Saturday, September 11, 2010

အရှုံးထဲက အနိုင်



အခန်းဝမှာ ပြူတစ်ပြူတစ်လုပ်နေတဲ့ ကျော်စွာ့ကို ဦးဘုန်းကျော် စာဖတ်နေလျှက်က မျက်လုံးထောင့်ကနေ မြင်လိုက်တယ်။


“ သားကြီး.. ၀င်ခဲ့လေကွာ..” လို့ ပြောလိုက်တော့မှ ကျော်စွာတစ်ယောက် အခန်းထဲဝင်လာပြီး ဦးဘုန်းကျော်ရှေ့က ကုလားထိုင်အလွတ်တစ်ခုမှာ ၀င်ထိုင်လိုက်တယ်။ သူတို့ သားအဖ နှစ်ယောက်က သူငယ်ချင်းပေါင်းပေါင်းပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်ကြသူမျိုး ဆိုလေတော့ အခုလို ကျော်စွာတစ်ယောက် မျက်နှာလည်းမကောင်း၊ အဖေရှိရာ အခန်းထဲဝင်ဖို့ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေတာဟာ အကြောင်းတစ်ခုခုတော့ ရှိနေပြီဆိုတာ ဦးဘုန်းကျော် သိလိုက်ပြီ။ ဦးဘုန်းကျော်က လက်ထဲက ဖတ်လက်စ စာအုပ်ကို စားပွဲပေါ်ချလိုက်ပြီး သားဖြစ်သူကို ပြုံးလျှက် လှမ်းကြည့်လိုက်တယ်။ မွေးလာထဲက အခုလို တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးထားတဲ့ သည်အရွယ်အထိ သားဖြစ်သူရဲ့ မျက်နှာကို အရိပ်လို၊ မှန်လိုကြည့်ပြီး ဖတ်လာခဲ့သူမို့ ကျော်စွာ့မှာ အဖေဖြစ်သူ သူ့ကိုပြောစရာ၊ ဒီထက်ပိုလို့ ပြောရခက်တဲ့ကိစ္စ တစ်ခုခုရှိနေပြီဆိုတာကို ဦးဘုန်းကျော် ကောင်းကောင်းကြီး သိနှင့်ပြီးသား ဖြစ်နေတယ်။ ဒါနဲ့ ဦးဘုန်းကျော်က အလိုက်တသိနဲ့ပဲ…


“ သား..။ မင်းကို ကြည့်ရတာ ဖေဖေ့ကို ပြောစရာ တစ်ခုခုရှိနေပုံပဲ။ ပြောရလည်း ခက်နေပုံရတယ်..။ အင်း.. ဖေဖေ့မှာလည်း သားကို ပြောစရာ တစ်ခုရှိနေလေတော့.. ကဲ..သားပြောတာ နားမထောင်ခင်.. ဖေဖေပြောတာ သားအရင် နားထောင်။ ပြီးမှ သားပြောတာကို ဖေဖေက ပြန်နားထောင်ပေးမယ်.. ဟုတ်လား ”


ကျော်စွာက မပီမပြင်ပြုံးလျှက်က “ ဟုတ်ကဲ့ဖေဖေ ” လို့ပြောရင်း အကြပ်အတည်းက ခေတ္တလွတ်မြောက်သွားသူတို့ရဲ့ ထုံးစံအတိုင်း သက်ပြင်းမောလေး ကြိတ်ချလိုက်မိတယ်။


“ သားကို ဖေဖေလွန်ခဲ့တဲ့ ၁၀နှစ်က ကြည့်ခဲ့ရဘူးတဲ့ သိပ်ကောင်းတဲ့ ဘောလုံးပွဲ တစ်ခုအကြောင်း ပြောပြချင်တယ်.. ”


ဦးဘုန်းကျော်ရဲ့ စကားက ဘောလုံးဝါသနာအိုး ကျော်စွာရဲ့ စိတ်ဝင်စားမှုကို မြှင့်တင်ပေးလိုက်တယ်။


“ ပြောပါဖေဖေ..။ သား.. နားထောင်နေပါတယ် ”


“ ဒီလိုသားရဲ့..။ တစ်နေ့မှာ ဖေဖေဟာ ၅နှစ်.. ၆နှစ်အရွယ် မူလတန်းကလေးငယ်တွေ ကျောင်းမှာ ယှဉ်ပြိုင်ကစားနေတဲ့ ဘောလုံးပွဲတစ်ခုကို ကြည့်ခွင့်ရခဲ့တယ်။ အနီအသင်းနဲ့ အ၀ါအသင်း နှစ်သင်း ယှဉ်ပြိုင်တယ်ပေါ့ကွာ။ ယှဉ်ပြိုင်တဲ့ ကလေးတွေက ငယ်လွန်းပေမယ့် သူတို့ ကြိုးစားပမ်းစား ကစားကြတာကို အံ့သြဖွယ်ရာတွေ့ရတယ်။ နှစ်ဖက်အသင်းကို သောင်းသောင်းဖျဖျ အော်ဟစ် အားပေးကြတဲ့ ပရိသတ်တွေထဲမှာ ကျောင်းသူကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေ၊ ဘောလုံးနည်းပြတွေသာမက၊ အထူးသဖြင့် နှစ်ဖက်အသင်းမှာပါဝင်ကစားနေကြတဲ့ကလေးတွေရဲ့ မိဘတွေ၊ အားလုံးက သည်းသည်းလှုပ်အားပေးကြတယ်.. ”


“ တကယ့် ပွဲကောင်းပဲပေါ့နော် ဖေဖေ ”


“ ဒါပေါ့သားရ..။ ဖေဖေကတော့ ကစားနေတဲ့ ကလေးတော်တော်များများရော၊ လာအားပေးတဲ့ မိဘတွေတော်တော်များများနဲ့ရော သိပ်မရင်းနှီးဘူး.. မျက်မှန်းတမ်းမိယုံပေါ့။ ကလေးငယ်လေးတွေ ကစားတဲ့ပွဲဆိုတော့ ရှုံးချင်ရှုံး၊ နိုင်ချင်နိုင်၊ ဘယ်လို သောကမျိုးမှ မရှိပဲကြည့်နေနိုင်ခဲ့တယ်။ သည်းသည်းလှုပ်နေတဲ့ နည်းပြတွေနဲ့မိဘတွေကို ကြည့်ပြီး သူတို့လည်း ဖေဖေ့လို စိတ်မျိုးပဲ ရှိနေစေချင်ခဲ့တယ် ”


“ ဘောလုံးပွဲဆိုတာ အစွဲလေးနဲ့ ကြည့်မှ ပိုကောင်းတာ ဖေဖေရ ”


ကျော်စွာ့အပြောကို ဦးဘုန်းကျော်က အပြုံးလေးနဲ့ တုန့်ပြန်ရင်း ဆက်ပြောပြလေတယ်။


“ နှစ်သင်းလုံးက အကြိတ်အနယ် ကြိုးစားပမ်းစားကစားကြပေမယ့်  ပထမပိုင်းပြီးတဲ့ အထိ ဘယ်အသင်းမှ ဂိုးမရသေးဘူး သားရ..”


“ ဒုတိယပိုင်းက ပိုကြည့်လို့ ကောင်းပြီပေါ့နော် ဖေဖေ ”


“ အေးကွ။ ဒုတိယပိုင်း စချိန်မှာ အ၀ါအသင်းနည်းပြက သူ့ရဲ့ကစားသမားတွေ ခြေကုန်လာတာကို သိတော့ နောက်တန်းက အတော်ဆုံး ကစားသမားကလေးကို ဂိုးသမားနဲ့ နေရာလဲပြီး ဂိုးစောင့်ခိုင်းလိုက်တယ်။ အဲ့ဒီအချိန်ကစပြီး ကစားပွဲက အံ့သြစရာ ပြောင်းလဲသွားတော့တာ။ အနီအသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူးတွေက အ၀ါအသင်းရဲ့နောက်တန်းကို  သုံး၊လေးယောက် စုပြုံ၊ အုံခဲပြီး ဖိကစားပြီး ဂိုးတွေ အကြိမ်ကြိမ် သွင်းယူဖို့ ကြိုးစားလေတော့တယ်။ အ၀ါအသင်းရဲ့ တော်လှပါတယ်ဆိုတဲ့ ကလေးလည်း ဘယ်လောက်ပဲ တော်နေပေမယ့် အများနဲ့ တစ်ယောက်ဆိုတော့ သူ့ခမျာ ပင်ပင်ပမ်းပမ်း ခုခံကာကွယ်နေရတော့တာပေါ့.. ”


“ ညှပ်ပူးညှပ်ပိတ် ကစားတော့ သူ့ခမျာ ဘယ်ခံနိုင်ပါတော့မလည်းနော် ..။ ပွဲက တော်တော် ကောင်းလာပြီ။ ဆက်ပြောပါဦး ဖေဖေ ”


စိတ်ဝင်တစားနားထောင်နေတဲ့ ကျော်စွာက ဦးဘုန်းကျော် တစ်အောင့်နားပြီး ရေနွေးတစ်ကျိုက် သောက်တာကိုတောင် သည်းခံမစောင့်နိုင်တော့ပဲ ဆက်ပြောဖို့ အဖေဖြစ်သူကို တိုက်တွန်းလိုက်ပါတယ်။


“ ဒီလိုနဲ့ ထင်တဲ့အတိုင်း အနီအသင်းက ဒုတိယပိုင်း ၁၅မိနစ်မှာ ပထမဆုံးဂိုးကို စရှူးတယ်။ ပထမဂိုး ဗွေဆော်ဦးပေးလိုက်ရတော့ အ၀ါအသင်းက ဂိုးသမားလေးလည်း သွေးတွေဆူပွက်လာပုံရပါတယ်။ အဲ့ဒီနောက်ပိုင်း သူတတ်စွမ်းသလောက် အစွမ်းကုန် ကာကွယ်ရှာတော့တာပါဘဲ။ သူ့ကိုယ်သူတောင် မငဲ့ရှာတော့ပဲ အနာခံ၊ မြေကြီးပေါ် ပစ်လှိမ့်လှဲချလို့ ဂိုးတိုင်နားဝဲပျံလာသမျှ ဘောလုံးတွေကို စွမ်းစွမ်းတမံ ကာကွယ်တော့ တာပါဘဲ။ ဒါပေမယ့် အ၀ါအသင်းရဲ့ ခြေက သိသိသာသာကျလာပြီး  အနီအသင်းက ထပ်မံဖိကစားပြန်တော့ ဒုတိယပိုင်း မိနစ်၃၀သာသာမှာ အ၀ါအသင်းက ဒုတိယဂိုးထပ်မံ ပေးလိုက်ရပြန်တော့တယ်။ အနီအသင်းကို အားပေးတဲ့ လက်ခုပ်သံတွေက ကစားကွင်းထဲမှာ သောသောညံလို့။ ဘောလုံးကလည်း အ၀ါအသင်းရဲ့ ဂိုးဧရိယာနားမှာပဲ တစ်ဝဲလည်လည်နဲ့ပေါ့။ ဒီလို အခြေအနေက အ၀ါအသင်းရဲ့ ဂိုးသမားကောင်လေးကို ဒေါသ ပိုထွက်စေတယ်။ စိတ်မငြိမ်မသက် ပိုဖြစ်စေတယ်။ အသင်းနည်းပြရဲ့ အော်ဟစ်ပြောဆိုသံ၊ ကစားသမားတွေရဲ့ ဖရိုဖရဲကစားကွက်၊ ပရိသတ်တွေရဲ့ တစ်ဖက်အသင်းကို အားပေးသံတွေက သူ့ကို ဖိအားပေးသလို ဖြစ်နေတော့တာပေါ့။ ဒီတော့ ၀င်လာသမျှ ဘောလုံးကို အော်ဟစ်ပြေးလွှားပြီး ဂမူးရှူးထိုးနဲ့ ဒိုက်ထိုးဖမ်းတယ်။


“ ရှုံးမဲမဲပြီထင်တယ်နော် ဖေဖေ ”


“ အင်း.. သူ့မှာရှိတဲ့ သက်လုံကို စုစည်းပြီး ကစားရှာပေမယ့် ဘယ်လိုမှ မလိုက်နိုင်တော့ဘူး။ မိနစ်၄၀မှာ တတိယဂိုးကို ထပ်မံပေးလိုက်ရပြန်တယ်။ အခြေအနေက ပွဲပြီးဖို့ ၅မိနစ်အလိုမှာ ၃ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနေပြီ.. ”


“ အရှုံးကို ထိပ်တိုက်ရင်ဆိုင်တဲ့ အခါမှာ တည်ငြိမ်ဖို့ အရေးကြီးတယ်နော်ဖေဖေ ”


“ ဟုတ်တယ်သား။ ဖေဖေထိုင်နေတာက အ၀ါအသင်းက ပရိသတ်တွေထိုင်တဲ့ဘက်မှာဆိုတော့  ဖေဖေ့ပတ်ဝန်းကျင်ကို ကြည့်လိုက်မိတော့ ၀တ်ကောင်းစားလှတွေနဲ့ ကစားသမားတွေရဲ့ မိဘတွေဆိုတာ သူတို့သားသမီးတွေရဲ့ အရှုံးကြောင့် မျက်စိမျက်နှာပျက်သူပျက်၊ အပြစ်တင်သူတင်၊ အော်ဟစ်သူအော်ဟစ်နဲ့ပေါ့ ”


“ မိဘဆိုတော့ အားမလိုအားမရ ဖြစ်တာနေမှာပေါ့နော် ဖေဖေ ”


“ အေးပေါ့။ အဲ့ဒီမှာ အ၀ါအသင်းရဲ့ ဂိုးသမားလေးဟာ ပုံစံလုံးဝပြောင်းသွားတော့တယ်။ ပြိုင်ဘက်တွေကို သူဟန့်တားလို့ မရတော့ဘူးဆိုတာ သိတော့ သူက ကြမ်းကြမ်းတမ်းတမ်း ကစားလာတယ်။ အ၀ါကဒ်အပြခံရတယ်။ လက်ကျန်အချိန်၅မိနစ်မှာ သူ့ကစားကွက်တွေက မုန်ယိုနေတဲ့ ဆင်တစ်ကောင်လို ဗရမ်းဗတာ ဖြစ်လာတယ်။ ၀တ်စုံအ၀ါတစ်ခုလုံးလည်း မည်းပေပွနေပြီပေါ့ ”


“ ဘေးက ကြည့်နေသူက ကာယကံရှင်ထက် ပိုမြင်ရတာပေါ့နော် ”


“ အေးကွ သားရ။ ကာယကံရှင်က စိတ်လိုက်မာန်ပါလုပ်နေတာကို သတိလွတ်နေပေမယ့် ဘေးလူရဲ့အမြင်မှာတော့ သူ့လုပ်ရပ်က ဘွားကနဲ ပေါ်နေတော့တာပေါ့။ အဲ့ဒီအချိန်မှာ အ၀ါအသင်းရဲ့ ပရိသတ်ထဲမှာ တစ်ချိန်လုံး ငြိမ်ပြီးကြည့်နေတဲ့ လူတစ်ယောက်က ရုတ်တရက် မတ်တပ်ရပ်၊ ထအော်ပြီး အ၀ါအသင်းရဲ့ ဂိုးသမားလေးကို အားပေးလေတော့တယ်။ ဘယ်လိုဖမ်း၊ ဘယ်လိုနေရာယူ၊ အားမလျှော့နဲ့၊ ဖေဖေရှိနေတယ်လို့ အော်ပြောတယ် ”


“ ဒါဆို သူ့အဖေပဲပေါ့ ”


“ ဟုတ်တယ်သား။ သူ့အဖေရဲ့ မျက်နှာမှာ သောကတွေနဲ့ ပြည့်လျှံနေတယ်။ လူပုံအလည် လူမမယ်သားရဲ့အပေါ်မှာ ကျရောက်နေတဲ့ ပြင်းထန်တဲ့ ဖိအားအတွက် သူက ယူကြုံးမရ ဖြစ်နေတယ်ဆိုတာ သူ့ရဲ့မျက်နှာမှာ အတိုင်းသားပေါ်နေတယ် ”


“ မိဘရဲ့မေတ္တာပေါ့နော် ”


“ ဒီလိုနဲ့ ဒုတိယပိုင်း ၄၅မိနစ်ပြည့်လို့ နာကျင်ချိန် ၅မိနစ်ပေးတုန်းမှာ စတုထ္တဂိုး ထပ်သွင်းခံရပြန်ရော သားရေ။ ဂိုးတိုင်က ပိုက်နဲ့ လုံးထွေးဝင်နေတဲ့ ဘောလုံးကို ကောက်ယူပြီး  ဒိုင်လူကြီးလက်ထဲ ဘောလုံးကို ပြန်ထည့်အပြီးမှာ ဂိုးသမားလေးက ဂိုးတိုင်ရှေ့မှာ ဒူးခွေညွတ်ကျသွားပြီး ရင်နာနာနဲ့ ဟီးကနဲ ငိုချလိုက်တယ် ”


“ ဟာဗျာ… ”


“ အဲ့ဒီအချိန်မှာ ဂိုးသမားလေးရဲ့ အဖေလည်း ဘယ်လိုမှ တောင့်ခံမထားနိုင်တော့ပဲ ခုန်ပျံကျော်လွှားပြီး ကစားကွင်းထဲက သားဖြစ်သူရှိရာကို အပြေးရောက်လာပြီး သားကို ရင်ခွင်ထဲမှာ ပွေ့ဖက်ထားလိုက်တယ်။ ဘောလုံးပွဲက တာဝန်ရှိသူတွေလည်း ကွင်းထဲဝင်လာတဲ့ အဖေလုပ်သူကို ဘယ်လိုမှ မဟန့်တားနိုင်တော့ပါဘူး။ တစ်ကွင်းလုံးမှာ ရှိနေတဲ့ ပရိသတ်တွေဟာ မီးကိုရေနဲ့ ငြှိမ်းသတ်လိုက် သလို ငြိမ်သက်သွားပြီး သူတို့ အာရုံတွေအားလုံးက ဂိုးတိုင်နားက သားအဖနှစ်ယောက်ဆီကိုပဲ ရောက်နေကြတော့တာပေါ့။ ရှိုက်ကြီးတငင်ငိုနေတဲ့ သားဖြစ်သူကို ရင်ခွင်ထဲထည့်၊ ကျောကို ပွတ်သပ်ချော့နေတဲ့ အဖေလုပ်သူရဲ့မျက်ဝန်းမှာလည်း မျက်ရည်တွေက တတွေတွေကျလို့ပေါ့ ”


“ စိတ်မကောင်းစရာပါဘဲ ဖေဖေရာ ”


“ အဲ့ဒီ အချိန်မှာ ပွဲချိန်ပြည့်သွားတဲ့ ၀ီစီမှုတ်သံကြားလိုက်ရတယ်။ အဖေလုပ်သူက သူ့သားကို ပုခုံးပေါ်စွေ့ကနဲ တင်လိုက်တယ်။ သားကို ပုခုံးပေါ်တင်လို့နေရာကနေ ကွင်းထဲကို ဖြတ်လျှောက်လာချိန်မှာတော့  ကစားကွင်း တစ်ကွင်းလုံး ငြိမ်တိတ်နေတဲ့ ပရိသတ်တွေဟာ  အရှုံးနဲ့ ထွက်လာတဲ့ သားအဖနှစ်ယောက်ကို လက်ခုပ်လက်ဝါးတီးပြီး ကြိုဆိုအားပေးလိုက်ကြတာ ဆူဆူညံလို့ သွားတာပဲ ”


“ ပရိသတ်တွေက စာနာစိတ်ရှိတယ်နော် ဖေဖေ ”


“ အေးကွ။ ကောင်လေးက သူ့ဖေဖေ ပုခုံးထက်ကနေ ရှိုက်ငိုပြီးပြောတယ်။ ဖေဖေ..သား..သူတို့ကို မဟန့်တားနိုင်ခဲ့ဘူး။ သားကြိုးစားပြီးရင်း ကြိုးစားပေမယ့် သူတို့ ဂိုးတွေ ဆက်တိုက်ရှူးကြတယ်.. လို့ပြောတယ်။ ဒီတော့ သူ့အဖေက ဒါက အရေးမကြီးပါဘူးသားရယ်။ မင်းက ဖေဖေ့သား။ မင်းအတွက် ဖေဖေက ဘယ်လိုအချိန် ဘယ်လိုနေရာမှာဖြစ်ဖြစ် ဂုဏ်ယူတယ်။ ဒီတစ်ပွဲမှာ သားရှုံးပေမယ့် နောက်ကျန်တဲ့ ညနေကန်မယ့်ပွဲမှာ သားဆက်ကစားရမယ်.. လို့ပြောလိုက်တယ်။ ဒါနဲ့ အတိုချုံ့ရရင် ကစားသမားလေးလည်း သူ့ဖေဖေစကားကြောင့် အားတက်သွားပြီး ညနေပွဲ ဆက်ကန်တယ်။ နိုင်တယ်မထင်ပါနဲ့။ ဒီပွဲမှာလည်း သူတို့အသင်းက ၂ဂိုးတောင် သွင်းတာခံလိုက်ရတယ်။ ဒီတစ်ပွဲမှာတော့ သူက အေးအေးဆေးဆေးနဲ့ ခပ်ပြုံးပြုံးဘဲ။ တစ်လုံးသွင်းခံရပြီးတိုင်း သူ့ဖေဖေကို လက်မတောင်ထောင်ပြလိုက်သေးတယ် ”


“ ဟား… သူက အရှုံးကို ခံနိုင်ရည်ရှိသွားတာပေါ့နော်..။ ဟင်..ဖေဖေ…ဒါနဲ့ သူတို့ သားအဖ ကွင်းအလည်မှာ ပြောခဲ့တဲ့စကားကို ဖေဖေက ဘယ်လိုပြန်သိရလည်း.. ”


ဦးဘုန်းကျော်က ပြုံးစေ့စေ့နဲ့ ကျော်စွာ့ကို ကြည့်လျက်က..


“ သားက သိပ်ငယ်လွန်းသေးတော့ မမှတ်မိတာပါ။ အဲ့ဒါ ဦးဘုန်းကျော်နဲ့ သူ့ရဲ့သား ကျော်စွာ ပဲပေါ့ ”


ကျော်စွာတစ်ယောက် ဘယ်ကဘယ်လို သူ့ဖေဖေရဲ့နဘေးရောက်လာသလည်း မသိတော့ပဲ ဦးဘုန်းကျော်ရဲ့လည်ပင်းကို သိုင်းဖက်လို့ ထားလိုက်မိပါတော့တယ်။


ဦးဘုန်းကျော်က သားဖြစ်သူကို သူ့ဘေးမှာထိုင်စေပြီး ဦးခေါင်းက ဆံပင်စလေးများကို ပွတ်သပ်ပေးလျှက်က..


“ သား..ဖေဖေ့ကို ပြောစရာရှိတာ သားရဲ့အမှတ်ကိစ္စ မဟုတ်လား။ သားရဲ့ မေမေပြောပြလို့ ဖေဖေသိထားပြီးပြီ။ ဒီနေ့ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းသွားထုတ်တာ ငါ့သား မှန်းထားသလို ဆေးတက္ကသိုလ် မ၀င်ဘူးမဟုတ်လား။ ဒီမှာ သား.. ငယ်ငယ်က အနိုင်ဂိုးတွေ လှိုင်လှိုင် အသွင်းခံခဲ့ရတဲ့ ဖေဖေ့သားက အခုမြို့နယ်ရဲ့ အကောင်းဆုံး ဂိုးဖမ်းသမားတစ်ယောက် ဖြစ်လာခဲ့တယ် မဟုတ်လား။ ဒါ အံ့သြစရာမဟုတ်ပါဘူး။  ကိုယ်က ရပ်တံ့မနေပဲ ကြိုးစားဖို့။ နောက်.. ကိုယ်ရတဲ့နေရာလေးမှာ အဓိပ္ပါယ်ရှိရှိနဲ့ အကောင်းဆုံး နေထိုင်သွားနိုင်ဖို့သာ အရေးကြီးတာပါ ”


ဦးဘုန်းကျော်ရဲ့ စကားတွေက ဇဝေဇ၀ါ ဖြစ်နေတဲ့၊ မချိတင်ကဲ ဖြစ်နေရတဲ့ ကျော်စွာ့ရဲ့ စိတ်တွေကို ရှင်းလင်းပြတ်သားစေခဲ့ပါပြီ။ ဆေးတက္ကသိုလ် အမှတ်မမှီတော့လည်း သူဝါသနာပါတဲ့ ကွန်ပြူတာ တက္ကသိုလ်ကို တက်နိုင်သေးတာဘဲလို့ တွေးမိလာတယ်။ ကျော်စွာ့အတွက် ခက်ခဲရှုပ်ထွေးနေတဲ့  ပုစ္ဆာတစ်ပုဒ်ကို ဦးဘုန်းကျော်က ဖြေရှင်းပေးလိုက်ပါပြီ။


“ သား..တစ်ခါတစ်ရံ ဘ၀မှာ ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတာတွေ တွေ့ကြုံရမှာဘဲ။ ကိုယ်က ဘယ်လောက်တောင် ကြိုးစားပေမယ့်လည်း၊ ဘယ်လိုမှ တားဆီးလို့မရပဲ ခံလိုက်ရတာမျိုး၊ နေရာတစ်ခုမှာ နှစ်သိမ့်ကျေနပ်လိုက်ရတာမျိုးလည်း ရှိမှာဘဲ။ ဒါပေမယ့် အဲ့ဒါကအရေးမကြီးဘူး။ ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ့်ဘက်မှာ ရပ်တည်အားပေးမယ့်သူတွေ ဆက်ရှိနေတယ်ဆိုတာက ပိုအရေးကြီးတယ်။ အောင်မြင်တဲ့အခါတိုင်း ၀မ်းသာစိတ် ဖြစ်ရတာထက်  အရှုံးကို ရင်ဆိုင်ရချိန်မှာလည်း ကျေကျေနပ်နပ် နဲ့ လက်ခံတတ်ဖို့က ပိုအရေးကြီးတယ်။ ဖေဖေ့သားကို လူပီသတဲ့ လူတစ်ယောက် အဖြစ် မြင်ချင်တယ်ကွာ ..”


ဉ်ီးဘုန်းကျော်ရဲ့ နောက်ဆက်တွဲ ပြောလိုက်တဲ့စကားတွေက သားဖြစ်သူ ကျော်စွာ့ရင်ထဲ တစ်ဘ၀စာ သံမှိုနဲ့ အစွဲခံလိုက်ရပါပြီ။ ကျော်စွာ့ရင်ထဲက စကားတစ်ခွန်းက သူ့နှုတ်ဖျားကနေ လျှံကျလာခဲ့တယ်။


“ သား.. ကြိုးစားပါ့မယ် ဖေဖေ.. ”


ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

14 comments:

သူရအောင် said...

အစ်မရေ ဖတ်ရင်း နဲ့ မိဘမေတ္တာ ကို ခံစား ရမိ သလို အရှုံးကို ရင်ဆိုင်ပြီး အရှုံးထဲ ကနေ အနိုင်ပြန်ယူ နိုင်ဖို့ သခန်းစာ ပါ ရ ပါ တယ် ၊ကျေးဇူးတင်ပါ တယ် အစ်မ .၊ကျနော်တို့ဘ၀တွေ အတွက် အကျိုးရှိပါ တယ်အစ်မ၊

လ၀န်း said...

လူတွေဟာ ဒီတိုင်းပဲရှင်သန်နေကြတာပါ ..လောကမှာဖြစ်ချင်တိုင်ဘယ်သူမှမဖြစ်ပါဘူး ...ကိုယ်လိုချင်တိုင်းတာရမယ်ဆိုရင်လူတိုင်းဟာ ဘုရားဖြစ်သွားမှာပေါ့ ....ဖြစ်လေရ ဖြစ်နေတာကို အကောင်းဆုံးကြိုးစားကြတာ..ပိုကောင်းပါတယ်.........
ကျွန်တော်လဲဖြစ်ချင်တာမဖြစ်ရတဲ့ လူတစ်ယောက်ပါ.....

tin min nwe said...

အမ ရေ ကျွန်တော်လည်း အရှုံးကို ရင်ဆိုင်ရဲတဲ့ သတ္တိမရှိသေးဘူး။တခုခုကို မျှော်မှန်းထားသလောက် မရရင်
သွားပြီ စိတ်ဓာတ်က ကျနေပြီ။ကောင်းပါတယ် အမ ပို့စ်လေးက အရှုံးကို ကောင်းကောင်းကြီးရင်ဆိုင်တော့မယ်။
ဒါပေမယ့် မရှုံးအောင်လည်း ပြင်ဆင်ရမယ်။။ဒိပို့စ်လေးအတွက် ကျေးဇူးပါ အမ...........။

မြစ်ကျိုးအင်း said...

ရပ်တန့်သွားတဲ့သူကသာ တကယ်ရှုံးတာဆိုတာ အမှန်ပဲ အစ်မရေ
အသက်ရှင်ခွင့် ရှိနေသေးသ၍ ဘာမဆို ဖြစ်လာနိင်သေးတာကို ယုံကြည်ထားလို့
ကိုယ့်ကိုကိုယ် အဆုံးစီရင်တာတွေကို ကြားရတိုင်း သဘောမကျဘူး။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖြစ်ချင်တိုင်း ဖြစ်လာရတဲ့ ဘ၀ဆိုတာ ရှားတော့ ရှားမယ် ထင်တယ်..
ဘ၀မှာ အရှုံးကို ကြုံတွေ့လာတိုင်း ကျေကျေနပ်နပ် လက်ခံနိုင်သူလည်း ရှားလိမ့်မယ်
ဘ၀ကို အရှုံးပေးကြသူတွေဟာ အများအားဖြင့် မိတ်ဆွေမရှိဘဲ အထီးကျန်နေတတ်တဲ့သူတွေများတယ်..
အဲလို အရှုံးနဲ့ ကြုံတွေ့ချိန်မှာ ကိုယ့်ဘ၀ကိုအားပေးမဲ့သူ၊ ဖေးမမဲ့သူက သိပ်ကိုလိုအပ်ပါတယ်..
မိဘ၊ ဆရာသမား၊ မိတ်ဆွေကောင်း စသဖြင့်ပေါ့နော်..
အရှုံးဆိုတဲ့စကားလုံးလေးက ၂လုံးထဲပေမဲ့ အရှုံးသိပ်ကြီးလေ ခါးသီးလေ.......................

မှောင်မဲညို said...

အနိုင်မယူချင်လို့ အရှုံးပေးခဲ့တာ ကြုံခဲ့ဖူးပါရဲ့။ အရှုံးလိုချင်လို့ အနိုင်ပေးခဲ့တာလည်း ရှိခဲ့ဘူးပါရဲ့။
အနိုင်မရလို့ အရှုံးကိုလည်း ရင်ဆိုင်ခဲ့ဘူးပါရဲ့။ နိုင်ပေမဲ့လည်း ရှုံးသလိုမျိုးခံစားခဲ့ဘူးပါရဲ့။
ရှုံးပေမဲ့လည်း အနိုင်ရသလိုခံစားဘူးပါရဲ့။ အရှုံးမလိုချင်ပေမဲ့ ရှုံးပြီးရင်း ရှုံးလည်းဖြစ်ခဲ့ဘူးပါရဲ့၊
နိုင်ပြီးရင်း နိုင်တာကိုလည်း ရဘူးခဲ့ပါရဲ့။
တကယ်တော့.. အရှုံးနဲ့အနိုင်က ကျောခြင်းကပ် အတူရပ်နေတဲ့ အလွန်ချစ်တဲ့မိတ်ဆွေ နှစ်ဦးပါ၊
အရှုံးမရှိရင် အနိုင်လည်းဖြစ်လာမှာဟုတ်ဖူး။
အနိုင်မရှိရင် အရှုံးလည်း ပေါ်လာမှာဟုတ်ဖူး။

Amie said...

absolutely good post !!! that one teach me not to be afraid to face "lose" and we need family member, the one who really accompanied us, especially in tough time .....

ဟန်နာ said...

အရမ်းကောင်းတဲ့ ၀တ္ထုလေးပါ..သူက နောက်တစ်ကြိမ် ထပ်ကစားတော့ ကစားရည်လည်း တက်မလာ..နိုင်လည်း မနိုင်ပေမယ့် အရှုံးကို ပြုံးပြုံးလေး လက်ခံနိုင်တဲ့ လူတစ်ယောက်ဖြစ်လာတာ ၀မ်းသာစရာပေါ့..း)

ပြာရီ said...

ယခင်ကဒီလိုအဖြစ်မျိုးခတ်ဆင်ဆင်ဖြစ်ဖူးခဲ့ပါတယ်။စိတ်စွမ်းအားကိုထိန်းချုပ်သုံးခဲ့ရတာပေါ့။။
မင်းရဲ့အနာဂတ်ကိုမင်းပိုင်တယ်ဆိုတဲ့စိတ်မျိုးမွေးခဲ့ရတယ်။
ကို၊မောင်၊ညီ၊အဖေ၊အမေအားပေးမှုကစိတ်ကိုနိုးကြားစေတယ်။
ချစ်စရာသားနဲ့အဖေရဲ့စိတ်စွမ်းအင်ဟာအံ့မခန်းကြီးမားပါတယ်။
တယ်လီပယ်သီ နဲ့ပရိတ်သတ်ကို ငြိမ်သက်သွားစေတယ်ထင်တာပဲ။

ငြိမ်းစိုးဦး said...

စနစ်တကျ ကြိုးစားနိုင်မှု ဆီ ဦးတည်စေတဲ့ ဝေမျှချက်ပါပဲ ...
ငြိမ်းစိုးဦး

သိင်္ဂါကျော် said...

အရှုံးကို ရင်ဆိုင်ရချိန်မှာလည်း ကျေကျေနပ်နပ် နဲ့ လက်ခံတတ်ဖို့က ပိုအရေးကြီးတယ်။

အဲဒီစကားလေး ကြိုက်တယ်.. ဘာလို့ဆို အရှုံးဆိုတာလည်း တစ်ခါတလေ မဖြစ်မနေ လက်ခံရမှာမို့ပဲလေ.

ပုတ်သင်ညိုကျောက် said...

လူငယ်တွေကို အားပေးတဲ့ ဝတ္ထုလေးမို့ ကောင်းပါတယ်..
လူကြီးတွေကတော့ လောကဓံ ကိုခနခနခံရပေါင်းများလို့ အရေထူနေပြီလေ

Chit Thu Mg said...

မရေ... အရမ်းကောင်းသလို စိတ်ခွန်အားကို ဖြစ်စေတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ အရမ်းလည်း ခံစားလိုက်ရလို့ မျက်ရည်လွယ်တဲ့ဂီတော့ ငိုမိသေးတယ်။ မိဘမေတ္တာဆိုတာ လောကမှာ ဘာနဲ့မှ နှိုင်းဆလို့မရနိုင်ပါဘူး။ အားငယ်တတ်တဲ့ ဂီ့ကိုအမြဲသတ္တိရှိလာအောင်၊ စိတ်ဓာတ်တွေ ရင့်ကျက်လာအောင် လေ့ကျင့်ပေးခဲ့တဲ့ ဖေဖေ့ရဲ့ ကျေးဇူးတရားတွေကိုလည်း ပြန်လည်အောက်မေ့နေမိလို့ ဒီပညာပေးဝတ္တုလေးကို ရင်ဘတ်ထဲကနေပြီး လှိုက်လှိုက်လှဲလှဲ ခံစားသွားပါတယ်။

snow thu said...

မမရေ
ဒီပို့စ်လေးဖတ်ပြီး ရင်ထဲမှာ အားတွေရှိလာတယ်ဗျာ...
ဦးဘုန်းကျော် ပြောလိုက်တဲ့ နောက်ဆုံးစကားလေးကို ဘ၀အတွက် မှတ်ထားလိုက်ပြီ မမရေ...
ဘ၀မှာ အကြိမ်ပေါင်းများစွာ ရှုံးနိမ့်နိုင်သေးတာမို့ အရှုံးနဲ့ကြုံလာတိုင်း မမရဲ့ဒီပို့စ်လေးကို အမှတ်ရနေပါ့မယ်...

Post a Comment