
ခေါင်းညိတ်၊ ခေါင်းခါဆိုတာ ငယ်စဉ် ချိုမိုင်မိုင်စလုပ်တတ်တဲ့ နို့နံ့မစင်သေးတဲ့ကလေး ဘ၀ထဲက တတ်ခဲ့ကြတာမျိုးပါ။ စစချင်း ကလေးဘ၀မှာတုန်း ကတော့ ခေါင်းတွေညိတ်တာကို ဟုတ်တယ်၊ မှန်တယ်၊ သိတယ်။ ခေါင်းခါတာက မဟုတ်ဘူး၊ မမှန်ဘူး၊ မသိဘူးရယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်မှန်း သိလို့ ပြုမူခဲ့တာမဟုတ်ဘူး။ သဘာဝကပေးတဲ့ အလိုအလျှောက်တုန့်ပြန်တတ်တဲ့ သဘောအရ မိမိစိတ်သဏ္ဍာန်မှာ ထင်ဟပ်လာတဲ့အတိုင်း ခေါင်းညိတ်၊ ခေါင်းခါ ပြုမူမိလိုက်မိတာပါ။ အဲ့ဒီအရွယ်တုန်းက ခေါင်းညိတ်ခေါင်းခါခြင်းတွေက အပြစ်ကင်းစင်ခဲ့တယ်။ ဘာပရောဂမှ ပူးကပ်တွယ်ငြိ နေခြင်း မရှိခဲ့ဘူး။
အရွယ်ရောက်လာတော့ ကိုယ့်ရဲ့စိတ်ထဲမှန်တယ်၊ ဟုတ်တယ်၊ သိတယ်ဆိုတာကိုပြဖို့ ခေါင်းညိတ်ရမှန်း သိလာတယ်။ ဂါရ၀တရားအရဖြစ်စေ၊ လေးစားမိလို့ပဲဖြစ်စေ ဦးခေါင်းကိုညိတ်ယုံသာမက ကိုယ်ကိုကိုင်း၊ ခါးကိုညွတ်လို့တောင် ညိတ်မိတတ်လာတယ်။ ခေါင်းညိတ်ရတယ်ဆိုတာ ကောင်းတဲ့အလုပ်၊ ကိုယ့်အတွက် အဆင်ပြေမှုတစ်ခုခုရှိလာရင် ဦးခေါင်းကို ညိတ်မိလာတတ်တာမျိုးလို့ သိလာရပြန်ရော။ ဒီလိုနဲ့ ခေါင်းတွေ ညိတ်နေရင်းကနေ ခေါင်းညိတ်နေရတာကို တချို့တွေက နှစ်ခြိုက်လာကြတယ်။ သဘောကျလာကြတယ်။ ဦးခေါင်းတွေကိုပဲ တွင်တွင်ညိတ်နေချင်လာမိတယ်။ အဲ့ဒီကနေ ခေါင်းညိတ်ရတဲ့ အရသာကို စွဲမှန်းမသိစွဲလာကြတယ်။
အသက်အရွယ်အရ ဒီထက်ပိုမို ရင့်ကျက်လာရပြန်တော့လည်း ခေါင်းညိတ်သူအများအပြား ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတယ်ဆိုတာကို တွေ့သိလာရပြန်တယ်။ မိမိရဲ့လုပ်ရပ်အပေါ်မှာ ယုံကြည်မှုတွေ အပြည့်နဲ့၊ ဒါမှမဟုတ် တခြားသူတစ်ဦးဦးရဲ့ လုပ်ရပ်အတွက် မှန်ကန်တယ်ဆိုတာကို သက်သေပြဖို့ ညိတ်ခဲ့တဲ့ ဦးခေါင်းတွေကို လေးစားစိတ်နဲ့တွေ့ခဲ့ရဘူးတယ်။ အလားတူ ကိုယ်ပိုင်ခံယူချက်၊ ယုံကြည်ချက် မြူတစ်မှုန်မျှသော်မရှိပဲ အများယောင်လို့ လိုက်ယောင်၊ အမောင်တောင်မှန်း မြောက်မှန်း မသိပဲ တဆတ်ဆတ်ညိတ်ကာ အသုံးတော်ခံနေရတဲ့ ဦးခေါင်းတွေကိုလည်း အော့နှလုံးနာစွာနဲ့ တွေ့မြင်နေရတတ်ပြန်တယ်။
ဆင်ခြင်ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဥာဏ်ရှိတဲ့ ဦးနှောက်တွေ ကိုယ်စီပိုင်ဆိုင်ခွင့်ရနေကြလျှက်နဲ့ မှားတာ၊ မှန်တာ၊ ကောင်းတာ၊ ဆိုးတာ၊ ဟုတ်၏၊ မဟုတ်၏ မျက်ဝါးထင်ထင်တွေ့ မြင်နေကြလျှက်နဲ့ ညိတ်နေလိုက်ကြတဲ့ ဦးခေါင်းတွေ...။ ဦးခေါင်းတွေ..။ အနည်းဆုံးတော့ မဟုတ်တာ..၊ မမှန်တာ သိနေလျှက်နဲ့ ရေလိုက်ငါးလိုက်နဲ့ တဆတ်ဆတ်ညိတ်နေတဲ့ ဦးခေါင်းတွေထက် မိမိယုံကြည်ချက်ကို သွေဖီပြီး အခွင့်အရေးရတာတောင် လွယ်လွယ်နဲ့ မညိတ်မိစေဘဲ ဇက်ကိုခိုင်ခိုင်ထားလို့ ထောင်မတ်နေတဲ့ ဦးခေါင်းပိုင်ရှင်တွေက ပိုပြီး လေးစားစရာ မကောင်းနေဘူးလား။ အင်း... ဒီလို ဦးခေါင်းမျိုးကလည်း ရှိတော့ရှိတယ်၊ ရှားတယ်ဆိုတဲ့အမျိုးပါဘဲ။
ပတ်ဝန်းကျင်မှာ ဖောဖောသီသီတွေ့မြင်နေရတာတော့ တစ်ယောက်က ဦးဆောင်လို့ ခေါင်းငြိမ့်လိုက်တာနဲ့ ယိမ်းကသလို တစ်ပြိုင်ထဲနောက်ကနေ လိုက်ညိတ်လိုက်ကြတဲ့ ဦးခေါင်းတွေ။ ကျီးအာသီးလို အနှစ်မဲ့၊ အသိမဲ့ဦးခေါင်းခွံတွေ..။ ကိုယ်ကိုယ်ကို ဖြူမှန်း၊ မဲမှန်းမသိ ခေါင်းတွေ တွင်တွင်ညိတ်လျှက်က သူများနောက်ကနေ ခံယူချက်မဲ့ ပုဆိုးစဒရွတ်တိုက်ဆွဲလိုက်နေကြတဲ့ ပုတ်သင်ညိုလို ဦးခေါင်းပိုင်ရှင်တွေကြားမှာ နေနေရတော့၊ သူတို့ကို နှမြောစွာ.. စိတ်ပျက်စွာ.. သနားစွာ ရှိရက်က တစ်ခါတစ်ခါ ကိုယ်ကိုယ်တိုင်တောင် ရောယောင်လို့ ခေါင်းများညိတ် မိလိုက်လေသလား..လို့ ဇဝေဇ၀ါဖြစ်မိရတယ်။

ပုတ်သင်ညိုဆိုတာ တွားသွားသတ္ထ၀ါတွေထဲမှာ ထူးထူးခြားခြား ခေါင်းတညိတ်ညိတ်လုပ်တတ်တဲ့ သတ္ထ၀ါပါ။ ငယ်ငယ်တုန်းကမသိတော့ "ပုတ်သင်ညို အပျိုလိုချင်ခေါင်းညိတ် " ဆို အော်ခဲ့ကြတယ်။ ကိုယ်အော်လို့ပဲ သူတို့ခေါင်းညိတ်တယ်ထင်နေမိတာ။ ဘယ်ကသာ သူတို့ရဲ့ သဘာဝကိုက ခေါင်းညိတ်တတ်တဲ့အမျိုး။ သူတို့ရောက်တဲ့နေရာကိုလိုက်ပြီး အဲ့ဒီနေရာက အသွေးအရောင်အတိုင်း လိုက်ပြောင်းနိုင်ကြသေးတယ်။ ငါးရာ့ငါးဆယ်နိပါတ်တော်ထဲမှာ ဆွဲပြားအဆွဲခံလိုက်ရလို့ မာန်တက် ဘ၀မေ့သွားတဲ့ ပုတ်သင်ညိုကို မှတ်မိကြဦးမယ် ထင်ပါရဲ့။ ပုတ်သင်ညိုတွေဟာ အချင်းချင်းလည်း စိန်ခေါ်တိုက်ပွဲတွေ ၀င်လေ့ရှိကြတဲ့ သတ္ထ၀ါတွေပါ။ တစ်ကောင်နဲ့တစ်ကောင် မျက်လုံးချင်း အလွတ်မပေး စေ့စေ့ကြည့် နေတတ်ပါတယ်။ ကြည့်နေရင်းက ဦးတဲ့အကောင်က ဇတ်ကနဲ့ နောက်တစ်ကောင်ရဲ့ လည်ပင်းကို ခဲလိုက်ပါတယ်။ သူတို့က အဲ့လိုသာ အချင်းချင်း ရန်ဆောင်ကိုက်ခဲကြတာ။ တကယ့်တကယ်တမ်းက လည်ပင်းကို ပေါက်ပြဲသွားအောင် မကိုက်ကြပါဘူး။ ကိုက်ခဲလိုက်တဲ့အကောင်က တစ်မိနစ်လောက် ကိုက်ခဲထားပြီးရင် လွှတ်ပေးလိုက်တယ်။ အဲ့ဒီလို လွှတ်ပေးလိုက်တာနဲ့ နောက်တစ်ကောင်က အလှည့်ကျ ပြန်ကိုက်ပြန်ရော။ အံ့သြစရာက ကိုက်ခံနေရချိန်မှာ အကြောက်အကန် အပြန်အလှန်မကိုက်ကြပဲ ငြိမ်သက်စွာနဲ့ သည်းခံနေကြတယ်။ သူတို့အရှုံးပေးတော့မယ်ဆို သူတို့ရဲ့ မူလ ခန္ဓာကိုယ် အရောင်စိမ်းနေရာကနေ သူတို့နားနေတဲ့နေရာရဲ့အရောင်၊ ဥပမာ- သစ်ပင်ပေါ်နားနေရင် သစ်ပင်အရောင်ကို သဘာဝက ပြောင်းပေးလိုက်တယ်။ ဒီလိုပြောင်းသွားတာနဲ့ အရှုံးပေးလိုက်ပြီ ဆိုတာ အချင်းချင်းသိကြပြီး လွှတ်ပေးလိုက်ကြတယ်တဲ့။ ပုတ်သင်ညိုတွေက ခေါင်းညိတ်တတ်၊ အရောင်ပြောင်းလဲတတ်ယုံမျှမကပဲ အံ့သြဖွယ်ကောင်းအောင် အချင်းချင်း စာနာစိတ်ရှိနေကြပြန်ရော..။
ဦးခေါင်းတွေ တဆတ်ဆတ်ညိတ်တတ်ကြပြီး အရောင်ပြောင်းလွယ်သူများကိုတွေ့တော့ ပုတ်သင်ညိုတွေနဲ့ နှိုင်းယှဉ်စဉ်းစားမိပြီး အခုလို တွေးမိပြန်တယ်။ ကျွန်မတို့တတွေ ဦးခေါင်းကို စံနစ်တကျ ညိတ်တတ်ဖို့တော့ လိုလိမ့်မယ်ထင်တယ်နော်... လို့။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
18 comments:
အရမ်းမှန်တာပေါ့။ အမ။ဒီသဘောတရားက အခု ခေတ်အခြေအနေနဲ့ ဒီပိုစ်ကပိုကိုက်ညီတယ်လို့ထင်တယ်။ စာအရေးအသားအရမ်းကိုသဘောကျမိပါတယ်။
အင်းးးး အစ်မပြောတာ ဖတ်မိမှပဲ ကိုယ့်ကိုယ်တောင်ပြန်မေးမိတယ်
ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါလောက် မိုးခါးရေ သောက်ခဲ့ပြီးပြီလဲလို့ .....
ဒီပိုစ့်ဖတ်ပြီးချိန်မှာ အခါတိုင်းလို ကော်မန့်ကို ရုတ်တရက် ချမရေးနိုင်ဘူး.. အတော် စဉ်းစားနေမိတယ်..
ဟုတ်ပါတယ် ခေါင်းတွေကို အလွယ်တကူ မညိတ့်မိကြဖို့ လိုတယ် ဘာညာဆိုပြီး ပြီးစလွယ် မရေးလိုက်ချင်ဘူး...
ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်ရံမှာ လိုအပ်ချက်ကြောင့်သော်လည်းကောင်း ၊ မလွန်ဆန်နိုင်လို့သော်လည်းကောင်း ခေါင်းညိတ်ခဲ့ရတဲ့အခါတွေ ရှိခဲ့ဖူးလို့ပါဘဲ... လုပ်ငန်းခွင်မှာ ကိုယ်သဘောမတူ၊ ကိုယ်မနှစ်သက်တဲ့ အလုပ်မျိုး တာဝန်ပေးလာတဲ့အခါ မငြင်းဆန်သာလို့ ခေါင်းညိတ်ခဲ့ရတာ ရှိသလို လူမှုရေးနယ်ပယ်မှာ မလွဲသာလို့ သော်လည်းကောင်း၊ အားနာမိလို့သော်လည်းကောင်း၊ သံယောဇဉ်ကြောင့်သော်လည်းကောင်း ခေါင်းညိတ်ခဲ့ရတာတွေလည်း ရှိခဲ့ရပါတယ်.. သူများယောင်လို့ လိုက်ခေါင်းညိတ်ခဲ့ရတာမျိုးတော့ ငယ်ငယ်က ဖြစ်ခဲ့ဖူးတယ်.. ခုချိန်မှာရော မရှိဘူးလား မေးရင် ရှိနိုင်ပါသေးတယ်..
ခေါင်းညိတ်မိတဲ့ အချက်တွေထဲမှာ အားနာလို့ ညိတ်မိတာ၊ မလွဲသာလို့၊ မလွန်ဆန်နိုင်လို့ ၊ စဉ်းစားဆင်ခြင်ဥာဏ်နည်းလို့ ညိတ်မိတာ၊ အခွင့်အရေးလိုချင်လို့ မျက်နှာရချင်လို့ ညိတ်ကြတာတွေလည်း ရှိကြတာပါဘဲ... ဖြစ်နိုင်ရင်တော့ ကိုယ့်ယုံကြည်ချက်၊ ကိုယ်မှန်တယ်ထင်တာကို ရဲရဲရင့်ရင့် ရပ်တည်နိုင်ဖို့အတွက် ၊ ကိုယ်သဘောမတူတာကို ခေါင်းခါငြင်းဆန်နိုင်တဲ့ အခြေအနေနဲ့ပြည့်စုံလုံလောက်တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင်တော့.............. မညိတ်ချင်ဘဲ ညိတ်ရတဲ့ ခေါင်းတွေ နည်းများ သွားလေမလား........
၇သမျိုးစုံ၇တယ်အမ..................
မမမြသွေး
မမရဲ့စာတွေဖတ်ပြီးတိုင်း..
ရင်ထဲမှာတခုခုတော့ကျန်ခဲ့တယ်မမ..
STAမှာပို့စ်လေးတွေစောင့်ဖတ်သလိုမျိုး
မမအသစ်တင်မဲ့စာလေးတွေကိုစောင့်ဖတ်တက်နေပြီမမေ၇..
ဟုတ်တယ် အမ ရေ လူတွေက လိုချင်မှုနဲ့ ခေါင်းတွေညိမ့်နေကြတယ် ဒီခေတ်ကြီးကလည်း ဒီလိုဖြစ်နေတာကို။
အဲ့ဒိအထဲမှာ ကိုယ်မပါဖို့ အရေးကြီးပါတယ်။အမ စာတွေဖတ်ရတာ အရမ်းတန်ဖိုးရှိပါတယ် ကျေးဇူးတင်တယ်
စာတွေဖတ်ရလို့။
ခေါင်းညိတ်သွားတယ်....:)
ဒို့လဲ....အား..တူတူပဲ လက်ညှိုးထောင် ခေါင်းငြိမ့်
ခေါင်းလေ အသာတကြည် ဖြေးဖြေးလည်း ငြိမ့်သွားတယ်
ကဲ မမြသွေး ရေ စဉ်းစားစရာတွေက အများကြီးဘဲ ခေါင်း မငြိမ့်ချင်ဘူး သဘောကျရင်တော့ ငြိမ့်မှာပေါ့ အခုတော့ ငြိမ့်သွားတယ်
ကိုကြီးကျောက် ထောင်တဲ့ လက်ညှိုး
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ကိုက်ညီတဲ့အခါမျိုး..တပါးသူအတွက် အနှောင့်အယှက်မဖြစ်မဲ့အခါမျိုး.. တွေမှာတော့
ခေါင်းညိမ့်မိတတ်တယ်..။ စနစ်တကျမဟုတ်မဲ့အပြုအမူမျိုးနဲ့ကြုံလာတဲ့အခါမှာတော့ ဘယ်လိုမျိုးနဲ့မှ
ခေါင်းညိမ့်မိမှာမဟုတ်ပါဘူး..။ နိုင်ထက်စီးနင်းခံရမဲ့လုပ်ရပ်မျိုးမှာလည်း အလွယ်တကူခေါင်းမညိမ့်မိကြ
ပါစေနဲ့လို့ ဆုတောင်းရတော့မှာပဲ။။(ဆုတောင်းလေးပြည့်ပါရစေ..)
ချစ်တဲ့
သဒ္ဓါ
မညိတ်ချင် ညိတ်ချင်နဲ့ ညိတ်ခဲ့ရတာလည်းရှိပါတယ်
ညိတ်ချင်ပါသော်လည်း မညိတ်ပဲ အောင့်အီးပြီး ခေါင်းငုံခံခဲ့ရတာလည်းရှိပါတယ်
ခေါင်းခါခဲ့ရတာလည်းရှိပါတယ်
ဘာကိုမှ ရေရေရာရာမသိရပဲ ခေါင်းညိတ်ခိုင်းလို့ VOTE ခဲ့ရတာလည်းရှိပါတယ်
ကိုယ်သဘောမတူတာကို ခေါင်းခါငြင်းဆန်နိုင်တဲ့ အခြေအနေနဲ့ပြည့်စုံလုံလောက်တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင်တော့…………..
အဲဒီအခွင့်ကို မျှော်လင့်ပါတယ်ဗျာ
မညိတ်ချင် ညိတ်ချင်နဲ့ ညိတ်ခဲ့ရတာလည်းရှိပါတယ်
ညိတ်ချင်ပါသော်လည်း မညိတ်ပဲ အောင့်အီးပြီး ခေါင်းငုံခံခဲ့ရတာလည်းရှိပါတယ်
ခေါင်းခါခဲ့ရတာလည်းရှိပါတယ်
ဘာကိုမှ ရေရေရာရာမသိရပဲ ခေါင်းညိတ်ခိုင်းလို့ VOTE ခဲ့ရတာလည်းရှိပါတယ်
ကိုယ်သဘောမတူတာကို ခေါင်းခါငြင်းဆန်နိုင်တဲ့ အခြေအနေနဲ့ပြည့်စုံလုံလောက်တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင်တော့…………..
အဲဒီတစ်နေ့ကို မျှော်လင့်ပါတယ်ဗျာ
ဟုတ်ပါတယ်အစ်မ မှန်ပါတယ်အစ်မ အဲ...ခေါင်းညိတ်မိပြန်ပြီ
ဒီခေတ်မှာ ယုံကြည်ချက်အတွက် အဆိပ်ခွက်ကို ရွေးတဲ့ ပုံပြင်တွေ မရှိတော့ဘူးထင်ရင် မှားသွားနိင်တယ်။
ခေါင်းညိတ်တဲ့သူတွေ ဖော်လံဖား ကြပြီး ခေါင်းမညိတ်သူတွေ ထောင်ထဲရောက်ကုန်တာ ၆၅ နှစ် ဖြစ်ရတာတွေ တကယ်ရှိနေသေးတယ်။ ကိုယ့်ယုံကြည်ချက်ကို အရောင်ပြောင်း မခံတဲ့သူတွေအတွက်တော့ သေရင်တောင်
နာမည်က အမြဲကျန်ခဲ့မှာပါ။
စိတ်ဓါတ်တွေ ဖျက်ဆီးခံရတဲ့ ခေတ်မှာ မတရားတာကို အလွယ်တကူ ခေါင်းလိုက် မညိတ်ရင်ပဲ တော်လှပါပြီ။
တော်တော်လေ့ လာထားတာပဲ ...ကျွန်တော်မသိတဲ့ အရာကိုဒါလေးဖတ်ပြီး အော်..ပုတ်သင်ည်ု တွေကဒီလိုပါလားလို့ သိခွင့်ရလိုက်ပါတယ် ကျေးဇူးပါ .......
အိုဘားမားကတော့..ခေါင်းလည်းမညိတ်ဘူး။။
ခေါင်းလည်းမခါဘူး...။ ခေါင်းကိုတည့်တည့်ပဲထားတယ်။။
ဘေးကလူတွေကကြာတော့..ဘာလို့လဲ.ဆိုပြီးသိချင်လို့မေးတယ်လေ..
ရဲရဲကြိးပြန်ပြောလိုက်တယ်လေ...
............ကျွန်တော်..ဟိုနေ့ညကအိပ်တာ..ဇက်ကြောတင်သွားတယ်
ညိတ်ရင်လည်းနာနေတယ်။..ခါရင်လည်းအရမ်းနာတယ်လို`့..
ဟူး..............................................
အကြောင်းအရာလေးက လေးနက်တော့..ကွန်မင့် ပေးဖို့တောင်ခက်နေတယ်...အမရေ..
တွေးစရာတွေက..အများကြီးပါနေတာကိုး...
နောက်တခါဖတ်ပြီးမှပဲပေးတော့မယ်..
တွေးစရာပါတဲ့စာမျိုးဆို..ပိုကြိုက်တယ်..
အရောင်ပြောင်း၊ အလျှော့ပေး ၊ အေးဆေးတတ်တာ ခဏပဲဖြစ်ပါမယ်။အနိုင်ကျင့်ချင်သူရဲ့ နောက်ထပ် ဖိနှိပ်မှု က ရောက်လာ
ဦးမှာ ။ အရိယာ မဖြစ်သေးသ၍တော့ တရားသဖြင့် ပိုင်ခွင့် ကို ဆုပ်ကိုင် ရယူကြရမယ်လို့ ထင်ပါတယ် ...
ငြိမ်းစိုးဦး
Post a Comment