Monday, June 28, 2010

အိမ်နီးနားချင်း





အမေမရှိတော့ကတည်းက ဒီတိုက်ခန်းလေးကို ကျွန်မတို့ မိသားစုပြောင်းလာခဲ့တာ။ ပထမထပ်ဆိုတော့ လှေကားနှစ်ဆစ်ချိုးတက်ရုံသာ။ မြို့ထဲ နဲ့လည်းနီး၊ ဈေးနီး၊ ကျောင်းနီးဆိုတော့ အဖေက ဒီအိမ်ကို ၀ယ်ဖို့ စိတ်ဆုံးဖြတ်လိုက်တာ။ အမေခေါင်းချခဲ့တဲ့ အရင် တိုက်ခန်းမှာ အဖေသာမက ကျွန်မတို့လည်း မနေချင် တော့လို့ အခု ဒီအခန်းကို အဖေ၀ယ်ယူလိုက်တော့ ကျွန်မတို့မောင်နှစ်မ သဘောတူ ထောက်ခံခဲ့တာ။ ကျွန်မအခုလို အစပျိုးနေရပေမယ့် တကယ်ပြောချင်နေတာက ကျွန်မတို့အခန်းရဲ့ နဘေးက အခန်းနဲ့ ပတ်သက်တဲ့ အကြောင်းပါ။


ကျွန်မဟာ လုပ်ငန်းခွင်ထဲမှာ ပေါင်းသင်းဆက်ဆံရေး ကောင်းသူအဖြစ် နာမည်ရပေမယ့် တကယ်တမ်း ကျွန်မရဲ့ အိမ် ပါတ်ဝန်းကျင်မှာတော့ ကျွန်မ ဟာ လူ မှုရေး ညံ့ဖျင်းသူတစ်ယောက်တောင် ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် ။ ဒီတိုက်ခန်းမှာ နေခဲ့တဲ့ ၁၀နှစ်ကျော် ကာလအတွင်း အိမ်နီးချင်းတွေရဲ့ မျက်နှာတွေကို မျက်မှန်းတမ်းမိပေမယ့်၊ သွားရင်းလာရင်း နှုတ်ဆက် ပြုံးပြဖြစ်ပေမယ့် အိမ်နီးနားချင်းတွေရဲ့ နာမည်ကို အခုအချိန်ထိ လက်ဆယ် ချောင်း ပြည့်အောင်တောင် ကျွန်မ မသိခဲ့ပါဘူး။ ရုံးဖွင့်ရက် မနက်အိမ်က ၈နာရီထွက်၊ အိမ်ကို ညနေ ၆နာရီခွဲပြန်ရောက်။ ပိတ်ရက်ဆိုလည်း အိမ်ထဲက အိမ်ပြင်တောင် ထွက်ခဲသူ၊ ကုန်ကုန်ပြောရရင် ကိုယ့်ဘေးက အခန်းမှာ ဘယ်သူတွေနေတယ်ဆိုတာတောင် ဂဃဏန မသိတာမို့ ပေါင်းသင်းဆက်ဆံ ရေး ညံ့ဖျင်းသူလို့တောင် ဆိုလို့ရနိုင်ပါတယ်။ အခု ဘေးက အခန်းကတော့ ပြောင်းလာတာ ၂ပါတ်လောက်သာ ရှိသေးတာက လွဲလို့ကျန်တာကျွန်မ ဘာမှ မသိ။ လူဘယ်နှစ်ယောက်ပါမှန်းမသိ။ နာမည်တွေဆို ဝေလာဝေး။


တစ်နေ့မနက်မှာ ကျွန်မရုံးသွားဖို့ အိမ်တံခါးဖွင့် ခြေတစ်လှမ်းထွက်လိုက်ယုံ ရှိသေးတယ် ဆိုးဝါးတဲ့ အနံ့ဆိုးတွေက နှာခေါင်းဝကို အလုံးအရင်းနဲ့ လှိမ့်ဝင်လာပါတယ်။ ကြည့်လိုက်တော့ အခန်း၂ခန်းရဲ့ အလယ်မှာတောင် မဟုတ်၊ ကျွန်မတို့ရဲ့ အခန်းဘက်နားလို့ ဆိုလို့ရလောက်တဲ့ အခြမ်းမှာ ဒူးရင်းသီး အခွံတွေကို ပစ်စလက်ခတ် ပစ်ထားတာ ယင်တစ်လောင်းလောင်းထလို့။ စောစောစီးစီး ရုံးသွားခါနီး ကြည်လင်နေတဲ့ စိတ်ကလေး နောက် သွားပါရော။ အိမ်မှာက အမှိုက်တွေဆို နေ့စဉ် ညပိုင်းမှာ လမ်းထိပ် အမှိုက်ပုံသွားပစ်နေကြ။ ကုန်ကုန်ပြောရရင် အိမ်ထဲက ဖုန်၊ သဲတောင် အပြင် လှေကားကို လှဲမထုတ်ပဲ ဂေါ်ပြားနဲ့ ကြုံးပြီးမှ အမှိုက်ပုန်းထဲ လွှင့်ပစ်တာ။ နောက် ဒူးရင်းသီးကလည်း အိမ်မှာ ဘယ်သူမှမစား။ မတော် ကျန်တဲ့ အပေါ် ၄ထပ်၊ အခန်း ၈ခန်းက လူတွေ အဆင်းအတက်လုပ်ရင်းတွေ့ရင် ကျွန်မတို့ အိမ်ကပဲ ပစ်စလက်ခတ် ပစ်ထား သယောင်ယောင် မထင်သွား နိုင်ဘူးလား။ စိတ်ထဲထောင်းကနဲ ဖြစ်သွားပေမယ့် ရုံးချိန်နောက်ကျမှာ စိုးလို့ မြိုသိပ်ပြီး ထွက်လာခဲ့ရတယ်။ ညနေ အိမ်အပြန်မှာတော့ သိချင်စိတ် တွေနဲ့ ကျွန်မလှေကားကို တက်ခဲ့တယ်။ ဟင်... အမှိုက်တွေက ပုံစံမပျက် ဒီအတိုင်းပါပဲလား။ ဆေးပေါ့လိပ်အခွံတွေ၊ စက္ကူစုတ်တွေတောင် အဆစ်ပါ လိုက်သေး။ ဒူးရင်းသီးအခွံတွေက ယင်တ၀ဲဝဲနဲ့ အနံ့တထောင်းထောင်းထလို့။ ကျွန်မ သည်းခံလိုစိတ် ကုန်ခမ်းသွားပြီ။ လူက ရုတ်တရက် တစ်ဖက် အခန်းရှေ့ကို ရောက်သွားပြီး တံခါးကို ခေါက်လိုက်မိတယ်။


“ ဒေါက်… ဒေါက် …ဒေါက် ”


အသက် ၃၀ခန့် အမျိုးသမီး တစ်ဦး ကလေးချီလို့ တံခါးလာဖွင့်ပေးတယ် ။ သူ့ကို မျက်နှာတော့ မြင်ဘူးထားတယ်။ နာမည်တော့မသိ။


“ ဒီမှာ.. အမှိုက်တွေကို စံနစ်တကျ စွန့်ပစ်လေ။ အပြင်မှာ ဒီလို ပြီးစလွယ်ပစ်တော့ ရောဂါလည်း ရနိုင်တယ်။ နောက်ပြီး ပစ်ထားတာကလည်း ကြည့် ဦး။ ကိုယ့်ဘက်အခြမ်းမှာတောင်မဟုတ်ဘူး။ ဒီဘက် အခြမ်းမှာတောင် ရောက်နေပြီ ”


“ ဟုတ်ကဲ့.. ဟုတ်ကဲ့..  လူမရှိသေးလို့။ သိမ်းလိုက်မယ် အစ်မ ..။ ကလေးတဖက်နဲ့မို့ပါ.. အားနာလိုက်တာ ”


ဟွန်း.. အားနာပေလို့သာဘဲ.. ။ အခုလို ပြောလိုက်ရလို့ နေသာသလို ရှိသွားပေမယ့် ကိုယ့်အခန်းဘက်သာ ပြန်ရောက်လာတယ်။ စိတ်ထဲတနုံ့နုံ့နဲ့။ ညမအိပ်ခင် တံခါးဖွင့်ကြည့်လိုက်တော့ ဒုံရင်းက ဒုံရင်း။ ဒါနဲ့ မနက်လည်း မိုးလင်းရော ဒေါကန်ကန်နဲ့ ဂေါ်ပြားနဲ့ကြုံးလို့ ပလတ်စတစ်အိတ် အ ဟောင်းတစ်ခုထဲ ကောက်ထည့်။ မနက် ဈေးနားက အမှိုက်ပုံမှာ သွားပစ်လိုက်တယ်။ စိတ်လည်းတော်တော် ပျက်မိသွားတယ်။ တံခါးတော့ ထပ်မ ခေါက်ချင်တော့။ တွေ့လို့ကတော့ ပြောထည့်လိုက်ဦးမယ်လို့ တေးထားလိုက်မိတယ်။  ဖြစ်ချင်တော့ အဲ့ဒီညနေ ရုံးက ပြန်ရောက်တော့ ဘေးခန်းက ကလေးအမေကို ကလေးချီလျှက်က လှေခါးအောက်မှာတွေ့လိုက်တယ်။ သူက ပြုံးပြီး ..


“ အစ်မ.. အလုပ်က ပြန်လာပြီလား.. နောက်ကျတယ်နော်.. ”


“ ဟုတ်ကဲ့.. ”


ကျွန်မရဲ့ ဟုတ်ကဲ့က ၀တ်ကျေတမ်းကျေမှန်း ကိုယ့်ဟာ ကိုယ်သိတယ်။ ကျွန်မအသာ သူ့ကို ကျော်ဖြတ်လို့ လှေကားအတိုင်း အိမ်ပေါ် ကို တက်ခဲ့တယ်။ ဟင်.. စက္ကူအမှိုက်တွေ၊ အပေါ့စားလေအိတ် ဖောင်းထားတဲ့ မုန့်ထုတ် အခွံတွေ၊ ဆေးပေါ့လိပ် ဖင်စီခံတွေ မနက်က ရှင်းထားပေး တဲ့ နေရာမှာ ပြန့်ကျဲလို့ ရှိနေပြန်ပါရောလား။ မောမောနဲ့ အိမ်ပြန်အလာ ကျွန်မရင်ထဲ ကလိကလိ ဖြစ်သွားရပြန်တယ်။ ကျွန်မရဲ့ အခန်းကိုရောက် တော့ လက်ထဲက ထမင်းဘူးထည့်တဲ့ ခြင်းကို ကုလားမနိုင် ရခိုင်မဲလို့ စောင့်ချလိုက်မိတယ်။ ဒေါသစိတ်ကြောင့် ရင်က ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေပြီ။ ကျွန်မစဉ်းစားနေမိတယ်။ ငါ.. တံခါးခေါက်ပြီး သွားပြောလိုက်ရင် ကောင်းမလား။ အကယ်လို့ ဟိုနေ့ကလို ဟုတ်ကဲ့.. ဟုတ်ကဲ့နဲ့ချွေးသိပ်လိုက်ပြီး နောက်တစ်နေ့ ဒုံရင်း၊ ဒုံရင်းပဲ ပြန်ဖြစ်နေရင်ရော..။ ဟို မိန်းမက အောက်မှာ ကလေးဆင်းထိန်းနေတော့ အထဲက တစ်ယောက် ယောက်က ငါ့ကိုများ မခြေမငံပြန်ပြောရင် ငါလည်း သည်းခံနိုင်မှာမဟုတ်လို့ ခွန်းကြီးခွန်းငယ်တွေ ဖြစ်ကြရင် ရှက်စရာ။ ခွန်းကြီးခွန်းငယ်ပြောရတာလောက် ရှက်ဖို့ ကောင်းတာမရှိဘူး။ မပြောပဲ ဒီတိုင်းထားလိုက်ပြန်တော့လည်း နေ့တစ်ဓူဝ အခုလို စည်းမဲ့ကမ်းမဲ့တွေ လုပ်နေရင် ဒုက္ခပါဘဲ။ အို.. တော်ပါပြီ။ မပြော တော့ပါဘူး။ တစ်ရက်၊ နှစ်ရက်လောက် ငါစောင့်ကြည့်လိုက်ဦးမယ်။ ကျွန်မရဲ့ ဒေါသကို ကျွန်မရဲ့ အသိစိတ်က ချွန်းအုပ်လိုက်မိတဲ့ အချိန်မှာတော့ ရင်ထဲက ဒေါသတွေ လျှောကနဲ ကျသွားပါတယ်။


နောက်တစ်နေ့ မနက်ဈေးဝယ်တော့ အမှိုက်တွေက အခန်း၂ခန်းရဲ့ အ၀မှာ ဒုံရင်းကဒုံရင်းသာ။ ဒါနဲ့ ဒီလူတွေကို တစ်ခုခုတော့ ပညာပေးမှ ရချေ တော့မယ်။ ဈေးထဲက ၀ယ်နေကြ ပဲပင်ပေါက်သည်ဆီက နှီးနဲ့ယက်ထားတဲ့ တစ်ပေခွဲအမြင့်၊ အချင်းတစ်ပေလောက်ရှိတဲ့ အ၀ကျယ် အဖုံးပါတဲ့ ပလုံးတစ်ခုကို တောင်းယူလာပြီး ဈေးက ပြန်ရောက် ရောက်ခြင်း ဈေးခြင်းတောင်းလေး ဘုတ်ကနဲချ၊ အမှိုက်တွေကို သိမ်းကျုံးလို့ ပလုံးထဲထည့်၊ အဖုံးလေး အုပ်ထားလိုက်ပြီး သူတို့ အခန်းဘက်နားက နံရံနားမှာ အသာကပ်လို့ ထားလိုက်တယ်။ ဆိုလိုချင်တာက အမှိုက်တွေကို ဒီလို စံနစ်တကျ ကျုံးပြီး စွန့်ပစ်ရတယ် ဆိုတာ ပညာသားပါပါ သတိပေးလိုက်တာ။ သန့်ရှင်းသပ်ရပ်သွားတဲ့ အခန်းနှစ်ခန်းကြားက နေရာလေးကိုကြည့်ပြီး ကျွန်မ လည်း ကိုယ့်လုပ်ဆောင်ချက် ကိုယ်သဘောကျသွားတယ်။ ဒီလောက်ဆို တဖက်ခန်းကဟာတွေ သဘောတော့ ပေါက်လောက်ပါပြီ ဆိုပြီးတော့ပေါ့။


အဲ့ဒီနေ့ ညနေ ကျွန်မ ရုံးကပြန်ရောက်တော့ အခန်းဝက အမှိုက်ပုံးလေးဆီ အကြည့် ချက်ချင်းရောက်မိတယ်။ အမယ်.. မဆိုးပါလား။ မနက်က အတိုင်း ပုံမပျက် သန့်ရှင်း သပ်ရပ်လို့။ ကျွန်မတော်တော် သဘောကျသွား တယ်။ အိမ်က လူတွေကတောင် ကျွန်မကို ချီးမွမ်းခန်းဖွင့်နေသေးလို့ ကျွန်မမှာ ပုထုဇဉ်ပီပီ ကျေနပ်မိလိုက် သေး။ ကျွန်မအိမ်က လူတွေကသိပေမယ့် တဖက်ခန်းက လူတွေကတော့ အမှိုက်ပုံးလေးကို ကျွန်မလုပ်တာ သိချင်မှ သိလိမ့်မယ်။ သူတို့သိဖို့ ကျွန်မက တကူးတကန့် သွားပြောဖို့ မလိုအပ်ဘူးထင်တာဘဲ။ ဘာလို့လည်းဆိုတော့ သူတို့ကို ဒီအမှိုက်ပုံးလေး ကျွန်မလုပ်ထားပါလို့ ပြောဖို့ထက်က ဒီအမှိုက်ပုံးလေး အထဲမှာ အမှိုက်စွန့်ပစ်ရမှာကို သူတို့သိနေဖို့က ပိုအဓိကကျတယ်လို့ ကျွန်မထင်လို့ပါ။ သူတို့ကလည်း ကျွန်မထင်သလောက် မနုံလှပါဘူး။ ဘာလို့ ဒီလိုပြောရသလဲဆိုတော့ ဒီအမှိုက်ပုံးလေးထဲမှာ သူတို့ အမှိုက်တွေစွန့်ပစ်ထားလို့ပေါ့။


ဒီလိုနဲ့ နောက်ရက်တွေ ကျွန်မအပြင်ထွက်ဖို့ တံခါးဖွင့်ရင် ရံဖန်ရံခါ သူတို့ အမှိုက်ပုံးလေးထဲမှာ အမှိုက်ရောရာတွေ စွန့်ပစ်လို့၊ အဖုံးလေးကို ပြန်အုပ်လို့ တွေ့ရတယ်။ ကျွန်မလည်း အိမ်တံခါးဖွင့်ချိန်၊ အိမ်ပြန်ရောက်ချိန် အမှိုက်ပုံးလေးနဲ့ အမှိုက်တွေ သန့်ရှင်းကာ နေသားတကျ ဖြစ်နေ လို့အရင်ကလို သိပ်ဂရုမစိုက်မိပြန် တော့ဘူး။ မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြန်တယ်။


ဒီလိုနဲ့ ရက်သတ္တ တစ်ပါတ်လောက်ကြာလာတဲ့ တစ်နေ့။ ရုံးအပြန် လှေကားက တက်လာရင်း အမှိုက်ပုံးဆီ မျက်စိက ခလုပ်တိုက်မိသွားတယ်။ အလို.. အမှိုက်ပုံးက အဖုံးမရှိတော့ပြန်ပါလား။ အမှိုက်တွေကလည်း နှီးပလုံးထဲ လျှံနေယုံသာမက ဘေးနားတွေမှာလည်း ဟိုတစ်စ၊ ဒီတစ်စ။ ပိုဆိုးတာက အသီးအခွံတွေ၊ ကန်ဇွန်းရွက် အရိုးထိုးထိုးထောင်ထောင်နဲ့ မီးဖိုချောင်စွန့်ပစ်အမှိုက်တွေက ကြွပ်ကြွပ်အိတ် တစ်လုံးနဲ့ အမှိုက် ပလုံးရဲ့ ဘေးနား မှာရှိလို့။ ကျွန်မ ၀ူး..ကနဲ သက်ပြင်းချလိုက်မိတယ်။ တော်လှ၊ တော်လှနဲ့ ပြောလို့မှ မဆုံးသေး ယောင်းမမြင်းစီး ထွက်ပြန်ပါပကော..။ ဒါနဲ့ ကျွန်မ လည်း ဒင်းတို့ကို ပြောနေလေကုန်တယ် ခဏနေ လှဲကျင်းဦးမှပဲ ဆိုပြီး အ၀တ်အစားလဲ အမောဖြေပြီး တအောင့်နေတော့ တံမျက်စည်း ကိုင်ကာ ထွက်ခဲ့ပါတယ်။ ကျွန်မ တံမျက်စည်း၊ ဂေါ်ပြားကိုင်ထွက်လာတော့ တဖက်ခန်းအိမ်က တံခါးဖွင့်လျှက်၊  ကလေးအမေက  ထုံးစံအတိုင်း ကလေးကို ချီထားလျှက်က...


" အစ်မ... ပေး... ပေး... ကျွန်မလှဲပေးမယ်။ နေ့လည်ထဲက လှဲမလို့ပဲ အစ်မရေ..မအားနေတာနဲ့ ခုထိကို မလှဲဖြစ်သေးတာ " ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကျွန်မလက်ထဲ သူ့ကလေးငယ်ကို ထိုးထည့်လို့ ဇိုးဇိုးဇတ်ဇတ်နဲ့ ချထားတဲ့ တံမျက်စည်းနဲ့ အမှိုက်တွေကို သိမ်းကြုံးလှဲနေပါလေရော..။ အမှိုက် တွေသာ ပွထနေအောင် ပုံထားတာ။ တံမျက်လှည်းတော့ တော်သား။ တခဏချင်း ပြောင်စင်သွားလို့ စိတ်ထဲ ကျိတ်လို့ အမှတ်တောင် ပေးလိုက်မိ တယ်။ ကျွန်မလမ်းထိပ်က အမှိုက်ပုံမှာ သွားပစ်လိုက်မယ်။ ခနလေးနော် အစ်မ ဆို ပြီး ကလေးနဲ့ ကျွန်မထားခဲ့လို့။ ကျွန်မမှာ ယောင်နနနဲ့ အဟင့်.. အဟင့်နဲ့ ငိုမဲ့ချင်နေတဲ့ လက်ထဲက ကလေးငယ်ကို တစ်ကျွတ်ကျွတ်မြှူရင်း လှုပ်ချော့ရင်း သူပြန်အလာကို စောင့်နေရပါတော့တယ်။  ပြီးသွား တော့ ကိုယ့် အခန်းဖက် ပြန်မ၀င်ခင် ကျေးဇူးပဲနော်လို့ သူ့ကိုတောင် ကျွန်မက ပြန်ပြောမိလိုက်သေး။ ရယ်ဖို့တော့ ကောင်းသားနော်။


ဒီလိုနဲ့ ကျွန်မအခန်းဝက အမှိုက်ပုံလေး အကြောင်းပြုပြီး တစ်ဖက်ကအခန်းနဲ့ ကျွန်မ မျက်မှန်းတမ်းလာ မိတယ်။ သင်္ကြန် အိမ်မှာ မုန့်လုံးရေပေါ် လုံးဝေတော့ သူ့တို့ အိမ်လည်းကျွန်မပေးဖြစ်တာပေါ့။ သူကလည်း အစ်မ အတွက် တရော်များများနဲ့ စပရှယ်ဆိုပြီး တရော်ကင်ပွန်းသီး ခေါင်းလျှော် ရည်ထုတ် ပြန်လာပေးတယ်။ တစ်ခါတစ်ခါ မီတာဘောက်ချာလာပေးလို့ ကျွန်မတို့အိမ်လူမရှိရင် သူက ယူထားပေးတယ်။ သူတို့ နယ်က ဒေသ ထွက် အစားအစာတွေ ရန်ကုန်ပါလာရင် တံခါးခေါက်လာပေးပြန်ရော။ အားနာတတ်တဲ့ စိတ်အခံနဲ့ မယူချင်ဘူးလို့ ငြင်းလို့ကလည်း မကောင်းဆို တော့ ကျွန်မလည်း ယူထားရတာပေါ့။


ဒီလို ဆက်ဆံရေး လေးတွေ တိုးတက်လာနေပေမယ့် လှေကားထိပ်မှာ အမှိုက်တွေက မသေမသပ်စွန့်မြဲပါဘဲ။ နောက်ပိုင်း ကွမ်းတံတွေးတွေပါ ပြီးစလွယ်ထွေးလာတော့ ကျွန်မရဲ့ ငုံ့လျိုးနေတဲ့ သည်းခံစိတ်လေးတွေက ပြန်အညွန့်တက် ချင်လာပြန်တယ်။ ကွမ်းတံတွေးတွေကို ရေတစ်ပုံးနဲ့ အုန်းတံမျက်စည်း တရှဲရှဲနဲ့ ရေဆေးချ ပြန်တော့ တံခါးလေး အသာဟကြည့်ပြီး မသိချင်ယောင်ဆောင်နေပြန်ရော..။ ဒါနဲ့ ကျွန်မလည်း နောက်တစ် နေ့ လှေကားထိပ်မှာ အမှိုက်စံနစ်တကျစွန့်ပါ၊ ကွမ်းတံတွေးမထွေးရ။ သန့်ရှင်းမှုနဲ့ ကူညီပါ... ဆို စိတ်ပေါက် ပေါက်နဲ့ ရုံးကနေ စာတစ်စောင် ကွန်ပြူတာစီလာ။ ပလပ်စတစ်လောင်းလို့ အခန်း၂ခန်း အကြားက အုတ်နံရံ မှာ စိတ်ပေါက်ပေါက်နဲ့ ကပ်ထားလိုက်တယ်။ အဖေကိုလည်း " အဖေရေ  သမီးတော့ ဒီအခန်းမှာ မနေချင်တော့ဘူး။ ပြောင်းကြရင်ကောင်းမယ်ထင်တယ် " လို့ စပြောမိတယ်။ အဖေကတော့ တုံဏှိဘာဝေ။


ဒီလိုလုပ်လို့ မှတ်သွားမလား မထင်ပါနဲ့။ နောက်နေ့ ကျွန်မ အိမ်ရှေ့ ၀ရန်တာ အ၀တ်ထွက်လှမ်းတော့ သူက ကလေးထိမ်းရင်းက  သင်ပုန်းကြီး စာဖတ်သလိုမျိုး ကျွန်မရဲ့ စာကို အသံထွက်ဖတ်နေသေး။ အမှိုက်တွေက လည်း ပွထမြဲ ပွထဆဲ။ ကွမ်းတံတွေးတွေကလဲ ထွေးမြဲ။  တခြား အပေါ်ထပ် မှာနေသူတွေ၊ ဒီတိုက်ခန်းကို အလည်လာသူတွေတောင် ဒီအခန်းရှေ့မှာ အမှိုက်တပုံပုံ၊ ယင်တလောင်းလောင်းနဲ့ကို သတိပြုမိနေကြပြီ။ အပေါ်ထပ် ကဆင်းလာရင်၊ အပေါ်ထပ်ကိုတက်ရင် နှာခေါင်းလေး တစ်အုပ်အုပ်နဲ့ သူတို့သိနေကြလေပြီ။ ကျွန်မလည်း အဖေ့ကိုညည်းမိတော့ အဖေက ကျွန်မ ထက်တောင် အားနာတတ်လွန်းတော့ သည်းခံလိုက်ပါ သမီးရယ်။ မနေနိုင် ကိုယ်က ၀င်လှည်းပေးလိုက်၊ ကုသိုလ်ရတယ် တဲ့။


ဒီထက်ပိုဆိုးတာ တစ်ခုက တစ်နေ့ ကလေးအမေက ကျွန်မရုံးသွားနေတုန်း ကလေးချစ်တတ်တဲ့ အဖေ့ကို ကလေးနဲ့ စကားစမြည်ပြောစေပြီး ကျွန်မတို့အခန်းထဲဝင်ထိုင်၊ နောက် စာဖတ်ဝါသနာပါလို့ စာအုပ်တွေ ငှါးဖတ်ပါရစေဆိုပြီး ဧည့်ခန်းက အဖေ့စာအုပ်စင်က စာအုပ်တွေ ငှါးသွား ပါလေရော။ ဒါနဲ့ စာအုပ်အကြောင်း ပြပြီး ကျွန်မ မရှိချိန် စာအုပ်ဖတ်ပြီးသားတွေ လာထား၊ အသစ်တွေထပ်ယူနဲ့ ဇာတ်လမ်းတွေ ရှုပ်လာပြန်ရော။ အဖေကလည်း စာဖတ်သူတိုင်းကို အားပေးနေကြဆိုတော့ သူဖတ်ပြီး ပြန်လာထားနေတာပဲ သမီးရယ်... ဖတ်စမ်းပါစေလို့ပြောလာလို့ အဖေနဲ့ ကျွန်မ နောင်ဂျိန်ချရပြန်ရော။ ဒီလောက် စာအုပ်ဖတ်ဖို့ အချိန်ရရင်၊ ဒီလောက် စာပေဗဟုသုတရှိနေရင် လှေခါးထိပ် စည်းမဲ့ကမ်းမဲ့ အမှိုက်မပစ်ဖို့ အသိ၊ အမှိုက်လှဲဖို့ အချိန်တော့ သူ့မှာ ရှိသင့်တာပေါ့ အဖေရ ..ဆိုပြီး ကျွန်မက အထွန့်တက်တော့ အဖေက " အဲ့ဒါ ငါ့စာအုပ်တွေဟေ့.. ငါပေး ဖတ်ချင်သူ ပေးဖတ်မယ် " ဆိုလို့ အဖေ့ကို ကျွန်မ စိတ်တွေဆိုးလို့ စကားတောင် ၂ရက်လောက် ကောင်းကောင်းမပြောနိုင်ဘူး ဖြစ်ရတယ်။


နောက်တစ်ခါ တစ်ရက် တံခါးလာခေါက်လို့ ကြည့်လိုက်တော့ တဖက်ခန်းက ကလေးအမေ။ " အစ်မ.. ငွေလေး ၅သောင်းလောက် ခဏလှည့် ပါလားဟင်။ ညနေပြန်ပေးပါ့မယ်တဲ့ " ။ ဒုက္ခော ။ မနက်ကတင် မိန်းမတစ်ယောက် အော်ကြီး ဟစ်ကျယ်နဲ့ ညည်းငါ့ငွေတွေ အတိုးလည်း မပေး၊ အရင်းလည်းမဆပ်နဲ့၊ ညည်း.. ငါ့အကြောင်းကောင်းကောင်းသိမယ်ဆို  သူတို့ အခန်းရှေ့မှာ ပွဲတွေ ကြမ်းသွားခဲ့တာ။ အခုသူက ကျွန်မဆီမှာ ငွေလာချေးလို့ ..။ ကျွန်မလည်း " လောလောဆည် ငွေအဆင်မပြေဘူး၊ အဓိကက ချေပြီးတိုင်း ဆုံးလို့ ဘယ်သူမှကို မချေးတော့တာ..။ စိတ်မရှိ ပါနဲ့နော်.." လို့ ပြောင်ပြောင်ပဲ ပြောငြင်းလိုက်ရတယ်။  အဖေ့ကိုလည်း အဖေရေ.. တွေ့တယ်နော်။ သတိလေးနဲ့နေလို့ပြောတော့.. " သမီးပြောမှာ စိုးလို့။ အဖေ့ကိုလဲ မနေ့က လာချေးသေးတယ်။ အဖေက အဖိုးကြီး ၀င်ငွေမရှိဘူး။ နင့် အစ်မပြောကြည့်လို့ ပြောလိုက်တယ် " တဲ့။ ကောင်းရော။


ဒါပေမယ့် တစ်နေ့တော့ အဖေကိုယ်တိုင်လည်း လက်ခံသွားတယ်။ သူ့ မိတ်ဆွေဆီက ငှါးလာတဲ့ ဘာသာပြန် စာအုပ်တစ်အုပ်ကို မပြောမဆို ယူသွားလေတယ်။ အဖေကတော့ ပုံမှန် စာအုပ်စင်က စာအုပ်ယူဖတ် တယ်ပဲ ထင်တာ။ သူ့ရဲ့ ဖတ်လက်စစာအုပ်ကို အခုလို အသိမပေးပဲ ယူသွားလိမ့်မယ် မထင်မိဘူး။ ဒါနဲ့ပျောက်လို့ တစ်အိမ်လုံး ရှာလိုက် ကြရတာ နေရာအနှံ့။ ဘယ်မှာမှမတွေ့။ အဖေက မေ့တတ်သူ။ ဒီရက်အတွင်း သူအပြင်သွားခဲ့သမျှ နေရာ တွေမှာ လိုက်ရှာ။ သူထိုင်တဲ့ လက်ဖက်ရည်ဆိုင်၊ သူပြတဲ့ ဆေးခန်း၊ သူ့ စစ်ဘုရင်ထိုးတဲ့ သူ့မိတ်ဆွေ အိမ်၊ နောက် သူ့ရုံးခန်း .. အို စုံနေ၊ နှံ့နေ တာပါဘဲ။ နောက်ဆုံး ၃ပါတ်လောက် ရှိလာတော့ စာအုပ်ကို အစားပြန်ဝယ်ဖို့ ရှာပြန်တော့ ရှားပါးစာအုပ်ဆိုတော့ ဘယ်လိုမှ ၀ယ်လို့မရ။ ဒါနဲ့ ကျွန်မက အဖေ့ကို " အဖေ.. တဖက်ခန်းကများ ယူသွားသေးလား မသိဘူး.. မေးကြည့်ဦး " လို့ ပြောတော့ အဖေလည်း လူကြီး တန်မဲ့ တဖက်ခန်း တံခါး သွားခေါက်ရတယ်။ အဖေပြန်လာလို့ ဘာပြောလဲ မေးကြည့်တော့ ရှာကြည့်ထားပေးမယ် ဆိုသတဲ့။


နောက်တစ်နေ့ ညနေ၊ ကျွန်မ အလုပ်က ပြန်ရောက်လို့ သိပ်မကြာသေးခင် တံခါးခေါက်သံကြားလို့ ဖွင့်လိုက်တော့ တဖက်ခန်းက ကလေးအမေ။ လက်ထဲမှာက စာအုပ်တစ်အုပ်။ အဖေပျောက်သွားတဲ့ စာအုပ် ။ " ကုတင်ကြားထဲကျနေတာ.. အားနာလိုက်တာ အစ်မရယ် " ..တဲ့။ ဒီတစ်ခါတော့ ကျွန်မ အားမနာနိုင်တော့ဘူး ။ " " ဒီမှာ.. စိတ်တော့မရှိနဲ့.. နောက်ဆို တို့အခန်းက စာအုပ်တွေ လာလာပြီး ယူမဖတ်နဲ့တော့.. စည်းကမ်းမရှိရင် လုံးဝကို မကြိုက်တာ.. လုံးဝ သည်းမခံနိုင်တော့ဘူး " လို့ ပြောင်ပဲ ပြောထည့်လိုက်ပြီး သူလည်း လှည့်ထွက်သွားရော တံခါးကို ဂျိုင်းကနဲပဲ ပိတ်ထည့်လိုက်မိ တော့တယ်။ ဒီတစ်ခါတော့ အဖေက ကျွန်မကို လုံးဝမှ မတားလေတော့။


နောက်ရက်တွေ အဖေကထိုင်နေကျ လက်ဖက်ရည်ဆိုင်မှာ လာထိုင်တဲ့ အိမ်ပွဲစားဆီက ရလာတဲ့ သတင်းတွေအရ  သူတို့က ဒီနားက တိုက်ခန်း တွေမှာ နှစ်ချုပ် အခန်းငှား နေလိုက်၊ ပြောင်းလိုက်နဲ့ နေနေတာ။ ရောက်တဲ့ တိုက်တိုင်းမှာ သူတို့နဲ့ အခန်းနီးနားချင်းနဲ့ အမြဲ ပြဿနာတက်ရ တယ်တဲ့။ ဒီအခန်းကို တော့ သူတို့ ရတဲ့ နယ်က လယ်ကွက် လေးရောင်းရတဲ့ အမွေလေးနဲ့ ညီအစ်မ၂ယောက် စပ်ပြီး အပိုင်ဝယ်လိုက်တာတဲ့။


အဖေ့ရဲ့ နောက်ဆက်တွဲ စကားကြောင့် ကျွန်မ ပြုံးမိသွားပါတော့တယ်။


" အဖေတို့ အခန်းလဲ ရောင်းချင်ရောင်းရအောင် ပွဲစားအပ်ခဲ့တယ်။ ငါ့သမီး ဒီအခန်းက ပြောင်းချင်တယ်ဆို.."



ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။

မြသွေးနီ

Thursday, June 24, 2010

မဟူရာအလင်းနေ့


လစဉ် အလှူတစ်ခုပြီးတိုင်း အဲ့ဒီအလှူခရီးရဲ့ပို့စ်ကို အဖွဲ့ရဲ့ဆိုက်မှာ မတင်နိုင်မချင်း စားလည်း ဒီစိတ်၊ သွားလည်းဒီစိတ်နဲ့ မြသွေးနီတစ်ယောက် ဘာလုပ်လုပ် စိတ်မဖြောင့် အမြဲဖြစ်ရပါတယ်။ အလှူခရီး တစ်ခုပြီးဆုံးတိုင်း အတူမလိုက်ဖြစ်နိုင်တဲ့ ပြည်တွင်း+ပြည်ပက အဖွဲ့ဝင်များ၊ အလှူရှင်များကို ခရီးရဲ့ အတွေ့အကြုံတွေကို အမြန်ဆုံးမျှဝေလိုတဲ့ စိတ်က ကျွန်မကို အမြဲဖိစီးထားပါတယ်။ တနလာင်္ရဲ့ သဘောက လည်း အလုပ်များလေတော့ အလုပ်နဲ့ အားလပ်အချိန် အပြန်အလှန် လွန်ဆွဲနေရပါတယ်။ ဒါနဲ့ စနေနေ့ထဲက ရေးထားတဲ့ ကိုရီးရဲ့ အင်တာဗျူးလေး အရင်တင်လိုက်ပြီး အလုပ်အားလပ်မယ့် အချိန်နဲ့ မုဒ်ဝင်မယ့်အချိန် ထပ်တူကျဖို့ စိတ်သွင်းနေမိပါတယ်။ စာဆိုတာကလည်း မုဒ်လေးဝင်တုန်း သွေးနွေးတုန်း ဆက်တိုက်ရေး လိုက်ရင် ချောနေတာမျိုးပါ။ ရေးနေတုန်း ဖုန်းဝင်၊ အလုပ်နဲ့ ပါတ်သက်တာတွေ ဖြေရှင်း၊ စာကို ပြန်ရေးနဲ့ အာရုံတော်တော် နောက်ရပါတယ်။ အခုဒီပို့စ်လေးကို ရေးမလို့လုပ်လိုက်၊ အလှူနေ့က ဖြစ်စဉ်တွေက ဖလက်ရှ်ဘက်ခ်လို မျက်လုံးထဲ ပြန်ပေါ်နေလိုက်မို့ စိတ်အလျှင်ကို လက်က ချမရေးနိုင်ဖြစ်နေတာ ညနေ ၅နာရီထိုးတဲ့ အထိပါဘဲ။



ဒီတစ်ခေါက် ဇွန်လ ပရဟိတအလှူအတွက် ကျွန်မတို့ Save The Aged အဖွဲ့က ရွေးချယ်လိုက်တဲ့ နေရာလေးက အရင်အလှူများနဲ့ မတူတဲ့၊ ကျွန်မတို့ အဖွဲ့ တစ်ခါမှ မသွားဘူးသေးတဲ့ အပြစ်မဲ့ အပယ်ခံများရဲ့ သီးခြားနယ်ပယ်လေး တစ်ခုလို့ ပြောလို့ရတဲ့ မှော်ဘီမြို့နယ်မှာရှိတဲ့ မရမ်းချောင် အနာကြီးရောဂါသည်များရဲ့ စခန်းပဲ ဖြစ်ပါတယ်။ ဒီခရီးကို မစခင်ထဲက အဖွဲ့ရဲ့ ဆိုက်မှာ သေချာ ကြေငြာထားခဲ့ပြီး Dr. နတ်စိုးကလည်း အပြစ်မဲ့အပယ်ခံ ပို့စ်လေးနဲ့ လူနာတွေရဲ့စိတ်မှာ အနာတရမဖြစ်ရလေအောင် အဖွဲ့ဝင်တွေကို ခတ်ရှရှလေး ကြိုတင် မိတ်ဆက်ပေးထားခဲ့ပါတယ်။ ဒီနေရာမှာ ကြားဖြတ်လို့ ကျွန်မရှေ့ဆက်ရေးမယ့် နေရာမှာ အနာကြီး ရောဂါသည်များ ၊ ဝေဒနာရှင်များလို့ မသုံးပဲ အများသူငှါသုံးနေကြဖြစ်တဲ့ နာမ်စား " သူတို့" လို့ သုံးနှုန်းသွား ပါ့မယ်။ ဘာလို့လည်းဆိုတော့ သူတို့ကို ဒီလိုထိရှတဲ့ အသုံးအနှုန်းတွေ အောက်ကနေ ပယ်လွင့်စေချင်တဲ့၊ လူတွေထဲက ဘာဆိုဘာမှ မခြားနားတဲ့ လူတွေလို့ ကျွန်မရင်ထဲက လှိုက်လှဲစွာ ခံစားမိလို့ပါဘဲ။



ကဲ.. ဆက်လိုက်ကြအောင်။ တကယ်တမ်း ၂၀.၆.၂၀၁၀ မနက်၊ ဆုံရပ်ကို ရောက်တော့ အတူလိုက်ပါမယ့် အဖွဲ့ဝင်တွေက အရင်တစ်ခေါက်နဲ့ မခြား။ ကားကြီးတစ်စီးမဆန့်လို့ BM တစ်စီးပါထပ်ငှား။ လှူဘွယ်ရာတွေကို ကားကြီးပေါ် တင်အပြီးမှာတော့ ဆုံရပ်(၂) က အဖွဲ့ဝင်တွေကို ခေါ်ပြီး ရန်ကုန်မြေကနေ ၉နာရီခန့်မှာ စတင်ထွက်ခွာခဲ့ပါတယ်။ ဒီတစ်ခေါက်မှာ အားရ၀မ်းသာစရာက အဖွဲ့ဝင်မျက်နှာသစ် အများအပြား ပါဝင်လာတာကို တွေ့ရလို့ပါဘဲ။ လမ်းတစ်လျှောက် အဖွဲ့ရဲ့ ပျော်တော်ဆက်များကလည်း ပါးစပ်မစေ့ရအောင် ဟာသများနဲ့ အသောဖောက်ပါတယ်။ လှည်းကူးရောက်တော့ ကျွန်မတို့ အနောက်မှာ ကျန်ခဲ့တဲ့ BMကားကို ခဏစောင့်ကြရင်း BM မှီလာချိန်မှာ မရမ်းချောင်ကို ခရီးဆက်ခဲ့ကြပါတယ်။ လမ်းခရီးတလျှောက် Dr.နတ်စိုးပြင်ဆင်လာတဲ့ အဖွဲ့ရဲ့ သီချင်းနှစ်ပုဒ်ကို သံပြိုင်ဆိုကြပါတယ်။ နောက် ရိုးရှင်းတဲ့ဘ၀၊ ဖြေသိမ့်လိုက်၊ သဘာဝရဲ့ရင်သွေးငယ် နဲ့ နဂါးနီပါမကျန် သံပြိုင်ဆိုကြပါတယ်။




မှော်ဘီရောက်တော့ ၁၁နာရီကျော်လေပြီ။ မြသွေးနီတို့ကားကြီးက ရွာအ၀င်မှာ ဘီးပေါက်လေတော့ အားလုံး တက်ညီလက်ညီ လမ်းလျှောက်ကြပါလေတယ်။ ဂေဟာရောက်တော့ ဂေဟာမှာ တာဝန်ရှိ လူကြီးများက ကြိုဆိုပါ တယ်။ ကလေးငယ်များကလည်း အုပ်စုဖွဲ့ စောင့်နေကြလေပြီ။ သူတို့ကတော့ ဂေဟာရဲ့ ခန်းမမှာ စုရုံးရောက်ရှိ စောင့်နေကြလေပြီ။ ကျွန်မတို့လိုပဲ လာရောက်လှူဒါန်းတဲ့ " Equation" အဖွဲ့က အရင်ရောက်နှင့်နေပြီး သူတို့အတွက် လှူဒါန်းနေကြပါတယ်။



Save The Aged အဖွဲ့လည်း မိမိတို့ရဲ့အလှူအစီစဉ်အတွက် စောင့်နေချိန်မှာ အလကားမနေပဲ အပြင်မှာ ရှိနေတဲ့ သူတို့ရဲ့ ကလေးငယ်များနဲ့ ရွာထဲက အခြားသူတို့နဲ့ စကားပြော၊ သီချင်းဆို၊ ကလေးများနဲ့ ကတမ်းခုန်တမ်း ကစားပြီး မုန့်များပေးဝေကာ နွေးထွေးစွာ အဖော်ပြုပေးကြပါတယ်။





မြသွေးနီလည်း ဒီရက်မတိုင်ခင် အွန်လိုင်းမှာတွေ့ပြီး ဖြစ်တဲ့ ဆေးပညာလောက (ning site) ရဲ့ Admin - တောကျီးကန်း ရောက်နေတယ်လို့ ဂေဟာရဲ့ ဥက္ကဋ္ဌကပြောလို့ သူ့ကို အပြေးလေး သွားရှာလိုက်ပါတယ်။ သူဟာ ဒီမရမ်းချောင်ဂေဟာက သူတို့အတွက် ကျန်းမာရေးဆေးကုသမှုကို ပုံမှန် တာဝန်ယူထားသူ ပရဟိတ လူငယ်ဆရာဝန် တစ်ဦးပါ။ တောကျီးကန်းနဲ့ အပြင်မှာ အခုမှတွေ့ဘူးလေတော့ ၀မ်းသာအားရ စကားပြော ဖြစ်ပါတယ်။ နောက်သူက ဆေးပညာလောကအဖွဲ့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊နောက်.. သူတို့အားလုံးကို ရွှေတိဂုံ ဘုရားဖူးခေါ်သွားပုံ၊ မျက်စေ့ခွဲစိတ် ကုသမှုပေးပုံတွေကို ဓာတ်ပုံ မှတ်တမ်းများနဲ့ တကွပြောပြပါတယ်။ သူနဲ့ စကားခဏ ဖြတ်ပြီး မြသွေးနီ ပင်မ အဆောင်ရှိရာကို ပြန်ပြေးရပါလေတော့တယ်။



ပြန်ရောက်တော့ ရွာခံကလေး၊ လူကြီးများကို သီချင်းဆို ဖျော်ဖြေတင်ဆက်နေတဲ့ နေရာမှာ လူတွေပွဲစည် နေကြပြီး ရွာခံများက ပြန်လည်ပြီး သူတို့တတ်နိုင်သလောက်လေးနဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ ခရေပန်းကုံးများ၊ စပယ်ပန်း ကုံးလေးများကို အမှတ်တရ စွတ်ပေးရှာ ကြပါတယ်။




ပန်းကုံးလေးတွေနဲ့ အဖွဲ့က မောင်ညီမလေးတွေရဲ့ မျက်နှာမှာ ပီတိတွေ လှိုင်လှိုင်ဝေနေတာပါပဲရှင်။


" Equation" အဖွဲ့ရဲ့ အစီအစဉ်လေး အပြီးမှာတော့ ကျွန်မတို့ သူတို့ကို နေ့လည်စာထမင်း တည်ခင်းကျွေး ပါတယ်။





ကျကျနန သေချာချက်ထားတဲ့ ကြက်သားနဲ့အာလူးဟင်း၊ ငပိကြော်၊ သီးစုံကုလားဟင်းမွှေးရနံ့က ထမင်းစား ဆောင်ထဲမှာ ပျံ့လွင့်နေပါတယ်။



အမျိုးသား၊ အမျိုးသမီး ထမင်းစားဆောင်ခွဲထားပြီး သူတို့အားလုံးက ထမင်းမစားခင် အလှူရှင်တွေကို ဆုတောင်း မေတ္တာ ပို့သကြပါတယ်။



တချို့လမ်းမလျှောက်နိုင်သူများကတော့ မိမိရဲ့ နေရာ ကုတင်လေး များပေါ်မှာ သနားဂရုဏာ သက်စဖွယ် စားကြရပါတယ်။ ထမင်းစားစဉ်မှာ အဖွဲ့သူ၊ အဖွဲ့သားများ အားလုံးဟာ ဇာတ်မတိုက်ထားရပဲ သူတို့ရဲ့ ယိုစီး ကျလာတဲ့ စာနာမေတ္တာစိတ်အဟုန်ရဲ့ ရိုက်ခတ်မှုနဲ့ အတူ သူတို့အားလုံးရဲ့ နဘေးမှာ ကိုယ်စီဂရုတစ်စိုက် ယုယလို့၊ သူတို့တွေရဲ့ မရှိတော့တဲ့ လက်ချောင်းလေးများ နေရာမှာ မိမိတို့ရဲ့ လက်ချောင်းလေးများကို အသုံးပြုပေးလို့ အသားလေးတွေ နွှင်ပေးကြ၊ ထမင်းတွေ ခွံ့ကျွေးကြ၊ ဟင်းတွေ ထမင်းတွေ လိုက်ပေးကြနဲ့။






အခန်းထဲမှာ ပျားပန်းခတ် လှုပ်ရှားနေကြတဲ့ အဖွဲ့ဝင် အားလုံးကိုကြည့်ပြီး ပီတိ မျက်ရည်တွေ လည်လို့ မြသွေးနီရင်ထဲ ဆို့ကျပ် လာရတယ်။ အဖွဲ့ရဲ့ ပျော်တော်ဆက် တွေက ဟာသတွေ ဖောက်ပြန်တော့ လည်းသူတို့တွေရဲ့ မျက်နှာကိုယ်စီမှာ အပြုံးပန်းတွေ ခြုံလွှမ်းလို့ ။



အသက်(၇၂) နှစ်အရွယ်ရှိတဲ့ အဖွားဒေါ်ဝင်းမေက " အဖွားက ဖျာပုံဇာတိပါ။ အရင်က စက်ချုပ်ပါတယ်။ ဒီရောဂါက အသက်၃၀မှာ ဘယ်ခြေထောက်မှာ ယားနာကွက်ကနေ စဖြစ်တာ။ မသိတော့ ဗမာဆေး တွေလိမ်းရင်း ကြွလာ။ နောက်ပိုင်း ညာခြေကိုပါ ကူးလာမှ အနာကြီးရောဂါမှန်း သိတာ။ သိတော့ မိသားစုက စွန့်သွားပြီလေ။ ရောဂါမပြန့်အောင် ဆေးစား၊ ခြေနှစ်ဘက်လုံး ဖြတ်လိုက်ရတယ်။ အခုတော့ ရောဂါမရှိတော့ပါဘူး။ ခြေထောက် ငုတ်တိုလေးနဲ့ပဲ ဂေဟာအတွက် စက်ချုပ်ရုံမှာ စက်ချုပ် ပါတယ်။



ထမင်းတောင်မစားချင်လောက်အောင် ၀မ်းသာလုံးဆို့နေမိတယ်။ သားသမီးတွေတောင် သူတို့ကို ဒီလို မလုပ်ပေးနိုင်ခဲ့ကြပါဘူး။ အမေ့သားသမီးတွေကို တွေ့ရသလိုပါပဲ။ ၀မ်းနည်းစရာ အမေတို့ရဲ့ဘ၀တွေမှာ ဒီလို ၀မ်းသာရမယ့် နေ့ရက်မျိုးနဲ့ ကြုံတွေ့ရမယ်လို့ တစ်ခါမှ မမျှော်လင့် ခဲ့ဘူးပါဘူး။ အမေတို့အတွက် နတ်ဘုံနတ်နန်းက သိကြားမင်းတွေ ဖန်ဆင်းပေးလိုက်တဲ့ နတ်သား၊ နတ်သမီးလေးတွေရောက်လာ သလိုပါဘဲ ။ အမေတို့ သမီးတို့သာ ပြန်သွားရင် ဒီအကြောင်းတွေ တသသ ပြောနေမိတော့မှာ" .. လို့ တုန်ရီဝမ်းနည်းစွာ သနားစဖွယ် ပြောပြရှာပါတယ်။


ထမင်းစားအပြီး နေ့လည် ၁း၂၀မိနစ်မှာ ကျွန်မတို့ အဖွဲ့ရဲ့ အလှူ အစီစဉ်လေးကို ပြန်စလိုက်ပါတယ်။ သူတို့အားလုံးကို ပင်မခန်းမရှိရာကို တွဲခေါ်သူကတွဲခေါ် ၊ ၀ှီးချဲတွန်းပို့သူက ပို့နဲ့ပေါ့။ ခန်းမရောက်တော့ လှူဘွယ်ပစ္စည်းတွေက အဆင်သင့်၊ သူတို့ အားလုံးလည်း နေရာယူလို့ အသင့် ဖြစ်နေကြပါပြီ။



အခမ်းအနားအစီစဉ် မစတင်မှီ ကျွန်မတို့ အဖွဲ့က ညီမငယ်များက မြနန္ဒာသီချင်းနဲ့ ဖျော်ဖြေပြန်တော့ သူတို့က ကျွန်မတို့နဲ့အတူ သီချင်း လိုက်ဆိုလျှက် လက်ခုပ်လက်ဝါးတီးကာ အားပေးကြရှာပါတယ်။



အဖွဲ့က တစ်ဖန် သူတို့တွေကို ပြန်လည် ဖြေဖျော်ပေးဖို့ တောင်းဆိုတော့ ထမီတောင် ခါးစည်းကြိုး စည်းနှောင်ထားရတဲ့ ၊ခြေထောက်လေးတွေတောင်မှ ကောင်းကောင်း မထောက်နိုင်ရှာတဲ့ အဘွားတစ်ဦး ထွက်လာပြီး လက်ခုပ်သံ စည်းချက်များ အကြားမှာ မမောမပန်းနိုင် ကပြပေးရှာပါလေတယ်။



အဲ့ဒီနောက် အဖွဲ့က သူတို့ထဲမှ ရော့ခ်တီရှပ်နဲ့ ရှိုးထုတ်ထားတဲ့ အစ်ကို တစ်ယောက်ကို မျက်စေ့ကျကာ ကပြဖို့ ပွဲတောင်းပါ လေတယ်။ အဖွဲ့က သီဆိုပေးတဲ့ “ ရှာပုံတော်မင်းသားကြီးသီချင်း ” နဲ့ အဲ့ဒီ အစ်ကိုခမျာလည်း မငြင်းနိုင်ပဲ ကရပါတော့ တယ်။



အဲ့ဒီနောက် ဦးလေးနဲ့ အဒေါ်စုံတွဲက တစ်ပုဒ် သီချင်းဆိုကာ ကပြ ဖြေဖျော်ရှာပါတယ်။



ကျွန်မတို့နဲ့ သူတို့ အပြန်အလှန် ပွဲတောင်းပြီး သီဆိုကကြပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မတို့အားလုံးဟာ သူသူငါငါ ခွဲခြားမှု လုံးဝမှ မရှိတော့ပါဘူး။ အားလုံးဟာ တစ်သွေးထဲ တစ်သားထဲ ဖြစ်နေကြတာကို အားလုံးက အံ့သြစဖွယ်၊ ၀မ်းမြောက်စဖွယ်၊ ပီတိဖြစ်စဖွယ် သိလိုက် ရပါတယ်။အဲ့ဒီနောက်မှာတော့ အခမ်းအနားအစီစဉ်လေးကို ဂေဟာဥက္ကဋ္ဌ ဦးလှဋ္ဌေးမှ အစီစဉ် (၁) အနေနဲ့ စတင် ဖွင့်လှစ် ပေးပါတယ်။ အစီအစဉ်(၂)အရ ဂေဟာဥက္ကဋ္ဌ ဦးလှဋ္ဌေးမှ မရမ်းချောင်အနာကြီး စခန်းစတင် ပေါ်ပေါက်လာပုံနဲ့ လက်ရှိ အခြေအနေများကို ရှင်း လင်း ပြောပြပေးပါတယ်။ ဒီအကြောင်းကို ပို့စ်သီးခြား ကျွန်မရေးပါဦးမယ်ရှင်။



အစီအစဉ်(၃)အရ Dr.နတ်စိုးက ကျွန်မတို့ အဖွဲ့လေးအကြောင်းကို သူတို့အားလုံးကို သိရှိအောင် ပြောပြ မိတ်ဆက်ပေးပါတယ်။



အစီအစဉ်(၄)အရ လှူဖွယ်များကို ဂေဟာမှူးထံ လွှဲပြောင်းပေးလှူပါတယ်။





ဂေဟာမှ ပြန်လည်ပေးအပ်တဲ့ ဂုဏ်ပြု မှတ်တမ်းလွှာကို အဖွဲ့ကပြန်လည် လက်ခံခဲ့ပါတယ်။ ဒီနေ့ အလှူမှာ အမာခံမန်ဘာ ကိုမင်းကြည်ဝင်း+မသီရိသူု က ဂေဟာရှိ လူနာများ နေ့လည်စာ အတွက် ငွေကျပ် ၁သိန်းခွဲ ပါဝင်လှူဒါန်းပါတယ်။



ဒီ့အပြင် Save The Aged ပြည်တွင်း+ပြည်ပ အဖွဲ့ဝင်များနဲ့ ပြင်ပမှ စေတနာရှင် အလှူရှင်များရဲ့ အလှူဖြစ်တဲ့ ဆန်အိတ် (၃၀)၊ ပဲအိတ် (၃)အိတ်၊ ဆီ၁၀ပိသာ (ရ)င်္ပုး၊ EVDတစ်စုံ၊ ဘက်ထရီ၊ အက်ဆစ်၃ပုံး၊ ဒီဇယ်ဂါလံ (၃၀)၊ ဂွမ်း၊ ပတ်တီး၊ ယူဇော၊ ထိုးဆေး၊ သောက်ဆေး၊ ပိုးသတ်ဆေးနဲ့ အစာအိမ်ရောဂါပျောက်ဆေးဝါးများ၊ ခန့်မှန်းတန်ဖိုး ကျပ်၁၂သိန်းကျော်ဖိုး လှူဒါန်းနိုင်ခဲ့ပါ တယ်ရှင်။


အစီအစဉ်(၅)အရ အဖွဲ့သူ၊ အဖွဲ့သားများက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဇလပ်ရေးသားထားတဲ့ သီချင်းကို ပထမဆုံး သီဆိုကြပါ တယ်။ စာဖတ်နိုင်တဲ့ အဖိုးအဖွားများ ဦးလေးများ၊ အဒေါ်များကလည်း ကျွန်မတို့တွေနဲ့အတူ ပါဝင်လို့ သံပြိုင် သီဆိုကြပါတယ်။




{... ကြည့်..ကြည့်..ကြည့်လိုက်ပါ.. သနားဖို့ကောင်းတဲ့ သူတို့ ဘ၀တွေ... ကူညီမယ့်သူ ရှားပါးလို့နေတယ်.. အကြောင်း မလှခဲ့တဲ့..သူတို့ဘ၀မှာ...ကံကြမ္မာကိုပဲအပြစ်တင်မလား...စာနာစွာနဲ့ဖေးကူမလား...အကြင်နာလက်ကမ်း...တို့ပါဝင်စို့လေ.... }





သီချင်းကို ဆိုနေကြသူ ကျွန်မတို့ အားလုံးရော.. နားထောင်နေကြသူ .. သူတို့အားလုံးရော... အားလုံးရဲ့ မျက်ဝန်းမှာ ပီတိ မျက်ရည်တွေ ကိုယ်စီ တွဲလွဲခို နေကြပါပြီ။


ဒုတိယ တစ်ပုဒ်အနေနဲ့ ကျွန်မတို့ရဲ့ အလှူနေ့ဟာ " အဖေများနေ့ " နဲ့ တိုက်တိုက်ဆိုင်ဆိုင်မို့ ဇင်အိ ဦးဆောင်တဲ့ အဖွဲ့က အဖေများ အားလုံးကို ဂုဏ်ပြုသောအားဖြင့် သီချင်းတစ်ပုဒ်သီဆို တင်ဆက်ပါတယ်။


တတိယသီချင်းအနေနဲ့ Save The Agedအဖွဲ့ရဲ့ Title သီချင်းကို သံပြိုင်သီဆိုကြပါတယ်။ သီဆိုနေရင်း တီးလိုက်တဲ့ သူတို့ရဲ့ လက်ခုပ်သံများနဲ့ ကျွန်မတို့ရဲ့လက်ခုပ်သံတွေ ပေါင်းစည်းပြီး မရမ်းချောင်တစ်ရွာလုံး ဝေေ၀စည်စည် ပျံ့လွင့်သွားပါတော့တယ်။



အဲ့ဒီနောက်မှာ သူတို့ရဲ့ အမျိုးသမီးများထဲမှ ရောဂါကြောင့် ခြေထောက်နှစ်ဖက်လုံး ဖြတ်ထားရရှာတဲ့ အဖွားဒေါ်ဝင်းမေက ၀ှီးချဲပေါ်မှ အခုလို ကျေးဇူးစကားကို ၀မ်းသာ လှိုက်လှဲစွာ ပြောခဲ့ရာ ငြိမ်သက်စွာ နားထောင်ရင်းက ကျွန်မတို့ အဖွဲ့ဝင်အားလုံး ၀မ်းနည်း ၀မ်းသာနဲ့ ရင်ထဲမှာ ဆို့နစ်ရပါတယ်။



“ အဖွားတို့ အားလုံးဟာ သီးသန့်ဘ၀လေးထဲမှာ ကျင်လည်နေရတဲ့ မေတ္တာငတ်မွတ် ခေါင်းပါးနေကြ ရှာသူများပါ။ သားတို့၊ သမီးဆို့က အခုလို ချစ်ခြင်း၊မေတ္တာ၊ စေတနာတွေ ဗလပွနဲ့ လှူဒါန်းကျွေးမွေးကြတဲ့ အပြင် ယုယကြင်နာ ကြတဲ့ အတွက် ၀မ်းမြောက်၊ ၀မ်းသာဖြစ်ကြရပါတယ်။ အရင်တုန်းက အဖွားတို့လို ဝေဒနာသယ်တွေကို ရွာပြင်ဇနပုဒ် ထုတ်၊ တဲကုတ်နဲ့ နေဆိုပြီး လူကောင်းတွေနဲ့ မရောနှောပဲ သီးသန့်ထားခဲ့ကြတာပါ။ မသဒီ ရွံရှာခဲ့ကြတာပါ။ သမီးတို့ သားတို့ အခုလို အဖွားတို့ရဲ့ ဘ၀ကို စာနာနားလည်ပေးတာ တွေ့ရတော့ အိပ်မက်အလားတောင် ထင်မိပါတယ်။ ၀မ်းသာလွန်းလို့ ထမင်းလည်း မစားနိုင်ပါဘူး။ သမီးတို့ သားတို့ဆီက ဒီနေ့ရလိုက်တဲ့ အားပေးစကား၊ သမီးတို့ သားတို့က ပေးတဲ့၊ ဘ၀ရဲ့ အားမာန်တွေနဲ့ အဖွားတို့ အားလုံး စိတ်ဓာတ်မကျပဲ လက်ရှိဘ၀မှာ ဆက်လက်ရှင်သန်ပါ့မယ် ”



အဖွားပြောပြီးတဲ့အခါမှာတော့ အမျိုးသားများထဲမှ အဘ ဦးစောဖေသောင်းက အခုလို ရင်တွင်းစကားပြောကြားပါတယ်။


“ ကျွန်တော်ပြောပါရစေ။ ဒီနေ့မှာ ၀မ်းမြောက်လွန်းလို့ ကျွန်တော် မပြောပဲ မနေနိုင်အောင် ဖြစ်ရပါတယ်။ ဒီနေ့ကို ကျွန်တော်က “ မဟူရာအလင်းနေ့ ” လို့တင်စား ပြောချင်ပါတယ်။ အခု ကျွန်တော်တို့နေထိုင်ရာနေရာက မဟူရာသစ်တောကြိုးဝိုင်း လို့ခေါ်ပါတယ်။ ကျွန်တော်တို့ တစ်တွေရဲ့ ဘ၀တွေဟာလည်း နေရောင်မဲ့နေတဲ့၊ အလင်းရောင်မဲ့နေတဲ့ မဟူရာလို မှောင်မိုက်နေရတဲ့ ဘ၀တွေပါ။ ဒီလို ဘ၀တွေထဲကို အခုလို အလှူရှင်တွေ ရောက်လာတာဟာ အမှောင်ထဲက အလင်းရောင်ကို တွေ့လိုက်ရသလို အံ့သြတကြီးနဲ့ ၀မ်းသာရပါတယ်။ အခုလို ကိုယ်ချင်းစာနာစိတ်နဲ့ လာကြတာ ကျေးဇူးတင်လို့ မဆုံးပါဘူး။ စိတ်ဓာတ်မကျဘူးလို့ အားတင်းပေမယ့်လည်း ဒီလိုရောဂါရတော့လို့ စိတ်ဓာတ်မကျသူ မရှိသလောက်ပါဘဲ။ ကျွန်တော်တို့ အားလုံးဟာ နေခထားလို့ မြေပြင်ပေါ်မှာ နွမ်းကြွေနေကြရတဲ့ အစွန့်ပစ်ခံ ပန်းပွင့်အကြွေ? အနွမ်းတွေတွေပါ။ ဒါပေမယ့် အပယ်ခံတွေရဲ့ ဘ၀ဟာ ဒီနေ့မှာတော့ မေတ္တာသည် အလှူရှင်တွေကြောင့် မြေပြင်ပေါ်မှာ ဖုန်တစ်လူးလူးနဲ့ ကြွေနေရရှာရာက ငွါးငွါးစွင့် ပွင့်လန်းခွင့်ရလိုက်ပါတယ်။ ဒီက လူတွေအားလုံး.. အားလုံးရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ဗျာ ”


အဖိုး၊ အဖွားတွေရဲ့ နှလုံးသည်းပွတ်ထဲက ယိုဖိတ်ကျလာတဲ့ ဟန်ဆောင်ကင်းမဲ့တဲ့ စကားလုံးတွေက ကျွန်မတို့ အားလုံးရဲ့ နှလုံးသည်းပွတ်ကို ဆွဲကိုင်လှုပ်ခြင်း ခံလိုက်ရပါပြီ။ ဒီလိုပြောင်မြောက်တဲ့၊ ထိမိတဲ့ ရင်တွင်းဖြစ် စကားလုံးတွေကို ကျွန်မတို့အားလုံး မမျှော်လင့်ပဲ ကြားလိုက်ရတဲ့ အခါ မိမိပြုတဲ့ ကောင်းမှုအတွက် ကြက်သီးများ ဖြန်းဖြန်းထမတတ် ပီတိတွေ ဝေဖြာကြရပါတယ်။ သောင်းသောင်းဖျဖျ တီးလိုက်တဲ့ လက်ခုပ်သံတွေကလည်း သောသောညံလို့ သွားပါတော့တယ်။



အခန်းနားပြီးဆုံးကြောင်း မကြေငြာခင်မှာ မထင်မှတ်ပဲ ကြေငြာလိုက်တဲ့ ကျွန်မတို့ရဲ့ ပွဲသိမ်း အစီစဉ်ကြောင့် သူတို့အားလုံး မင်သက် သွားကြတယ်။ ကျွန်မတို့အားလုံး သူတို့ကို ရိုရိုသေသေ ထိခြင်းငါးပါးနဲ့ ကန်တော့ခွင့် တောင်းခဲ့ပါတယ်။





Dr.နတ်စိုး တိုင်ပေးတဲ့အတိုင်း ရွတ်ဆိုကန်တော့လို့ ဦးသုံးကြိမ်ချအပြီးမှာတော့ သူတို့ အများစုဟာ ဟန်မဆောင်နိုင်ပဲ မျက်ရည် တွေတွေ ကျလာရှာပါတော့တယ်ရှင်။




သူတို့ဘ၀မှာ သူတို့ရဲ့ သားသမီးတွေကတောင် ဒီလို မကန်တော့ခဲ့ကြပါဘူးတဲ့။ သူတို့ဟာ သူတို့ကိုယ်သူတို့ ကန်တော့ခံထိုက် သူများ စာရင်းထဲက နှုတ်ထားခဲ့တာပါတဲ့။ သူတို့ကို အခုလို လူရာသွင်းယုံမက မိဘတွေလို ဆက်ဆံခံရတော့ ဘ၀မှာ သေမယ်ဆိုရင်တောင် သေပျော်ပါပြီတဲ့။ သူတို့ဘ၀မှာ ဒီလိုနေ့ရက်မျိုး နောက်တစ်ကြိမ် ထပ်မံရရှိနိုင်ဖို့ မသေချာပါဘူးတဲ့။ မျက်ရည်စက်လက်နဲ့ သူတို့ကို သူတို့ရဲ့ ကုတင်နေရာတွေဆီကို အဖွဲ့ဝင်များက ဖေးမကူကာ ပြန်ပို့ပေးကြပါတယ်။ အဖွဲ့သူ၊ အဖွဲ့သားများရဲ့ မျက်ဝန်းတွေမှာလည်း မျက်ရည်များနဲ့ စိုလဲ့နေကြပါပြီ။ မြသွေးနီလည်း ဘာသားနဲ့များ ထုထားလို့လဲ။ တောင့်ခံထားပေမယ့် မရခဲ့ပါဘူးရှင်။



အဲ့ဒီနောက်မှာ သူတို့ကို တစ်ဦးချင်းဆီ လက်ရောက် စားစရာမုန့်၊ ကွေကာအုတ်၊ ခေါက်ဆွဲခြောက်များ ပေးလှူ ကြပြန်ပါတယ်။



အားပေးစကားတွေ ထပ်မံ ပြောကြပါတယ်။ ငိုကြွေးနေတဲ့ သူတို့ကို ဖေးမချော့ကြပါတယ်။ သူတို့ရဲ့ အိပ်ခန်းဆောင်ထဲမှာကျွန်မ တို့ အဖွဲ့သားတွေနဲ့ အတူတူ အပြန်အလှန် နှုတ်ဆက် စကားတွေ ဆိုကြပါတယ်။



သမီးတို့ သားတို့ ထပ်လာကြပါဦးနော်။ ပြန်သွားကြရင် ဂေဟာတစ်ခုလုံး လွမ်းကျန်နေရစ်တော့မှာ။ ပျော်တယ်.. ဒီနေ့လောက် တစ်ခါမှ မပျော်စဖူးဘူး။ ပျော်လွန်းလို့ ဓာတ်ပုံရိုက်ပေးပါဦး။ ပြည်တန်ပတ္တမြားတွေ မရမ်းချောင်ကို ရောက်လာကြတာ။ စေတနာတွေ အတုံးလိုက်၊ အခဲလိုက်ပါပဲလား။



အလှူရှင်တွေလာတော့ ဟင်းကောင်းလေးတွေ စားရတာပေါ့။ ကျန်အချိန်မှာတော့ မျှတစွာ စီစဉ်ပေး သလောက်နဲ့ စားရတာပေါ့။ သမီးတို့ မ၀တ်တဲ့ အနွေးထည် အစုတ်လေးတွေ ရှိရင် သိမ်းထားပြီး လာလှူပါလားသမီးရယ်။ မိုးတွင်း၊ ဆောင်းတွင်းဆို ဒီနေရာ သိပ်အေးတာ။ ရွှေတိဂုံဘုရားတော့ ရောက်ဖူးပြီးပြီ။ ကျိုက်ထီးရိုး ဘုရားလေးဖူးချင်လိုက်တာ။ သူတို့က သူတို့ရဲ့ သားသမီးတွေလို သဘောထားပြီး စိတ်ထဲရှိတာတွေကို သနားစဖွယ် ဟန်မဆောင်နိုင်ပဲ ပွင့်ပွင့်လင်းလင်း အသီးသီး ပြောပြကြတယ်။ ကျွန်မတို့ အားလုံး ဖေးမနားထောင်ကာ ပေးစကား ပြောကြတယ်။ သူတို့တွေကို နှုတ်ဆက်တော့ သူတို့ရဲ့ အငိုမျက်လုံး အပြုံးမျက်နှာလေး တွေနဲ့ ဆုမွန်တွေ ချွေပေးကြရှာတယ်။



အပြီးမှာတော့ ကျွန်မတို့ အဖွဲ့ဝင်အားလုံး သစ်ပင်ရိပ်တွေအောက်မှာ စုထိုင်ကြလို့ အဖွဲ့ဝင်အသစ်နဲ့ အဟောင်း အပြန်အလှန် ပျော်ရွှင်စွာ မိတ်ဆက်ကြပါတယ်။



နောက်ဆုံး အစီအစဉ် အဖြစ် Save The Aged အဖွဲ့မှ မရမ်းချောင်အနာကြီးရောဂါသည် စခန်းအရှေ့ မြေနေရာ အလွတ်မှာ အမှတ်တရ သစ်ပင်စိုက်ပျိုးကြပါတယ်။ ကျွန်းပင်က ၂ပင်၊ ယူကလစ်ပင်က ၅ပင်။




Save The Aged အဖွဲ့သားများရဲ့ ညီညွတ်သော၊ စည်းလုံးသော လက်များနဲ့ အတူတကွ စိုက်ပျိုးခဲ့ကြတာပါ။ နောင်တစ်ချိန် ဒီအပင်တွေ ကြီးပြင်းလာချိန်မှာ အေးမြတဲ့ သစ်ရိပ်ကို ဒီစခန်းမှာ ရှိနေမယ့်သူများ မုချခံစားခွင့် ရကြဦးမှာပါ။



ပြီးတော့ အုပ်စုလိုက် အမှတ်တရ ဓာတ်ပုံများ ရိုက်ကြပါတယ်။



ဂေဟာဥက္ကဋ္ဌနဲ့ လူနာအဘဦးတင်ခိုင်တို့ကို နှုတ်ဆက်အပြီးမှာတော့ ကျွန်မတို့အဖွဲ့ မရမ်းချောင် အနာကြီးရောဂါသည် စခန်းမှ သနားစဖွယ်၊ ဂရုဏာသက်စဖွယ် သူတို့ကို ထားခဲ့လို့ ရန်ကုန်မြေကို ညနေ ၃နာရီခွဲခန့်မှာ ပြန်လာခဲ့ကြပါတယ်။


သူတို့.. သူတို့...အားလုံးဟာ လူချင်းသူချင်း အတူတူ ကျွန်မတို့တွေနဲ့ တန်းတူရည်တူ အခွင့်အရေး မရရှိသူများလို့ ဘယ်သူတွေကပြောကြမလဲ။ တစ်သားထဲပါ။ ကျွန်မတို့တွေ အားလုံး ဘာမှ မကွဲပြားကြပါဘူး။ သူတို့ကို နွေးထွေးစွာ ထွေးဖက်ကြတယ်။ သူတို့ရဲ့ တုံးတိနေပေမယ့် နွေးထွေးသက်ဝင်နေတဲ့ လက်ချောင်းတွေကို ကိုင်တွယ် နှုတ်ဆက်ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းဝအရောက် ထမင်းလုပ်တွေခွံ့ ကျွေးခဲ့ကြတယ်။ သူတို့ရဲ့ မျက်ရည်တွေကို ဖေးကူ သုတ်ရင်း ပြိုင်တူ မျက်ရည်ကျကြရတယ်။ အားပေးလက်ခုပ်တီးတဲ့ သူတို့ရဲ့မပြည့်စုံတဲ့ လက်ဖ၀ါးလေးတွေက အသံမထွက်တဲ့ အကျယ် လောင်ဆုံးသော လက်ခုပ်သံတွေကို ကျွန်မတို့ အားလုံး နားနဲ့ ဆတ်ဆတ် ကြားလိုက်ရတယ် ။



၂၀.၆.၂၀၁၀နေ့... ။ အဲ့ဒီနေ့က သူတို့နဲ့ ကျွန်မတို့ အဖွဲ့သား အားလုံးရဲ့ ရင်ဘတ်ကိုယ်စီက ခံစားချက်တွေ ထပ်တူကြခဲ့တဲ့နေ့။


.........................................................................................................................................................................................


ဝန်ခံချက်။ ။ ဒီပို့စ်လေးကို ရင်နဲ့ခံစားပြီး ရေးခဲ့ရတာပါ။ ဒီပို့စ်လေးကို အရင်ကလို ရှောရှောရှူရှူ မရေးနိုင်ပါခဲ့ဘူး။ ပုံတွေ ထိုင်ကြည့်တာကပဲ တစ်နေကုန်တယ်။ စာတစ်ပိုဒ်ရေးတိုင်း ရင်ထဲ ဆို့နင့်လို့။ အံ့သြစရာက ဒီအလှူ အတွက် ပို့စ်ရေးနေသူတိုင်း ပို့စ်ရေးနေစဉ် ခံစားချက်လေးတွေ ထပ်တူကြနေတာပါဘဲ။ Dr.နတ်စိုး ပြောသလို ကျွန်တော်တို့ မေထ္ထာတွေ စူးနေကြတာ အစ်မရဲ့...တဲ့။ ပို့စ်ခေါင်းစဉ်ပေးတော့လည်း ဒီအလှူ အကြောင်း ရေးသူအားလုံး ခေါင်းစဉ်တွေ အံ့သြစွာ တူညီ နီးစပ်လို့ နေကြတယ်။ ကျွန်မလည်း ဒီအလှူမှာ မလိုက်ပါနိုင်ခဲ့တဲ့ အဖွဲ့ဝင် ညီမလေး ထွဋ်သာမက စကာင်္ပူက မိတ်ဆွေ ဘလော့ဂ်ဂါ တစ်ဦးကို စာမူကြမ်း ပေးဖတ်ပြီး ခေါင်းစဉ်လေး တပ်ပေးကြဖို့ အကူညီတောင်းတော့ သူတို့ အားလုံးကလည်း " မဟူရာအလင်းနေ့" တဲ့။ ကျွန်မ မြတ်ဘုရားရှင်ဆီမှာ ဆုတောင်းမိပါတယ်။ သူတို့တွေ ဒီလို ဘ၀ဆိုး၊ အဖြစ်ဆိုးမျိုး နောင် ဘ၀ ဘ၀ ဆက်တိုင်း ဘယ်တော့မှ မကြုံတွေ့ကြပါစေဘို့..။ နောက် သူတို့ဆီကို နောက်ထပ် တစ်ကြိမ် ကျွန်မတို့ထပ်မံသွား ခွင့်ကြုံရပါစေလို့...။




ဒီပို့စ်လေးကို Save The Aged အဖွဲ့ရဲ့ ဆိုက်ဖြစ်တဲ့ ဒီနေရာ မှာလည်းဝင်ဖတ်နိုင်ပါတယ်ရှင်။


နောက်... " စကားပြောသောဓာတ်ပုံများ " ရဲ့ အသံကို နားထောင်ချင်ရင်တော့ ဒီနေရာ လေးကိုသာ ကလစ်နှိပ်လိုက်ပါနော်..။







ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။


မြသွေးနီ