတ် စားပစ်မယ် ”


ယုန်ဖြူဖွေးရဲ့ အသံကိုကြားလိုက်ပြီးတာနဲ့ မမျှော်လင့်တဲ့ ဆူဆူညံညံ တောခြောက်သံတွေကြောင့် ကိုကျားကြီးလည်း မြေခွေးဖိုးရှုပ် သူ့ကိုထောင်ခြောက်ဆင် ဖမ်းပြီထင်ပြီး တစ်ဖက်တောအုပ်ရှိရာကို ဖ၀ါးနဲ့ ခြေတစ်သားထဲကျအောင် ပြေးပါလေတော့သတဲ့ကွယ်။ ဒါပေမယ့် ခုနက အမြှီးကို အတူတူ ပူးချည်နှောင်ထားလေတော့ မြေခွေးငရှုပ်လည်း သူ့ထက် ခွန်အားကြီးတဲ့ ကိုကျားကြီးရဲ့ ထွက်ပြေးရာကို မလွန်ဆန်နိုင်တော့ပဲ လမ်းတစ်လျှောက် ရှိသမျှခလုပ်တွေကို ပွတ်တိုက်လို့  ပွန်းပဲ့ဒါဏ်ရာများနဲ့ သွေးအလိမ်းလိမ်းထွက်ကာ အနောက်ကနေ ဒရွတ်တိုက်ပါသွားရရှာ လေသတဲ့ကွယ်။



ပုံပြင်လေးကတော့ ဒါပါကွယ်..။





………………@@@………………







မေမေက ပုံပြောပြီးသွားလို့ သားရဲ့ကျောလေးကို ပွတ်လို့သိပ်ဖို့လုပ်ပေမယ့် သားကတော့ မအိပ်နိုင်ရှာပဲ အမေးအမြန်းထူတဲ့ အရွယ်ပီပီ သူသိချင်တာလေးများကို မေးပါလေတော့တယ်။



“ မေမေ.. မြေခွေးက စိတ်ကောင်းမရှိလို့ ခံရတာပေါ့နော် ”



“ အေးပေါ့ သားရဲ့။ ဒါကြောင့် စိတ်ထားကောင်းရင် ကံကောင်းတတ်တယ်လို့ မေမေသားကို ပြောပြောနေတာပေါ့ ”



“ ယုန်လေးက ဥာဏ်ရှိတယ်နော် မေမေ ”



“ ဟုတ်တယ်သား။ သား သတိမထားမိလိုက်တာ တစ်ခုမေမေပြောပြမယ် ။ သားကျောင်းမှာလည်း သင်ရမှာပေါ့။ ယုန်က အသားစားသတ္တ၀ါလား၊ အသီးအရွက်စား သတ္တ၀ါလား ”



“ အသီးအရွက်စား သတ္တ၀ါပါ မေမေ ”



“ အေး.. ယုန်လေးဖြူဖွေးက ဥာဏ်သုံးပြီး မြေခွေးဖိုးရှုပ်တော့ ဒီနေ့ အရသာရှိတဲ့ ကျားသားကျွေးမယ် လို့ ပြောလိုက်တယ်နော် ”



“ ဟာ.. ဟုတ်တယ်နော်။  ယုန်က အသားမစားတာကို ကျားကြီးက သတိမေ့သွားပုံရတယ်နော် ”



“ သတိမေ့တာက ယုန်မဟုတ်ဘူး သားရဲ့။ မြေခွေးနဲ့ကျားက မေ့သွားတာ။ သူတစ်ပါးအပေါ် ဒုက္ခရောက်စေချင်တဲ့ စိတ်ကများလာတော့ မွှန်ထူပြီး အမှန်နဲ့အမှား၊ လုပ်သင့်၏ မသင့်၏ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့ဘူးပေါ့။ ဒါကြောင့် သူများမကောင်းကြံ ကိုယ်သာခံ..ဆိုတဲ့ စကားပုံဖြစ်လာတာပေါ့။ မေမေတို့ ဘုရားဟောမှာလည်း ကံ..ကံ၏အကျိုးရှိတယ် သားရဲ့။ ကိုယ်ပြုတဲ့ကံက ကိုယ့်ထံတစ်ချိန်မှာ ပြန်ကို ရောက်လာတတ်တယ်။


သားကငယ်သေးတော့ ဒီလိုပြောရင် နားထွေးနေလိမ့်မယ်။ ကဲ.. ဒီလက်ကိုင်မှန်လေးဝိုင်းကို သားယူကြည့်ပြီး မှန်ထဲကို ပြုံးပြကြည့်စမ်း။ သား...ဘာတွေ့လည်း မေမေ့ကို ပြောပြ ”



“ သား ပြုံးနေတဲ့ပုံကို ပြန်မြင်ရတယ် မေမေ ”



“ ဒီတစ်ခါ သားက မှန်ထဲကို မဲ့ပြကြည့်လိုက်ပါဦး။ ဘာတွေ့ရလဲ ”



“ သား မဲ့နေတဲ့ပုံ ပြန်မြင်ရတယ် မေမေ ”



“ အေး.. သားပြုံးရင် မှန်ထဲက သားပုံရိပ်ကပဲ သားကို သားပြုံးသလို ပြန်ပြုံးပြတယ်။ အဲ့ဒီလိုပဲ သားမဲ့ပြတော့ မှန်ထဲက သားပုံရိပ်က သားကို ပြန်မဲ့ပြတယ်နော် ”



“ ဟုတ်ကဲ့ မေမေ ”



“ အေး.. ဒီမှန်ကို ကြည့်သလိုပဲ သားက ကောင်းတာကိုလုပ်ရင် ကောင်းတဲ့အကျိုးကို သားပဲပြန်ခံစားရမယ်။  မကောင်းတာကို သားလုပ်ရင် မကောင်းမှုက သားဆီပြန်ရောက်လာလိမ့်မယ် ”



“ သား သဘောပေါက်ပြီမေမေ။ ကျားကြီးက သူငယ်ချင်းပေါင်းမှားသွားတာပေါ့နော် ”



“ ဟုတ်တယ်သား။ မကောင်းတဲ့ သူငယ်ချင်းကြောင့် ကိုယ်ပါ ဒုက္ခတွေ့ရတတ်တယ်။ မကောင်းမှုဆိုတဲ့ ညစ်ပတ်နံစော်နေတဲ့ အညစ်အကြေး အထုတ်ကြီးကို ပိုက်ထားမယ့်အစား အဝေးမှာ သွားလွှတ်ပစ်ရမယ်။ မဟုတ်ရင် သားကိုယ်မှာ အနံ့ဆိုးတွေ စွဲကပ်နေမှာ သေချာတာပေါ့..။ မဟုတ်ဘူးလား.. သား ”


“ ဟုတ်ကဲ့ပါ မေမေ..။ ဒါနဲ့ မြေခွေးက ကျားကြီးပြေးရာနောက် ဒရွတ်တိုက်လိုက်ရင်း နောက်ဆုံးကျတော့ သေသွားရောလား မေမေ..  ”



“ အင်း.. မေမေလည်း အဲ့ဒါသိချင်နေတာ ။ မြေခွေးဆိုတာမျိုးက အသက်ပြင်းတယ်လေ.. သားရဲ့..။ ဒီတော့ သေမသေ မေမေလည်း တပ်အပ်မပြောနိုင်ဘူးပေါ့ သားရယ်။ ကဲ..ကဲ.. ဥာဥ့်နက်ပြီ။ မေမေ့သားလေး အိပ်တော့နော် ”



မေမေက သားရဲ့နဖူးပြင်လေးကို ဖွဖွလေးငုံ့မွှေးလိုက်တယ်။ သားရဲ့ မျက်တောင်လေးများက တဖြည်းဖြည်းနဲ့ မှေးစင်းလို့လာတယ်။ သားက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပေမယ့် မေမေ့ရဲ့ အတွေးထဲမှာတော့ သားကိုပြောပြတဲ့ ပုံပြင်က အပြီးမသတ်နိုင်သေးဘူး။




ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။



17 comments:

မေဇွန် said...

သားလေးနဲ့တူတူ မေမေပြောပြတဲ့ပုံပြင်လေးကို နားထောင်ပြီး မေမေ့လိုပဲ ပုံပြင်လေးအကြောင်းကို ဆက်တွေးနေမိပါတယ်.မရေ..
ကျေးဇူးပါနော်...:D

ကိုကိုးအိမ်(မန္တလေး) said...

မမြသွေးနီရေ အမရဲ့ ပုံပြင်လေးကိုလာဖတ်ပြီး နားလည်သွားပါတယ်။ အခုလိုရေးပြပေးတာကျေးဇူးပါ။ အမှန်တရားတစ်ခု ဟာကြာရှည်ပုန်းကွယ်နေရိုးထုံးစံမရှိပါဘူး။ အချိန်တစ်ခုပဲလိုပါတယ်။ နောက်ပြီး ကြည့်မှန်ဝိုင်းလေးကိုလည်း သဘောကျတယ်။ အဟဲ..

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

ခိုင်သဇင်အေး said...

မြေခွေးကအသက်မသေသေးဘဲ ရှင်သန်ခဲ့ရင်တောင် သူ့ရဲ့အောက်တန်းကျတဲ့လုပ်ရပ်တွေအတွက် နောင်တရပြီးပြုပြင်သင့်ပါတယ်.. ဒါကိုမှဆက်ပြီးမိုက်တွင်းနက်နေအုန်းမယ်ဆိုရင်တော့.... .ကျွန်မဆက်တွေးနေမိတယ်.......

ဏီလင်းညို said...

ကိုယ်ပြုတဲ့ကံ.........ကိုယ်သာခံရမှာ အမှန်ပါပဲဗျာ......။

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

sosegado said...

ပုံပြင်ကိုဖတ်သွားပါတယ်။ မြေခွေးသေမသေစိတ်ဝင်စားမိပါတယ်

မေပယ်လ် said...

ပုံပြောကောင်းမကောင်းတော့ မသိဘူး..
ပို့စ်လေး ဖတ်ရင်း အိပ်ပျော်သွားတယ်..ဟဲ
သူများ သားသမီးတွေများ စာရေးကောင်းလိုက်တာ..

ကိုကြီးကျောက် said...

ပုံပြင်နဲ့ အပြင်မှာဖြစ်နေတာက တခြားစီပါလား...း(((

မြစ်ကျိုးအင်း said...

ပုံပြင်ဖတ်နေရင်း မြေခွေးလို့ မြင်လို့မရဘူးဖြစ်နေတယ်။ ဟိုကူလီကူမာကောင် ပလီစိခြောက်ချက် ကောင်ပဲ မြင်နေမိတယ်။
အဲဒီကောင်ထက်စာရင် မြေခွေးကမှ တန်ဖိုးရှိသေးတယ်။ အစာအဟာရအတွက် မြေခွေးက အကောက်ကြံတာလေ။
ဟိုကောင်ကတော့ အလကားနေရင်း လူတွေ ပြဿနာ ဖြစ်အောင် အကောက်ကြံတာ ဆိုတော့ မြေခွေး ထက်ပိုဆိုးတယ်။
မြေခွေးလိုပဲ ဟိုဘက်တောက လွင့်လာရတာတော့ တူတယ် အမရေ။ ဒီဘက်တောကနေ ဘယ်တော့ တောထုတ်ခံရမလဲ မသိသေးဘူး။ ကျနော်တော့ ရွံ လွန်းလို့။

Ko Gyi said...

ပေးချင်တဲ့ မက်ဆေ့လေး ယူသွားပါတယ် မမြသွေး
ဒီလို တိရိစ္ဆာန် ဒီလိုလူစားတွေက ပိုပြီးသက်တမ်းရှည်နေရော့ သလား ?

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ဇော်သိင်္ခ said...

မှတ်သားဖွယ် ပုံပြင်လေး ကို မှတ်သား ပြီး အသိတရားသတိတရားလေးများ ယူသွားပါတယ်ခင်ဗျ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ

ရန်မျိုးအောင် said...

ကျွန်တော်က ပုံပြင်ခရေးဇီးပါ။ ပုံပြင်တွေစုဆောင်းသူပါ။ ဒီပုံလေးကိုသိထားပြီးသားပါ။ ဒီပုံပြင်ကို အစ်မက ပုံစံ တမျိုးလေးနဲ့ ရေးလိုက်တော့ တွေးစရာဖြစ်နေတော့တာပေါ့။ အခါခါ ဖတ်ရင်း တွေးနေမိတယ်။ အစ်မ ဘာကိုဆိုလိုချင်တာလဲဆိုတာကို။ အခုထိ တွေးနေတုန်းပဲ..။မြေခွေးက ဘာဆက်ဖြစ်သွားမလဲဆိုတာ သားရဲ့မေမေ
တွေးသလို စာဖတ်သူတိုင်း လိုက်တွေးနေမိအောင် အစ်မကရေးထားတယ်။ အဖြေကိုမဖော်ထားတာကိုက ဆွဲဆောင်မှုရှိနေတယ်။ အစ်မရေးတဲ့ပို့စ်တိုင်းက ဖတ်ပြီးစဉ်းစားမိနေရတာမျိုးပဲ..။ ကျီးကန်း၊ ပုတ်သင်ညို၊ မောင်ပိန်၊ လောက်....အဲ့ဒီပို့စ်တွေ ကျွန်တော်ကြိုက်တယ်။ ဖတ်ပြီး တွေးနေရတဲ့ ပို့စ်တွေပေါ့။ တစ်ခါမှ မရေးဘူးပါဘူး။ နားလည်သလို ရေးမိတာပါ။

လေးစားလျှက်
ရန်မျိုးအောင်

Zuu Zuu said...

ပုံပြောကောင်းတဲ့ မေမေ့ကို သတိရမိတယ်...
မေမေ့ရင်ခွင်ထဲမှာ ပုံပြင်လေးနားထောင်ချင်လိုက်တာ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ပုံပြင်လေး လာနားထောင်တယ် အစ်မရေ။
လောလောလတ်လတ် ဖြစ်ပျက်သွားတာနဲ့ ထပ်တူကျသွားတဲ့ပုံပြင်မို့ ပိုပြီး နှစ်ခြိုက်မိပါတယ်..
ကိုယ့်အပေါ် မကောင်းသူကိုလည်း မေတ္တာပို့ပေးလိုက်ပါတယ်.. ကျန်းမာချမ်းသာပါစေလို့ ပေါ့။
မေတ္တာတရားဟာ အရာရာကို အောင်နိုင်သလို ကိုယ်တိုင်လည်း စိတ်အေးချမ်းစေတာမို့ ရှေ့ဆက်မေတ္တာထားပါဦးမယ်.
မြေခွေးလိုလူစားတွေနဲ့တော့ ဘ၀ဆက်ဆက် ထပ်မကြုံဖို့ ဆုတောင်းယုံကလွဲလို့..................................

tin min nwe said...

အမ စာတွေက ရင်ထဲမှာ တခုခုကျန်ရစ်စေပါတယ်။တခုခုလည်း မှတ်ထားဖို့ အခွင့်အရေးရပါတယ် ကျေးဇူးပါ အမ။

ဖြိုရိုဇာ said...

ပုံပြင်လေးဖတ်သွားပါတယ်နော်
ပုံပြောကောင်းတဲ့မေ့မေ့ကိုသတိရသလို
ပုံပြင်လေးတွေနားထောင်ပြီတော့မေ့မေ့ရင်ခွင်ထဲမှာ
အိပ်စက်ခွင့်ရတဲ့ကလေးလေးဘ၀ကိုလဲပြန်လည်တမ်းတမိပါတယ်
ကျေဇူးတင်ပါတယ်နော်

oburma said...

ဆရာမကဇူးမေဂျာဆိုတာသေချာသွားပြီ။ဒီတစ်ခါလည်း..ဇီးကွက်၊ယုန်၊မြေခွေး၊ကျား..အကုန်ပါတယ်။
အိုဘားမားအထင်တော့...ဇီးကွက်က..မျက်လုံးပြူးလို့ပညာရှိဖြစ်တာနေမှာ.ဇီးကွက်ဆိုတာ.အမှောင်ကို
ွခွင်းနိုင်စွမ်းရှိတယ်..။..ယုန်ကလေးကတော့..အန္တရယ်ကိုကာကွယ်ဖို့.နားရွက်ကြီးတွေ.ရှည်ပေးရတယ်လေ.၊
ယုန်ကခေါင်းမလှည့်ပဲသူ့မျက်လုံးက.ရှေ့ရောနောက်ရောမြင်ရတယ်လေ။ကျားဆိုတာက.ရဲရင့်တယ်
ပြတ်သားတယ်၊သတ္တိရှိတယ်.ရန်သူကိုမျက်နှာချင်းဆိုင်တိုက်ရဲတယ်။တုန်းတိုက်တိုက်၊ကျားကိုက်ကိုက်၊ဆို
တာမျိုး။ကျားကုတ်ကျားခဲ၊ကျားရှေ့မှောက်ရက်လဲ၊နွားကွဲရင်ကျားကိုက်၊ကျားသနားမှနွားချမ်းသာဆို
တာတွေတော့နားမလည်ဘူး..။စဉ်းစားကြည့်ရင်..ကျားကသတ္တိမရှိသလို၊ရက်စက်သလိုဖြစ်သွားရော။
မြေခွေးဆိုတာ..ကောက်ကျစ်တယ်ဆိုတာ.လူအများလက်ခံထားပေမဲ့ဘာကြောင့်ဆိုတာ.ရှင်းဖူး.။ဘယ်သူ
တွေဘယ်အချိန်ကသတ်မှတ်ခဲ့တာလဲသိဖူး..။ဒါပေမဲ့အမြီးနှစ်ခုပူးပြီးဘာဆက်ဖြစ်သွားဆိုတာတော့
သိချင်သားကလား၊....ဟူး...................................မောသဘ။

Kaythikyaw said...

မမရဲ့ ပုံပြင်လေးက အရမ်းကို အနှစ်သာရရှိတဲ့ပုံပြင်လေးပါ .... ညီမလေးရင်ထဲမှာ အမြဲစွဲကျန်နေမိနေမှာသေချာပါတယ် ...

Post a Comment