
ဒီနေရာလေးက စန္ဒီနဲ့ ညိုမီတို့ သူငယ်ချင်းနှစ်ယောက်အတွက်တော့ ကောင်းတယ်ဆိုတာ ထက်တောင် ပိုနေပြီလို့ ပြောလို့ရတယ်။ ဆင်ခြေဖုံး နေရာမို့ သွားရလာရတာ နည်းနည်း အလှမ်းဝေးပေမယ့် အရင် အဆောင်မှာနေရတာထက်စာရင် အများကြီး လွတ်လပ်ကာ သက်တောင့်သက်တာ ပိုရှိတယ်။ စန္ဒီနဲ့ ညိုမီနှစ်ယောက်လုံးက နယ်ကနေ ရန်ကုန်မှာ တက္ကသိုလ်လာတက်ရင်း ဆုံမိကာ ကျောင်းပြီးလို့ အလုပ်ကိုယ်စီ လုပ်နေတဲ့အထိ အတူတူတွဲဖြစ်ခဲ့ကြတယ်။ စန္ဒီက မဂ္ဂဇင်းတစ်ခုက သတင်းထောက် ပေါက်စတစ်ယောက်။ ညိုမီက မဂ္ဂဇင်းလေး၊ ဂျာနယ်လေးမှာ သရုပ်ဖော်ပန်းချီ ပုံလေးတွေ စမ်းတ၀ါးဝါးရေးနေသူ။ အရင်နေတဲ့ အဆောင်မှာ လူရှုပ်၊ အာရုံနောက်တာမို့ မိတ်ဆွေ တစ်ယောက်ရဲ့ ကူညီမှုနဲ့ ဒီအိမ်လေးမှာ သူတို့ နှစ်ယောက်စပ်တူ ငှါးနေခွင့်ရခဲ့တယ်။ အိမ်ပိုင်ရှင်က အဖိုးအိုတစ်ဦး။ ဒီခြံဝိုင်းလေးထဲမှာ သွပ်မိုးပျဉ်ထောင်အိမ်လေးနဲ့ အဖိုးက ဟိုဘက်ခန်း၊ သူတို့ နှစ်ယောက်က ဒီဘက်အခန်း။ သူတို့ပြောင်းမလာခင် ၆လလောက်မှာ အဖွားဆုံးသွားတယ်လို့ သိထားတယ်။ ဒီနေရာလေးက သူတို့သူငယ်ချင်းမ နှစ်ယောက်အတွက်တော့ နားအေးပါးအေး ဗိမ္မာန်လေးတစ်ခု။ သူတို့နှစ်ယောက်ရဲ့ အလုပ်သဘာဝအရ ညိုမီလည်း စိတ်အေးလက်အေး ပန်းချီဆွဲလို့ရသလို၊ စန္ဒီ့အတွက်လည်း ညဘက်ဧည့်ခံပွဲတွေ သွားပြီး သတင်းယူရလည်း ကိုယ့်အိမ်လိုပဲမို့ နောက်ကြောင်းအေးအေး အလုပ်လုပ် နိုင်လေတယ်။
ဒီလိုနေလာလိုက်ကြတာ တစ်နေ့တော့ ဆရာဝန်တွေက နမိုးနီးယားလို့ အမည်တပ်တဲ့ မျက်နှာစိမ်းဟာ သူ့ရဲ့အေးစက်တဲ့ လက်အစုံနဲ့ လူတွေကို ဖမ်းယူဆုတ်ကိုင်ဖို့ စန္ဒီနဲ့ ညိုမီိတို့နေထိုင်ရာ ဆင်ခြေဖုန်းရပ်ကွက်လေးထဲကို ကဆုန်စိုင်းရောက်ချလာပါတယ်။ သူ့ရဲ့လက်အစုံနဲ့ ဖမ်းယူဆုတ်ကိုင်ခံရသူ ရပ်ကွက်ထဲက လူတော်တော်များများဟာ ရောဂါဝေဒနာကို အလူးအလိမ့်ခံစားရင်း အိပ်ရာထဲမှာ လဲရလေတယ်။ ကံဆိုးသူသားကောင်တွေထဲ မှာ စန္ဒီလည်း အပါအ၀င်ပဲပေါ့။ စန္ဒီက နဂိုထဲကိုက ခပ်ပျော့ပျော့ဆိုလေတော့ ဝေဒနာကို လူးလိမ့်ခံနေရတော့တာပေါ့။ အစကတော့ ခပ်ပေါ့ပေါ့တိုပြီး ဆေးမြီးတိုနဲ့ ကုနေတော့ တဖြေးဖြေးနဲ့ အိပ်ရာက ထနိုင်ခြင်းမရှိပဲ ဗုန်းဗုန်းလဲရပါတော့တယ်။ ဖျော့တော့တဲ့ စန္ဒီရဲ့မျက်ဝန်းအစုံက ခုတင်ပေါ်မှာ လှဲလျောင်းရင်း ပြူတင်းပေါက်ကတဆင့် သရက်ပင်လေးရဲ့ ပင်စည်မှာ တွယ်ကပ်ပေါက်နေတဲ့ နွယ်ပင်လေးကို ရီဝေေ၀နဲ့ ကြည့်နေတတ်တယ်။ စန္ဒီရဲ့ ကျန်းမာရေးအတွက် တစ်ရက်တော့ လမ်းထိပ်က ဆရာဝန်ပင့်လာပြီး စန္ဒီကိုပြပေးတယ်။ ဆရာဝန်က သေချာစစ်ဆေးပေးတယ်။ သွေးပေါင်တိုင်း၊ ဆေးထိုး၊ ဆေးပေးပြီးပြန်ခါနီးမှာ ညိုမီကို အပြင်ကို ခေါ်ထုတ်ပြီးပြောတယ်။
“ သူ့အခြေအနေမကောင်းဘူး။ မိဘတွေ မရှိဘူလား။ သူ့ကျန်းမာရေး အတွက် မျှော်လင့်ချက်က ၁၀ပုံမှာ၂ပုံလောက်ပဲ ရှိတော့တယ်။ အဲ့ဒါကလည်း သူကိုယ်တိုင်ကိုက အသက်ရှင်သန်နေထိုင်ချင်တဲ့ ဆန္ဒပြင်းပျဖို့ပဲ။ သူကြည့်ရတာ သူကျန်းမာရေးအတွက်ကို စိတ်လျော့ထားလိုက်ပုံရတယ်။ သူ့မှာ စွဲလန်းနေတာ တစ်ခုခုများရှိသလား.. ” လို့ ပြောလာပါတယ်။
ညိုမီလည်း စန္ဒီအတွက် တုန်လှုပ်လျှက်က “ သူက တစ်နေ့မှာ အောင်မြင်တဲ့ သတင်းထောက် တစ်ယောက်ဖြစ်လာရမယ်လို့ စိတ်ပိုင်းဖြတ်ထားတာ။ အခုလို အိပ်ရာထဲလဲနေတော့ သူ့စိတ်ဓာတ်တွေ လုံးဝကျကုန်ရတာ ”
“ အတတ်နိုင်ဆုံးတော့ ကျွန်တော်ကုသပေးပါ့မယ်။ ဒါပေမယ့် လူနာတွေက သူတို့ကိုယ်သူတို့ သေမှာပဲလို့ တွက်ထားမယ်ဆိုရင်တော့ ပြန်ကောင်း လာဖို့ အခွင့်အရေး တော်တော့ကို ဆုံးရှုံးသွားပြီ။ ဒါကြောင့် သူရဲ့စိတ်ကို ဝေဒနာအပေါ် အာရုံမထားပဲ တစ်ခုခုအပေါ် အပြောင်းအလဲဖြစ်အောင် လုပ်ဖို့လိုတယ်။ ဒါဆို သူ့ရဲ့ အသက်ရှင်နိုင်တဲ့ အခွင့်အလမ်းက တိုးတက်ပြောင်းလဲလာနိုင်တယ်.. ”
ဆရာဝန်နဲ့ ညိုမီနှစ်ယောက် တီးတိုးပြောနေကြတာကို စန္ဒီကြားသွားလိမ့်မယ်လို့ ညိုမီ မထင်မိခဲ့ပါဘူး။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်း စန္ဒီဟာ အိပ်ရာထဲကနေ ထထိုင်နေတယ်လို့ကို မရှိတော့ပဲ အမြဲပဲ ခွေနေပါတော့တယ်။ အစာစားတာလည်း သိသိသာသာနည်းသွားတယ်။ အိပ်ရာထဲကနေ ပြူတင်းပေါက်ဆီကို မျှော်လင့်ချက် ကင်းမဲ့တဲ့ မျက်ဝန်းအစုံနဲ့ လှမ်းငေးရင်း သူ့နှုတ်က တစ်စုံတစ်ခု တီးတိုးရေရွတ်နေတယ်။ ညိုမီလည်း နှစ်ယောက်စားဖို့အတွက် ငွေလေးရဖို့ အပ်ထားတဲ့ သရုပ်ဖော် ပန်းချီလေးတွေ အားစိုက်ဆွဲနေရင်း စန္ဒီကို အကဲခတ်နေမိတယ်။
“ ၁…၂…၃…၄…၅…၆…၇…၈..၉..၁၀..၁၁..။ အင်း.. တစ်ရွက်ထပ်ကြွေသွားပြန်ပြီပေါ့.. ။ တဖြေးဖြေးနဲ့ နီးလာပါပြီလေ..”
စန္ဒီ့ရဲ့နှုတ်က တိုးဖွဖွ ရေရွတ်သံကြောင့် ညိုမီက မေးလိုက်မိတယ်။
“ နင်.. ဘာတွေပြောနေတာလဲဟင်..။ ဘာတွေနီးလာတာလဲ.. ”
စန္ဒီက ပြူတင်းပေါက်ဘက်ကို မေးလေး အသာအယာဆတ်ပြရင်း …
“ ဟိုမှာတွေ့လား..။ သရက်ပင်ကို တွယ်ကပ်ပေါက်နေတဲ့ နွယ်ပင်လေး..။ သူနဲ့ငါကဘ၀တူ။ သူ့ရဲ့ အရွက်လေးတွေက ငါ့ရဲ့ကျန်းမာရေးလိုပဲ။ တဖြေးဖြေးကြွေကျနေတယ်။ ငါသတိထားပြီး အမြဲစောင့်ကြည့်တာ။ ငါအမြဲတမ်း သစ်ရွက်လေးတွေကို ရေတွက်ကြည့်နေမိတာ။ ဒီနေ့တစ်ရွက် ကြွေသွားပြန်ပြီလေ။ ဟိုတုန်းက ဒီနွယ်ပင်လေးမှာ အရွက်တွေဝေေ၀ဆာဆာနဲ့။ ငါ့ကျန်းမာရေး တဖြေးဖြေးဆိုးလာသလို နွယ်ပင်က အရွက်လေး တွေက တဖြုတ်ဖြုတ်နဲ့ကြွေကျနေလိုက်တာ ဒီနေ့ဆို ၁၁ရွက်ပဲ ကျန်တော့တယ် ”
“ နင်ကလည်း.. ခောတ်ပညာတတ် တစ်ယောက်ဖြစ်နေပြီး ဒီလို အယူမသည်းစမ်းပါနဲ့ဟာ။ ဘာမှဆက်စပ်မှုမရှိဘူး။ နင့်ကိုယ်နင် နေပြန်ကောင်း လာအောင်သာ အားမွေးစမ်းပါ..”
ညိုမီက ဂရုဏာ ဒေါသောနဲ့ပြောပြီး စန္ဒီ့ကို ပြူတင်းနဲ့ ဝေးရာဆီရွှေ့ချင်ပေမယ့် စန္ဒီက လက်မခံခဲ့ပါဘူး။ စန္ဒီပြောတော့မှ ညိုမီတောင် တစ်ခါတစ်ရံ သရုပ်ဖော်ပန်းချီတွေဆွဲနေရင်း ပြူတင်းကနေ လှမ်းမြင်နေရတဲ့ သရက်ပင်ရဲ့ပင်စည်မှာ တွယ်ကပ်ပေါက်နေတဲ့ နွယ်ပင်လေးရဲ့ သစ်ရွက်လေးတွေ ဘယ်နှရွက်ဆိုတာ ရေတွက်မိလာတယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ စန္ဒီက ပြောလာတယ်..။
“ ညိုမီရေ.. နွယ်ပင်က သစ်ရွက်လေးက အခုဆို၁ရွက်ပဲကျန်တော့တယ်။ အခုလို တဖြေးဖြေးနည်းလာတော့ ရေတွက်ရတာတော့ သက်သာလာတယ်။ ဒါပေမယ့် ငါလေ.. ဒီလက်ကျန် သစ်ရွက်လေး ဘယ်တော့ ကြွေကျမယ်ဆိုတာကို ဆက်ပြီး စောင့်မကြည့်ချင်တော့ဘူး။ ဒီနောက်ဆုံး သစ်ရွက်လေး ကြွေကျမယ် ဆိုရင်လည်း အမြန်သာ ကြွေကျလိုက်စေချင်ပြီ။ ငါလေ.. ဒီသစ်ရွက်လေး ကြွေကျတဲ့နေ့မှာ လူ့လောကကနေ ထွက်ခွာရမယ်ဆိုတာ သိနေတယ်။ ကျေးဇူးပြုပြီးတော့ ပြူတင်းတံခါးလေးကို ပိတ်ထားပေးစမ်းပါဟာ”
“ စန္ဒီရယ်… ” လို့သာ ညိုမီတစ်ယောက် ပြောနိုင်ပြီး စန္ဒီရဲ့ ပါးပြင်ပေါ်ကို တလိမ့်လိမ့်ကျလာတဲ့ မျက်ရည်ပေါက် တွေကို လက်ဖမိုးနဲ့ သုတ်ပေးရင်း ညိုမီရဲ့ရင်ထဲမှာလည်း ချစ်တဲ့ သူငယ်ချင်း အတွက် ကြေကွဲဆို့နစ် နေမိပါတယ်။ စန္ဒီရဲ့ အခြေအနေက ညိုမီ့မျက်မြင်မို့ ရောဂါ ပိုမိုဆိုးဝါးလာတာ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။ သူ့သဘောကျ ပြူတင်းတံခါးပိတ်ပေးဖို့ ထလာရင်း ကြည့်လိုက်တော့ ဟုတ်ပါရဲ့.. တစ်ရွက်ထဲသော လက်ကျန်နွယ် ရွက်လေးက အ၀ါရောင်သမ်းကာ လေအတိုက်မှာ ကြွေမလိုလိုနဲ့ တစ်လှုပ်လှုပ်ဖြင့်။ ညိုမီက အားတင်းပြီး..
“ အို.. ဒီလို ယုတ္တိကင်းမဲ့တဲ့ အဖြစ်မျိုးကို ငါလက်မခံပါဘူး။ နွယ်ပင်က သစ်ရွက်နဲ့ နင့်ကျန်းမာရေး ဘယ်လိုမှ မပတ်သက်ဘူးလို့ ငါ ခဏခဏ ပြောပြီးသားပဲ။ ငါပြုတ်ထားတဲ့ ကြက်စွပ်ပြုတ်သာ ၀င်အောင် သောက်ပေးပါဟာ။ နင်ပြန်ကိုကောင်းလာရမယ်လို့ ငါယုံတယ် ”
စန္ဒီရဲ့ ကျန်းမာရေးက ပိုဆိုးဝါးလာတာမငြင်းနိုင်ပါဘူး။ စန္ဒီ့ကျန်းမာရေးအခြေအနေကြောင့် ညိုမီတစ်ယောက်ထဲ ရှာတဲ့ငွေက စားဖို့အတွက်ရော၊ ဆေးကုသစရိတ်အတွက်ရောနဲ့ မလောက်ငှပါဘူး။ ဒါကြောင့် လကုန်ရက် အိမ်ခလပေးဖို့တောင် အခက်တွေ့ နေရပါတယ်။ တစ်ဖက်အခန်းက အိမ်ရှင်အဖိုးကို အိမ်လခ ခဏဆိုင်းငံ့ဖို့ တောင်းပန်ရင်း အဖိုးကမေးလို့ စန္ဒီရဲ့ရောဂါအကြောင်းပြောပြဖြစ်တယ်။ စန္ဒီ့ရဲ့စွဲလမ်းနေတဲ့ နွယ်ရွက်လေး အကြောင်းပြောတော့ အဖိုးက စိတ်ဝင်တစားနားထောင်လို့။ အဲ့ဒီညက လေပြင်းတွေထန်တယ်။ အဲ့ဒီညလောက် လေထန်ပြီး မိုးတွေသည်းတဲ့ည မကြူံစဖူးဘူး။ အိပ်ပျော်နေတဲ့ စန္ဒီကို ကြည့်ပြီး ညိုမီ့မှာတော့ တစ်ရွက်ထဲကျန်နေတဲ့ နွယ်ရွက်ဝါလေး ဒီလိုမိုးနဲ့ မနက်ထိတောင် ခံပ့ါမလားလို့ တွေးပူနေမိတယ်။
မနက်အိပ်ရာနိုးတော့ ပြူတင်းတံခါးကို ညိုမီတစ်ယောက် စိတ်စောစွာဖွင့်မိတဲ့ အချိန်မှာ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့သြ၀မ်းသာသွားမိတယ်။
“ စန္ဒီရေ.. ညက မိုးကြောင့် နွယ်ပင်က နောက်ဆုံးသစ်ရွက်လေး ကြွေသွားပြီထင်နေတာ။ အခုကြည့်စမ်း။ မကြွေတဲ့အပြင် ရွက်ဝါလေးက ပြန်တောင် စိမ်းလာပါရော့လား ”
စန္ဒီက ကြည့်ချင်တယ်ဆိုလို့ ပြူတင်းတံခါးအထိ ညိုမီက တွဲပို့ပြီးပြလေတော့ အရောင် တဖြတ်ဖြတ်လက်နေတဲ့ စန္ဒီရဲ့ မျက်ဝန်းအစုံကို နေမကောင်းစဉ် ကာလအတွင်းမှာ ပထမဆုံးအကြိမ် ၀မ်းသာစရာ တွေ့လိုက်ရလေတယ်။ အဲ့ဒီတစ်နေ့လုံး မိုးတွေသည်းနေအောင်ရွာတယ်။ စန္ဒီလည်း သူ့သစ်ရွက်လေးကို အရိပ်တကြည့်ကြည့်နဲ့ပေါ့။ မိုးစက်တွေက ပြူတင်းပေါက်ဘောင်ကို ခပ်ကြမ်းကြမ်း ပက်ဖြန်းနေတယ်။ ဒါပေမယ့် နွယ်ရွက်လေးက မိုးစက်မိုးပေါက်တွေအောက်မှာ တလှုပ်လှုပ်နဲ့ ကြံ့ကြံ့ခံနေဆဲ။ နွယ်ရွက်လေးကို ကြည့်ပြီး စန္ဒီတစ်ယောက် စိတ်အားတွေ တက်လာမိတယ်။ စန္ဒီက ညိုမီ့ကို..
“ ငါလေ.. ဘယ်တော့မှ ပြန်ကျန်းမာလာတော့မယ်လို့ မထင်ထားသူပါ။ ဒီနေ့တော့ ဒီနောက်ဆုံး သစ်ရွက်လေးကို ကြည့်ပြီး ငါအားအင်တွေ ပြန်ရလာသလိုပဲ။ င့ါကို မှန်ယူပေးပါ။ ငါ့မျက်နှာကို ကြည့်ချင်တယ်။ ခေါင်းလဲဖြီးချင်တယ်။ နောက် ..မီးဖိုထဲမှာ နင် ပြုတ်ပေးမယ့် စွတ်ပြုပ်ကို နင်နဲ့ ထမင်းအတူစားရင်း သောက်ချင်တယ်.. ”
ညနေ ဆရာဝန်ရောက်လာချိန်မှာတော့ သူမလာတဲ့ နှစ်ရက်အတွင်း သိသိသာသာ အခြေအနေ တိုးတက်နေတဲ့ စန္ဒီ့ကို ကြည့်ပြီး သူ့လူနာ ပြန်လည် နလံထူနိုင်ဖို့ အခွင့်အလမ်းရသွားပြီ ဆိုတာကို သိလိုက်ရတယ်။ ညိုမီမှာတော့ ချစ်သူငယ်ချင်း စန္ဒီ့အတွက် ၀မ်းသာမဆုံးနိုင်အောင်ပါဘဲ။
…………………………….@…………………………….
စန္ဒီနလံထူလို့ တစ်ပတ်အကြာမှာ နဘေးအခန်းက အဖိုးဆုံးလေတယ်။ အဖိုးရဲ့ အိပ်ခန်းထဲမှာတော့ ပြန်ကျဲနေတဲ့ ဆေးစပ်ခွက်၊ စုတ်တံနဲ့အတူ အ၀ါနဲ့ အစိမ်းရောစပ်ထားတဲ့ ဆေးစပ်ပြားတစ်ခု။ နောက် သစ်ရွက်ပုံသဏ္ဍာန် ကိုက်ညှပ်ထားတဲ့ ပလပ်စတစ်စများ။ ခြံထဲက သရက်ပင်ခြေရင်းမှာ ကပ်ထောင်ထားတဲ့ လှေကားအိုတစ်ခု။ သရက်ပင်ရဲ့ပင်စည်မှာ တွယ်ကပ်ပေါက်နေတဲ့ နွယ်ပင်ပေါ်မှာတော့ နန်းကြိုးမျှင်နဲ့ တွယ်ဆိုင်းထားတဲ့ ပလပ်စတစ် သစ်ရွက်ကလေးက လေအတိုက်မှာ တစ်လှုပ်လှုပ်နှင့်။
အဖိုးရက်လည်ပြီး သိပ်မကြာခင်ရက်ပိုင်းမှာပဲ ညိုမီရဲ့ တိုက်တွန်းချက်နဲ့ စန္ဒီတို့ ဒီခြံလေးကို စွန့်ခွာလို့ အဆောင်အသစ်ကို ရွှေ့ခဲ့လေတော့တယ်။ နမိုးနီးယားနဲ့ ကွယ်လွန်သွားသူ အဖိုးဟာ ပန်းချီ်ဆရာတစ်ဦး ဖြစ်ကြောင်းနဲ့ သူအပြောင်မြောက်ဆုံး ရေးဆွဲခဲ့တဲ့ နောက်ဆုံးသစ်ရွက်လေးက မျှော်လင့်ချက်မဲ့နေတဲ့ လူတစ်ယောက်ကို ကယ်တင်လိုက်နိုင်တယ်ဆိုတာကိုတော့ နောက်ဆုံး သစ်ရွက်လေးအပြင် တခြားဘယ်သူကမှ သိနိုင်မယ် မထင်ပါဘူး..။
(၀န်ခံချက် - ကျွန်မကို တစ်နေ့မှာ အဖေက O. Henry ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ပေးဖတ်ခဲ့ပါတယ်။ အမှန်တော့ O. Henry ရဲ့ နာမည်ကျော် ၀တ္ထုတစ်ပုဒ် ဖြစ်တဲ့ ဒီဇာတ်လမ်းလေးကို ကျွန်မသိထား၊ ဖတ်ထားဖူးပြီးသားပါ။ ဒါပေမယ့် ပြန်ဖတ်ကြည့်မိပြန်တော့လည်း မရိုးအီနိုင်ပဲ နှစ်သက်မိရပြန်ပါတယ်။ ဒါနဲ့ စိတ်ထဲမှာ ဒါလေးကို အခြေခံလို့ ပို့စ်လေးတစ်ပုဒ်ရေးချင်လာပြန်ပါတယ်။ လက်ရှိ ကျောင်းပြဋ္ဌာန်းစာအုပ်တွေနဲ့ ကင်းကွာနေတဲ့ ကျွန်မ အတွက် O. Henry’s ရဲ့ The Last Leaf ဟာ ကျောင်းပြဋ္ဌာန်းစာ တစ်ပုဒ်ဖြစ်တယ်ဆိုတာ ဒီပို့စ်လေး တင်ကာနီးလေးတင်မှာပဲ သိခွင့်ရလိုက်ရပြန်ပါတယ်။ တင်ဖို့၊ မတင်ဖို့ စဉ်းစားရင်း နောက်ဆုံးတော့ ပြန်လည်ခံစား ရေးဖွဲ့ခဲ့တာလေးကို နှမြောမိတာမို့ တင်ဖို့ဆုံးဖြတ်ချက် ချလိုက်မိပါတော့တယ်ရှင်။ မူရင်းဝတ္ထုကပေးချင်တဲ့ အနှစ်သာရကို ထိခိုက်မိစေမယ်ဆိုရင်ဖြင့် မြသွေးနီရဲ့ အားနည်းချက်မို့ ခွင့်လွှတ်ပေးကြပါလို့.. ။ )
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
15 comments:
ဆယ်တန်းတုန်းက English Text Book ထဲမှာ ပါတယ်.. ဒါပေမယ့် ခုလိုလေး ဖတ်လိုက်ရတော့လည်း ရသ တစ်မျိုးနဲ့ ကောင်းပါတယ်...
ကျောင်းတုန်းက သင်ခဲ့ရကတည်းက ရင်ထဲမှာ စွဲနေခဲ့ရတယ်...
ဘယ်ချိန်ပြန်ဖတ်ဖတ် မရိုးနိုင်တဲ့ ဇာတ်လမ်းကလေးပါဘဲ
လူတစ်ယောက်ရဲ့ အသက်ကို ကိုယ့်အသက်နဲ့ လဲပြီး ကယ်လိုက်တဲ့ အဖိုးအိုရဲ့ စိတ်ဓာတ်မျိုးလို တော်တန်ရုံ တွေ့ဖို့ မလွယ်နိုင်ဘူးနော်.. အဖိုးအိုအတွက် ခံစားမိတယ်..
အသစ်တဖန် ပြန်ခံစားလိုက်ရပြန်တယ်...
The Last Leaf ကစွဲလန်းခဲ့ တဲ့ ဝတ္ထုတိုလေး တပုဒ် ပေါ့ ဘယ်အချိန်ပြန်ဖတ်ဖတ် မရိုးနိုင်ပါဘူး ညီမရယ် ကျေးဇူးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
တစ်မျိုးသော အရသာရှိနေတဲ့ ခံစားမှုကို ပေးပါတယ် ... ဘာသာပြန်ဆိုတာ မှီးယူရေးဖွဲ့ပုံက တစ်မျိုး ဆွဲဆောင်နိုင်ပါတယ် ...
ငြိမ်းစိုးဦး
အော်.... နောက်ဆုံးသစ်ရွက်...
တစ်ရေးရေးနဲ့ ပြန်ပေါ်လာတယ်..
အရေးအသားလေးလဲ တော်တော် ကောင်းတယ်ခင်ဗျ
ကျောင်းက သင်ရိုးတစ်ခုကို ရသစာပေတစ်ခုအနေနဲ့ ပြန်ဖတ်ရတဲ့ အရသာမျိုးတွေကလဲ
တစ်မျိုးကောင်းတာပဲနော်..
ကျောင်းသားဘ၀ကို ပြန်သတိရတယ်ဗျာ..
အဖြူအစိမ်းလေးတွေနဲ့.. အင်း..
ပြောရင်း ဘယ်တွေ ရောက်ကုန်ပြီလဲ မသိ
ဘာပဲဖြစ်ဖြစ် ကျေးဇူးဗျာ...
Mr. Barman ကြီးကို ပြန်လွမ်းသွားတယ် မမြသွေးရယ်
အဖိုးကြီးနာမည်က ဘားမန်းလို့ ထင်တာပဲ။ သူဟာကိုယ့်ရဲ့ ဟီးရိုးလေ။ ချော အကြိုက်ဆုံး အထိခိုက်ခဲ့ရဆုံး ၀တ္ထုလေးပါ။
ဒီနေရာမှာ ပြန်ခံစားခွင့်ရလို့ မမြသွေးကို ကျေးဇူးတင်ပါတယ်။
မူရင်းကော ဘာသာပြန်ပါ ကောင်းပါတယ်။ နောက်လဲ ဒီလို စာကောင်းကောင်းလေးတွေ ထပ်ဖတ်ရဖို့ မျှော်နေမယ်နော်။
ဆရာဖေမြင် ဆရာအတ္တကျော်အပြင် သိသလောက် ကျောင်းတုန်းကရယ်
ရီးဒါးိးုင်ဂျက်ထဲမှာရယ် ဖတ်ဖူးပေမယ့် ဖတ်လိုင်တိုင်း ရင်ထဲမှာ ထိရှရှနဲ့ရယ်
ဘယ်သူ့ကို သနားမိလို့ ဘယ်လို ခံစားရမှန်း မသိဘူး..
တင်ပြပေးတာ ကျေးဇူးပါ...မွန်းကြပ်လွန်းတော့ ဒီါလိုစာလေးတွေ လိုအပ်တယ်(လူတိုင်းပေါ့)
ကျောင်းသားဘဝက "The Last Leaf " လေးက သင်ပြတဲ့ ဆရာမကောင်းလွန်းလို့ ဒီနေ့အချိန်ထိ ရင်ထဲငြိနေတုန်းပဲ.....
ဘာသာပြန်တဲ့သူတွေကြားမှာလည်း ရိုးအီမသွားခဲ့ပါဘူး။
မမြသွေး ပြန်လည် အသက်သွင်းတော့လည်း ထိထိရှရှ ခံစားရတာပါပဲ။
မသေခင်အချိန်လေးမှာ အကောင်းဆုံး ပေးဆပ်သွားခဲ့တာတွေ......
မေတ္တာတရားတွေ ကို ထဲထဲဝင်ဝင် နားလည်ခံစားမိပါတယ်။
ဒီဝတ္ထုလေးအတွက် ကျေးဇူးတင်ပါတယ် အစ်မ။
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
အမရေ..မေတ္တာတရားပါဘဲလေ...
ကျမလဲနေမကောင်းဖြစ်တဲ့အချိန်တွေဆို..အဲလိုဘဲ
အားငယ်တွေးတွေဝင်လာတတ်တယ်..
ဘာမဟုတ်တာလေးတောင်ငိုချင်နေမိတာ...
The Last Leaf ကတော့ မှတ်မှတ်ရရပါပဲဗျာ ......
ကိုးတန်း တုန်းကသင်ဖူးတာလေးပဲ
ဆူဆန် တော့မှတ်မိတယ်
ဝဲသရင်းဟိုက်လေးလဲ ပြန်မှုန်းခြယ်စေချင်ကြောင်း
“The Last Leaf ”
ဆိုတာကြားတာနဲ့..စိတ်က ကျောင်းတက်တုန်းက အချိန်ကို ပြန်ရောက်သွားတယ် မမရေ..
“The Last Leaf ”က ဘယ်သူဘယ်လိုရေးရေး..ကောင်းနေဆဲပါပဲ..။
ဟုတ်တယ်အမရေ
စိတ်ကြောင့်လူတွေအသက်ရှင်နေတာ
စိတ်ဟာအကောင်းဆုးံသမားတော်ဘဲ.........
““နောက်ဆုံးသစ်ရွက်””တဲ့ ဖတ်လို့ကောင်းပါတယ်။ စိတ် ဟာ အရမ်းအရေးကြီးတယ်နော်။ အမ စာတွေ ဒိထက်မက စာတွေအများကြီး ရေးနိုင်ပါစေ။
ခင်မင်လျှက်............
ကျောင်းတုံးကဆရာမ ပြောတာထက် ပိုကောင်းတလိုဘဲဗျာ။
Post a Comment