Tuesday, September 21, 2010

ရောင်စုံစက္ကူကြယ်ပွင့်ငယ်များဆီသို့…



ကျွန်မတို့ Save The Aged အဖွဲ့ဟာ ယခုအခါ အဖွဲ့က ကိုယ်စားမိဘများလို့ ခံယူသတ်မှတ်ထားတဲ့ ဆင်းရဲနွမ်းပါးချို့တဲ့လှတဲ့ သက်ကြီးရွယ်အို ဘိုးဘွား၁၄ယောက်ရဲ့ စား၊ ၀တ်၊ နေရေး၊ ကျန်းမာရေး ကိစ္စအ၀၀ကို ရာသက်ပန် တာဝန်ယူစောင့်ရှောက်နေနိုင်ခဲ့ပါပြီ။ ဒါ့အပြင် အဖွဲ့ စတင်တည်ထောင်စဉ် ဇန်န၀ါရီလကတည်းကစလို့ လစဉ် တတိယပါတ် တနင်္ဂနွေနေ့တိုင်းမှာ တွဲဖက်ပရဟိတအလှူများကို တစိုက်မတ်မတ် လုပ်ခဲ့ကြပါတယ်။ ဘိုးဘွားရိပ်သာများ၊ သီလရှင် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးပညာသင်ကျောင်းများမှာ ပြည်တွင်း+ပြည်ပ အလှူရှင်များ၊ အဖွဲ့ဝင်များရဲ့ သဒ္ဓါတရား၊ စေတနာ၊ စာနာစိတ်စွမ်းအားနဲ့ လှူဒါန်းလာခဲ့တာ ၈လမြောက်လို့ ၉လထဲရောက်ခဲ့ပါပြီ။



ယခု စက်တင်ဘာလမှာတော့ တွဲဖက်ပရဟိတအလှူအတွက် ကျွန်မတို့အဖွဲ့ ရွေးချယ်လိုက်တဲ့ နေရာက ယခင်အခါများနဲ့ မတူပဲ တစ်ကြိမ်တစ်ခါမျှ မရောက်ခဲ့ဘူးသေးတဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ အမှတ် ၉၇၉-၉၈၂၊ တပင်ရွှေထီးလမ်း၊ ၁၁ရပ်ကွက်မှာ တည်ရှိတဲ့ “ သုခရိပ်မြုံ -Happy Heaven Humanitarian Project (HHHP) ” လို့ခေါ်တဲ့ လူသားထုတစ်ရပ်လုံး ထိတ်လန့်ကြောက်ရွံ့နေရတဲ့ HIV ရောဂါဆိုးကြီး တွယ်ကပ်ငြိခြင်းခံနေရတဲ့ အပြစ်မဲ့မိဘမဲ့ ကလေးများအား စောင့်ရှောက်ထားရာနေရာစီကိုပဲ ဖြစ်ကြပါတယ်။



အလှူနေ့ရက်မတိုင်ခင်တစ်ရက် စက်တင်ဘာလ ၁၈ရက်နေ့၊ စနေနေ့အထိ အဖွဲ့ဝင်များဟာ အလှူအတွက် လိုအပ်တာတွေကို စီစဉ်ပြင်ဆင်ကြပါတယ်။ ကလေးများအတွက် သင့်လျှော်မယ့် ပစ္စည်းများ ၀ယ်သူက၀ယ်၊ ကစားစရာအရုပ်များစီမံကာ စက္ကူအရုပ်များ၊ ဦးထုတ်လေးများ ချိုးသူတွေကချိုး၊ အဖွဲ့ဝင်များစီးဖို့ ကားစီစဉ်သူက စီစဉ်၊ သုခရိပ်မြုံမှာ အလှူရက်မတိုင်ခင် ကြိုတင်သွားရောက်ပြီး စီစဉ်စရာများ စီစဉ်သူကစီစဉ်၊ စကာင်္ပူက အလှူရှင် ကိုရီးရဲ့ အဖွဲ့ဝင်များအတွက် နေ့လည်စာ ဒါနကို အကောင်ထည်ဖော်ဖို့ ဆောင်ရွက်သူက ဆောင်ရွက်နဲ့ ကျရာတာဝန်များကို အားလုံးမခိုမကပ်ပဲ တက်တက်ကြွကြွ ဆောင်ရွက်နေခဲ့ကြပါတယ်။



စက်တင်ဘာလ ၁၉ရက်နေ့၊ တနင်္ဂနွေနေ့  မနက်၈နာရီခွဲမှာတော့ ပုံမှန်ဆုံရပ်ဖြစ်တဲ့ Tokyo Donut ရှေ့မှာ အဖွဲ့ဝင်တွေ တဖွဲဖွဲနဲ့ ရောက်ရှိလာကြပါတယ်။ အဖွဲ့အနေနဲ့ သူခရိပ်မြုံမှာ အမှတ်တရပေးဖို့ တစ်ရက်ကြိုတင် ပြင်ဆင်ထားတဲ့ လက်ဆောင်ပန်းအိုးနဲ့တကွ မြသွေးနီနဲ့အတူ အသက်အငယ်ဆုံးအဖွဲ့ဝင် သားပြည့်တို့ ဆုံရပ်ကိုရောက်တော့ အဖွဲ့ဝင်တော်တော်များများက ရောက်နှင့်နေကြပြီ။ အားလုံးရဲ့ မျက်နှာမှာ လတ်ဆတ်တဲ့ အပြုံးပန်းများကို ဆင်မြန်းထားကာ အတွေ့အကြုံအသစ်၊ အလှူနေရာအသစ်ကို သွားဖို့အတွက် စိတ်အားကိုယ်စီ ထက်သန်လျှက် ရှိနေကြတာကို တွေ့ကြရပါတယ်။ မျက်နှာသစ်အဖွဲ့ဝင် တော်တော်များများကိုလည်း ၀မ်းသာစဖွယ် တွေ့ကြရပါတယ်။ လိုက်ပါမယ့် အဖွဲ့ဝင်စာရင်း ကောက်သူကကောက်၊ လှူဒါန်းမယ့် ပစ္စည်းစာရင်းပြုစုသူက ပြုစု၊ အလှူငွေ၊ မန်ဘာကြေးထည့်သူက ထည့်၊ အချင်းချင်း မိတ်ဖွဲ့သူများက မိတ်ဖွဲ့နဲ့ စည်ကားနေပါတယ်။



သာသာယာယာရှိနေတဲ့ ရာသီဥတုကလည်း ကျွန်မတို့ရဲ့ဘက်မှာ ရှိနေပေမယ့် တဖြေးဖြေးနဲ့ အဖွဲ့ဝင်အင်အား တစ်ရာနီးပါးလောက် ဖြစ်လာချိန်မှာတော့ တာဝန်ခံတွေရဲ့ ရင်ထဲမှာ အနည်းငယ်တော့ ပူပန်လာကြပါတယ်။ သွားရမယ့်နေရာက လူဦးရေအများကြီးနဲ့ အရင်လို တပြိုင်ထဲသွားဖို့ မဖြစ်နိုင်တဲ့နေရာ ဖြစ်လေတော့ ဘယ်လိုများ လုပ်ရမလည်းဆိုတာ ခေါင်းချင်းဆိုင်ကြရပြန်ပါတယ်။ နောက်ဆုံးတော့ HHHPကို အားလုံး တပြိုက်နက်ထဲဝင်မယ်။ အကယ်လို့ အားလုံးဝင်ဖို့ အဆင်မပြေရင်တော့ BM၂စီးစာ စီစဉ်ထားတာမို့ ၂ဖွဲ့ခွဲပြီး တစ်ဖွဲ့က HHHPမှာနေ။ ကျန်ကား တစ်စီးစာအဖွဲ့က HHHPနဲ့ မလှမ်းမကမ်းမှာရှိတဲ့ အဖွဲ့က လစဉ် ဆေးထောက်ပံ့နေတဲ့ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာကိုသွား၊ ပြီးမှ၂ဖွဲ့ အပြန်အလှန် နေရာလဲ သွားကြဖို့ ဆုံးဖြတ်လိုက် ပါတယ်။



၉နာရီခွဲ ဆုံရပ်က ကားမထွက်မီ ဓာတ်ပုံရိုက်ခွင့်မပြု၊ ဆေးလိပ်သောက်ခွင့်မပြု၊ ကလေးများကို သူတို့ အကြောင်း၊ သူတို့လေးတွေရဲ့ မိသားစုများ အကြောင်းမမေးဖို့၊ ကလေးများနဲ့ ညှင်သာစွာ ဆော့ကစားဖို့၊ ကလေးတွေကို နွေးထွေးမေတ္တာပေးဖို့စတဲ့ အလှူနေရာရောက်ရင် သတိပြုရမယ့် အချက်များကို  ကြိုတင်သတိပေးပါတယ်။ HHHP ကိုရောက်တော့ ကိုနေလင်းရဲ့ကားနဲ့ ကြိုတင် ရောက်နေတဲ့ ဇလပ်၊ မိုးညနဲ့ နေရောင်တို့ အုပ်စုက အဖွဲ့ဝင်များကို ကြိုဆိုကြပါတယ်။ (ကိုနေလင်းက STA S’pore က ကိုရီးရဲ့သူငယ်ချင်းဖြစ်တယ်လို့ သိရတဲ့အပြင် ဒဂုံအရှေ့ပိုင်းမှာ Victory 48 ဆိုတဲ့ အင်တာနက်ဆိုင်ဖွင့်ထားသူ တစ်ဦးဖြစ်ပါတယ်။ ဒဂုံအရှေ့ပိုင်းမှာ နေထိုင်ကြတဲ့ အဖွဲ့ဝင်တော်တော်များများ  သူ့ဆိုင်မှာ သုံးဖြစ်ကြပါတယ်။ ဒီတစ်ခါတော့ သူကိုယ်တိုင်ပါဝင်လာပြီး အဖွဲ့ဝင်များကို ကားနဲ့ ကြိုပို့ပေးပါတယ်။) လူတွေများနေတဲ့အတွက် အဖွဲ့ကို ခွဲမှဖြစ်မယ်လို့ ထပ်မံသိလိုက်ရတာမို့ တာဝန်ခံများ ခေတ္တခေါင်းချင်းဆိုင် ဆွေးနွေးအပြီးမှာတော့ အဖွဲ့ဝင်အသစ်အများစုနဲ့ အဖွဲ့ဝင်ဟောင်း အနည်းငယ်တို့ကို HHHP မှာပဲ ကျန်နေစေလျှက်က၊ ကျန်အဖွဲ့ဝင်ဟောင်း အများစုပါတဲ့ အဖွဲ့ဝင်ထက်ဝက်ခန့်ကိုတော့ ဆည်းဆာရိပ်ဘက်ကို ခွဲသွားစေကာ အဖွဲ့၂စု နေရာပြန်ချိန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ အဓိကအလှူက HHHP ဖြစ်တာမို့ ကိုဗေဒါရဲ့ “ အစ်မက ပို့စ်ရေးရမှာ.. ဒီမှာပဲ နေခဲ့လိုက်တော့ ” ဆိုတာနဲ့  မြသွေးနီလည်း စိတ်ထဲမှာ ကျိတ်ဝမ်းသာသွားရပြီး HHHPမှာ နေခဲ့ရပါတော့တယ်။



ဆည်းဆာရိပ်အဖွဲ့ထွက်သွားချိန်မှာ ကျန်ခဲ့တဲ့ အဖွဲ့ဝင်များလည်း ကလေးများရှိနေရာ အလယ်က အဆောက်အဦထဲကို ၀င်လို့ ကျောင်းနေအရွယ် ကလေးများ ကစားဖို့၊ ပုံကာလာခြယ်ဖို့၊ အရုပ်လေးတွေ ချိုးဖို့၊ ဂျုံနဲ့ အရုပ်ပျော့လေးတွေလုပ်ဖို့ ကိုယ်စီ ပြင်ဆင်ကြပါတယ်။ တချို့ မကစားနိုင်တဲ့ ကလေးများကိုတော့ အဖွဲ့ဝင်များက ချီထားကာ စကားများပြောပေးကြပါတယ်။ ညထဲက အဖွဲ့ဝင်တွေ အပင်ပမ်းခံ ချိုးထားတဲ့ ရောင်စုံစက္ကူနဲ့ ပန်းဖွားလေးများနဲ့ အလှဆင်ထားတဲ့ ဦးထုတ်လေးများက ကလေးများရဲ့ ဦးခေါင်းမှာသာမက အဖွဲ့ဝင်တချို့ရဲ့ ဦးခေါင်းမှာပါ တလက်လက် တောက်ပနေပါတယ်။ ကလေးငယ်များရဲ့ အပြစ်ကင်းမဲ့တဲ့ မျက်လုံးလေးတွေကလည်း အရောင် တဖျတ်ဖျတ်လက်လို့..။




...အလှူစာရင်းများပြုစု...

တစ်အောင့်နေတော့ မြသွေးနီလည်း အုပ်ချုပ်ရေးမှူးဆရာမကြီးရှိရာ ရုံးခန်းဘက် ခဏကူးလာပြီး အလှူပစ္စည်းစာရင်းတွေ ကူညီပြုစုပေးပါတယ်။




...အလှူပစ္စည်းများ...


ဒီနေ့ HHHP မှာ အဖွဲ့ဝင်များ ပါဝင်လှူဒါန်းခဲ့ကြတာကတော့.. ကလေးများအတွက် တစ်နေ့စာအလှူအပြင် အစားအစာများဖြစ်တဲ့ ပန်းသီး၊ ပေါင်မုန့်၊ ကွတ်ကီ၊ ဘီစကစ်၊ မိုင်လို စသည်များ။ အ၀တ်အထည်များ။ စာရေး ကရိယာများဖြစ်တဲ့ ဘောပင်၊ စာအုပ်၊ ရောင်စုံခဲတံ၊ ချွန်စက်၊ ခရေရွန်၊ ကာလာခြယ်စာအုပ်များ၊ တစ်ကိုယ်ရေသန့်ရှင်း ရေးပစ္စည်းများ ဖြစ်တဲ့ ဆပ်ပြာ၊ သွားပွတ်တံများ ဖြစ်ကြပါတယ်။




...အုပ်ချုပ်ရေးမှူးဆရာမကြီးအား သိလိုသည်များ မေးမြန်းစဉ်...


အဲ့ဒီနောက်မှာတော့ အုပ်ချုပ်ရေးမှူး ဆရာမကြီးဒေါ်အေးမြင့်ကို မြသွေးနီမှ သိလိုတာများ မေးမြန်းပါ တယ်။ ဆရာမကြီးမှလည်း “ သုခရိပ်မြုံ ” နဲ့ ပတ်သက်လို့ ကျွန်မစပ်စပ်စုစုမေးမြန်းသမျှကို စိတ်ရှည်လက်ရှည် ပြောပြပေးပါတယ်။ (ဒီအကြောင်းကို ပို့စ်တစ်ပုဒ် သီးသန့်တင်ပေးပါမယ်)။ ဆရာမကြီးကို မေးမြန်းလို့ ၀သလောက်ရှိချိန်မှာတော့ ကျွန်မစိတ်တွေက မူလအဆောက်အဦးမှာ အဖွဲ့ဝင်များနဲ့ အတူရှိနေကြတဲ့ ကလေးငယ် များဆီ ရောက်လို့ သွားပါပြီ။ ဆရာမကြီးကို နှုတ်ဆက်ခွင့်တောင်းလို့ တစ်ဖက်ဆောင်ကို ကျွန်မပြန်ကူးခဲ့ပါတယ်။




...Save The Aged ရဲ့ အမှတ်တရ ပန်းလက်ဆောင်...




အထဲမှာတော့ ကျွန်မတို့ အဖွဲ့ဝင်တွေ ကြရာတာဝန်ထမ်းဆောင်နေကြပါပြီ။ အရွယ်စုံ ကလေးငယ်များကို တစ်ယောက်စီလိုက်ကြည့်မိတော့ HIV တွယ်ကပ်နေသူများလို့ ထင်ရက်စရာမရှိအောင် ကျန်းမာဝဖြိုးလို့။ ပါးလေးတွေ ကိုယ်စီဖောင်းလို့။ စကားလေးတွေ ပြောကြည့်တော့ သွက်လက်ချက်ချာကာ လိမ်မာရေးခြားရှိကြလို့။ ကလေး(၅၈)ယောက်ရှိတာ ကြိုတင်သိထားရလို့ ကစားစရာလေးတွေ ၅၈ယောက်စာ စီစဉ်ခဲ့ကြတယ်။ ကျွန်မဒီဘက်ကို မကူးလာခင် အရှေ့မှာ သူတို့ဘာတွေကစားနေနှင့်ခဲ့သလဲတော့မသိ။ အခုတော့ ကလေးများ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပျော်ရွှင်စွာ ဆော့ကစားနေကြတာကို တွေ့ရပါတယ်။



သူတို့ ကစားနေတာကို ကျွန်မခဏရပ်လို့ကြည့်မိပါတယ်။ တစ်ဖွဲ့မှာ ၅ယောက်စီ၊ မူလတန်းအရွယ် ကလေးတစ်ယောက်နဲ့ အဖွဲ့ဝင်တစ်ယောက်စီ အရှေ့အနောက် နေရာ ခပ်လှမ်းလှမ်းခြားလို့ ၃ဖွဲ့ခွဲ၊ ၃မြှောင်းစီတန်းလို့။ ပါးစပ်ထဲမှာ ပလပ်စတစ်ပိုက်လေးများ ကိုက်ကာ။ ထိပ်ဆုံးတစ်ယောက်ရဲ့ ပါးစပ်က ပိုက်မှာတော့ သရေကွင်း တစ်ကွင်းစွတ်လို့။ ဒီသရေကွင်းကိုတစ်ယောက်နဲ့တစ်ယောက် ပိုက်ချင်းတေ့လို့ပေးပြီး ပန်းတိုင်ရောက်အောင် သယ်ကြရပါတယ်။ အဲ့ဒါအပြင် လေမှုတ်ထားတဲ့ ရာဘာပူဖောင်းကို ကလေးနှစ်ယောက် ပုခုံးကြားညှပ်ပြီး သယ်တမ်းကစားကြသလို၊ ပေါင်ကြားထဲညှပ်လို့ ခုန်ဆွခုန်ဆွ သယ်တမ်းလည်း ကစားကြပါတယ်။ ကလေးများနဲ့ ဆော့နေကြသူတွေရော၊ နဘေးမှာ ထိုင်ကြည့်ကာ အားပေးနေကြတဲ့ အဖွဲ့ဝင်တွေလည်း တစ်ဝါးဝါးနဲ့ ပွဲကျလို့ မဆုံးပါဘူး။




...ကလေးငယ်များရဲ့ ဆေးရောင်စုံခြယ်လက်ရာများ...




ရုပ်ပုံလေးများကို ကာလာခြယ်တဲ့ အုပ်စုနေရာမှာတော့ အဖွဲ့ဝင်တချို့နဲ့ ကလေးများ အတူတကွ ဆေးရောင်စုံ ခြယ်နေကြပါပြီ။ ၀မ်းလျားထိုးကာတစ်မျိုး၊ ဖင်ဘူးတောင်းထောင်လျှက် ခြယ်ကာတဖုံ နဲ့ စိတ်ပါဝင်စားစွာ ဆေးရောင်များကို ခြယ်ကြပါတယ်။ စက္ကူအရုပ်လေးများ ချိုးတဲ့နေရာမှာလည်း စည်ကားလို့နေပါတယ်။ ကြိုးကြာငှက်ရောင်စုံလေးများနဲ့ ရောင်စုံစက္ကူကြယ်ပွင့်လေးများကို ကြည့်လို့၊ ကိုင်လို့၊ ကိုယ်တိုင်ချိုးလို့ ဆော့ကစားကာ ပျော်ရွှင်နေကြရှာတဲ့ အပြစ်ကင်းတဲ့ ကလေးငယ်များ..။ အရောင်စုံ ဂျုံပျော့လေးများနဲ့ ကလေးတွေ စိတ်ကူးတည့်ရာ လုပ်ပေးထားတဲ့ အရုပ်ကလေးတွေက ချစ်စဖွယ်။




...ကလေးများအတွက် ကစားစရာများ...



ကလေးများကို ဓာတ်ပုံရိုက်ခွင့်တားမြစ်ထားတာမို့လို့ ချစ်စဖွယ်၊ ဂရုဏာသက်စဖွယ် ကလေးငယ်များရဲ့ အပျော်မျက်နှာများကို မှတ်တမ်းတင်ခွင့် မရခဲ့ပါဘူး။ ဒါနဲ့ မြသွေးနီလည်း “ငါးမရလည်း ရေချိုးပြန်” မယ် ဆိုပြီး ကလေးများရဲ့  ဦးထုတ်လေးတချို့၊ ကာလာခြယ်ပြီးတဲ့ ပုံကားချပ်လေးတစ်ခု နှစ်ခု၊ ချိုးထားတဲ့ စက္ကူကြိုးကြာငှက်ကလေးများကို ခဏလေးနော်ဆို အသာ“မ”လာပြီး အပေါ်ထပ်တက်တဲ့ အတွင်းအုတ်လှေကား တစ်ဆစ်ချိုးကွေ့ လူမမြင်နိုင်တဲ့ နေရာလေးမှာ သက်မဲ့ဝတ္တုလေးတွေကို တိတ်တိတ်လေး ဓာတ်ပုံခိုးရိုက်ခဲ့မိကြောင်းပါ။ ကလေးငယ်များကို  ဓာတ်ပုံမရိုက်ဖို့ ကိုယ်တိုင်အဖွဲ့ဝင်များကို ကြိုတင်ပြောထားမိလေတော့၊ တစ်ဖက်မှာ စိတ်ကဖြစ်နေတာကလည်း ဒီကလေးငယ်လေးများနဲ့ ဆက်စပ်ခဲ့တဲ့ ပစ္စည်းလေးများကို အမှတ်တရ မှတ်တမ်းတင်လိုပြန်တာမို့ လူမသိသူမသိ ၀ိနည်းလွတ်ပစ္စည်းလေးများကိုသာ ဓာတ်ပုံအချို့ရိုက်ယူခဲ့ရလို့ အပြောနဲ့အလုပ် မညီတဲ့ မြသွေးနီကို ခွင့်လွှတ်တော်မူကြပါကုန်….။





...ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းသောနေထိုင်မှု...



လှေကားတစ်ထစ်ချိုးမှာ ရိုက်ပြီးသွားချိန်မှာ ကျွန်မမျက်စိထဲ အပေါ်ထပ်က နံရံကပ်စင်ပေါ်မှာ အစီအရီတင်ထားတဲ့ ရောင်စုံပလပ်စတစ် ခွက်လေးများကို အကန့်လေးတွေနဲ့  ထားထားတာတွေ့ရလို့ စိတ်ဝင်စားလာပြီး တက်ကြည့်လိုက်တော့ တစ်ယောက်စီရဲ့ တစ်ကိုယ်စာ ရေချိုးခွက်၊ ဆပ်ပြာ၊ သွားပွတ်တံတွေကို စံနစ်တကျထားထားတာတွေ့ရပါတယ်။ အပေါ်ထပ်တစ်ထပ်လုံး လူရှင်းနေတာမို့ ကျွန်မစပ်စုရင်း  ကင်မရာခလုပ်လေးကိုလဲ သွက်သွက်လေးနှိပ်မိပါတယ်။ သန့်ရှင်းမှု အပြည့်အ၀ရှိတဲ့ ရေအိမ်၊ မျက်နှာသုတ်ပုဝါများထည့်ရာ နံရံကပ်ဘီဒို၊ အရွယ်ရောက် ကလေးကြီးများ (မိန်းကလေးများ)ရဲ့ သန့်ရှင်းသပ်ရပ်တဲ့ နှစ်ထပ်အိပ်စင်များနဲ့ အိပ်ခန်း။ အိပ်ခန်းတံခါးပေါ်က သူတို့လေးတွေရဲ့ ပန်းချီလက်ရာများ။ မူလတန်းအရွယ်ကလေးငယ်များအတွက် ခင်းအိပ်ဖို့၊ ခြုံဖို့ ဂွမ်းကပ်စောင်များ။ သူတို့ရဲ့ ကျောင်းသွားတက်တဲ့ လွယ်အိတ်ကလေးတွေ။ ဖျတ်ကနဲ၊ ဖျတ်ကနဲ ကျွန်မ မှတ်တမ်းတင်နေမိပါတယ်။ အပေါ်ထပ်က ပြန်ဆင်းလာချိန် လှေကားအကွေ့မှာ သနပ်ခါးအဖွေးသားနဲ့ ၁၂နှစ်အရွယ် သမီးငယ်တစ်ယောက် တက်လာတာ ကြုံရပါတယ်။ ကလေးမလေးက ကျွန်မကို အရင်ဆင်းလို့ရအောင် ဘေးကပ်ပေးရှာပါတယ်။ “ သမီး..တက်..တက်” လို့ ကျွန်မက ပြန်နေရာဖယ်ပေးတော့ ပြုံးပြလို့ အရှေ့ကနေ ခေါင်းငုံ့ရိုသေစွာ တက်သွားတာတွေ့ရလေတော့ ကလေးများကို စောင့်ရှောက်ဆေးကုသပေးယုံသာမက လိမ်မာရေးခြားရှိအောင်ပါ သင်ကြားပေးထားတာ ယုံမှား သံသယဖြစ်စရာမလိုတော့ပါဘူး.။



ကလေးတိုင်းရဲ့မျက်နှာမှာ သနပ်ခါး အဖွေးသားနဲ့ပါ။ ကလေးတိုင်းဟာ နွမ်းပေမယ့် သန့်ရှင်းသပ်ရပ်တဲ့ အ၀တ်အစားများကို ၀တ်ဆင်ထားပါတယ်။ ထမင်းစားချိန်မှာလည်း တစ်ယောက်စာ စားပွဲငယ်ကိုယ်စီ၊ ထမင်းပန်းကန်လေးတွေ ကိုယ်စီနဲ့ သေချာကျွေးမွေးပါတယ်။ အဆောက်အဦအတွင်းမှာ ပါကေးခင်းကြမ်းပြင်၊ ခြံဝင်းထဲမှာလည်း မြေကြီးဆိုတာ မမြင်ရလေအောင် ကွန်ကရစ်ခင်းထားတဲ့အတွက် ခြင်၊ ယင်ရန်က အတော်အသင့် ကာကွယ်ပြီးသားဖြစ်နေမှာ သေချာပါတယ်။ ကိုယ်ခံအားလျော့နည်းနေရှာတဲ့ ကလေးများမို့ သူတို့ရဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်၊ သူတို့ တစ်ကိုယ်ရေတစ်ကာယ သန့်ရှင်းမှုရှိအောင် အထူးအလေးပေးဆောင်ရွက်ထားတာကို တွေ့ရပါတယ်။ ကျွန်မတို့ရှိချိန်မှာပဲ ကလေးတစ်ဖွဲ့ကို ရှိုးစမိုးများနဲ့ ရုပ်ရှင်ပြပေးဖို့ တာဝန်ရှိသူများက ကားတစ်စီးစာအပြည့်နဲ့ ခေါ်သွားပေးတာ တွေ့ရပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ စိတ်အားဖြင့် အပန်းပြေစေဖို့ စီစဉ်ဆောင်ရွက်ပေးနေတာကိုလည်း သိလိုက်ရပြန်ပါတယ်။



အဲ့ဒီအချိန်မှာ ၁၁နာရီခွဲကာနီးပါပြီ။ ကလေးကြီးတချို့က ထမင်းစားပြီးပေမယ့် အဖွဲ့ဝင်များနဲ့ ကစားနေတဲ့ ကလေးငယ်အချို့က မစားရသေးတာမို့ တစ်ဖက်က အဆောင်မှာ ကလေးများကို အဖွဲ့ဝင်များက ထမင်းကျွေးကြပါတယ်။ ဆည်းဆာရိပ်မှာ ရောက်နေတဲ့ တစ်ဖွဲ့လည်း အဖွဲ့ခြင်း ချိန်းဖို့အတွက် HHHPက ပြန်ရောက်လာကြပါတယ်။ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာမှာ အစောင့်ရှောက်ခံအဘိုး (၂) ဦး၊ အဘွား (၈) ဦးရှိနေပြီး လက်ရှိ အယောက် (၃၀) ဆန့် ၂ထပ်အဆောက်အဦတစ်ခု ဆောက်လုပ်ဆဲလို့ ပြန်လာသူများထံမှ သိရပါတယ်။ ဆည်းဆာရိပ်မှာ စကာင်္ပူအဖွဲ့က ကိုရီးနာမည်နဲ့ ကျပ်သုံးသောင်းပေးလှူခဲ့ပြန်ပါတယ်။



ရောက်လာတဲ့အဖွဲ့က ကလေးများထမင်းစားတာ ၀င်ရောက်ကြည့်ရှု ကိုယ်တိုင်ကျွေးကြပါတယ်။ ကလေးတွေက ထမင်းစားပြီး အိပ်ရတော့မှာမို့ ကျွန်မတို့လည်း ဒီကအဖွဲ့တွေကို ဆည်းဆာရိပ်ကို မပို့တော့ပဲ အလှူငွေလှူပြီးရင် ပြန်ကြဖို့ စီစဉ်လိုက်ပါတယ်။ ဒါနဲ့ အဖွဲ့ရဲ့အလှူငွေနဲ့တကွ စကာင်္ပူအဖွဲ့က ကိုရီးရဲ့ တစ်နေ့စာဒါနအလှူငွေများကို HHHPမှ အုပ်ချုပ်ရေးမှူးဆရာမကြီးသို့ အဖွဲ့ရဲ့ကိုယ်စား ကိုဗေဒါဇော်က ပေးလှူပြီး ဆရာမကြီးမှ မှတ်တမ်းစာရွက် ပြန်လည်ပေးအပ်ပါတယ်။




....လှူဒါန်းမှုအ၀၀....



ကျွန်မတို့အားလုံး အချိန်တန်လို့ အိမ်ပြန်ကြရပါဦးမယ်။ ဆရာမကြီးကို နှုတ်ဆက်လို့ ကျွန်မတို့ ကလေးငယ်လေးများကို နှုတ်ဆက်ထားရစ်ကာ HHHP လို့ ခေါ်တဲ့ သုခရိပ်မြုံကနေ ပြန်လာခဲ့ကြပါတော့တယ်ရှင်။ လမ်းမှာတော့ ကြိုတင်စီစဉ်ထားတဲ့ ဒဂုံအရှေ့ပိုင်းက  Ocean စားသောက်ဆိုင်မှာ STA S’pore က အမာခံအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုရီး(ကိုကြီး) ဒါနပြုတဲ့ နေ့လည်စာကို အဖွဲ့ဝင်အသစ်နဲ့ အဟောင်းများ အပြန်အလှန် မိတ်ဆက်ကြရင်း အတူတကွ ပျော်ရွှင်စွာ စားကြပါတယ်။



....အဖွဲ့ဝင်များအချင်းချင်းမိတ်ဆက်ခြင်းနဲ့ နေ့လည်စာ...



နေ့လည်၂နာရီကျော်လောက်မှာတော့ ကျွန်မတို့အားလုံး ပြန်ကြဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။ အိမ်အပြန်လမ်းမှာ အားလုံးဟာ ပင်ပမ်းနေကြ ပေမယ့် ပီတိတွေ တဝေေ၀နဲ့ပါ။ အပြန်လမ်းတလျှောက် ကျွန်မစဉ်းစားခန်း ၀င်လာခဲ့မိပါတယ်။ ကျွန်မတွေ့ခဲ့တဲ့ ကလေးမလေးများရဲ့ အခန်းတံခါးဝမှာ ကပ်ထားတဲ့ " နီးနီးသာကျန် " ဆိုတဲ့ သီချင်းစာသားလေးနဲ့ သူတို့လက်ရာ ပန်းချီကားလေးများဆီသို့ ကျွန်မစိတ်က ရောက်နေပါတော့တယ်..။


" သွားမယ့်ခရီးဟာလေ ... နီးနီးသာကျန် " ...တဲ့..။ မြသွေးနီရင်ထဲ ဆို့နစ်လို့လာတော့တယ်..။





....ရင်ကိုထိခိုက်စေတဲ့စာသားလေးနဲ့ စကားပြောနေတဲ့ ပုံ ကားချပ်လေးများ...



ကလေးငယ်များဟာ လွန်စွာမှ အပြစ်ကင်းကြသူများပါ။ ကလေးများဟာ ကောင်းကင်ပြင်ကျယ်ကြီးထဲမှာ တဖျတ်ဖျတ်နဲ့ လင်းလက်နေတဲ့ အနာဂတ်ရဲ့ ကြယ်ပွင့်လေးများဆို မမှားပါဘူး။ သုခရိပ်မြုံက ကလေးငယ်များကတော့ အမိအဖမဲ့ နေကြသူများဖြစ်ယုံသာမက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အမိဝမ်းတွင်းထဲက မွေးရာပါလာခဲ့တဲ့ HIV လို့ခေါ်တဲ့ ရောဂါဆိုးကြီး တွယ်ကပ်ငြိခြင်းခံနေရရှာတာမို့ ကျန်းမာပျော်ရွှင်တဲ့ အမိအဖ၊ မိသားစုနဲ့ အတူတကွလင်းလက်ဖို့ အခွင့်အရေးမရကြရှာတဲ့ ရောင်စုံစက္ကူကြယ်ပွင့်ငယ်လေးများ မဟုတ်ပါလားရှင်။



ရောင်စုံစက္ကူကြယ်ပွင့်လေးတွေမှာ စာနာမယ့်သူ၊ ဖေးကူမယ့်သူ၊ ကြင်နာမယ့် သူတွေရဲ့ စေတနာတွေ၊ မေတ္တာတရားတွေ မုချလိုအပ်နေပါတယ်။ သူတို့ကို မပစ်ပယ်ဖို့၊ သူတို့ တခြားကလေးများနည်းတူ တန်းတူအခွင့်အရေးလေးတွေရဖို့၊ ရုပ်ပိုင်းဆိုင်ရာတင်သာမက စိတ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးဖို့၊ အသက်ရှင်နေထိုင်စဉ် ကာလပတ်လုံး မိသားစုအခွင့်အရေးများ အပြည့်အ၀ခံစားနိုင်စေဖို့ အထူးလိုအပ်လှပါတယ်။



Save The Aged အနေနဲ့ ဒီနေ့မှာတော့ တစ်နေ့တာ အချိန်ပိုင်းမျှလောက်လေးဆိုပေမယ့် သူတို့လေးတွေအတွက် အတတ်နိုင်ဆုံး မေတ္တာတွေ၊ အကြင်နာတွေ ပေးဝေခွင့်ရခဲ့ကြပါတယ်။ ရောင်စုံစက္ကူ ကြယ်ပွင့်ငယ်လေးတွေလို့ ကျွန်မတင်စားခေါ်ဝေါ်မိတဲ့ သူတို့လေးတွေဟာ အပြောကျယ်တဲ့ ကောင်းကင်ပြာကြီးထဲမှာ မလင်းလက်နိုင်ကြပေမယ့် Save The Agedက သူတို့တွေရဲ့စေတနာတွေ၊ သူတို့တွေရဲ့ ပရဟိတစိတ်ဓာတ်တွေနဲ့ မေတ္တာကောင်းကင်ပြင်ကျယ်ကြီးတစ်ခုကို ဒီတစ်နေ့စာအတွက် ဖန်တီးပေးပြီး သူတို့လေးတွေ တောက်ပလင်

34 comments:

Ko Gyi said...

ဘာပြောရမှန်း မသိဘူး.... မမြသွေး
ရင်ထဲဆို့နေတယ်၊ ကြက်သီးမွေးညှင်းတွေထပြီး ရင်ထဲမှာ ဆို့တက်နေတယ်ဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

နေရောင် said...

လာဖတ်သွားပါတယ် အမ
တကယ်ကို ပျော်စရာကောင်းခဲ့ ကြည်နူးစရာကောင်းခဲ့တဲ့အလှူလေးပါ
ကျနော် STArမှာ ပထမဦးဆုံး ပါဝင်ခွင့်ရတဲ့ အလှူပွဲလေးကို ဘယ်တော့မှ မေ့မရနိုင်တော့ပါဘူးဗျာ

Ko Gyi said...

ရှယ်လိုက်ပြီ အစ်မ
မေတ္တာတွေ ကူးစက်ပြန့်ပွား စေချင်လို့ပါ
STA ရဲ့ သူရဲကောင်းတွေကို ဂုဏ်ယူလေးစားလျှက်။

ခင်မင်စွာဖြင့်

Ko Gyi said...

အပြစ်မရှိရှာပဲ မွေးလာတည်းက သေမိန့်ကျပြီးသား ကလေးငယ်တွေ
ဘယ်လို ရင်ဘတ်နဲ့ ခံစားပေးရပါ့မလဲဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

သူရအောင် said...

အစ်မရေ ကလေး တွေ နဲ့မနေလိုက် ရလို့စိတ်ထဲ မကောင်းဖြစ်နေတာ ၊ခုလိုပြန်ဖတ်လိုက်ရတော့ ကိုယ်တိုင်ကလေး တွေကို နွေးထွေးစွာ နေပေး ရသလို ခံစားရတယ်၊ ကျေးဇူးအစ်မ ရေ..၊

tin min nwe said...

ဘ၀ဆက်တိုင်း အဲ့ဒိလိုရောဂါဆိုး မျိုးထပ်မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ် ညီလေး ညီမလေးတို့ရေ...........။

လင်းk said...

ဆည်းဆာရိပ် ဆိုတာ နေမ၀င်ခင်အချိန်မှာ မြင်တွေ့ခွင့်ရတဲ့လောကအလှတရားရဲ့အရသာ
သုခရိပ်မြုံ ဆိုတာ အေးမြပြီးငြိမ်းချမ်းမှုတွေအတိ ဖန်ဆင်းထားပေးတဲ့နေရာလေး
save the agedရဲ့ နှလုံးသားဆိုတာကတော့ ....... "မျက်စိမမြင်သူတို့ရဲ့ နား ၊ ခြေနှစ်ဖက်မရှိသူတို့ရဲ့ လက်"
လိုနေသူတွေကို တစ်ထောင့်တစ်နေရာက ဖြည့်စွက်ပေးမယ့် ပန်းချီဆရာရဲ့ ဆေးစက်တွေလိုပါပဲလား အမရေ ... ။

ဒီပို့စ်လေးထဲက မြင်တွေ့ခွင့်ရတဲ့နာမ်စားလေးတွေနဲ့တင် ကြယ်တွေကပြိုင်တူလင်းသွားပြီ အမရေ ....

မေလေး said...

မလိုက်လိုက်ရတာ နှမြောတောင်နြှေုမာမိပါတယ် မမမြသွေးနီရယ် လာဖတ်သွားပါတယ်နော် အဖွဲ့သားတွေအားလုံးကိုလဲလေးစားအားကျမိရပါတယ် ပျော်ရွှင်နိုင်ကြပါစေနော်

မေပယ်လ် said...

ကလေးလေးတွေရဲ့ ပန်းချီကားလေးတွေကို ချစ်တယ်..။
ပို့စ်လေးဖတ်ရင်း ကိုယ်တိုင် ငယ်ဘ၀ပြန်ရောက်သွားပြီး ကလေးလေးဖြစ်သွားတယ်..။
တို့တွေ အားလုံးဟာ တကယ်တော့ ကြီးကြီးငယ်ငယ် မေတ္တာငတ်နေကြသူတွေချည်းပါလားနော်

naylin said...

လာဖတ်သွားပါတယ် အမ Save The Aged အဖွဲ.ကိုစ၀င်တဲ.နေ.မှာပဲ. အလှူပွဲကြီးနဲ.ကြုံခဲ.ရတဲ. ကျွန်တော်အတွက် အရမ်းဝမ်းသာမိပါတယ်ခင်ဗျား.....ကျွန်တော် STA ဖွဲ.ကိုပါဝင်ခွင်ရတဲ.အတွက် အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျား နောက်လည်းလိုအပ်နေတဲ.နေရာလေးတွေမှာ ကိုယ်တိုင်ပါဝင်ကူညီသွားမယ် အမ ကျေးဇူးတင်ပါတယ် ခင်ဗျား ကျွန်တော်ထက် အရှေ.က၀င်ရောက်ကူညီနေတဲ.အသင်းသူအသင်းသားအားလုံးကို လေးစားပါတယ် ခင်ဗျား.....

ချော(အစိမ်းရောင်လွင်ပြင်) said...

ပိုစ့်လေးဖတ်ပြီး ကော်မန့်ရေးဖို့ ခက်နေတယ်
ရင်ထဲမှာ ဆို့နင့်နေလို့ ဘယ်လိုစကားလုံးမျိုးနဲ့ ရေးရပါ့မလဲလို့ စဉ်းစားနေမိတယ်.. သူတို့လေးတွေရဲ့ဘ၀ဟာ လူ့လောကထဲရောက်လာတာနဲ့ သေမိန့်ကျပြီးသား ဘ၀တွေလိုပါဘဲလား။
HIVကို ကုသနိုင်တဲ့ဆေး အမြန်ဆုံး ပေါ်လာပါစေလို့ ဆုတောင်းမိတယ်..
ဆေးပေါ်လာတယ်ဆိုဦးတော့တောင် မြန်မာပြည်ကတော့ ဆေးကို အတော်ကြီးနောက်ကျမှ သုံးနိုင်တဲ့အနေအထား ဖြစ်နေဦးမှာပါ။ အစ်မရေ စဉ်းစားပြီး စိတ်မကောင်းဖြစ်မိတယ်
ပြုခဲ့တဲ့ အလှူဒါနအတွက်တော့ ၀မ်းမြောက်စွာ သာဓုခေါ်ပါတယ်.. အလှူရှင်တွေလဲ ဆထက်တန်ပိုးလှူဒါန်းနိုင်ပြီး STA အဖွဲ့ကြီးလည်း လူမှုရေးလုပ်ငန်းတွေကို ဆက်လက်ပြီး စွမ်းစွမ်းတမံ ရွက်ဆောင် ဒါနပြုနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးမိပါတယ်..

Chan said...

မ ရေ ..
အိမ်ပြန်ရောက်ရောက်ချင်း အလှူလေးအတွက် ပြေးဖတ်လိုက်ရတာ အမောပြေသလို ၀မ်းသာလိုက်တာ ငြိမ်းတို့ STA
အဖိုးမဖြတ်နိုင်တဲ့ ကုသိုလ်နောက်တစ်ခု ပြုလိုက်ကြပြီးပြီပေါ့နော် ၊ စိတ်ထဲမှာ ပုံလေးတွေ အလှူ ပစ္စည်းတွေ ကြည့်ပီး ကြည်နုးရသလို ကလေးတွေရဲ့ အနာဂတ်မဲ့ ခရီးအတွက် စိတ်လေးရမိပါတယ် ...ဒါပေမယ့်လည်း သူတို့ လေးတွေ ရှိနေချိန်
လေးတွေမှာ ပျော်ရွှင်နေတဲ့ ဒီလိုနေ့ ရက် များများရှိနေနိုင်ပါစေလို့ ဆုတောင်းရမှာပါ ...
မ ရေ ကွန်မန့် ပေးရင်း သာဓု အကြိမ်ပေါင်း များစွာ ခေါ်သွားပါတယ် ရှင် ...။။

ခင်မင်လေးစားစွာဖြင့်
ငြိမ်း

Chit Thu Mg said...

မ.ရေ.. ရင်ထဲမှာ နင့်ကနဲခံစားလိုက်ရတယ်။ ဂီတို့ မိဘတွေရှိနေသေးတာတောင် အဝေးမှာနေရလို့ အားငယ်မှုတွေ၊ ခံစားချက်တွေက အဲလောက်ကြီးနေရင် မိဘမဲ့ပြီး ဝေဒနာခံစားနေကြရရှာတဲ့ သူတို့လေးတွေရဲ့ ခံစားချက်တွေ အားငယ်မှုတွေဟာ အတိုင်းထက်အလွန်ရှိနေမယ်ဆိုတာ ခံစားမိလို့ စိတ်မကောင်းဖြစ်ရပြီး စာနာမိပါတယ်။ မ.ရဲ့ပို့စ်လေးကို ဖတ်ပြီး မျက်ရည်တွေမကျအောင် ဘယ်လိုမှ ထိန်းမထားနိုင်ဘူး မ.ရယ်။ သူတို့လေးတွေရဲ့ ၀ဋ်ကြွေးတွေအားလုံး ဒီဘ၀ ဒီမျှလောက်နဲ့ပဲ ကျေပါစေလို့ ဆုတောင်းပေးရင်း STA ရဲ့ ကုသိုလ်ကောင်းမှုအစုစုကို ချီးကျူးလေးစားလို့ သာဓုအကြိမ်ကြိမ်ခေါ်ဆိုသွားပါတယ်။ ကိုယ်တိုင်လိုက်ပါရသလိုမျိုး ခံစားရအောင် စာရေးကောင်းတဲ့ မ.ကိုလည်း ကျေးဇူးတင်ပါတယ်။

ဇွန် said...

ပို့စ်လေး ဖတ်ရတယ် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒီအဖွဲ့ကြီးမှဒီထက်တိုးပြီး သယ်ပိုးနိုင်ပါစေလို့ တောင်းဆုပြုလိုက်ပါတယ်။ အားလုံးပဲ ကျန်းမာ ရွှင်လန်းကြပါစေ...

thatoe said...

စာဖတ်ပြီး..ဘာပြော၊ ဘာရေးရမယ် မသိအောင်ပဲ စိတ်မှာတနင့်တနဲ ဖြစ်လာတယ်။ စာနာဖေးမပေးတဲ့ သူတွေရှိနေတာအတွက်လည်း အားကျလေးစားစွာ သာဓုအထပ်ထပ် ခေါ်ခဲ့ပါတယ်။

ုလင်းခေတ်ဒီနို said...

ဂုဏ်ယူပါတယ် မြသွေးနီး save the aged အဖွဲ့လေးအတွက် အများကြီး ဂုဏ်ယူလေးစားမိပါတယ် . . . .နောက်ထပ် နောက်ထပ် ဆက်လက်ပီး လုပ်ဆောင်နိင်ပါစေလို့ ပြောရင်း ထပ်ပြီး ဂုဏ်ပြုလိုက်ပါရစေ

ဗညားရှိန်

M@y Jun3~♥~~ said...

အရမ်းအရမ်းကို.......... ခံစားရပါတယ်..မမရယ်........
တွေ့တွေ့ချင်း.. အားငယ်နေရှာတဲ့ မျက်နှာနုနုလေးတွေကို ပြေးပြီးပြန်မြင်ယောင်မိပါတယ်ဂျာ.....
အဲ့နေ့က တစ်တပ်တစ်အားပါဝင်ခဲ့ကြတဲ့ အဖွဲ့ဝင်များအားလုံးကို အရမ်းကိုလေးစားမိပါတယ်........

Nang Hom Ying said...

မ .. ရေ ...
ဝမ်းသာ ၀မ်းနည်း ဘယ်လိုကြိးဖြစ်သွားမှန်းမသိဘူး ..
ကလေးလေးတွေ အတွက် စိတ်ထဲမကောင်းလိုက်တာ ..
တက်ညီလက်ညီလှူဒါန်းကြတာတွေကိုသိရတော့ ၀မ်းသာလိုက်တာ ...
အခုလို ရေးသားဝေမျှပေးတဲ့ မ.. ကိုလဲ ကျေးဇူးတင်ပါတယ် ..

ကျန်းမာပျော်ရွှင်ကြပါစေနော် ..
နန်းဟွမ်

Han Lin Tunn said...

ကျွန်တော်က အဲဒီမှာအကြာကြီးမနေရလို့
မနှံ့လိုက်ပါဘူးဗျာ။ ခဏတာပဲတွေ့လိုက်ရပေမယ့်
သူတို့ရဲ့ ပုံစံလေးတွေက တစ်ကယ်ဖြူစင်ပါတယ်ဗျာ။
ဘာမှမသိခင်မှာပဲ သေမိန့်ကျနေရတာဟာ တစ်ကယ်တော့ ခါးသက်လွန်းပါတယ်။
ဘယ်လိုကံကြောင့်လည်းမသိနိုင်ပေမယ့် ဒီဘ၀ဒီမျှသာနောက်ဆုံးဖြစ်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ခင်မင်လျက်။

လ၀န်း said...

မမတို့  Save The Aged အဖွဲ့ ကို လေစားပါတယ်ဗျာ နောက်လဲ များများလှူ နိုင်တန်းနိုင်ပါစေ ...ကလေးတွေအနာဂတ်မှာလဲပျော်ရွှင်စွာ နေနိုင်ကြပါစေလို့ ဆုတောင်းပေးနေမှာပါ

စိမ်းလန်း said...

အစ်မရေ.....ဒီအလှူတစ်ခုမှာ ကျွန်တော်မလိုက်ရလို့.........တာဝန်မကျေသလို ခံစားရပါတယ်ဗျာ.... အစ်မ စာကိုဖတ်ပြီးတော့ လဲ ထပ်ဆင့် ခံစားရပါတယ်.... နောက် အလှူတွေ ကြရင် မလွတ်တန်း လိုက်ပါ့မယ်ဗျာ.....

ီDr.နတ်စိုး said...

ဤ... ခရီး... နီး... သလား..... !!!!!

ဝေယံမင်း said...

ရှိုက်ခဲ့တဲ့သက်ပြင်းမောတွေမှာသာ ကုစားနိုင်စွမ်းရှိခဲ့ရင်လေ..... ..... .....

ချစ်ကြည်အေး said...

ရင်ထဲ နင့်ကနဲပဲ မြသွေးရယ်၊ သူတို့လေးတွေ မျက်နှာကို မှန်းဆ မြင်ယောင်ရင်း သနားမိတယ်။ တနေ့ပေါ့ အတူတူ ကိုယ်တိုင်ပါဝင်နိုင်မဲ့ တနေ့ပေါ့ ညီမရေ....။ အဖွဲ့သားတွေ အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာပြီး ဆထက်ထမ်းပိုး ဆောင်ရွက် နိုင်ကြပါစေ....

ထွန်းထွန်း said...

ကျွန်တော် ဆည်းဆာရိပ်ကို ရောက်သွားလို့ ကလေးတွေ ကစားနေတာကို မတွေ့လိုက်ရဘူး .... သူတို့လေးတွေက တကယ့်ကို ဖြူစင်ကြပါတယ် ... အရမ်းလည်း ချစ်စရာကောင်းပါတယ် ....
သူတို့လေးတွေ ဒီလိုဖြစ်ရတာ ဒီဘ၀မှာနောက်ဆုံးဖြစ်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ရပါတယ် ....

ကသစ်နီ said...

ရင်ထဲဆို့ နစ်၊ကြေကွဲရစ်မိ
သေဖို့ မွေးသူ၊တူကြသော်လည်း
စာနာစိတ်ကြောင့် ၊သောကရောက်မိ
ရုပ်လုံးဖေါ်ဆစ်၊လောကသစ်တွက်
တအားနည်း၏
ပြစ်မဲ့သည့်သွေး၊နှမြောလှစွာ
စိတ်မှာစူးနစ်ဖြစ်မပြီ..........
စာပေဖွဲ့ ဆို၊သည်ပိုစ့် ကိုလဲ
ရင်ဘတ်ရင်း၍
ဖတ်ခဲ့ သည် ။

မင်းလူန

Anonymous said...

အရမ်းကောင်းလိုက်တာဗျာ
အရမ်းကိုဆို့တက်သွားတာပဲ
ရင်ထဲကိုတစ်ကယ်ကိုထိခိုက်မိပါတယ်
လေးစားပါတယ်နော်

ခိုင်သဇင်အေး said...

ဘယ်လိုလုပ်ရမလဲ အမစာတွေဖတ်ဖတ်ပြီးမျက်ရည်ပဲခဏခဏကျနေရတယ်.....ဝမ်းနည်းပြီးတော့လည်းမျက်ရည်ကျ ဝမ်းသာပီတိဖြစ်ပြီးတော့လည်မျက်ရည်ကျ..

သားမောင် said...

အလှူတခေါက်ပြီးတိုင်း ပီတီတွေ ရင်ဘတ်ထဲမှာ များများလာပါတယ်ဗျာ...

jerry said...

STA အဖွဲ့နဲ့လိုက်ပြီး လိုက်ပြီး ၀မ်းသာပီတိဖြစ်ရတာ ဘယ်တော့မှ မမေ့နိုင်ပါဘူး...........
STA အဖွဲ့လဲ ဒီထက်ပိုပြီးလှုနိုင်ပါစေ.................

Anonymous said...

သိပ်ကောင်းတာဘဲ
ဖတ်ရတာ ရင်ထဲထိတယ်
ကလေးတွေဘ၀ သနားစရာ၊ စိတ်မကောင်းစရာ

blackroze said...

ွှအမမြသွေးရေ...
ဒီပိုစ့်လေးဖတ်ပြီးရင်နာရပါတယ်..အမရယ်..
" သွားမဲ့ခရီးဟာလေ..နီးနီးသာကျန်တော့တယ် " တဲ့လား..အမရယ်..

မြလေးသျှင် said...

စာရေးကောင်းတဲ့ မမြသွေးနီကြောင့် ကလေးတွေအဖြစ်ကို သိသွားရပါတယ်..
သာဓုခေါ်ခဲ့ပါတယ်နော်

ထီးကြည်နုအောင် said...

အပြစ်ကင်းပြီး ဖြူစင်တဲ့ကလေးတွေအတွက် စိတ်မကောင်းဖြစ်မိတယ် အမရယ်....
STA အဖွဲ့သားတွေရဲ့ အလှူအတွက်လည်း ၀မ်းသာပီတိဖြစ်ရပါတယ် အမ....
ခင်မင်လေးစားလျှက်........

Post a Comment