Tuesday, November 23, 2010

Auto Draft

စည်း




မျက်ဝန်းနက်က
လက်ကနဲအကြည့်
ကျွန်မသိလိုက်သည်..၊

နှုတ်ခမ်းပါးမှ
တီးတိုးစကား
ကျွန်မကြားလိုက်သည်..။

ဘယ်နှစ်ကြိမ်ပြော
ဘယ်နှစ်ကြိမ်ကြည့်
ကျွန်မမှတ်မိသည်..။

လက်ကနဲ့အကြည့်
မသိသယောင် ကျွန်မဟန်ဆောင်သည်..။

တီးတိုးစကား
မကြားသယောင် ကျွန်မဟန်ဆောင်သည်..။

အိနြေ္ဒစောင့်စည်းမှု
မာနနဲ့သိက္ခာ
အစဉ်အလာအတိုင်း
ဆက်လက်ထိမ်းထား
ကျွန်မ…
မိန်းမသားဖြစ်ပါသည်…။ ။

Saturday, November 20, 2010

တယူသန်နဲ့မောက်မာ


< တစ်နေ့ ကျွန်မစာအုပ်အဟောင်းဆိုင်တန်းဘက်တွေ လျှောက်မွှေရင်း Chinese Literature 1979ဆိုတဲ့ စာမျက်နှာ၁၂၃ မျက်နှာပါတဲ့ စာအုပ်အဟောင်းလေး တစ်အုပ်ကို ရခဲ့တယ်။ ဒီစာအုပ်လေးထဲမှာ တရုပ်ပြည်ရဲ့ ထင်ရှားတဲ့ယဉ်ကျေးမှု၊ အနုပညာ၊ ထုံးတမ်းစဉ်လာ၊ ပုံပြင်၊ ဒဏ္ဍာရီနဲ့ ၀တ္ထုတိုတွေ ပါဝင်နေတယ်။ အဲ့ဒီအထဲက ကျွန်မဘလော့ဂ်နဲ့ သင့်တော်မယ့် အကြောင်းအရာလေး၃ပုဒ်ကို Fabelsဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရလိုက်တယ်။ အခု အောက်ဖော်ပြပါ ပို့စ်ကတော့ အဲ့ဒီ၃ပုဒ်ထဲက ပထမဦးဆုံးတစ်ပုဒ်ပါဘဲ။ ကျန်၂ပုဒ်ကိုလည်း အလျဉ်းသင့်သလို တင်ပေးသွားပါမယ် >


တခါတုန်းက တယူသန်နဲ့မောက်မာတို့ ကမ္ဘာကြီးပေါ်မှာအတူရှိနေကြတယ်။ အတူရှိတယ်လို့ ပြောရတာက သူတို့၂ယောက်ဟာ ခန္ဓာကိုယ်တစ်ကိုယ်ထဲမှာ နှစ်ယောက်ပါဝင် တည်ရှိနေလို့ပါဘဲ။ ဒါပေမယ့် အဲ့လိုရှိနေတာကိုတော့ သူတို့၂ယောက်က လုံးဝမသိကြပါဘူး.။ သူတို့၂ယောက်က အခုလို ခန္ဓာကိုယ် တစ်ခုထဲမှာအတူရှိနေကြပေမယ့် သူတို့ကိုယ်သူတို့တော့ သီးသန့်စီ တည်ရှိနေတယ်လို့ ထင်နေကြတာပါ။


တစ်နေ့မှာ တယူသန်နဲ့ မောက်မာဟာ တစ်ယောက်ကို တစ်ယောက် ၀င်တိုက်မိလိုက်လို့ တအံ့တသြဖြစ်သွားကြတယ် ( အမှန်က သူတို့ကသာ ၀င်တိုက်မိတယ်ထင်တာနော်။ တကယ်တော့ ခန္ဓာကိုယ်တစ်ခုထဲမှာ)။  အဲဒီ့လို ၀င်သာဝင်တိုက်မိကြတာ တစ်ယောက်ကို တစ်ယောက်မမြင်မတွေ့နိုင်ကြဘူး။ ဘာကြောင့်လည်းဆိုတော့ တယူသန်မှာ မျက်လုံးဆိုလို့ လုံးဝမပါဘူး။ ဒါပေမယ့် မောက်မာမှာတော့ ဦးခေါင်းထိပ်တည့်တည့်မှာ မျက်လုံးတစ်လုံး ရှိနေတယ်။


မောက်မာက ပြောတယ်။ “ မင်းဘာကြောင် ငါ့ကို အလောသုံးဆယ်နဲ့ ၀င်တိုက်ရတာလည်း.. မင်းမှာ မျက်စိမပါဘူးလားကွ.. တော်တော် ရိုင်းတဲ့ကောင် ”.. လို့ဒေါကြီးမောကြီးနဲ့ ပြောလိုက်တယ်။


အဲ့ဒီတော့ တယူသန်က “ မပါပါဘူးဗျာ..မျက်လုံးဆိုတာ ဘာမှန်းတောင်မသိပါဘူး”..လို့ ခေါင်းကို ခါရမ်းပြီးပြောလိုက်တယ်။

ဒီတော့ မောက်မာက နှာခေါင်းကိုရှုံ့လက်ပြီုး.. “အလို..မင်းမှာမျက်စိမရှိဘူး.. ဟုတ်လား?.. ဒါဆိုမင်း ကောင်းကင်ကြီးကို ဘယ်ကြည့်လို့ရမလဲ.. ကောင်းကင်ဆိုတာ ဘာမှန်းတောင် မင်းသိမယ့်ပုံမရပါဘူး..ငါကတော့ ငါ့ရဲ့တစ်ခုထဲသော မျက်လုံးနဲ့ ကောင်းကင်ကို မြင်နိုင်တယ် ကွ..။ ဒီစင်္ကြာဝဋ္ဌာကြီးမှာ ငါ့လို ကောင်းကင်ကို မြင်နိုင်တဲ့သူရှိမှာ မဟုတ်ဘူးကွ.. ငါဘာကိုဆိုလိုလည်း.. မင်းသိရဲ့လား ”..လို့ ပြောလိုက်တယ်။


တယူသန်ကတော့ “ မသိပါဘူးဗျာ.. သိလည်းမသိချင်ပါဘူး”..လို့ ခေါင်းကိုခါရမ်းပြီး ပြောပြန်တယ်။

ဒီတော့ မောက်မာက “ ငါသာလျှင် ဒီစင်္ကြာဝဌာကြီးမှာ အရှင်သခင်ကွ..ငါလိုလူ ငါတစ်ယောက်ထဲရှိတယ်ကွ”လို့ ပြောပြန် ရော။

တယူသန်ကတော့ထုံးစံအတိုင်း ခေါင်းကိုတွင်တွင်ခါလို့ “ ငါသိတာက.. စားမယ်.. အိပ်မယ်.. ငိုစရာရှိငိုမယ်..ဒါဘဲ.. မင်းရှိတာလည်း ငါအတွက် ဘာမှမထူးခြားဘူး” လို့ ပြောတယ်။


ဒီတော့ မောက်မာက နှာခေါင်းရှုံ့လိုက်ပြီး   “  ဟင်း.. ဒီကောင် ဘယ်လိုလူစားမျိုးပါလိမ့်  ” ဆိုရှုံ့ချလိုက်တယ်။

ဒီတော့ တယူသန်က “ ဟုတ်တယ်.. ဘုရားက ဖန်တီးပေးထားသလောက်ပဲ ငါယူထားတယ်.. ငါဘ၀ကို ငါကျေနပ်တယ် ” လို့ပြောလိုက်ရော မောက်မာက တယူသန်ကို “ ငနုံ.. ငနုံ.. မင်းဟာ ငနုံဘဲ ” ဆိုပြီး မြေပြင်ကို စိတ်တိုတိုနဲ့ ဆွဲလဲပစ်လိုက် တယ်။


ဒီလိုနဲ့ သူတို့နှစ်ဦး လုံးထွေးသတ်ပုတ်နေကြပါရော။ အတော်ကြာအောင်သူတို့ နပန်းလုံးကြတယ်။ ဘယ်သူ့ ဘယ်သူမှမနိုင်ပါဘူး။ နပန်းလုံးလို့ အားလည်းအားရသွားရော မောက်မာက စိတ်လျှော့လိုက်ပြီး “ အင်း.. ငါက.. ငါနဲ့ ကောင်းကင်ကြီးရယ်သာ ဒီစင်္ကြာဝဋ္ဌာကြီးထဲမှာ ရှိတယ်ထင်နေတာ.. ခုတော့ ဒီငနုံတစ်ကောင်ပါရှိနေတာ ငါလက်ခံ ရတော့မှာပေါ့” ဆိုပြီး တယူသန်ကို အသိအမှတ် ပြုလိုက်ရတော့တယ်။


အဲ့ဒီအချိန်ကစပြီး တယူသန်နဲ့မောက်မာကို အမြဲအတူ ယှဉ်တွဲတွေ့နေရတော့တယ်။ သူတို့နှစ်ယောက်ဟာ ခွဲခွာလို့ မရအောင် ဘယ်သွားသွား ဘယ်လာလာ အတူတူ ဖြစ်နေကြတော့တယ်။


ဒါကြောင့် တစ်ယူသန်စိတ်ရှိလာရင် မောက်မာလာတာနဲ့အမျှ မောက်မာလာရင်လည်း လူတွေဟာ ငါဘဲမှန်တယ်.. ငါ…ဆိုတဲ့ တစ်ယူသန်စိတ်တွေ ရှိလာတတ်ကြတာပါ။ ဒီစိတ်နှစ်ခုဟာ ခွဲခြားလို့ကို မရတော့ပါဘူး။






~~~~~~~~~~~~~~~~~@@~~~~~~~~~~~~~~~~



မြသွေးနီ ဒီရက်ပိုင်း အလုပ်တွေတော်တော့ကိုမှ များနေရပါတယ်။ အလုပ်မှာ အပြောင်းအလဲ ကြီးကြီးမားမားတွေနဲ့ ရင်ဆိုင်နေရတော့ စိတ်တွေလည်း ရှုပ်ထွေးနေရပြီး စာရေးဖို့ ဘယ်လိုမှ အာရုံဝင်စားလို့ မရနိုင်ပါဘူး။ တဖက်မှာလည်း Gtalk သာသုံးလို့ရတယ်.. ဘယ် Web Link မှ ၀င်လို့မရပြန်ပါဘူး။ ဒါနဲ့ အကြံကုန် ဂဠုန်ဆားချက်ဆိုသလို မြသွေးနီရဲ့ ပို့စ်အဟောင်းလေး တစ်ပုဒ်တော့ စိတ်အဆာပြေအောင် ပြန်တင်ချင်လာမိပါတယ်။ ဒါနဲ့ ချစ်ခင်ရပါတဲ့ ချော ကို အကူညီတောင်းလို့ ဒီပို့စ်လေးကို ပြန်တင်ပေးလိုက်ပါတယ်။ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြ ပါစေရှင်..။






ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Monday, November 15, 2010

ဆူးမဲ့မာန






( ချစ်သော အမေ့ရဲ့ အနှောင်ဖွဲ့မဲ့ လွတ်လပ်ခြင်းအပေါ် ၀မ်းမြောက်စွာ ဂုဏ်ပြုလျှက်....)

Friday, November 12, 2010

ကဗျာသည်မ၏သက်ပြင်း


ဘောင်ခတ်ခံရတဲ့

ကမ္ဘာလောက

မသိမသာအညောင်းဆန့်ရင်း

အဖြူရောင်ရေစီးကြောင်းတွေနဲ့အတူ

လျှောက်လွှာစာတစ်ရွက်ထက်

အသက်ရှုမွန်းကြပ်နေလေရဲ့...။



ကံ

စိတ်

ဥတု

အဟာရ

မပြည့်ဝတဲ့ အပင်ပျိုငယ်

အစေ့မှ အညှောက်ထွက်

အခက်အလက်ဆက်ဖို့

မြေမာအက်ကွဲကြား

ရုန်းကန်ကြိုးစားရင်း

ရင်ခုန်မောပမ်း

အသက်ရှူကြမ်းနေပါရော့လား..။



ပုရွက်ငယ်တစ်ကောင်

ကြည်လင်တဲ့ ဖန်အုပ်ဆောင်းထဲက

လောကကို လှမ်းကြည့်

ထိထိမိမိ

ထွင်းသိမြင်နေတယ်

ဥမင်လှိုဏ်တူး အတွေးထူးနဲ့

ဖန်သားအပြင်ဘက်ထွက်

ဖုန်အလူးလူး ပေကျံလျှက်က

လောကကြီးနဲ့ မိတ်ဆက်ရင်း

ကျေနပ်အားရခြင်းနဲ့အတူ

ဟားတိုက်ရယ်မောနေသံ

ဆူဆူညံပါပေါ့..။



ခဲတစ်တို ပေတစ်စနဲ့

အတိတ်ဆယ်စုနှစ်ရဲ့

ကဗျာချိုမြမြ

အပိုင်းအစတွေကို

လုံခြုံအောင်သိမ်းထုတ်ဖို့

ရင်တဒိတ်ဒိတ်ခုန်လျှက်

ကမ္ဘာကြီးထဲ လမ်းလျှောက်ထွက်ရင်း

ကဗျာသည်ကျွန်မ

ရင်တမမနဲ့

အဟုတ်.. သက်ပြင်းချမိတယ်...။



( ပေဖူးလွှာမဂ္ဂဇင်းစာမျက်နှာမှာ ပထမဦးဆုံးဖော်ပြခွင့်ရခဲ့တဲ့ ၁၉နှစ်သမီးတုန်းက လက်ရာလေးပါ..။)

Saturday, November 6, 2010

Friday, November 5, 2010

သမီးရဲ့မျက်လုံးလေး



အဆုံးရဲ့အစ။




" အဖေ ..... "

" အမေ..ရေ....."

" အမယ်လေး.... လုပ်ပါဦး..... လုပ်ပါဦး .....ဒါ... သမီး မဟုတ်ဘူး....သမီး မဟုတ်ဘူး... "

......................@@@ ......................



ဖြစ်စဉ် (၁)




ကျွန်တော့်မှာ သမီးလေး တစ်ယောက်ရှိတယ်။ သမီးက သိပ်လိမ်မာတယ်။ ကျွန်တော်တို့ လင်မယား အိမ်ထောင်ကျပြီး တော်တော်ကြာတဲ့အထိ သားသမီးမရဘူး။ မိန်းမကလည်း ကျန်းမာရေးသိပ်မကောင်းလှသူ ဆိုတော့ ဘုရားပေးတဲ့အချိန် ရမှသာ ယူတော့မယ်ဆို နေလာခဲ့တာ။ ကျွန်တော်တို့ လင်မယား အိမ်ထောင်သက် ၁၀နှစ်၊ အသက် (၃၅) နှစ်ကျမှ သမီးကိုရခဲ့တယ်။ လင်နဲ့မယား နှစ်ကိုယ်ထဲတုန်းက ကျွန်တော့် ရုံးစာရေး လစာလေးနဲ့ ရအောင် ချိုးခြံချွေတာ စားသောက်ခဲ့တယ်။ မိန်းမကို ရွှေငွေတွဲလွဲမဆင်နိုင်ပေမယ့် အကြွေးကင်း ထမင်းနပ်မှန်ခဲ့တယ်။  တကယ်တမ်း သမီးမွေးလာတော့ ကျွန်တော့လစာလေးနဲ့က ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။ ကျွန်တော်တို့ နှစ်ယောက်လုံး သမီးကို အရမ်းချစ်တယ်။ အသက်ကြီးမှ ရှားရှားပါးပါးရတဲ့ ဒီသမီးလေးကို ငုံထားမတတ်ချစ်မိတာ မဆန်းပါဘူးနော်။



သမီးကို ကျွန်တော်တို့ လင်မယားအတွက်  ဘုရားက ပေးသနားထားတာပါ။ သမီးက လိမ်မာတယ်။ မွေးထဲက ချူခြာတယ်ဆိုတာ မရှိ။ ပြောစကားနားထောင်ပြီး ပညာကို ကြိုးစားသင်ယူတယ်။ အရွယ်ရောက်လာတော့ ကျန်းမာရေးသိပ်မကောင်းလှတဲ့ သူ့အမေကိုလည်း အိမ်မှုကိစ္စကအစ ကူညီတယ်။ နောက်နှစ်ဆို ပင်စင်သွားရတော့မယ့် ဌာနတစ်ခုရဲ့ ၀န်ထမ်းအိုတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ရဲ့ဝင်ငွေလေးနဲ့ မလောက်ငှလေတော့ မိန်းမက အိမ်နား အပ်ချုပ်ဆိုင်က အထည်တွေကို အိမ်မှာယူ လက်ချုပ်လိုက်ပေး၊ ကြယ်သီးတံတပ်ပေးနဲ့ အပိုဝင်ငွေလေး ရှာပေးတယ်။ သူကလည်း ဒီထက်ပိုပြီး ဘာမှမလုပ်တတ်သူ။ ဒီတော့ ကျွန်တော်က အရင်ကထက် ပိုလိုကြိုးစားရှာဖွေ၊ ရှာဖွေရသမျှက သမီးအတွက်ပဲပေါ့။



သမီးက အရွယ်ရောက်လာတော့ ပိုပြည့်စုံလှပလာတယ်။ ပျားပိတုန်းတွေကလည်း သမီးရဲ့နဘေးမှာ တစ်ဝဲလည်လည်ရှိနေမှာပေါ့။ ကျွန်တော်တို့ လင်မယားက သာမာန် ရုပ်ရည်သာရှိတာပါ။ သာမန်ရုပ်ရည်သာရှိတဲ့ သာမာန်လူတန်းစား မိဘကပေါက်ဖွားလာတဲ့ ကျွန်တော့ရဲ့သမီးကလည်း သာမန် ရုပ်ရည်လေးနဲ့ သာမာန်ဘ၀လေးနဲ့ပါဘဲ။ ဒါပေမယ့် မိဘဆိုတာမျိုးက ကိုယ့်သားသမီးဆိုရင် မျက်လုံးထဲ ကြည့်လို့လှ၊ ကြည့်မ၀ရှုမ၀ကို။ ဒီတော့ ကျွန်တော့်မျက်လုံးထဲမှာကတော့ သမီးက  ပြေပြစ်ချောမောနေတာပါဘဲ။ သမီးမှာထူးခြားချက်က သူ့ရဲ့ မျက်လုံးလေးပဲ။ ထူထဲရှည်လျားတဲ့ မျက်တောင်စိတ်စိတ်တို့ ၀န်းရံထားတဲ့ သမီးရဲ့ မျက်ဝန်းတောက်တောက်လေးတွေက သမီးရဲ့မျက်နှာမှာ စွဲဆောင်မှု အရှိဆုံး၊ နှစ်လိုဖွယ်ရာ အကောင်းဆုံးနဲ့ မိုးကောင်းကင်မှာ တဖြတ်ဖြတ်လက်နေတဲ့ သောက်ရှုး ကြယ်ပွင့်လေးတွေလိုပဲလို့ ကျွန်တော် ထင်ထားမိတယ်။ သမီးဟာ ထူးခြားတဲ့၊ စွဲဆောင်မှုရှိတဲ့ မျက်ဝန်းအစုံကို အပိုင်စားရထားသူ တစ်ယောက်ပါ။




......................@@@ ......................




ဖြစ်စဉ် (၂)



ကျွန်တော်စိတ်မကောင်းဖြစ်နေမိတယ်။ ဘာလို့လဲဆိုတော့ သမီးက ကျွန်တော်တို့လင်မယား မသိလိုက်ခင်မှာပဲ အဝေးရောက်ဘွဲ့ယူဖို့ ဆုံးဖြတ်လိုက်လို့ပါဘဲ။ တစ်သက်မှာ တစ်ကြိမ်သာ ယူရတဲ့ ဒီဘွဲ့နှင်းသဘင်ကို မိဘနှစ်ပါးခြံရံလို့ သမီးသာမက ကျွန်တော်တို့လင်မယား နှစ်ယောက်လုံး အခြားမိဘတွေလိုပဲ တက်ရောက်ချင်ခဲ့ တာပါ။ ဒါပေမယ့် သမီးရဲ့ အကြောင်း ပြချက်က ခိုင်လုံတယ်။ အမေက မကျန်းမာသူ၊ အိပ်ရာထဲလဲနေတာတဲ့။ နောက်.. ဘွဲ့တစ်ခါယူရင် ရီဟာဇယ်နေ့ရော၊ အစိမ်နေ့မှာပါ ၀တ်စား၊ ပြင်ဆင်၊ ကုန်ကျစရိတ်တွေက မနည်းမနောတဲ့။ သမီးအမေက ကျန်းမာရေးကြောင့် အရင်လို အပိုဝင်ငွေမရှာနိုင်၊ ကျွန်တော်လစာလေး မစို့မပို့နဲ့ သမီး အိမ်နားက ကလေးတွေ ကျူရှင်ပြလို့ရတဲ့ငွေလေးနဲ့ အိမ်စရိတ်၊ သမီးအမေရဲ့ ဆေးကုသ စရိတ်၊ သမီးရဲ့တက္ကသိုလ်တက်တဲ့ စရိတ်တွေကို မနည်းကို ကျော်ဖြတ်ခဲ့ရတာ။ ဒီတော့ သမီးက အခုလို အလိုက်တသိ ဆုံးဖြတ်လိုက်လေတော့ ကျွန်တော့မှာ ရင်ထဲ တော်တော်နဲ့ မကောင်းဘူးရယ်။



သမီးက အကင်းပါးသူဆိုတော့ ကျွန်တော့် မျက်နှာရိပ်မျက်နှာကဲကြည့်ပြီး...



" အဖေ.. စိတ်မပူလေနဲ့၊ သမီး ဘွဲ့နှင်းသဘင်မတက်ဖြစ်ပေမယ့် ဘွဲ့ဝတ်စုံနဲ့ အလှဓာတ်ပုံသွားရိုက်မယ်၊ ပြီးရင် အဖေနဲ့ အမေကြည့်ရအောင် အိမ်မှာ အလှချိတ်ထားမယ်လေ၊ သမီးသူငယ်ချင်း အလှပြင်ဆိုင်က အလကား မိတ်ကပ်လူးပေး၊ ဆံထုံးထုံးပေးမယ်တဲ့၊ သူတို့ဆိုင်က သင်တန်းသူတစ်ယောက် သင်တန်းဆင်းဖို့အတွက် သမီးကို သရုပ်ပြအနေနဲ့ ပြင်ဆင်ခိုင်းမှာဆိုတော့ အားလုံးဖရီးပဲ အဖေရ၊ လက်ဝတ်လက်စားကအစ အပြည့်အစုံ ပြင်ဆင်ပေးမှာ၊ ဒီတော့ အဲ့ဒီက ပြီးတာနဲ့ သမီးက ဓာတ်ပုံဆိုင်မှာ ဘွဲ့ဝတ်စုံလေးနဲ့ အမှတ်တရ သွားရိုက်လိုက် မယ်လေ၊ ဒါဆို ဘွဲ့ဝတ်စုံငှားတာနဲ့ ဓာတ်ပုံဖိုးနဲ့ပဲကုန်မှာ။ သမီးစုထားတဲ့ ပိုက်ဆံနဲ့ ဒီလောက်ကတော့ တတ်နိုင်ပါတယ် အဖေရဲ့၊  မကောင်းဘူးလားဟင် "



ငွေကုန်ကြေးကျမများပဲ သမီးလေး ဘွဲ့အလှပုံရိုက်နိုင်မှာမို့ သမီးပြောတာနားထောင်ပြီး ကျွန်တော့်မှာ ၀မ်းသာဝမ်းနည်းဖြစ်ရပြန်ပါတယ်။ ၀မ်းသာတာက သမီးဘွဲ့အလှပုံလေးကို အိမ်မှာမကြာခင်တွေ့ရတော့မှာမို့။ ၀မ်းနည်းမိတာက သမီးအတွက် ကျွန်တော်ဘာမှ မလုပ်ပေးနိုင်ခဲ့လို့ ။





......................@@@ ......................




ဖြစ်စဉ် (၃)



အဲ့ဒီနေ့မနက်က အိမ်ကနေ ရေမိုးချိုးပြီးတာနဲ့ သမီးက သူ့သူငယ်ချင်းရဲ့ အလှပြင်ဆိုင်ကို ထွက်သွားလေတယ်။ နေ့ခင်းကြတော့ သမီးပြန်ရောက်လာတယ်။ ပြင်ဆင်ထားတဲ့ သမီးရဲ့ မိတ်ကပ်မျက်နှာလက်ကျန်လေးက ချွေးလေးတစို့စို့ကြားမှာတောင် လှနေဆဲလို့ အဖေတစ်ယောက်ရဲ့ မေတ္တာနဲ့တွေးမိတယ်။ သမီးရဲ့ အမေကလည်း အိပ်ရာထဲ လှဲလျှက်က သမီးကို ပီတိအပြုံးနဲ့ ကြည့်လို့။ သမီးက တစ်မနက်ခင်းလုံး သူအလှပြင်ခဲ့တာ၊ ဓာတ်ပုံရိုက်ခဲ့တာတွေကို အဖေနဲ့ အမေကို ပြန်ဖောက်သည်ချလေတယ်။ ဘွဲ့ဆိုတာ တစ်သက်တစ်ခါယူရတာဆိုတော့ ဒီလို ဓာတ်ပုံလေးရိုက်ယူရတာနဲ့တောင် သမီးလေး ၀မ်းသာနေရင် တကယ်တမ်းဘွဲ့နှင်းသဘင်သာတက်ခဲ့ရမယ်ဆို ဒီထက်တောင် ပျော်ရှာလေမှာလို့ ကျွန်တော်တွေးနေမိတယ်။ အဖေဖြစ်သူ ကျွန်တော်လို သူ့အမေပါ တူညီတဲ့ အတွေးတွေရှိနေမယ်လို့ ကျွန်တော်ထင်တယ်။ သမီးက သူ့လက်ဆွဲအိတ်ထဲက ဘောက်ချာစာရွက်လေးတစ်ရွက်ကို ထုတ်ပေးတယ်။



" အဖေ... နောက်၂ရက်ဆို ဓာတ်ပုံရပြီ။ အဖေတို့ရုံးနားက ဆိုင်မှာရိုက်ခဲ့တာဆိုတော့ ရုံးသွားရင်းနဲ့ ဒီဘောက်ချာလေးပြပြီး သမီးပုံရွေးခဲ့ပေးပါနော်။ ဘောင်ပါသွင်းခိုင်းခဲ့တာမို့ အိမ်ရောက်ရင် ချိတ်ရုံဘဲ။  ပိုက်ဆံအကြေချေပြီးသားမို့ ဘာမှ ပေးဖို့မလိုတော့ဘူးနော် အဖေ၊ သိလား  "



ဝမ်းသာအားရနဲ့ ရွေးပေးမယ်၊ စိတ်ချလို့ သမီးကို ကျွန်တော် ဂတိပေးလိုက်တယ်။ တစ်ဖက်ကလည်း သမီးလေး ဘွဲ့ဓာတ်ပုံအတွက် တစ်စိတ်တစ်ပိုင်း ကူညီခွင့်လိုက်လို့ ၀မ်းသာစိတ်နဲ့ ကျေနပ်သွားရတယ်။ ဓာတ်ပုံဘောက်ချာစာရွက်လေးကို အလုပ်သွားရင်ကိုင်တဲ့ ပတ္တူအိတ်အနွမ်းလေးထဲမှာ သေသေချာချာ ထည့်ထားလိုက်မိတယ်။ ဒီလောက်ကတော့ ကျွန်တော်လုပ်ပေးနိုင်ရမှာပေါ့နော်။




......................@@@ ......................




ဖြစ်စဉ် (၄)



နောက်၂ရက်ကြာတော့ သမီးလေးရဲ့ ဓာတ်ပုံကို ရွေးဖို့ ဓာတ်ပုံဆိုင်ကိုရောက်ခဲ့တယ်။ ကျွန်တော့်ရုံးနဲ့ လမ်းအနည်းငယ်သာ ခြားတာမို့ တကူးတကန့် မသွားရပါဘူး။ တကယ်လို့များ တကူးတကန့်သွားရတယ် ဆိုရင်ရော သမီးအတွက်ဆိုလေတော့ ကျွန်တော်မငြင်းပဲ သွားပေးမိမှာပါဘဲ။ ဆိုင်လေးက သိပ်နာမည်ကြီး မဟုတ်ပေမယ့် သူ့ဟာသူ စည်ကားနေပါတယ်။ ဆိုင်ကောင်တာရှေ့ရပ်ပြီး ပါလာတဲ့ ဘောက်ခြာလေး ထုတ်ပေးလိုက်တယ်။  ကောင်တာက ကလေးမလေးက ဘောက်ချာကို သေသေချာချာဖတ်ပြီး အနောက်ဘက်က စင်လေးမှာတင်ထားတဲ့ ရွေးဖို့ ဓာတ်ပုံတွေထည့်ထားတဲ့ စက္ကူအိတ်အကြီးကြီးတွေထဲက တစ်အိတ်ကိုဆွဲထုတ်လို့ ကျွန်တော့လက်ထဲ ထည့်ပေးလိုက်တယ်။ ဆိုင်မှာလူတွေကျနေလေတော့ ကျွန်တော် ကဗျာကယာထုတ်ကြည့်ပြီး ဓာတ်ပုံအိတ်လေး ရင်ထဲပိုက်လို့ အိမ်ကို သုတ်ချေတင်ပြန်လာခဲ့တယ်။



အိမ်ရောက်တော့ အိကျီ င်္တောင်မှ မလဲနိုင်ပါဘူး။ သမီးဓာတ်ပုံကို ထုတ်လို့ အိပ်ရာထဲ လှဲလျောင်းနေတဲ့ မိန်းမကို ပြလိုက်တယ်။ မိန်းမက သမီးပုံကို သေချာကြည့်တယ်။ ဓာတ်ပုံကို အပြန်ပြန်အလှန်လှန်ကြည့်နေတဲ့ မိန်းမကို မသိမသာ အကဲခတ်ရင်း သမီးအတွက် သူလည်း မိခင်တယောက်အနေနဲ့ ၀မ်းနည်းဝမ်းသာ ဖြစ်နေရှာမှာပဲလို့ တွေးမိတယ်။ သမီးလေး ကျူရှင်စာသင်သွားရာက ပြန်မလာခင် ပုံကို အိမ်ရှေ့နံရံမှာ ချိတ်ထားပေးချင်လို့ မိန်းမအပြောတောင် မစောင့်တော့ပဲ သူ့လက်ထဲက ပုံကို ဆွဲယူလို့အိမ်ရှေ့အခန်းကို ထွက်ခဲ့လေတယ်။ ၀င်ပေါက်နဲ့တည့်တည့်နံရံမှာ သမီးဓာတ်ပုံရရင် ချိတ်မယ်လို့ သမီးနဲ့ ကျွန်တော် အရင်နေ့တွေထဲက နေရာကြိုတင် ရွေးထားပြီးသား။ အမှန်က သမီးက အဲ့ဒီနေရာမှ မချိတ်ချင်ဘူး။ အိမ်ကို လူဝင်လာတာနဲ့ တမ်းတွေ့မယ့် နေရာကြီးတဲ့။ ကျွန်တော်ကတော့  ကျွန်တော့်သမီးအလိမ္မာလေး ဘွဲ့ဝတ်စုံလေးနဲ့ ကျက်သရေရှိရှိ လှနေတဲ့ပုံကို အိမ်ဦးခန်းမှာ ဂုဏ်ယူပြီး ချိတ်ချင်နေမိတာ။ အိမ်ကို လာသမျှလူ တွေ့စေချင်နေမိတာ။ နောက်ဆုံး သမီးက ကျွန်တော့အလိုကို လိုက်လျှောပြီး ချိတ်ဖို့ သဘောတူထားခဲ့တာ။ အခုနေချိတ်ထားရင် သမီးပြန်လာလို့ တွေ့တာနဲ့ သူ့ပုံကို ကြည့်ပြီး ၀မ်းသာနေလေမှာ မြင်ယောင်ကြည့်နေမိတယ်။



နံရံမှာ သံရိုက်ချိန် အချိန်အဆလွဲသွားလို့ လက်ကို တူနဲ့ ချော်ထုမိပေးမယ့် နာရကောင်းမှန်း ကျွန်တော် မသိပါဘူး။ ကျွန်တော့စိတ်က  အခုနေချိတ်ထားရင် သမီးအပြင်က ပြန်လာလို့တွေ့တာနဲ့ သူ့ရဲ့ ဘွဲ့ဝတ်စုံနဲ့ ပုံလေးကို ကြည့်ပြီး ၀မ်းသာနေလေမှာ မြင်ယောင်ကြည့်နေမိတယ်။ သံချိတ်လေးမှာ သမီးပုံလေးကို ချိတ်လိုက်တယ်။ အဆောင်အယောင် မရှိလေတဲ့၊ သုတ်ဆေးတွေ ကွာနေတဲ့ နံရံညစ်ညစ်လေးပေါ်မှာ သမီးရဲ့ ဘွဲ့ဓာတ်ပုံလေးက ကျက်သရေရှိစွာ နေရာယူလို့နေတယ်။ သမီးရဲ့ပုံကို အခုမှ ကျွန်တော် သေချာကြည့်မိလေတယ်။



အို... လှလိုက်တဲ့ သမီးလေး..။ ပန်းရောင်အစင်းတွေပါတဲ့ ဘွဲ့ဝတ်စုံအနက်ရောင်နဲ့ ပဏ္ဍာရနေတဲ့ သမီး၊ ဆံထုံးလှလှလေးမှာ ပန်ဆင်ထားတဲ့ ပန်းရောင်သစ်ခွပန်းတွေက သမီးမျက်နှာရဲ့ ဘယ်ဘက်အခြမ်း ပုခုံးနား မရောက်တရောက်မှာ တွဲလွဲခိုတွယ်လို့။ လည်ပင်းမှာဆွဲထားတဲ့ ပတ္တမြားရတနာ အဆင်တန်ဆာတွေကလည်း သမီးရဲ့ အလှကို ပံ့ပိုးပေးထားသလို။ သမီးရဲ့ ပြုံးယောင်သန်းနေတဲ့ ပန်းဆီနှုတ်ခမ်းဖူးလေးကလည်း ၀မ်းသာဂုဏ်ယူနေပုံရတယ်။ အလို... ဒါပေမယ့် ကျွန်တော်သမီးလေးရဲ့ မျက်လုံးတွေက တစ်စုံတစ်ခုကို အလိုမကျသလိုပါပဲလား။ သမီးလေးရဲ့ ဓာတ်ပုံကို ကျွန်တော် သေချာစူးစိုက်ကြည့်မိတယ်။ ဒါကြောင့် ခုနက သူ့အမေလည်း  သမီးပုံကို ကြည့်ပြီး ကျွန်တော့လိုပဲ ခံစားနေရပုံရတယ်။ သမီးရဲ့မျက်လုံးတွေက ဖော်ပြနေတယ်။ သမီးစိတ်ထဲမှာ ဘာတွေများ တင်းကြပ်နေပါလိမ့်။ ဘာတွေများ အလိုမကျနေပါလိမ့်။ လှပအောင် တပ်ထားတဲ့ မျက်တောင်အတုတွေကြောင့်များလေလား။ ဆိုးဆေးတွေ ခြယ်သထားတာများ လွန်ကဲနေလို့လား။ သမီးရဲ့မျက်လုံးအစုံကို ကြည့်ပြီး ကျွန်တော့ရင်ထဲ ဘ၀င်မကျသလိုမျိုး၊ တစ်စုံတစ်ခုကို ဖော်ပြနေသလိုမျိုး ကျွန်တော် ခံစားလိုက်ရတယ်။



မိန်းမကို ထမင်းကျွေးဖို့ အချိန်ရောက်လာလို့ ကျွန်တော် နောက်ဖေးခန်းကို ပြန်ဝင်ခဲ့တယ်။ နာတာရှည် လူမမာ၊ အိပ်ရာထဲလဲနေရှာတဲ့ သမီးရဲ့အမေကို ဂရုဏာသက်စွာနဲ့ ကျွန်တော် ထမင်းခွံ့နေမိတယ်။ အဲ့ဒီအချိန်မှာပဲ အပြင်က တံခါးကို တွန်းဖွင့်လိုက်ပြီး " သမီးပြန်လာပါပြီ " ဆိုတဲ့ အသံနဲ့အတူ မရှေးမနှောင်းမှာ.......။




......................@@@ ......................




အစရဲ့အဆုံး။






" အဖေ ..... "


" အမေ...ရေ...."

" အမယ်လေး.... လုပ်ပါဦး... လုပ်ပါဦး....ဒါ....သမီး မဟုတ်ဘူး.... သမီးမဟုတ်ဘူး..."


သမီးရဲ့ စူးရှစွာ အော်ဟစ်လိုက်တဲ့ အသံနဲ့အတူ  ထိုင်ခုံတွန်းရွှေ့သံတွေ ကြားလိုက်ရတယ်။ မိန်းမလည်း လန့်ဖျတ်ပြီး သူ့ရင်ဘတ်ကို ဖိထားရှာလေတယ်။ ကျွန်တော်လည်း သမီးရဲ့ အထိတ်တလန့် အော်သံကြောင့် ခေါင်းနပမ်းကြီးပြီး အိမ်ရှေ့ကို အမြန်ထွက်လာလိုက်တော့ သမီးက ထိုင်ခုံကို ခုလို့ နံရံက သူ့ရဲ့ဓာတ်ပုံကို  ဆွဲဖြုတ်ယူနေတာ တွေ့လိုက်ရတယ်။ ပြီးတော့ သမီးက ခေါင်းကို တွင်တွင်ခါလျှက်က....



" မဟုတ်ဘူး.... မဟုတ်ဘူး.......သေချာတယ်... သေချာတယ်...၊ အဖေ.... ဒါ....ဒါ... သမီးမျက်လုံး မဟုတ်ဘူး၊  အဖေ သေချာကြည့်၊ ကျန်တာတွေအားလုံးက သမီး၊ ဒါပေမယ့် ဒီမျက်လုံးနှစ်လုံးလုံးက သမီးရဲ့မျက်လုံး မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး အဖေ ။ ဒီလို မျက်တောင်အတုတွေလည်း သမီး မတတ်ခဲ့ဘူး။ ဒီလို မျက်ခွံဆိုးဆေးတွေလည်း သမီး လွန်လွန်ကျူးကျုး အခြယ်မခံခဲ့ပါဘူး။ အို.. တစ်ခုခုတော့လွဲနေပြီ။ ဒီမျက်လုံးနှစ်လုံးက ဘာကြောင့် သမီး မျက်လုံးမဟုတ်ရတာလဲ.... "




ကျွန်တော် မျက်မှန်ကို ပင့်ရင်း ပုံထဲက သမီးရဲ့ မျက်လုံးကို သေချာစူးစိုက်ကြည့်လိုက်မိတယ်။ ဟုတ်တယ်။ ဓာတ်ပုံထဲကမျက်ဝန်းတွေက အပြင်က သမီးရဲ့ မျက်ဝန်းတွေနဲ့ ကွဲပြားခြားနားနေတယ်။ သမီးရဲ့မျက်ဝန်းတွေက ထူးထူးခြားခြား တောက်ပတယ်။ ပကတိ နွေးထွေးတယ်။ နှစ်လိုဖွယ်ရာကောင်းတယ်။ ဒါကြောင့် ဓာတ်ပုံထဲက  နွေးထွေးမှုကင်းတဲ့၊ အလိုမကျမှု လွှမ်းခြုံနေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော်စိမ်းနေတာကို စိတ်ထဲက မသိလိုက်ပဲ သတိပြုနေမိတာကိုး။ သမီးအမေလည်း ကျွန်တော်လိုပဲ ခံစားနေရမှာ။ သမီးက စိတ်တွေလှုပ်ရှားနေလို့ အသံလေးတွေတောင် တုန်နေရှာတယ်။ သမီးမျက်ဝန်းမှာ မျက်ရည်ကြည်တွေ ခိုတွယ်စပြုလာပြီ။ သမီးမပြောနဲ့ ကျွန်တော်တောင် ရင်ထဲ ကတုန်ကရင်ဖြစ်လာတယ်။  အခု.. သမီးကိုယ်တိုင်က ဒီမျက်လုံးတွေက သူ့မျက်လုံးတွေ မဟုတ်ပါဘူးဆိုနေလေတော့ သမီးရဲ့ မျက်လုံးလှလှလေးတွေက ဘယ်ရောက်သွားလေသလဲ..? ။



" အဖေ.. ခုန ဓာတ်ပုံရွေးလာတဲ့ ဘောက်ချာသမီးကို ခနပေးပါ၊ သမီး ဓာတ်ပုံဆိုင်ကို ဖုန်းသွားဆက်မယ် "



ဘောက်ချာကိုင်ပြီး အောက်ကိုဆင်းသွားတဲ့ သမီးရဲ့ နောက်ကျောကို ကြည့်ပြီး ကျွန်တော် စိတ်တွေ ရှုပ်ထွေးလို့ကျန်ခဲ့တယ်။ သမီးအတွက် ကျွန်တော်ဖန်တီးထားတဲ့ အပျော်တွေက အခုတော့ အရာမထင် အလဟဿ ဖြစ်ရလေပြီ။ နံရံကဖြုတ်ထားတဲ့ သမီးရဲ့ဓာတ်ပုံကို မ၀ံ့မရဲယူလို့ စားပွဲပေါ် အသာမှောက်လို့ တင်ထားမိလိုက်တယ်။ ဓာတ်ပုံထဲက သမီးဟာ ရုတ်ချည်း ကျွန်တော်နဲ့ စိမ်းသွားသလိုပါဘဲ။ မိန်းမကို အိပ်ရာထဲ အသာတွဲလို့ ပြန်နားစေလျှက်က သမီးပြန်အလာကို စောင့်နေမိတယ်။ တအောင့်နေတော့ သမီးပြန်ရောက်လာတယ်။




ဘာမပြောညာမပြောနဲ့ စားပွဲပေါ်က ဓာတ်ပုံကိုဆွဲယူလိုက်ပြီး အနောက်ကို လှန်လိုက်လေတယ်။ ပြီးတော့ အနောက်က ဘောင်နဲ့ မှန်ကို ချိတ်တွယ်ထားတဲ့ သံချက်တွေကို ဆွဲလှည့်ဖွင့်လိုက်တယ်။ ပြီးတော့ အထဲက ဓာတ်ပုံကို ဆွဲထုတ်ယူလိုက်တယ်။ ပြီးတော့ သမီးက ဓာတ်ပုံကို သေသေချာချာ ကြည့်နေပြန်တယ်။ သမီးရဲ့ မျက်ဝန်းအစုံနဲ့ ဓာတ်ပုံထဲက မျက်ဝန်းအစုံ အားစမ်းလို့ကြည့်နေကြတာကို ကျွန်တော် မှင်သက်စွာ ကြည့်နေမိတယ်။ မထင်မှတ်တဲ့ အချိန်အတွင်းမှာပဲ ဓာတ်ပုံကို ဗြိကနဲ၊ ဗြိကနဲနေအောင် သမီးက ဆွဲဖြဲပစ်လိုက်တော့တယ်။  တစ်ခဏအတွင်းမှာပဲ ဓာတ်ပုံစာရွက် အစိတ်စိတ်အမွမွက ကြမ်းပြင်ပေါ်မှာ ပျံ့ကျဲသွားလေတယ်။



ကျွန်တော့ရင်ခွင်ထဲ " ဟီး " ကနဲ ခေါင်းထိုး ငိုချလိုက်တဲ့ သမီးကို ကျွန်တော် ဘယ်လို နှစ်သိမ့်ပေးရမယ်မသိဘူး။ သမီးက တစ်သိမ့်သိမ့် ရှိုက်ငိုနေလေတယ်။ သမီးအားရအောင် ငိုပြီးတဲ့အထိ ကျွန်တော် စိတ်ရှည်လက်ရှည် စောင့်နေလိုက်တယ်။ ကျွန်တော့အတွက် ရှုပ်ထွေးနေတဲ့ ပုစ္ဆာကို သမီးက မျက်ရည်စများကြားက အခုလို ရှင်းပြလေတယ်။



" အဖေ.. ဓာတ်ပုံဆိုင်က သမီးပုံကို ရိုက်လိုက်ချိန်မှာ မျက်လုံးအရမ်းမှေးသွားလို့ မလှမှာစိုးတာနဲ့ တခြားပုံ တစ်ခုက မျက်လုံးကို ကွန်ပြူတာနည်းပညာသုံးပြီး ယူထည့်ပေးထားလိုက်တာတဲ့ ။ အခုပုံလည်း မသိသာပါဘူး.. လှပါတယ်တဲ့။ သမီးရဲ့မျက်လုံးမဟုတ်တဲ့ တခြားသူမျက်လုံးနဲ့ ဒီပုံကြီးကို  သမီးက ဘယ်လိုစိတ်နဲ့ လက်ခံပြီး အိမ်မှာ ချိတ်ထားရမလဲဟင်။ အဖေဆိုရင်ရော.. လက်ခံနိုင်ပါ့မလား "



" သမီးတို့ရဲ့ ကွန်ပြူတာနည်းပညာတွေကို အဖေတော့ နားမလည်ပါဘူးကွယ်၊ ဒါပေမယ့် မှေးနေတာပဲ ဖြစ်ပါစေ၊ သမီးရဲ့ နဂိုမျက်လုံးလေးကိုပဲ ဓာတ်ပုံမှာ ပြန်တပ်ပေးဖို့ ဆိုင်ကို အဖေ သွားပြောကြည့်ပေးပါ့မယ် "



" ဟုတ်တယ်နော် အဖေ..၊ မှေးလည်းဘာဖြစ်လဲ၊ မလှတာထက် သမီးရဲ့မျက်လုံးနဲ့ ပုံကိုပဲ ပြန်လိုချင်တယ်၊ အဖေသိတဲ့အတိုင်းပဲ၊ ဒီဓာတ်ပုံလေးက သမီးအတွက် အရမ်းကို တန်ဘိုးထားတဲ့ အရာပါ။ သမီးတို့အတွက် နောက်တစ်ခါ ထပ်ရိုက်ဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ အဖေကြိုးစားကြည့်ပေးပါဦးနော် "



မျှော်လင့်ချက်ရောင်ခြည်လေး ယှက်သန်းလာတဲ့ မျက်ရည်စတွေကြားက သမီးရဲ့ မျက်ဝန်းတောက်တောက်လေးတွေက ကျွန်တော့ကို ချက်ချင်း ဓာတ်ပုံဆိုင်ကို သွားစေဖို့ တွန်းအားပေးလိုက်သလိုပါဘဲ။ ဖြဲဆုတ်ထားတဲ့ ဓာတ်ပုံစာရွက်အပိုင်းအစလေးတွေကို သမီးနဲ့အတူ ကျွန်တော်ကောက်ယူလိုက်တယ်။ ပြီးတော့ တိုင်မှာ ချိတ်ထားတဲ့ ကျွန်တော် ရှပ်အိကျီ င်္အနွမ်းလေးရဲ့ အိပ်ကပ်ထဲထည့်လိုက်ပြီး  အိကျီ င်္ကို ကောက်စွတ်ကာ အိမ်ကနေ ကျွန်တော်ထွက်လာခဲ့တယ်။




......................@@@ ......................




အဆုံးရဲ့နောက်ဆက်တွဲ။



ကျွန်တော့်ရဲ့ ခြေလှမ်းတွေသွက်လို့နေတယ်။ ကြပ်သိပ်နေတဲ့ ဘတ်စ်ကားကို တိုးစီးခဲ့ရပေမယ့် အရင်လို ပင်ပမ်းလိုက်တာရယ်လို့ မတွေးမိပါဘူး။ ရာသီဥတုကပူလို့ ကျွန်တော့်တကိုယ်လုံး ချွေးစေးတွေနဲ့ နစ်နေပေမယ့် ကျွန်တော် အပူဒဏ်ကို သတိမပြုမိပါဘူး။ လမ်းတလျှောက် ကျွန်တော် တွေးလာမိတယ်။ နည်းပညာတွေ ထွန်းကားလာတဲ့ ကမ္ဘာ့ရွာလို့ ရုံးက ကလေးတွေ ပြောပြောနေတာကြားနေရတယ်။ အခုမှ နဖူးတွေ့ဒူးတွေ့ သူကိုယ်တိုင် တွေ့လိုက်ရလေပြီ။ ဓာတ်ပုံက မသိသူဆို ပြုပြင်ထားမှန်း သိရက်စရာမရှိ။ အဖေဖြစ်တဲ့ ကျွန်တော့်ကိုတောင် လှည့်စားနိုင်ရက်လောက်အောင် နည်းပညာတွေက ကောင်းနေလိုက်တာ။ ကွန်ပြူတာဆိုတာ ရုပ်ပုံတွေထဲမှာသာ မြင်တွေ့နေရပြီး အသုံးပြုဖို့နေနေသာသာ  ကိုင်တောင်မကိုင်ဘူးလေသူ ခေတ်နောက်ပြန်ဆွဲ အဖိုးကြီးပေါက်စဆိုလေတော့ ဖြစ်ခဲ့သမျှက ကျွန်တော့အတွက် အံ့နဘမ်းပါဘဲ။



ဆိုင်ထဲမှာ လူတွေက ထုံးစံအတိုင်း စည်ကားလို့နေပါတယ်။ ပါလာတဲ့ ဘောက်ချာလေး ထုတ်ပြလို့ အဖြစ်အပျက်ကို ရှင်းပြမိပါတယ်။ ခုနက သမီးက ဖုန်းဆက်ထားလေတော့ သူတို့ချက်ချင်း သိလိုက်ပါတယ်။ ဒါနဲ့ သူတို့ကို အရင်ပုံအဟောင်းက သမီးရဲ့ မျက်လုံးလေးပဲ ဓာတ်ပုံမှာ ပြန်တပ်ပေးဖို့ ကျွန်တော် တောင်းတောင်းပန်ပန်နဲ့ ပြောဆိုမိပါတယ်။ သူတို့က ဓာတ်ပုံအဟောင်းပြပါလို့ ပြောလာလို့  ယူလာတဲ့ သမီးလေးဆွဲဖြဲထားမိတဲ့ ဓာတ်ပုံစက္ကူစ အစုတ်လေးတွေကိုပဲ ရှပ်အိကျီ င်္အိပ်ကပ်ထဲက အသာထုတ်ပြမိပါတယ်။



ဓာတ်ပုံအပြဲအစတွေကို ကြည့်ပြီး ဆိုင်ရှင်မျက်စိမျက်နှာ ပျက်သွားပါတယ်။ အခုလိုဆွဲဖြဲလိုက်တော့ ဘယ်လိုကြည့်လို့ရတော့မလဲ..တဲ့။ မူလမျက်လုံးနဲ့ပဲ ဓာတ်ပုံအသစ်တစ်စုံထုတ်ပေးပါလို့ ပြောကြည့်လိုက်တော့ ပုံတွေက တစ်နေ့တစ်နေ့များလွန်းတော့ လာရွေးပြီးသွားတဲ့ပုံဆိုတာနဲ့ ကွန်ပြူတာထဲ သိမ်းမထားတော့ပဲ အကုန်ဖျက်ချလိုက်ပြီတဲ့။ ဘယ်လိုမှ ပြန်မရနိုင်တော့ပါဘူး။ အားနာပါတယ်...တဲ့။



ကျွန်တော့် ရင်ထဲက ခံနိုင်ရည်စွမ်းတောင်ကြီးက ပြိုကွဲပေါက်ကွဲသွားရပါတယ်။ ကျွန်တော့်ရင်ထဲက ဒေါသတွေကို မြိုချဖို့အတွက် အံကို တင်းတင်းကြိတ်လျှက်က လက်ထဲက စုတ်ပြဲနေတဲ့ ဓာတ်ပုံစက္ကူအပိုင်းအစတွေနဲ့ ဆိုင်ရှင်ရဲ့မျက်နှာကို ပစ်ပေါက်လိုက်မိပါတယ်။ စာရွက်စတွေက အနားတ၀ိုက်မှာ ပျံ့ကျဲသွားပါတော့တယ်။  ဆိုင်က ၀န်ထမ်းကောင်လေးတွေက ကျွန်တော့ချိုင်းနှစ်ဘက်ကို ညှပ်လို့ ဆိုင်အပြင်ကို ဆွဲခေါ်ထုတ်သွားပါတယ်။



ပိုင်ရှင်ရှိပြီးသား မျက်လုံးအစုံကတော့ ဆိုင်ရဲ့ ကြမ်းပြင်က စက္ကူစုတ်လေးတွေထဲမှာ ကျန်နေခဲ့ပါပြီ။ အိမ်ကိုပြန်မယ့် ကျွန်တော့်ရဲ့ ခြေလှမ်းတွေက ပေါင်တစ်ရာခဲဆွဲထားသလို လေးဖင့်လို့နေပါတော့တယ်။ တဒင်္ဂ ဒေါသကို ကျွန်တော်ဘာလို့များ မထိန်းချုပ်နိုင်လိုက်ရတာလဲ။ ကျွန်တော်ဆိုင်ရှင်ကို ဒီ့ထက် သိမ်သိမ်မွေ့မွေ့နဲ့ ပြောဆိုနိုင်ခဲ့ရင် သမီးကို ဓာတ်ပုံနောက်တစ်ကြိမ် အလကား ပြန်ရိုက်ပေးမယ်ဆိုတာမျိုး ဖြစ်လာနိုင်တာဘဲ။  အခုတော့...။ မလိမ်မာတဲ့..၊ မပါးနပ်တဲ့ ဖခင်ကြောင့်....။



အခုအချိန်မှာ ကျွန်တော် အလိုချင်ဆုံးအရာက သမီးကို ကျေနပ်လောက်သည်အထိ ဖြောင်းဖျပေးနိုင်မယ့် နှလုံးသားတစ်စုံပါ။ မျှော်လင့်အားကြီးနဲ့ စောင့်နေရှာမယ့် သမီးရဲ့ တောက်ပမျက်ဝန်းအစုံကို ကျွန်တော် တွေးမြင်မိလေတော့ ရင်ထဲ ဘယ်လိုမှ မကောင်းနိုင်တော့ပါဘူးဗျာ...။ ကျွန်တော်ဘယ်လိုစကားလုံးတွေနဲ့များ သမီးကို ဖြောင်းဖျပေးရပါ့မလဲ။ အိမ်မှာ စောင့်နေရှာမယ့် သမီးကို ကျွန်တော် ဘယ်လို ခွန်အားနဲ့ ရင်ဆိုင်ရပါ့မလဲ။



ဆိုင်ရှေ့ကနေ လေးလံတဲ့ ခြေလှမ်းနဲ့ ခေါင်းငိုက်စိုက်ချ ထွက်လာတဲ့ ကျွန်တော့် ပုခုံးကို လှမ်းတို့ခံလိုက်ရလို့ ကြည့်လိုက်တော့...



" ဦးလေး... ကျွန်တော်ဓာတ်ပုံဆိုင်က ကွန်ပြူတာသမားပါ၊ ဦးလေးသမီးပုံ ကျွန်တော့်ကွန်ပြူတာထဲမှာ ဖျက်လိုက်ပေမယ့် ကွန်ပြူတာရဲ့အမှိုက်ပုံးထဲမှာ ကျွန်တော် ပြန်ရှာလို့ ရလိုက်ပါသေးတယ်။ ကျွန်တော့ အလုပ်ရှင်ကို ပြောပြတော့ အသစ်ပြန်ထုတ်ပေးလိုက်ဆိုလို့ ဦးလေးကို ၀မ်းသာရအောင် အပြေးလာပြောတာပါ၊ ဦးလေး နောက်တစ်နာရီဆို ဆိုင်ကိုပြန်လာပြီး ပုံလာယူလှည့်ပါ "



ကွန်ပြူတာထဲက ဖျက်လိုက်ပြီဆိုတဲ့ ပုံက ဘာလို့အမှိုက်ပုံးထဲကနေ ပြန်ရှာလို့ တွေ့ရတာလဲ။ စဉ်းစားကြည့်ရလောက်အောင် ကျွန်တော် ဥာဏ်မမှီပါဘူး။ ဒါပေမယ့် ကျွန်တော့် မတ်တပ်ရပ်လျှက်က ဒူးတွေညွတ်ခွေကျသွားမတတ်အောင် ပျော်သွားမိတော့တယ်။




......................@@@ ......................




နိဂုံး။



နံရံမှာ ချိတ်ထားတဲ့  သမီးရဲ့ ဘွဲ့ဓာတ်ပုံကို သမီးနဲ့အတူ ကျွန်တော် ကြည့်နေမိတယ်။



" အဖေ... ပုံထဲမှာ မျက်လုံးက မှိတ်နေသလို ဖြစ်နေပေမယ့် သမီးတော့ အခုမှ ကြည့်ရတာ အဆင်ပြေသွားသလို ခံစားမိတယ်.. "



ကျွန်တော် ခေါင်းကို ဆတ်ကနဲ ငြိမ့်လိုက်ပြီး.....



" ဟုတ်တယ်သမီး၊ သမီးရဲ့ပုံထဲမှာ သမီးမဟုတ်တဲ့ တခြားသူရဲ့ အင်္ဂါအစိတ်အပိုင်း ပါဝင်နေတာကို ဘယ်လိုမှ လက်ခံလို့မရဘူးဆိုတာ သဘာဝကျပါတယ်၊ ပုံထဲမှာ မျက်လုံးလေးက မှေးနေပေမယ့် သမီးမျက်လုံးလေးမှန်း ဖေဖေသိတယ်၊ အဲ့ဒီလိုပဲ သမီးကိုယ်တိုင်လည်း သိနေတယ်လေ။ မှတ်တမ်းဓာတ်ပုံဆိုတာ လူတစ်ယောက်ရဲ့ ဘ၀တစ်သက်မှာ တစ်ကြိမ်သာရိုက်ခွင့်ရကြတာ။ ရိုက်သင့်ကြတာမဟုတ်လား။ အိမ်နံရံမှာ အမြဲချိတ်ထားရမယ့် ဒီပုံလေးအတွက်  မျက်လုံးလေး မှေးနေပါစေဦးတော့ ဒီပုံလေးကပဲ ဖေဖေတို့အတွက် အဆင်ပြေပါတယ် သမီးရယ် "



သမီးရဲ့ဘွဲ့ဓာတ်ပုံအတွက် ဖခင်တစ်ယောက်အနေနဲ့ တစ်စိတ်တစ်ပိုင်းကနေ အကောင်းဆုံး လုပ်ပေးနိုင်ခွင့်ရခဲ့လို့ ကျွန်တော့စိတ်ထဲ ဘ၀င်ကျနေမိတယ်။ ဓာတ်ပုံဆိုင်ကို ပုထုဇဉ်ပီပီ ကျွန်တော်ရော၊ သမီးပါ စိတ်ဆိုးမိခဲ့ကြပေမယ့် မိမိမသိကျွမ်း၊ မရင်းနှီးတဲ့ မျက်လုံးအတုတစ်စုံကို စွန့်ပယ်ခွင့်ရလိုက်လို့ ကျွန်တော်တို့ ကျေနပ်မိကြပါတယ်။ ပြုံးနေတဲ့ သမီးရဲ့ မျက်နှာကို ကြည့်လိုက်တော့ ကျွန်တော်အနှစ်သက်ဆုံး မျက်တောင်စိတ်စိတ်တွေနဲ့ ခြယ်မှုန်းထားတဲ့ သမီးရဲ့ တောက်ပမျက်ဝန်းအစုံက   ရွှန်းလက်နေလေပြန်တော့ ကျေနပ်စိတ်နဲ့ နှုတ်ခမ်းအစွန်းတွေ ကွေးညွတ်သွားသည်အထိ ကျွန်တော်နှစ်နှစ်ကာကာ ပြုံးနေလိုက်မိပါတယ်။




ဝန်ခံချက် ။    ။ မိတ်ဆွေတစ်ဦးရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို အခြေခံပြီး ခံစားပုံဖော်ယူပါသည်။




ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။






Wednesday, November 3, 2010

အဆင့်



အဆင့်ဆိုတာက သတ်မှတ်ချက်တစ်ခု။ အဆင့်ဆိုတာ နေရာတစ်နေရာ။ သက်ရှိတွေအတွက်ရော၊ သက်မဲ့တွေအတွက်မှာပါ အဆင့်တွေခွဲခြား သတ်မှတ်ထားတယ်။ အဆင့်တွေနဲ့ ကင်းလွတ်တဲ့သူတွေ မရှိသလောက်ပါဘဲ။


အလုပ်တွေမှာ ရာထူးတွေ၊ ဌာနတွေနဲ့ အဆင့်တွေ ခွဲခြားထားတယ်။ မီးရထား၊ လေယာဉ် ၊ ဘတ်(စ်)ကား၊ ရုပ်ရှင်ရုံတွေမှာ အဆင့်တွေခွဲခြားထားတယ်။ ရိုးရိုးတန်း၊ အထက်တန်း၊ စပယ်ရှယ်၊ အထူးစပယ်ရှယ်၊ စီးပွားရေးသမားများသာ၊ ဗွီအိုင်ပီ၊ လက်ဖက်ရည်တောင် ရိုးရိုးနဲ့ ရှယ်ဆို အဆင့်ခွဲထားလိုက်သေး။ အို... နောက်ဆုံး လူ့လောကကနေ စွန့်ခွာရတာတောင် ရှယ်သဂြိုလ် မလား၊ ရိုးရိုးသဂြိုလ်မလား..တဲ့။ ခွဲထားလိုက်တဲ့ အဆင့်တွေ။


တလောတုန်းက လမ်းသွားရင်း ရန်ဖြစ်တာ ကြုံရတယ်။ အဲ့ဒီမိန်းမကလေ ၀တ်ထားတဲ့ ရွှေဆွဲကြိုးကြီးကိုမ၊ှ ဖြူဥသန့်ပျံ့နေတဲ့ သူ့ရုပ်ကိုမှ အားမနာ၊ ထမိန်ကို လက်နှစ်ဖက်က မလို့  တစ်ဘက်လူကို ရန်ထောင်နေတာ " အဆင့်မရှိတဲ့ကောင်၊ ဥတစ်လုံးချိုင့်တွေ၊ နင်တို့ကို အခုလိုပြောနေရတာကို သနတယ် " ဆိုပဲ။


အဆင့်ဆိုတာကို လူတွေကပဲ ပြဌာန်းသတ်မှတ်နေတာ။ ကိုယ်ရထားတဲ့ အဆင့်ကနေ ဒီထက် သာလွန်အောင် ကြိုးစားနေကြ သူများရှိသလို၊ ကိုယ်ရထားတဲ့အဆင့်လေးမှာပဲ တင်းတိမ်ပျော်မွေ့ နေသူတွေလည်းရှိတယ်။ တချို့ကလည်း ကိုယ်ရနေတဲ့ အဆင့်ကနေ ပိုမိုကောင်းမွန်တဲ့ အဆင့်ရောက်အောင် အားထုတ်ကြတယ်။ ကောင်းမွန်တဲ့ ပြယုဂ်နဲ့ အဆင့်တွေမြင့်မားလာ အောင် အားထုတ်နေသူ များကို လေးစားနေမိပေမယ့် တချို့က နောက်ဆုံးပေါ်ကားစီးနိုင်မှ၊ နောက်ဆုံးပေါ် ပစ္စည်းတွေ သုံးနိုင်မှ၊ ရာထူးတွေ မိုးထိထိုးနေပါမှ၊ အထင်တကြီးနေရာပေးလေးစားနေကြလေတော့ အပေါ်ယံ အဆောင်အယောင်တွေကို ကြည့်ပြီး အဆင့်တွေ မြင့်လှချည်လားလို့ ထင်နေကြလေ သူတွေကိုတော့ သနားတယ်လို့ပဲ ပြောလိုက်ချင်မိတယ်။


သတ်မှတ်ထားတဲ့ အပြင်ဗဟိဒ္ဓကတော့ အဆင့်မြင့်မြင့် နေရာတစ်နေရာတော့ ရောက်နေပါရဲ့။ အတွင်းအဇ္ဖျိတ္တတွေကရော အဆင့်မှမြင့်ကြရဲ့လားလို့ တွေးမိတယ်။ လူတွေကတော့ အဆင်တန်းမြင့်မြင့်နဲ့ နေနေကြပါရဲ့၊ စိတ်ဓာတ်ရေးရာကြတော့ သေးသိမ်နိမ့်ကျနေလိုက်တာ။ လူနေခြုံကြား၊ စိတ်နေဘုံဖျားနဲ့ မြေစာမြက်လောက် အမြင့်ကိုတောင် မြင့်လိုက်တာလို့ ထင်နေကြသေးရင် သိပ်မဟုတ်သေးဘူး။


တစ်နေ့ကပဲ သိခဲ့ရတယ်။ ကလေးတစ်ယောက်နဲ့ သူ့အမေရဲ့အဖြစ်။ အခုခောတ်ကလေးတွေဟာ အရွယ်နဲ့မမျှအောင် ပညာတွေသင်ယူနေရတယ်။ ကစားချိန်ဆိုတာမရှိပဲ  ကျောင်းပြီးကျူရှင်၊ ကျူရှင်ပြီး ဂိုဒ်နဲ့စာဆက်ကျက်၊ လွယ်အိတ်တွေထဲမှာ စာအုပ်တွေက ၂ဒါဇင်လောက်ထည့်။ သနားစရာ။ ဒါပေမယ့် မိဘတွေက အတန်းထဲမှာ ဘာသာရပ်လိုက် ရတဲ့အမှတ်တွေက ပျံလန်နေလေတော့ ၀မ်းသာပီတိပေါ့။ တစ်နေ့.. အမေဖြစ်သူက လစဉ်စာမေးပွဲအပြီး ရီပို့ကဒ်ရတယ်။ အမြဲအဆင့်(၁)ရခဲ့တဲ့ သမီးက အဆင့် (၁၃)တဲ့။ သမီးဖြစ်သူက မျက်ရည် တစမ်းစမ်းနဲ့။ ဒါနဲ့ အမေဖြစ်သူလဲ မျက်ကလဲဆန်ပြာနဲ့ ကလေး လက်ဆွဲပြီး ကျောင်းက ဆရာမဆီကို သုတ်ခြေတင်တော့တာပေါ့။ ဆရာမက ရှင်းပြတယ်။ ဒီလ အတန်းထဲမှာ အမှတ်တူ အဆင့်(၁)ကြီးပဲ ၁၂ယောက်ရတယ်တဲ့။ အမှတ် ၁မှတ်သာကွာတဲ့ ဒီသမီးငယ်က ဒါကြောင့် အဆင့် (၁၃) ဖြစ်ရတာပါတဲ့။ မအေဖြစ်သူလည်း အမှတ် (၁)မှတ်သာနည်းပြီး အဆင့် (၁၃) ဖြစ်ရတဲ့ သမီးအတွက် ရင်ထုမနာဖြစ်ရတော့တယ်။ အမေရော၊ သမီးရော ကောင်းမွန်သာလွန်နေတဲ့ အမှတ်တွေကို ဂရုမပြုမိတော့ပဲ အဆင့်ဆိုတာကို ဂရုပြုလေတော့ ခံစားရပြီပေါ့။ ဒီလို အမှတ်တူတွေ ရှေ့မှာခံနေတာနဲ့ အဆင့်ကို လျှော့ချရတာမျိုးကရော ဖြစ်သင့်လို့လား။ အတန်းထဲက လူဦးရေပေါ် အခြေမခံပဲ အမှတ်အလိုက် အဆင့်လေးတွေ ပေးမသွားသင့်ဘူးလား။ ဒီအဖြစ်လိုမျိုးတွေနဲ့ ကိုယ့်မှာရှိနေတဲ့ ပင်ကိုယ် အရည်အချင်းကို မမြင်တော့ပဲ အခုလိုအဆင့်တွေပေါ်မှာပဲ သာယာလွန်းသူတွေ ဘယ်လောက်တောင် ရှိနေကြမလည်း မသိဘူးနော်။


လူတစ်ဦးချင်းစီအတွက်ကတော့ အဆင့်ဆိုတာမျိုးက ကိုယ့်ကိုယ်ကို သတ်မှတ်ရတာမျိုးမဟုတ်။ အများက ကိုယ့်ရဲ့လုပ်ရပ်၊ ကိုယ့်ရဲ့အပြုအမှူ၊ ကိုယ့်ရဲ့အားထုတ်မှု၊ ကိုယ့်ရဲ့အနစ်နာခံ ကိုယ်ကျိုးစွန့်မှု ..အဲ့ဒီလို အမျိုးမျိုးအပေါ်မှာ ဆုံးဖြတ်ကာ၊ မှတ်ကျောက်တင်ကာ သတ်မှတ်ပေးရ တာမျိုး။ တချို့က ကိုယ့်ကိုယ်ကို တံဆိပ်တွေကပ်ပြီး အဆင့်တွေမြှင့်၊ ကိုယ့်ကိုယ်ကို ကြော်ငြာတွေဝင်ပြီး  သတ်မှတ်နေတာမျိုးလည်းရှိရဲ့။ ကိုယ့်သမိုင်းကိုယ် လုပ်ကြံဖန်တီးနေကြတာမျိုးလည်း ကြုံနေရရဲ့။ ဒါမျိုးတွေကြတော့ ရယ်သွေးသွမ်းစရာ အတုအယောင် အဆင့်တွေပေါ့။


မဟတ္တမဂန္ဒီဟာ ချည်ထည်ဖျဉ်ကြမ်းဝတ်ပြီး ဘ၀ကို သမရိုးကျ သာမာန်လူတစ်ယောက်လို ဖြတ်သန်းခဲ့ရပေမယ့်  သူ့ကို တစ်ကမ္ဘာလုံးကလေးစားခဲ့ရတယ်။ မာသာထရီစာဟာ ဆင်းရဲမွဲတေ ရောဂါဝေဒနာသည်တွေကြားမှာ လုံးထွေးပြုစုပြီး နေခဲ့ရပေမယ့် သူမရဲ့ မေတ္တာရနံ့တွေဟာ တစ်ကမ္ဘာလုံးကို ဖြာဝေခဲ့ရတယ်။ ဟိုချီမင်းဟာ ရိုးရာဝတ်စုံသာဝတ်ပြီး သမ္မတအိမ်တော်ကို သာမာန်လူတစ်ယောက်လို နေ့စဉ် လမ်းလျှောက်ပြီး အလုပ်ဆင်းခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပေမယ့် ပဲပြုတ်ထမင်းလေးကိုပဲ အာသီသရှိခဲ့တယ်။ သူတို့ဟာ လူရော၊ စိတ်ဓာတ်တွေပါ အဆင့်မြင့်မားခဲ့သူတွေပါ။ သူတို့ဟာ သူတို့အတွက်သာမက သူတို့ရဲ့ပတ်ဝန်းကျင်၊ သူတို့ရဲ့ကမ္ဘာ၊ သူတို့ရဲ့သမိုင်းကို အဆင့်မြင့်မြင့်နဲ့ လှပအောင်ချယ်မှုန်းခဲ့သူများပါ။


အဆင့်ဆိုတာတွေက မခွဲထားလို့လည်း မရပြန်ပါဘူး။ အဆင့်တွေ ခွဲထားမှ ကိုယ်ဟာ ဘယ်နေရာနဲ့သင့်လျှော်တယ်၊ ကိုယ်ဟာ ဘယ်အဆင့်ဆိုတာကို သတ်မှတ်နိုင်မှာပါ။ အဆင့်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ သက်ဆိုင်ရာ စံနှုန်းတွေလည်း ရှိထားပြီးသားပါ။ အဆင့်တွေမှီအောင်တော့ နေရာတိုင်းမှာလုပ်နေကြတာပဲ။ ဒါပေမယ့် အခြေခံအဆင့်လေးတွေကိုပဲ အနည်းဆုံး ပြည့်မှီစေချင်တာ။ အခြေခံအဆင့်လေးတွေကိုပဲ အောက်သက်ကြေကြေနဲ့ ပြည့်မှီအောင်လုပ်၊ အဲ့ဒီကမှ တစ်ဆင့်ပြီး တစ်ဆင့်ရှေ့ကို တစ်လှမ်းချင်း တက်သင့်တာပေါ့နော်။  ကျွန်မတို့လူမျိုးဆိုတာမျိုးက ရောင့်ရဲတင်းတိမ်တတ်ကြတာများတယ်။ အခြေခံအဆင့်လေးတွေမှာ ခိုင်ခိုင်မာမာမရှိရင်  အလှမ်းကျယ်အလည်လပ်နေမှာ စိုးမိပါရဲ့။


အင်း... ထမင်းချိုင့်တောင် အဆင့်တွေလွဲနေရင် ချိတ်လို့မရဘူးမဟုတ်လား။ အဆင့်တွေ လွဲနေမှာကိုတော့ စိုးရိမ်မိသားရှင်။


ဘာရယ်မဟုတ်ပါဘူး...။ ကွန်နက်ရှင်တွေမကောင်းတုန်း ဟိုတွေးသည်တွေးနဲ့ တွေးပြီး ကောက်ခြစ်လိုက်မိတာလေးပါ။



ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။

Monday, November 1, 2010

အဆုံးသတ်မျဉ်း






ခြေနှစ်ချောင်းကို ချိတ်လျှက် စားပွဲပေါ်လက်နှစ်ဖက် ယှက်တင်ပြီး ရှေ့တူရှူကို  ခပ်ငေးငေးကြည့်နေသည့် သူမကို ကြည့်ရသည်မှာ သက်တောင့်သက်သာရှိလှ၏။ သူကတော့ စားပွဲကိုလက်ညှိုးဖြင့်တစ်ဒေါက်ဒေါက်ခေါက်လျှက်က ဆိုင်အနောက်ဘက်ရှိ ကောင်တာသို့ကြည့်လိုက်၊ တည်ငြိမ်လွန်းနေသည့် သူမကို ကြည့်လိုက်နှင့် ရှိနေသည်။



စိတ်လှုပ်ရှားလွန်းသည့်အခါများတွင် သူသည်လိုပဲ စားပွဲကို လက်နှင့်ခေါက်လေ့ရှီ၏။ ကော်ဖီနှစ်ခွက် စားပွဲပေါ် ရောက်လာ၏။ စီးကရက်ကို တစ်ချက်ခပ်ပြင်းပြင်းရှိုက်လိုက်ရင်း… “သောက်လေ..မလတ် ” ဟု သူပြောကာ သူမဘက်သို့ ပန်းကန်ကို တိုးရွှေ့ပေးလိုက်သည်။ နှုတ်ခမ်းမှ စီးကရက်ကို ဖြုတ်၍ သူမရှေ့ပန်းကန်ထဲရှိ ဇွန်းနှင့် ကော်ဖီခွက်ကို မွှေပေး၏။



သူမ သူ့ကို ကြည့်လိုက်သည်။ နဖူးပေါ်က ဆံနွယ်ခွေများသည် ယခင်အတိုင်း ကျမြဲကျလျှက်ရှိ၏။ သူမ ကော်ဖီကြိုက်တတ်သည်ကို သူမေ့ပုံ မရသေးဟု သူမ, ကျေနပ်နေမိဆဲ သူ့အကြောင်း တွေးမိပြန်တော့လည်း စောစောက ကျေနပ်မှုတို့ လွင့်စင်ပျောက်ပျက်သွားပြန်သည်။


ဇွန်းနှင့်ဖန်ခွက် သွားထိသံသည် ညင်ညင်သာ လွင့်ပျံ့နေသော တေးသွားတို့ကြား စည်းချက်လိုက်လျှက်ရှိသည်။ သူစိမ်းတရံနှစ်ဦး တွေ့ဆုံခြင်းမျိုးကဲ့သို့ သူနှင့်သူမအကြား တိတ်ဆိတ်မှုတို့ဖြင့် အတိရှိနေ၏။


လက်ဖက်ရည်ဆိုင်လေးက သေသပ်လှသည်။ အလှမွေးငါးကန်များနှင့်။ စားပွဲတင်ပန်းအိုးနှင့်။ ကုလားထိုင် စားပွဲတို့ကို အခင်းအစွတ်တို့ ရှိစေခြင်းတို့က အခြားဆိုင်များနှင့် ခြားနားစေ၏။ တေးသီချင်းတို့ကို တိုးတိုးသက်သက်ဖွင့်ထားခြင်းနှင့် လူစည်ကားခြင်းကင်းခြင်းတို့ကြောင့် သူမကို ဤဆိုင်သို့ သူခေါ်လာခြင်း ဖြစ်မည်ဟု သူမတွေးနေမိသည်။


မတွေ့သင့်တော့ဟု ဆုံးဖြတ်ထားသော လူတစ်ဦးနှင့် လမ်း၌ အမှတ်မထင်တွေ့ဆုံမိပြီး ထိုသူ၏ တောင်းဆိုချက်တို့ဖြင့် ဤဆိုင်သို့ သူမရောက်လာခဲ့သည်။ဒါပေမယ့် သည်လိုလိုက်လျောမှု အတွက်သူမကိုယ်သူမ ကျေနပ်နေ မိသည်။



ကောင်တာအထက် ကျွန်းသားနံရံပေါ်တွင် “ တိတ်ဆိတ်ခြင်း ” ဟု အဓိပ္ပာယ်ရသည့် ဆိုင်၏အမည်ကို အင်္ဂလိပ် စာလုံးဖြင့် လှပစွာ ထွင်းထိုးထား၏။ သူနှင့်သူမအတူ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းမှာ သူမတို့နှစ်ဦး မတွေ့ဆုံကြ သည့် ခြောက်လအတွင်း ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ သူနှင့်သူမ ချစ်သူဘ၀တုန်းကလည်း သည်လိုပင် လက်ဖက်ရည်ဆိုင်များစွာမှာ အတူထိုင်ခဲ့၏။



သူနှင့်သူမ ခင်မင်ပြီးသည့်နောက် ပထမဦးဆုံးထိုင်ခဲ့သည့် လက်ဖက်ရည်ဆိုင်လေးကို မှတ်မိနေသေး၏။ အဲ့သည်တုန်းက ဆိုင်လေးမှာ ခပ်သေးသေးမြေစိုက်တဲ့လေးသာဖြစ်သည်။ ဆိုင်လေးမှာ ခပ်အိုအိုဖြစ်သော်ငြား သပ်သပ်ရပ်ရပ်ရှိနေ၏။ ပြောင်လက်နေသည့် ဒန်ရေနွေးအိုးလေးကို ကြည့်ပြီး သူတို့နှစ်သက်ခဲ့၏။



ဆိုင်ထဲမှာ လူရှင်းလှ၏။သူတို့လို စုံတွဲတစ်တွဲနှင့် အသက်၆၀ခန့် အဖိုးအိုတစ်ဦးသာရှိ၏။ စားပွဲထိုးကောင်လေးက စားပွဲလွတ်တစ်လုံးတွင်ငိုက်မျဉ်းနေရာမှ ထလာပြီး ကော်ဖီနှစ်ခွက်ကို လေးဖင့်စွာ ယူလာပေးလေသည်။ ကော်ဖီခါးခါးသည်ဘုရားစူးလောက်အောင်ပင်ခါးလှ၏။ သည်ကြားထဲ အရည်ကလည်း ကျဲလှ၏။ ကော်ဖီမှုန့်ဖတ် တွေကလည်း ပန်းကန်နှုတ်ခမ်းတွင် ပေကျ၊ံလျှက်ရှိသည်။ ဆိုင်ထောင့်မှ စုံတွဲကလည်း ခေါင်းခြင်းဆိုင်ကာ တွတ်ထိုးလျှက်ရှိ၏။ အဖိုးအိုကလည်း ပေါင်မုန့်ကို လက်ဖက်ရည်နှင့်တို့ကာ မြိန်ယှက်စွာ စားလျှက်ရှိ၏။ သို့သော် ထိုအရည်ကျဲကျဲ ကော်ဖီခါးခါးကိုပင် သူတို့နှစ်ဦး ကျေနပ်စွာသောက်ရင်း ကြည်နူးဖူးခဲ့ကြသည်။



သူတို့နှစ်ဦး ချစ်သူဖြစ်တော့ ထိုဆိုင်လေးကို စွန့်ခွာလိုက်၏။ ဒုတိယရွေးလိုက်သည့် ဆိုင်ကတော့ သူမတို့ စိတ်ကြိုက် ခင်ဝမ်း၊ မွန်းအောင်၊ ခင်မောင်တိုး သီချင်းတို့ကို ခပ်တိုးတိုးသာ ဖွင့်ထား၏။ ကော်ဖီကလည်း သူမအကြိုက် စိမ့်ခါးခါးဖြစ်၏။နောက်ဆုံးတော့လည်း “ ဆိုင်က ကောင်လေးတွေ သိပ်များတယ် ” ဆိုတဲ့ အကြောင်းပြချက်ဖြင့် သူက စွန့်ခွာစေခဲ့သည်။ လက်ဖက်ရည်ဆိုင်ကောင်းကောင်း တစ်ဆိုင်တွင် နာရီဝက် တစ်နာရီမျှထိုင်၍ စကားပြောရသည့် အရသာကို သူတို့နှစ်ဦး ဘာနှင့်မျှမလဲနိုင်ခဲ့။ ခက်သည်က သူက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို တစ်ခါနှစ်ခါထက်ပို၍ စွဲစွဲမြဲမြဲ မထိုင်ခြင်းပင်။ ဆိုင်တစ်ဆိုင်၌ ထိုင်ပြီးလျှင် အကြောင်းပြချက် တစ်မျိုးမျိုးဖြင့် နောက်ထပ်အဆင်ပြေသည့် ဆိုင်တစ်ဆိုင်ကို ရှာကြံကာ ပြောင်းထိုင်ပြန်၏။







သူနဲ့သူမတို့ မဆုံးနိုင်သော စကားတို့ကို ကော်ဖီသောက်ရင်း၊ တစ်ခါတစ်ရံ သူ့အကြိုက် လက်ဖက်ရည် သောက်ကာ ပြောဆိုကြ၏။သူမက စိတ်ဝင်စားဖွယ်အကြောင်းအရာတို့ကို ပြောပြနေတတ်ချိန် သူက သူမရဲ့ အလျင်ရည်းစားအကြောင်း စဉ်းစားနေတတ်၏။ “ မောင့်ကို မလတ်ချစ်တယ် ” ဟု သူမက တယုတယဆိုတိုင်း သူမမျက်နှာလေးကို လေးလေးနက်နက်ကြည့်ကာ စိတ်မကောင်းစွာ ပြုံး၏။ ထိုအခါမျိုးတွင် သူမက ပျာပျာသလဲ နှင့် ...


“ မလတ် မောင်နဲ့မတွေ့ခင်တုန်းက အကြောင်းတွေပြောပြပြီးသားပဲ၊ မလတ် အဲဒီတုန်းက ရည်စားသာ ထားခဲ့တာ၊ ခုလို တွဲသွားတွဲလာ လုပ်တာမှမဟုတ်ဘဲ၊ မလတ် မောင့်အပေါ် သစ္စာရှိပါတယ်၊ မလတ် မောင့်ကိုပဲ ချစ်တယ်၊ မလတ်ကျောင်းပြီးရင် မောင်နဲ့လက်ထပ်ရအောင်နော် ”


ထိုအခါမျိုးတွင် သူမလက်ဖျားတို့ကို ဆုပ်ကိုင်ရင်း “ မလတ်ကို ဆုံးရှုံးရမှာ မောင်သိပ် ကြောက်တယ် ” ဟု စိုးရိမ်သည့် ကလေးတစ်ယောက်ကဲ့သို့ သူပြော၏။ ဒါပေမယ့် သူမတို့နှစ်ဦးကြား အစစအရာရာ အဆင်ပြေ ချောမွေ့ခဲ့သည်။ “ သူငယ်ချင်းများ” ဟု အမည်ရသော လက်ဖက်ရည်ဆိုင် ကျဉ်းကျဉ်းလေးတွင်လည်း သူတို့ နှစ်ဦးထိုင်ဖူးခဲ့၏။ ပဲပလာတာ ကောင်းကောင်းရသည့် “ ဝေ ” လိုဆိုင်မျိုးသာမက “ စကားဝါ ” ” ငြိမ်းချမ်း ”  စသည် စသည်ဖြင့်။ သူတို့ လက်ဖက်ရည်ဆိုင် တော်တော်များများနှင့် သိကျွမ်းခဲ့သည်။ သူမကြိုက်သည့် ကော်ဖီခါးခါးကိုလည်း သူ စွဲမက်မှန်းမသိ စွဲမက်လာခဲ့၏။


လက်ထဲမှ စီးကရက်တိုကို အောက်ခံပန်းကန်ပြားပေါ်သို့ ထိုးချေထည့်လိုက်၏။ နောက်.. အိကျီ င်္အိတ်ထဲရှိ ဘူးထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ယူမီးညှိလိုက်၏။ နှစ်ဦးအကြား တိတ်ဆိတ်ငြိမ်သက်ခြင်းမျိုးကို သူရွံ့လာ၏။ မနေနိုင်သည့်အဆုံး သူမကို သူ.. မေးလိုက်သည်။



“ မလတ်.. ဘာတွေများ ဒီလောက်တောင် စဉ်းစားနေတာလဲ၊ မောင့်ကို ရှိတယ်လို့မှ သိသေးရဲ့လား ”



သူမက ခပ်သာသာပြုံးလိုက်၏။ ပြီးမှ..



“ သြော်.. မလတ်နဲ့ ကိုသက်ခိုင် အတူတူထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်တွေ မနည်းဘူးနော်၊ လက်ချိုးရေကြည့်ရင် မှတ်တောင်မှတ်မိမှာ မဟုတ်ဘူးလို့ တွေးမိလို့ပါ ”



“ ကိုသက်ခိုင်” ဆိုသည့် သူမစကားအသုံးအနှုန်းကြောင့် သူ မျက်နှာတစ်ချက် ပျက်သွား၏။ သူမနဲ့အတူ နောက်ဆုံးထိုင်ခဲ့သည့် “ စကားဝါ ” လက်ဖက်ရည်ဆိုင်လေးကို သတိရမိသည်။ သူမက နံရံမှာ ချိတ်ထားသည့် ပြက္ခဒိန်ကို ကြည့်လျှက်။ သူမ၏ အေးစက်စက်အပြုအမူနှင့် မရေရာစကားတို့ကြောင့် သူ့ရင်ထဲ ဆက်ချုပ်တည်း နိုင်စွမ်း မရှိတော့ပေ။



“ မလတ် မောင့်ကို ဘာကြောင့် အတွေ့မခံပဲ ရှောင်နေတာလဲ ”



သူ့အသံက အနည်းငယ် မာသယောင်ရှိ၏။ သူမ သူနှင့် ရင်ဆိုင်လိုက်သည်။



“ မလတ် ကိုသက်ခိုင်ကို မရှောင်ပါဘူး၊ မလတ်နဲ့ ကိုသက်ခိုင် မတွေ့သင့်တော့ဘူးလို့ ထင်တယ်၊ ဒါကြောင့်မို့ပါ ”


စားပွဲပေါ်တင်ထားသည့် သူမလက်ဖျားကို ရုတ်တရက် သူဖမ်းဆုပ်လိုက်၏။ အေးစက်နေသည့် သူ့လက်တို့က သူမလက်မှ အနွေးဓာတ်ကို ထိတွေ့သိလိုက်ရ၏။



“ မလတ်နဲ့ တွေ့နိုင်ဖို့ မောင် ကြိုးစားခဲ့တာ ခြောက်လနီးပါးရှိပြီ၊ မလတ်နဲ့ အခုလို မမျှော်လင့်ပဲ တွေ့ရတော့ မောင်ဘယ်လောက် ၀မ်းသာသွားတယ်မှတ်သလဲ၊ မလတ် မောင့်ကို မုန်းနေပြီလား”



“ ဟင့်အင်း၊ မဟုတ်ဘူး ”



သူမ ခေါင်းခါယမ်းလိုက်၏။



“ မလတ်ကို မောင်ချစ်တယ်၊ မလတ်နဲ့နီးဖို့ မောင် ကြိုးစားနေတယ်၊ မလတ်ကို လက်ထပ်ယူဖို့ မောင့်ကို အချိန်နည်းနည်းသာ ပေးပါလို့ မောင်ပြောထားသားပဲ ”






ချွေးပြန်နေသည့် သူ့လက်ထဲမှ သူမလက်ကို အသာဆွဲထုတ်ယူလိုက်၏။ ပါးပြင်ပေါ်မှ ဆံစအချို့ကို အနောက်ဖက်သို့ အသာသိမ်းလိုက်၏။ ပြီးမှ…



“ အချိန်ဆိုတဲ့အရာကို ကိုသက်ခိုင်ထက် မလတ်တန်ဘိုးထားတတ်တယ်၊ ဒါပေမယ့် မျှော်လင့်ထားခဲ့တဲ့ အရာတွေဟာ တစ်ခါတစ်ခါ စိတ်ကုန်စရာကောင်းလောက်အောင် တန်ဖိုးမဲ့နေတတ်တယ်လေ၊ တကယ်ဆို မလတ်အခုလို ကိုသက်ခိုင်နဲ့အတူ စကားပြောနေဖို့ မသင့်ဘူး။ မသင့်ဆို လွန်ခဲ့တဲ့ သုံးနှစ်လောက်ထဲက ကိုသက်ခိုင်နဲ့မလတ် မတွေ့ခဲ့ဖို့ကောင်းတာ ”



သူမ၏ အေးစက်စက်စကားတို့က သူ့ရင်ကို လှုပ်ခါစေ၏။ သူမနှင့် မျက်လုံးချင်း ရင်ဆိုင်လိုက်သည်။ သူမရဲ့ မျက်လုံးများက ရီဝေလျှက်။



“ မလတ် ဘာကို ရည်ရွယ်ပြောတာလဲ၊ မောင့်ကို အရင်လူတွေလိုပဲ မုန်းချင်လာပြီလား၊ မင်းရဲ့ အရင်ရည်းစားတွေ ထဲ မောင် ပါသွားပြီလား၊ ဟင်.. ပြောလေ ”



သူ့အသံမာမာတို့သည် သူမရင်ထဲထိ ထိုးဖောက်ဝင်သွားပြီး ဦးခေါင်းကို မတ်သွားစေ၏။



“ မောင်ဟာ ဘယ်သောအခါမှ ကျွန်မရဲ့အပျော်ရည်းစားထဲက တစ်ယောက်မဖြစ်စေရဘူး၊ မောင်ဟာ ကျွန်မရဲ့ ချစ်သူ ”  လို့ သူမရင်ထဲက စကားတို့ကို သူ မကြားနိုင်စေအောင် အပြုံးတုတစ်ခုဖြင့် ဖုံးကွယ်လိုက်သည်။ သူမ ခပ်ဟက်ဟက်ရယ်နေလိုက်သော်လည်း ရင်ထဲ၌   ကြေကွဲနေ၏။



ဖျဉ်းကနဲ ၀င်လာသည့် ဒေါသစိတ်သည် သူ့လက်ထဲမှ စားပွဲခင်းအဖြူစအစွန်းကို ဆုတ်ချေပြီးသားဖြစ်၏။ သူမ၏ ထီမထင်ဟန်က သူ့ကို ခံရခက်စေသည်။



“ ဒါဆို ချစ်တယ်ဆိုပြီး မင်း မောင့်ကို ညာခဲ့တာပေါ့.. ဟုတ်လား ခင်ခင်လတ် ”



ဒေါသကြီးနေသော သူ့ကို ကြည့်ပြီး သူမက ကြေကွဲစွာ တိုးသာသာရယ်လိုက်၏။



“ ခင်ခင်လတ်က ကိုသက်ခိုင်ကို ညာခဲ့တာမဟုတ်ပါဘူး၊ ကိုသက်ခိုင်ကသာ ခင်ခင်လတ်ရဲ့အချစ်ကို သုံးနှစ်လုံးလုံး ညာယူခဲ့တာပါ။ အင်း.. ၀ဋ်ဆိုတာကို ကျွန်မယုံကြည်သွားပြီ၊ အရင်က ကျွန်မ အပျော်ရည်းစားတွေ ထားခဲ့ပေမယ့် ကိုသက်ခိုင်နဲ့ ပတ်သက်ပြီးနောက် ကျွန်မ ကိုသက်ခိုင်အပေါ် သစ္စာရှိခဲ့တယ်၊ ချစ်ခဲ့တယ်၊ ဒါတွေအားလုံး ကိုသက်ခိုင်သိပါတယ် ”



သူမ၏အသံတို့က တုန်ရင်လျှက်ရှိသည်။ သူ ထိတ်လန့်သွား၏။



“ မဟုတ်ဘူး မလတ်၊ မောင်ပြောပြမယ်၊ မောင်… မလတ်အပေါ်….. ”



“ ဟင့်အင်း.. မဟုတ်ဘူး ကိုသက်ခိုင်၊ ကျွန်မ သန္တာကိုလည်း ကိုယ်ချင်းစာတယ်၊ သမီးလေးကိုလည်း သနားတယ် ”



နှလုံးခုန်သံတို့ ရုတ်ချည်း လျှင်မြန်လာ၏။ မမျှော်လင့်သော စကားတို့ကြောင့် သူ တုန်လှုပ်သွား၏။



“ ဟင်..မလတ်.. ဒါတွေ ဘယ်လိုသိလဲ.. ”



သူ့အသံက အံ့သြခြင်းတို့ စွက်လျှက်ရှိ၏။ အနှေးနှင့်အမြန် သူမျှော်လင့်ထားခဲ့သည့် နေ့တစ်နေ့ ရောက်လာချေ ပြီ။ စားပွဲခင်းစအဖြူကို လက်ဖြင့်အသာ ပွတ်သပ်ရင်းက သူမ ပြော၏။



“ ကျွန်မဆီ သန္တာရောက်လာတယ်၊ နေမကောင်းတဲ့ သမီးအကြောင်း၊ ကိုသက်ခိုင် မိသားစုနဲ့ ကင်းကွာနေတဲ့ အကြောင်း၊ မိဘခြင်းပေးစားလို့ ယူခဲ့ရပေမယ့်  ကိုသက်ခိုင်အပေါ် သူ တကယ်ချစ်ကြောင်း၊ နောက်ဆုံး ကွာရှင်းခွင့်တောင်းထားတဲ့ ကိုသက်ခိုင်နဲ့ သူ့ရဲ့ စစ်အေးတိုက်ပွဲကြားက သမီးလေး မြေစာပင်ဖြစ်မှာစိုးမိတဲ့ အကြောင်း၊ အားလုံး ကျွန်မသိခဲ့ရတယ်.. ၊ ကိုသက်ခိုင် စုဆောင်းထားတဲ့ အချိန်တွေရဲ့ အကျိုးအမြတ်ဟာ သန္တာတို့ သားအမိနဲ့ပဲ ထိုက်တန်တယ် ”



သူမ စကားကို တစ်ချက်နားလိုက်၏။ ပြီးမှ....



“ အိမ်ထောင်ရှိ ယောကျာ်းတစ်ယောက်နဲ့ ပတ်သက်ခဲ့မိတဲ့ ကျွန်မလို မိန်းမတစ်ယောက်နဲ့ ယဉ်ယဉ်ကျေးကျေး လာတွေ့ခဲ့တဲ့ ကိုသက်ခိုင်ရဲ့အမျိုးသမီးရဲ့ စိတ်ဓာတ်နဲ့ သူ့ရဲ့ မေတ္တာကို ကျွန်မတန်ဘိုးထားသင့်တယ်၊ ဒါကြောင့် ကိုသက်ခိုင်ကို ကျွန်မရှောင်နေခဲ့တာ၊ ကျွန်မနဲ့ ကိုသက်ခိုင် လက်ထပ်ဖို့သက်သက်နဲ့တော့ သန္တာနဲ့သမီးလေးကို စွန့်ပြီး အချိန်တွေကို ဖြုန်းတီးမနေသင့်ဘူးလို့ ကျွန်မထင်တယ် ကိုသက်ခိုင်”



အမြဲတစေ ချိုသာစွာ ပြောဆိုချွဲနွဲ့တတ်သည့် သူမ၏ နှုတ်ခမ်းပါးတို့မှ တိကျခိုင်မာသည့် စကားလုံးတို့က သေသပ်စွာ ထွက်ပေါ်လာခဲ့သည်။ စားပွဲခင်းပေါ်မှာ သွားနေသည့် ပုရွက်ဆိတ်ငယ်တစ်ကောင်ကို ကြည့်ရင်း သူမကို ရင်ဆိုင်ဖြေရှင်းရန် စကားလုံးတို့ ရှာဖွေမိ၏။ သူမရှေ့တွင် ထိုင်နေရင်း ကိုယ့်ကိုယ်ကို သိမ်ငယ်လာ၏။ နှစ်ဦးသား နှုတ်ဆိတ်ကာ စက္ကန့်အတော်ကြာမျှ ငြိမ်နေမိကြသည်။


....“ မောင် ” ....


သူမထံမှ ဝေးကွာနေသည့် ခြောက်လအတွင်း ပထမဆုံး “  မောင် ” ဟု ခေါ်သံ ကြားလိုက်ရ၏။ တုန်ယင်နေသည့် သူမအသံ တိုးလျလျက ခန္ဓာကိုယ်မှ ခွန်အားတို့ကို  နှုတ်ယူသွားသလို ခံစားလိုက်ရသည်။ အာစေးထည့်ထား သလို နှုတ်ဆွံ့နေမိ၏။ အားယူ၍ သူမဆီ လှမ်းကြည့်လိုက်သည်။ သူ ချစ်မြတ်နိုးခဲ့ဘူးသည့် သူမ၏ မျက်ဝန်းအစုံ တွင် မျက်ရည်စတို့ ဝေ့သီလျှက်ရှိ၏။ သူမစကားတို့ တစ်ခွန်းခြင်း ထွက်လာပြန်သည်။


“ တကယ်တော့ လူ့ကျင့်သိက္ခာဆိုတဲ့ စည်းကို ချိုးဖောက်ဖို့ ကျွန်မတို့နှစ်ယောက် ကြိုးစားနေမိကြတာပဲ၊ မောင့်ကို ကျွန်မချစ်ခဲ့တယ်၊ ဒါပေမယ့် ကျွန်မတို့နှစ်ယောက် လက်ထပ်ဖို့ကိစ္စ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ ဘူး၊ ကျွန်မတို့ နှစ်ဦးစလုံး မိုက်မဲခဲ့တာပဲ၊ စူးစမ်းဆင်ခြင်တုံတရားကင်းမဲ့တဲ့ ကျွန်မအမှားက ပိုပါတယ်၊ မောင်... ကျွန်မကို မေ့လိုက်တော့  ”





သူမ စကားတို့ မဆုံးနိုင်ခဲ့။ ၀ဲကျလာသည့် မျက်ရည်စတို့ကို မျက်တောင်ချင်း ပုတ်ခတ်၍ ဖယ်ရှားလိုက်၏။ သို့သော် ပါးပြင်ပေါ် ယိုစီးကျလာ၏။ မျက်ရည်တို့ကို သုတ်ပေးချင်နေမိ၏။ သို့သော် မမြင်နိုင်သော အရာတစ်ခုက ဟန့်တားထားသလို ၀န်လေးနေမိသည်။



“ မလတ်ရယ်..  ”



သူ့အသံက ညည်းတွားသံပေါက်နေ၏။



“ မလတ်ကို မောင် ချစ်တယ်၊ ဒါပေမယ့် မောင့် အိမ်ထောင်အကြောင်း မပြောပြခဲ့တာ မောင့်အမှားပါ၊ မလတ်ကို ဆုံးရှုံးရမှာ မောင်ကြောက်တယ် ”



“ သမီးလေးကိုတော့ မောင် ချစ်ပါတယ်၊ ဒါပေမယ့်.. ”



သူ့စကားတို့ နားထောင်ရင်း သူမမျက်ရည်တို့ ရစ်ဝဲလာပြန်သည်။ သူနှင့်ပတ်သက်သမျှ ပျော့ညံ့လွန်းနေမိသည့် သူမကိုယ်သူမ ရွံမုန်းလာမိ၏။ ခိုင်ခိုင်မာမာသံန္နိဋ္ဌာန်ချထားသည့် ဆုံးဖြတ်ချက်ကိုတော့ သူမပြင်ဖို့ မကြိုးစား ချင်တော့။



“ ဟုတ်တယ် ကိုသက်ခိုင်၊ သမီးလေးဟာ သနားဖို့ သိပ်ကောင်းပါတယ်၊ ကျွန်မတို့ နှစ်ယောက် ဒုတိယအကြိမ် အမှားကို  ထပ်ပြီး မကျူးလွန်ကြပါစို့လား ”



“ မလတ်.... ”





နှစ်သက်မြတ်နိုးရသည့် အရာတစ်ခုကို အပြီးတိုင် စွန့်လွှတ်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူနှင့်အဆုံး စွန်သော ဝေးကွာခြင်းသို့ သူမ ရောက်ရှိသွားသည်ဟု ထင်လိုက်မိသည်။



“ မလတ် မောင့်ကို ခွင့်လွှတ်ပြီး နားလည်ပေးပါ ”




ခွင့်လွှတ်ပါဆိုသော သူ့စကားအတွက် သူမခေါင်းညိတ်လိုက်၏။ သူနှင့်ပတ်သက်သမျှ ခွင့်လွှတ်ဖို့စိတ်၊ ရင်ထဲမှာ မွေးထားပြီးပြီပဲလေ။ လက်ကိုင်ပုဝါစွန်းဖြင့် ပါးပြင်ပေါ်မှ အကြွင်းအကျန်မျက်ရည်စတို့ကို စင်ကြယ်စွာ သုတ်လိုက် ၏။



“ ကျွန်မတို့ နှစ်ယောက် မိတ်ဆွေဖြစ်သွားပြီနော် ”



သူမကိုယ်သူမ သန့်စင်သွားသလို ခံစားလိုက်ရ၏။ သူက သူမကို ချစ်မက်စွာ ကြည့်နေ၏။ ပြီး.. သူက စားပွဲပေါ်သို့ မျက်နှာကို အပ်လျှက် မှောက်ထားလိုက်သည်။ “  မောင့်ကို ကျွန်မ တကယ်ချစ်ခဲ့တာပါ ” ဟူသည့် စကား သူမနှုတ်မှ ထွက်မလာအောင် ခက်ခဲစွာ ထိန်းချုပ်ထားစဉ်အတွင်း သူမ သူ့အပါးမှ အမြန်ထွက်ခွာဖို့ လိုအပ်မှန်းသိလာသည်။ သူမ ထိုင်ရာမှ ထလိုက်၏။


“ ကျွန်မကို သွားခွင့်ပြုပါ ” ဟု သူမပြောလိုက်ပြီး သူ မတားနိုင်ခင်မှာပင် သူမ ဆိုင်ထဲက ထွက်ခွာခဲ့သည်။


“ တိတ်ဆိတ်ခြင်း ” အမည်ရှိ လက်ဖက်ရည်ဆိုင်ငယ်တစ်ခုအတွင်းရှိ စားပွဲတစ်လုံးတွင် လူတစ်ယောက် ထိုင်လျှက်ရှိသည်။ သူသည် မျက်နှာကို စားပွဲပေါ် မှောက်လျှက်အိပ်သားရှိ၏။ သီချင်းသံသဲ့သဲ့က ဆိုင်ထဲတွင် ပျံ့လွင့်လျှက်ရှိ၏။ ခဏကြာတော့ သူခေါင်းထောင်လာသည်။ စားပွဲပေါ်ရှိ ကော်ဖီခွက်ကိုယူ၍ သူ တရှိန်ထိုးမော့ သောက်လိုက်၏။ လွယ်အိတ်ကို ပခုံးထက် လွယ်လိုက်သည်။ လက်ဖက်ရည်ဖိုး ပိုက်ဆံကို ထုတ်ယူကာ စားပွဲပေါ်မှ ပြာခွက်အောက်တွင် အသာဖိလျှက် ဆိုင်ထဲမှ ခေါင်းငိုက်စိုက်ချကာ သူ ထွက်လာခဲ့သည်။


သောက်သူကင်းမဲ့သော ကော်ဖီတစ်ခွက်သည် ကော်ဖီခွက်လွတ်တစ်လုံးနှင့် ယှဉ်လျှက် အဖြူရောင်အခင်းဖြင့် သေသပ်လျှက်ရှိသော စားပွဲတစ်လုံးပေါ်တွင် ရှိနေ၏။











( အသက်၂၁နှစ်အရွယ်၊ ပေဖူးလွှာမဂ္ဂဇင်း၊ အမှတ် ၁၁၈၊ သြဂုတ်လထုတ်တွင် ဖော်ပြခံခဲ့ရဖူးပြီး မဂ္ဂဇင်းစာမျက်နှာ ပေါ်မှာ တတိယအကြိမ် ပါဝင်ခွင့်ရခဲ့တဲ့ ၀တ္တုတိုတစ်ပုဒ်ပါ။ အမှတ်တရ သိမ်းဆည်းချင်တဲ့အတွက် ဆိုက်မှာ ပြန်လည် တင်လိုက်မိပါတယ်။ ဒီစာမူလေးကို အမျိုးသားစာကြည့်တိုက်မှ  ပြန်လည်ရှာဖွေပေးခဲ့သော သူငယ်ချင်း NMK ကို ဒီနေရာက ကျေးဇူးစကားဆိုပါရစေရှင် ။ )





ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။







Friday, October 29, 2010

စိုက်ထူထားသော....



ထူးခြားဆန်းသစ်တဲ့ကြော်ငြာတစ်ခု





ကျွန်မလမ်းသွားရင် မျက်စိကအငြိမ်မနေတတ်ပါဘူး။ စပ်စုတယ်လို့ အဆိုးမြင်ဖက်ကပဲပြောရမလား.. ပါတ်ဝန်းကျင်လေ့လာမှု အားကောင်းတယ်လို့ အကောင်းမြင်ဘက်ကပဲ ပြောရမလား.. ကျွန်မကတော့ လမ်းသွားရင် ဘေးဘီဝဲယာ ကြည့်ပြီးသွားတတ်တယ်။ အမေပြောဘူးတာ မှတ်မိနေသေးတယ်။ ငယ်ငယ်က ကျွန်မနဲ့လမ်းများသွားရင် ဘယ်တော့မှ လိုရာခရီးကို တော်တော်နဲ့ မရောက်တော့ဘူးတဲ့။ လမ်းတစ်လျှောက်က တွေ့သမျှ ဆိုင်းဘုတ်၊ ပိုစတာကြီးငယ် မှန်သမျှကို ရပ်ကြည့်လို့၊ နာမည်တွေကို အသံထွက် စာလုံးပေါင်းလို့ ဖတ်နေလိုက်တာ။ ၁နာရီသွားမယ့် ခရီးက အနည်းလေးတော့ ၂နာရီပဲတဲ့။


ဒီအကျင့်က အခုအရွယ်ရောက်တဲ့အထိ ဖျောက်မရသေးပါဘူး။ စိတ်ဝင်စားစရာ ဆိုင်းဘုတ်တွေများ တွေ့လို့ကတော့ မြသွေးနီတယောက် လမ်းသွားရင်းကဆို ရပ်တန့်လို့။ ကားပေါ်ကနေတွေ့တာ ဆိုလည်း သမင်လည်ပြန်ဖတ်ကြည့်လို့။ ခရီးတွေဘာတွေများ ထွက်လို့ကတော့ မျက်စိအစုံက ခရီးလမ်းတစ်လျှောက် ကြည့်မ၀ရှုမ၀။ ဆိုင်းဘုတ်တွေကလည်း အမျိုးအစားအမျိုးမျိုး၊အသွင်သဏ္ဍာန် အမျိုးမျိုး၊ ဆွဲဆောင်မှုအမျိုးမျိုးနဲ့ နေရာအနှံ့မှာ။ အထူးသဖြင့် လူစည်ကားရာ လမ်းဆုံလမ်းခွ၊ အချက်အချာနေရာများမှာ။ ဒီတော့ မြသွေးနီအတွက် ဆိုင်းဘုတ်တွေက အပမ်းဖြေစရာ တစ်ခုလိုတောင် ဖြစ်မှန်းမသိဖြစ်လို့။


ဆိုင်းဘုတ်တွေတွေ့တိုင်း ဖတ်ရင်းနဲ့ ဆိုင်းဘုတ်တွေကို ခွဲခြားတတ်လာပြန်တယ်။ ငယ်ငယ်လေးထဲက ဆိုင်းဘုတ်တွေကို စိတ်ဝင်စားလာသူဆိုလေတော့ အခု ဒီအသက်အရွယ်ကြီး ရောက်နေချိန်အထိ မြသွေးနီ ဖတ်ခဲ့၊ မှတ်ခဲ့တဲ့ ဆိုင်းဘုတ်တွေဆိုတာ မှတ်များထားမယ်ဆိုရင် အရေအတွက်တွေ ထောင်၊ သောင်းချီနေလောက်ပြီ ထင်ပါရဲ့။


ဆိုင်းဘုတ်ဆိုတာက အများသိအောင် ကြော်ငြာတာလို့ အကြမ်းဖျဉ်း သိနားလည်ထားတာဘဲ။ ဆိုင်းဘုတ်တွေကလည်း အမျိုးမျိုးအဖုံဖုံဘဲ။ မြို့တစ်မြို့ ၀င်တိုင်း ကြိုဆိုပါ၏... နှုတ်ခွန်း ဆက်သအပ်ပါ၏... ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့အတူ မြို့ရဲ့ နာမည် ဖော်ပြထားတဲ့ဆိုင်းဘုတ်တွေ။ နောက်.. အရှေ့၊ အနောက်၊တောင်၊မြောက် ခရီးသွားလမ်းညွှန်၊ မြို့လမ်းညွှန် ဆိုင်းဘုတ်တွေ ခရီးသွားလို့ တစ်မြို့ဆီ ဖြတ်ကျော်တိုင်းမှာ တွေ့နေရတာ။ လမ်းနဘေးမှာ ဆိုက်ထူထားတဲ့ မိုင်တိုင်လေးတွေကို တစ်တိုင်ပြီးတစ်တိုင် ကားနဲ့ဖြတ်ကျော်သွားရတိုင်း ရေတွက်ကြည့်ရတာ အရသာသိပ်ရှိတာ။ ဆိုင်းဘုတ်တစ်ခုတွေ့ရင် မြို့တစ်မြို့ရောက်ပြီဆိုတာသိလို့ပေါ့။ မြို့တိုင်း၊ နယ်တိုင်း၊ ရွာတိုင်း၊ ရပ်ကွက်တိုင်းမှာ ဆိုင်းဘုတ် မရှိတဲ့ နေရာဆိုတာ မရှိသလောက်ပါဘဲ။ ခရီးသွားတွေ လမ်းမမှားအောင်၊ မိမိရောက်ရှိနေတဲ့ နေရာက ဘယ်နေရာလည်းဆိုတာ သိရအောင် ဒီလိုဆိုင်းဘုတ်တွေမျိုးက မရှိမဖြစ်လိုအပ်တဲ့ ဆိုင်းဘုတ်မျိုးပေါ့။


နောက်ဆိုင်းဘုတ်တစ်မျိုးက ဆောင်ပုဒ်တွေပေါ့။ လူအများကို သိစေချင်တဲ့၊ လူအများကို လိုက်နာစေချင်တဲ့ ၀ါဒတွေ၊ ဆောင်ပုဒ်တွေ၊ အသိပေးစာတွေ၊ ပညာပေးစာတွေကို ဆိုင်းဘုတ်တွေ ထူကာ ကြေညာပေးကြတယ်။ ဥပမာ... မိုးရွာသီ သွေးလွန်တုတ်ကွေးဂရုစိုက်ဖို့။ AIDS ရောဂါ စုပေါင်းတိုက်ဖျက်ကြပါစို့။ အသည်းရောင်ဘီပိုးဆေး ထိုးကြပါစို့။ ယာဉ်အန္တရာယ်စုပေါင်းကာကွယ်။ ဟွန်းမတီးရဇုန်..... စသည်ဖြင့်ပေါ့။ တခြားကျွန်မ ပြောမပြချင်တဲ့ ဆိုင်းဘုတ်များကလည်း ဒီဆိုင်းဘုတ် ခေါင်းစဉ်အောက်မှာ ပါဝင်နေသေးတယ်။






ဒီကြော်ငြာတော့ တစ်မျိုး





နောက်ဆိုင်းဘုတ်တစ်မျိုးကတော့ စီးပွားရေးကြော်ငြာဆိုင်းဘုတ်တွေပေါ့ ။ အခုအခါမှာတော့ စီးပွားရေးကြော်ငြာဆိုင်းဘုတ်တွေက ဆိုင်းဘုတ်တွေရဲ့ကမ္ဘာထဲမှာ နေရာအယူဆုံးလို့တောင် ပြောလို့ရတယ်။ သူ့ထက်ငါ အလုအယက်ကြော်ငြာကြတယ်။ မြသွေးနီလို ဆိုင်းဘုတ်တွေ စိတ်ဝင်စားသူအဖို့ကတော့ ဒီလိုဆိုင်းဘုတ်တွေကို လိုက်ဖတ်နေရတာကိုက ငွေကုန်ကြေးကျမများပဲ အပမ်းပြေနေစေတယ်။ ထူးခြားစွဲဆောင်မှုရှိတဲ့ ဆိုင်းဘုတ်တွေကို တွေ့ရတဲ့အခါ ကျေနပ်နှစ်သက် မိသလို စွဲဆောင်မှုမရှိတဲ့ ဆိုင်းဘုတ်တွေတွေ့ရပြန်တော့ မဆီမဆိုင် သူတို့တွေ ကြော်ငြာစရိတ် တောင် ကြေပါ့မလားတွေးပူမိပြန်ရော။ တချို့ဆိုင်းဘုတ်တွေက စွဲမက်ဖွယ် မော်ဒယ်များရဲ့ အမို့အမောက်တွေနဲ့ ဘမ်းပြလို့၊ တချို့က ပြူးပြူးပြဲပြဲ စကားလုံးတွေသုံးလို့၊ တချို့ဆိုင်းဘုတ်များ ကြတော့ ဘာကိုကြော်ငြာမှန်း မသိရအောင်ကို စကားလုံးတွေအတတ်ဆန်းရေးလို့၊ တချို့များကြတော့ ကြော်ငြာဆိုင်းဘုတ်မှာတောင် ပဟေဋ္ဌိဝှက်လိုက်သေးတယ်။ တချို့ကလည်း နာမည်ကြီး စီလီဘရီတီများရဲ့ အားကိုယူလို့ ကြော်ငြာကြတာ အပြိုင်းအရိုင်း။ တချို့ဆိုင်းဘုတ်တွေများကြတော့ စစဖတ်မိချင်းမှာကို ဟားတိုက်ရယ်မိချင်သေးတာ..။ နောက်ပိုင်း အဲ့ဒီလိုဆိုင်းဘုတ်မျိုးတော့ ဖတ်ကိုမဖတ်တော့ဘူး။ ဖုတ်လေတဲ့ ငပိရှိလေတယ်လို့တောင် မထင်မိတော့ဘူး။ စာမျက်နှာတွေမှာလို ကိုယ်မဖတ်ချင်တဲ့ စာမျက်နှာကို ကျော်သွားသလို ကျော်သွားလိုက်တာပေါ့။


ဆိုင်းဘုတ်တွေမှာ ရာသီစာဆိုင်းဘုတ်တွေလည်း ရှိသေးတယ်။ စတိတ်ရှိုး၊ မော်ဒယ်ရှိုးလိုမျိုး၊ ကျူရှင်ကြော်ငြာလိုမျိုး၊ xxxx တွေလိုမျိုး၊ xxxx တွေလိုမျိုး၊ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ကြော်ငြာရတဲ့ ဆိုင်းဘုတ်မျိုးကတော့ အမြဲရာသက်ပန်ဆိုက်ထူထားလို့ မရပြန်ဘူး။ သတ်မှတ်ထားတဲ့ အချိန်ကုန်တာနဲ့ ဖြုတ်ကြရပြန်တော့ သြော်... ရှုတတ်ရင် ကြော်ငြာဆိုင်းဘုတ်မှာတောင် မမြဲတဲ့ အနိစ္စသဘောတွေ တွေ့နေရပြန်ပါလားနော်။


တချို့ဆိုင်းဘုတ်တွေကလည်း ပွဲလမ်းရာသီ(၁၂)လလုံး ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ရာသီတွေကိုလိုက်လို့ သင်္ကြန်အထူးစပယ်ရှယ်က အစပြုလို့ သီတင်းကျွတ် အထူးစပယ်ရှယ်အလယ်၊ နယူးရီးယား လျှော့ဈေးအဆုံး.. ဆိုပြီး ၁၂လရာသီလုံးလုံး ခါတော်မှီ ဆိုင်းဘုတ်တွေကို ပွဲတော်စပရှယ် ဒစ်စကောင့်တွေ ပေးနေပါပြီရယ်လို့ အားပါးတရ ဆိုင်းဘုတ်ထူကြပြန်တယ်။ တကယ်လျှော့မလျှော့တော့မသိ။ တချို့များဆို ပွဲတော်နေရာလေးတွေမှာ လိုသလိုဖြည့်လို့ရအောင် ကွက်လပ်လေးများချန်လို့ ပုံသေဆိုင်းဘုတ်များတောင်ထူထားသေး။


အခုနောက်ပိုင်း မိုဘိုင်းဆိုင်းဘုတ်တွေတောင် တွေ့လာရတယ်။ ဘတ်စ်ကားဘော်ဒီတွေပေါ်၊ တက်စီကားအမိုးတွေပေါ်မှာ ။ အသီးသီး ဆိုင်းဘုတ်တွေက နေရာယူလာကြတယ်။ တစ်ခါက ဘတ်စ်ကားဘော်ဒီပေါ်က မိုဘိုင်းဆိုင်းဘုတ်လေး အငေးကောင်းပြီး လမ်းကူးလိုက်တာ မြသွေးနီ တစ်ယောက် ကားဘီးအောက်ရောက်ပြီး မာလကီးယားတော့မလို့။ ကံကောင်းစွာနဲ့ ကားဒရိုင်ဘာရဲ့ ဖရုဿဝါစာလေးပဲ မေတ္တာလက်ဆောင်ရလိုက်တယ်။


မြသွေးနီစဉ်းစားမိပြန်တယ်။ ဆိုင်းဘုတ်တွေ ထူတိုင်း ရောင်းအားတွေရော တကယ်တက်လာကြရဲ့လား။ ဆိုင်းဘုတ်တွေကိုစိုက်ထူတိုင်း လူတွေက တကယ်ယုံယုံကြည်ကြည်နဲ့ သုံးစွဲလာကြရဲ့လား။ ဆိုင်းဘုတ်တွေထဲက ကြော်ငြာထားသလိုမျိုး အရည်အသွေးတွေ၊ စံချိန်တွေ ပြည့်မှီကြပါရဲ့လား။ ဆိုင်းဘုတ်ထဲက ကြော်ငြာခံနေရတဲ့ သက်ရှိမိုဒယ်သရုပ်ပြတွေကရော ဒီကုန်ပစ္စည်းကို သုံးမှသုံးစွဲဘူး ကြရဲ့လား။ ကြည့်ပြီး မျက်စိရည်ဝလို့ ကြည့်ကိုမကြည့်ချင်တော့တဲ့ ဆိုင်းဘုတ်တွေရော ဘယ်လောက်များနေသလဲ။ ကြော်ငြာထားသလို မဆောင်ရွက်နိုင်တဲ့ အာပလာ ဆိုင်းဘုတ်တွေကရော ဘယ်နှစ်ခုလောက်များရှိနေကြသလဲ။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ ဆိုင်းဘုတ်တွေကရော ဘယ်လို ရှေ့ဆက်သွားနေကြသလဲ။ ကြော်ငြာဆိုင်းဘုတ်မဟုတ်တဲ့ ကျော်အောင်ညာနေရတဲ့ ဆိုင်းဘုတ်တွေရော ဘယ်နှစ်ခုများ ရောပါနေလေသလဲ။


အခုတစ်လော ကြော်ငြာတာမဟုတ်ပဲ ကျော်အောင်ညာရတဲ့ ကျော်ညာဆိုင်းဘုတ်တွေ နေ့ချင်းညချင်း ပတ်ဝန်းကျင်မှာ မိုးဦးကျမှိုပွင့်တွေလို ဟိုနားဖျောက်ဖျောက်၊ သည်နားဖျောက်ဖျောက် တွေ့တွေ့နေရ၊ ဖတ်ဖတ်နေရတော့ မြသွေးနီလည်း ကြော်ငြာဆိုင်းဘုတ်မြင်ရင် မနေနိုင်လေသူမို့ ဖတ်မိပါတယ်။ ဖတ်ပြီးတော့ ရင်ထဲမှာလေ အူတွေယား၊ ကျလွိကျလွိနဲ့ လှိမ့်တက်လာပြီး အွန်လိုင်းမှာ ကလေးမလေးတွေ ရယ်နေကြသလိုမျိုး တခစ်ခစ်နဲ့တောင် ရယ်လိုက်ချင်နေမိတယ်။ တချို့ဆိုင်းဘုတ်တွေက တကယ့်ကို မပြုံးပဲနဲ့ ၀ါးလုံးကွဲ ရယ်ရတယ်လေ..။


သြော်... ဆိုင်းဘုတ်တွေ.... ဆိုင်းဘုတ်တွေ ။ သူတို့ကလည်း ဆိုင်းဘုတ်တွေကို စိုက်ထူနေကြဦးမှာဘဲ။ မြသွေးနီကလည်း ၀ါသနာအရ စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေကို လိုက်ဖတ်နေမိဦးမှာပဲ။ အဲ့ဒီလို လိုက်ဖတ်ရင်း မနေနိုင်မထိုင်နိုင် တခစ်ခစ်နဲ့ ရယ်မိရင်လည်း ရယ်မိနေဦးမှာဘဲ။ အင်း... မတတ်နိုင်ပါဘူး။  ကျွန်မကြည့်မိ အပြစ်ရှိသည်ပေါ့လေ။




ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။




Wednesday, October 27, 2010

ဂိမ်းကစားခြင်း

ဆရာက သင်တန်းချိန်ကို နေ့လည် (၃)နာရီမှာ ခဏရပ်လို့ ကော်ဖီသောက်ချိန်အဖြစ် မိနစ်(၂၀) သတ်မှတ်ပေးလေတယ်။ မိနစ် (၂၀)လည်း ပြည့်ရော မူလသင်တန်း အခန်းကို ပြန်မသွားစေသေးပဲ ကစားခန်းမထဲမှာ စုရုံးစေတယ်။


“ အားလုံးပဲ.. ကျွန်တော်တို့ စာသင်ခန်းထဲ ပြန်မသွားခင် ၁၀မိနစ်လောက် အညောင်းပြေ ဂိမ်းလေးတစ်ခု ကစားကြရအောင်နော်..။ ဘယ်လိုလဲ… ကစားချင်ကြရဲ့လားမသိဘူးနော် ”


“ ဝေး…. ဟေး…..ဟေး.. ကစားချင်ကြပါတယ်.. ကစားပါမယ် ”


သင်တန်းသား (၂၄) ယောက်မှာ အများစုက လူငယ်များဆိုတော့ ဟန်မဆောင်နိုင်ပဲ နှုတ်ကနေ အော်ဟစ်မိကြပါတယ်။ အသက်တွေက (၁၉) နှစ်ကနေ (၄၀) နှစ် အရွယ်အထိ ပါဝင်နေပါတယ်။ သူတို့ဟာ သတ်မှတ်ထားတဲ့ ရက်တို ပို့ချချက်ကို သင်ယူဖို့ ဒီကျောင်းလေးမှာ အတူတကွ လာရောက်စုရုံးနေမိကြတာပါ။ တချို့က အချင်းချင်း အရင်ထဲက သိကြပါတယ်။ တချို့ကတော့ ဒီရောက်မှ သိကြရတာပါ။ သူတို့က အသက်အရွယ် တွေ မတူညီကြဘူး။ အလုပ်အကိုင်တွေ ကွဲပြားကြတယ်။ ဒါပေမယ့် သူတို့အားလုံး သင်တန်းတစ်ခုထဲမှာ အတူတကွ သင်ရိုးတစ်ခုကို သင်ယူပြီး ပြန်လည်အသုံးချနိုင်ဖို့ရာ ရောက်နေကြတာဖြစ်ပါတယ်။ သူတို့အားလုံးဟာ အခု အချိန်မှာတော့ အသက်၊ ရာထူး၊ ဌာန မကွဲပြားတော့ပဲ တစ်သားထဲ အတူတူဖြစ်နေကြပါပြီ။





ဆရာက သူတို့ကို ၁၂ယောက်စီ နှစ်စုခွဲလိုက်ပါတယ်။ အဲ့ဒီနောက် သူတို့ကို နှစ်စုခွဲလို့ တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်ကာ ကြမ်းပေါ်မှာ ခြေဆင်းထိုင်စေပါ တယ်။ ပြီးတော့ နောက်ပြန် လက်ချင်းချိတ်ထားစေပါတယ်။ စည်းကမ်းချက်အနေနဲ့ ထချိန်မှာ ချိတ်ထားတဲ့ လက်ကို ဖြည်ထွက်ခွင့် မပေးပဲ၊ လူကိုလည်း မယိုင်လဲစေပဲ အမြန်မတ်တတ်ရပ်ကာ ထစေပါတယ်။


ယောကျာ်းလေးနဲ့ မိန်းမလေး၊ ပုသူနဲ့ရှည်သူ၊ ပိန်သူနဲ့ဝသူ၊ အသက်ကြီးသူနဲ့ ငယ်သူရောလျှက် တွဲမိနေလေတော့  အားလုံးဟာ နောက်ပြန် အနေအထားကနေ ထနိုင်ဖို့ကို မနည်းကြိုးစား ကြရပါတယ်။ ဒါ့အပြင် တစ်ယောက်ကို တစ်ယောက်ဖေးမပြီး ထဖို့မေ့ကာ အမြန်မတ်မတ်ရပ်နိုင်ဖို့ ဦးစားပေးမိလေတော့ အလဲလဲအပြိုပြိုနဲ့ ကြမ်းပေါ်မှာ အတွဲလိုက် ပြိုလဲကြရပါတယ်။  အားလုံးလည်း တဟားဟားနဲ့ လဲပြိုနေတဲ့ ကိုယ့်အဖြစ် ကိုယ်ကြည့်၊ နောက်… ကိုယ့်လိုပဲ မရှုမလှ ထယူရတဲ့ တွဲဖက်သူငယ်ချင်းရဲ့အဖြစ်ကို ကြည့်ပြီး ရယ်မောမိကြပါတယ်။ ဆရာက ဟိုတစ်ဖွဲ့က ပထမ၊ ဟိုအဖွဲ့က ဒုတိယနဲ့ ထနိုင်သူတွေကို အဆင့်သတ်မှတ်ပေးပါတယ်။




ဒုတိယအကြိမ်မှာတော့ ဆရာက ၄ယောက်တစ်အုပ်စုစီ တွဲခိုင်းပြန်ပါတယ်။ အားလုံး ဆူဆူညံညံနဲ့ ၄ယောက်ဖွဲ့ကြပြန်ပါတယ်။ ဒီတစ်ခါလည်း ဆရာက ၄ယောက်တစ်ဖွဲ့စီ ကျောချင်းကပ် လက်ချင်း တစ်ယောက်နဲ့တစ်ယောက် နောက်ပြန်ချိတ်စေလျှက်က ခြေဆင်းထိုင်စေပြန်ပါတယ်။ အပြီးမှာတော့ အဖွဲ့အားလုံးကို ချိတ်ထားတဲ့ လက်ကို ဖြည်ထွက်ခွင့်မပေးပဲ၊ လူကိုလည်း မယိုင်လဲစေပဲ ပထမတုန်းကလိုပဲ အမြန် မတ်တတ်ရပ်ကာ ထစေပြန်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ပထမအကြိမ် တုန်းကလိုပဲ အပြိုပြိုအလဲလဲနဲ့ မနည်းထကြရပြန်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာ တချို့ အဖွဲ့က ဂရုတစ်စိုက်နဲ့ တစ်ယောက်ကို တစ်ယောက် ထိမ်းကာ ကြိုးစားထလာတာကို တွေ့ရပါတယ်။ ဆရာကလည်း ထနိုင်သူများကို ပထမ တစ်ခါကလိုပဲ ပထမ၊ ဒုတိယ သတ်မှတ်ပေးပြန်ပါတယ်။ သင်တန်းသား၊ သင်တန်းသူများချွေးတွေပြန်ကာသွေးတွေပူလာကြပါပြီ။နောက်တစ်ကြိမ်မှာ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ကို အချင်းချင်း တိုင်ပင်ကြပြန်ပါတယ်။



တတိယအကြိမ်မှာတော့  ဆရာက ၈ယောက်တစ်ဖွဲ့စီ ဖွဲ့ခိုင်းပြန်ပါတယ်။ ဒီအခါမှာတော့ အုပ်စုက(၃)စုပဲ ရှိပါတော့တယ်။ ခုနတုန်းကလိုပဲ ၈ယောက်သား ကျောချင်းကပ် လက်ချင်း တစ်ယောက်နဲ့တစ်ယောက် နောက်ပြန်ချိတ်စေလျှက်က ခြေဆင်းထိုင်စေပြန်ပါတယ်။ အပြီးမှာတော့ အဖွဲ့(၃)ဖွဲ့လုံးကို ချိတ်ထားတဲ့ လက်ကို ဖြည်ထွက်ခွင့်မပေးပဲ၊ လူကိုလည်း မယိုင်လဲစေပဲ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တုန်းကလိုပဲ အမြန် မတ်တတ်ရပ်ကာ ထစေပြန်ပါတယ်။ ဒီတစ်ခါမှာတော့ အရှေ့က နှစ်ကြိမ်ထက်စာရင် ပြိုလဲမှုနည်းလာကာ (၃)ဖွဲ့လုံး မရှေ့မနှောင်း ခပ်မြန်မြန်လေး ရပ်လာနိုင်ကြတာကို တွေ့ရပါတယ်။ ပါဝင်ကစားသူ သင်တန်းသား၊ သင်တန်းသူများက ဒီတစ်ကြိမ်မှာတော့ ဒီကစားနည်းနဲ့ ဆရာပေးချင်တဲ့ မက်ဆေ့ခ်ျကို အနည်းငယ် ရိပ်စားမိလာပါပြီ။



စတုတ္ထအကြိမ်မှာ (၃)ဖွဲ့ကနေ ၆ယောက်စီနဲ့ ၄ဖွဲ့ခွဲခိုင်းဦးမလားလို့ အားလုံးက ထင်နေကြပေမယ့် ဆရာက ဒီတစ်ခါတော့ အားလုံးကို မခွဲစေတော့ပဲ စက်ဝိုင်းပုံသဏ္ဍာန် နောက်ပြန်ဝိုင်းထိုင်စေလျှက်ပါ တယ်။  အဲ့ဒီနောက် လက်ချင်းနောက်ပြန်ချိတ်စေလျှက်ကပဲ အားလုံးကို နောက်ပြန်မတ်တပ်ရပ် စေရာ (၂၄)ယောက်လုံး မပြိုမလဲပဲ လွယ်ကူစွာနဲ့၊ ပျော်ရွှင်စွာနဲ့ ထလာနိုင်တာကို တွေ့ရပါတယ်။




ဆရာက ဒီကစားနည်းလေးရဲ့ အနှစ်သာရကို ထုတ်ဖော်မပြောပြပေမယ့် အားလုံးရဲ့အသိမှာတော့ အခက်အခဲဆိုတာ အများနဲ့ ပူးပေါင်းဆောင်ရွက် ဖြေရှင်းရင်၊ စုစည်းလုပ်ကိုင်နိုင်ရင် ပိုမိုလွယ်ကူ အောင်မြင်တယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းဆောင်ရွက်တာမျိုးထက် အများနဲ့အတူတူ ပူးပေါင်းဆောင်ရွက်တာက မိမိတစ်ကိုယ်ကောင်းစိတ်ကို အလိုလိုဖယ်ရှားပြီး ဖြစ်လာစေတဲ့အပြင် မိတ်ဆွေသစ်များနဲ့ သဟဇာတဖြစ်လာစေပြီး ရင်းနှီးမှုတွေ ပိုမိုတိုးပွားလာစေတာကို ဒီကစားနည်းလေးက သက်သေပြလိုက်တယ်ဆိုတာ သူတို့အားလုံး သိလိုက်ကြတယ်။ ဒါကြောင့်ဒီနောက်ဆုံး အစီစဉ်လေးအပြီးမှာတော့ အားလုံးရဲ့ နှုတ်မှ အောင်မြင်မှုရဲ့ ရလာဒ်အတွက် ၀မ်းသာစိတ်နဲ့ “ ဟေး ” ဆိုအော်မိကြပြီး လက်ခုပ်များလည်း ပြိုင်တူတီးမိလိုက်ကြပါတယ်။



…………………@@@....................




ဆရာက ဒီကစားနည်းနဲ့ Team Work ရဲ့ အဓိပ္ပါယ်ကို ပညာသားပါပါနဲ့ ဖော်ညွှန်းသွားပေမယ့် ကျွန်မက ထုံးစံအတိုင်း ကွဲပြားတဲ့အမြင်လေးတွေနဲ့ ဖြည့်စွက်မြင်မိပါတယ်။


ဒီကစားနည်းရဲ့ ပထမအကြိမ်မှ ဘာမှန်းညာမှန်းမသိ ၂ယောက်တွဲ နောက်ပြန်ချိတ်လျှက်ကနေ အမြန် ထကြချိန်မှာ ပြိုလဲကျကြလို့ ရယ်မောမိ ခဲ့ကြတယ်။ တကယ့် လက်တွေ့ဘ၀မှာ အလားတူ အတွေ့ကြုံအသစ်တွေနဲ့ ဘ၀ရဲ့ကစားပွဲအသစ်တွေကို ဆင်နွှဲကြချိန်မှာ ကျွန်မတို့ဟာ အတ္တစိတ်တွေနဲ့ ဘာကိုမှ မငဲ့ညှာနိုင်ပဲ လူးလဲထမိတတ်ကြချိန်မျိုးမှာ အမှတ်မထင် ပြိုလဲကျတာမျိုးနဲ့  ကျွန်မတို့ ကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တွေမှာ ကျွန်မတို့တစ်တွေ အခုလို ရယ်ရယ်မောမောနဲ့ အမြန်ပြန်လည်ထနိုင်ဖို့ သေခြာပါ့မလားရှင်။


ဒါပေမယ့် ဒုတိယအကြိမ် ကစားရာမှာတော့ ပထမအကြိမ်ရဲ့ အတွေ့အကြုံကနေ ဘယ်လို ထယူရင်ဖြင့် အဆင်ပြေမယ်ဆိုပြီး အချင်းချင်း စဉ်းစား တိုင်ပင်မိသလို ကျွန်မတို့ရဲ့ ဘ၀ခရီးလမ်းမှာလည်း ပထမအကြိမ် အတွေ့အကြုံတွေတိုင်းဟာ နောက်ကြုံတွေ့လာရမယ့် အရာတွေကို ကြိုတင် ပြင်ဆင်နိုင်စေဖို့အတွက် အကောင်းဆုံး ဘ၀ရဲ့ကုန်ကြမ်းများ၊ အဖိုးထိုက်တန်ဆုံး အရင်းအနှီးများ ဖြစ်မလာနိုင်ဘူးလား။


တတိယအကြိမ် ကစားနည်းမှာတော့ အတည်ငြိမ်ဆုံးနဲ့ အောင်မြင်စွာ ကျော်ဖြတ်နိုင်လာကြသလို ဘ၀ရဲ့အစိတ်အပိုင်းတစ်နေရာ၊ ဘ၀ရဲ့ခရီးစဉ် တစ်လျှောက်မှာလည်း မိမိကိုယ်ကို ကျေနပ်မှုအရှိဆုံး၊ မိမိကိုယ်ကို ယုံကြည်မှုအရှိဆုံး အချိန်ကာလတစ်ခုကိုတော့ ကျွန်မတို့ မလွဲမသွေ ကြုံကြရမှာပါ။ အဲ့ဒီလိုမျိုး မကြုံသေးဘူးဆိုရင်တော့ မိမိရဲ့ကစားနည်းမှာ အံလွဲနေပြီဆိုတာကို သတိပြုရတော့မှာပေါ့။


ဆရာက လူတွေကို ပထမအကြိမ်မှာ၂ယောက်၊ ဒုတိယအကြိမ်မှာ ၄ယောက်၊ တတိယအကြိမ်မှာ ၈ယောက်၊ နောက်ဆုံးမှာ အားလုံး၂၄ယောက် တွဲလုပ်ခိုင်းသလိုမျိုးပဲ ကျွန်မတို့ရဲ့ ဘ၀မှာလည်း နောက်တစ်ကြိမ် ငါတို့အကောင်းဆုံး လုပ်မယ်ဟေ့လို့ ကြိုတင်ပြင်ဆင်ထားပေမယ့် မျှော်မှန်းထားတဲ့ အခြေအနေမျိုးက ကြုံလာချင်မှာ ကြုံလာမှာပါ။ ကျွန်မတို့ဟာ ၂ယောက်နဲ့ ကြုံမလား၊ ၄ယောက်နဲ့ ကြုံမလား၊ ၈ယောက်နဲ့ ကြုံမလား၊ ဘာမှ ကြိုတင် တွက်ဆထားလို့မရပါဘူး။ အလားတူ ကျွန်မတို့ဟာ ဂိမ်းပွဲမှာ တွဲဖက်ကစားခဲ့ရတဲ့ ပုသူ၊ရှည်သူ၊ ၀သူ၊ ပိန်သူ၊ အသက်ကြီးသူ၊ အသက်ငယ်သူများကဲ့သို့ပင် ကျွန်မတို့ရဲ့ ဘ၀ခရီးတစ်လျှောက်မှာလည်း ကောင်းသှူဆိုးသူ ပုံသဏ္ဍာန်အမျိုးမျိုး၊ စိတ်အထွေထွေရှိသူများနဲ့ ရည်ရွယ်လို့သော်၎င်း၊ မရည်ရွယ်ပဲနှင့်သော်၎င်း ကြုံတွေ့ရင်းနှီးကာ ပတ်သက်ရပါလိမ့်မယ်။ ။


နောက်ဆုံးကစားနည်းမှာတော့ ပထမအကြိမ်တွေလို ပထမ၊ ဒုတိယ၊ တတိယအဆင့်တွေကို ဆရာက မသတ်မှတ်ပေးတော့ပါဘူး။ သတ်မှတ်ပေး ဖို့လည်း မလိုတော့ပါဘူး။ အဆင့်တွေ သတ်မှတ်ဖို့ မလိုတော့တဲ့ နေရာတစ်နေရာကို ရောက်ဖို့ဆိုတာကတော့ ကျွန်မတို့ ကိုယ်တိုင် အပေါ်မှာ မူတည် နေသလို ဘ၀ခရီးလမ်းမှာ အတူတူ တွဲပါမိလျှက်သားရှိနေတဲ့ ကျွန်မတို့ရဲ့ ချစ်သူများ၊ လေးစားခင်မင်ရပါတဲ့ မိတ်ဆွေများ၊ နားလည်စာနာဖေးမ တတ်တဲ့ သူငယ်ချင်းရောင်းရင်းများရဲ့ ဟန်ချက်ညီတဲ့ မေတ္တာ၊စေတနာ၊ အကူအညီနဲ့ ပံ့ပိုပေးမှုတို့ကလည်း မရှိမဖြစ် လိုအပ်လှပါတယ်။


ကျွန်မတို့တွေရဲ့ အောင်မြင်မှုအရသာကို တစ်ဦးထဲ ကျိတ်ပြီး စားသုံးမယ့်အစား ချစ်ခင်သူများနဲ့ အတူတကွ “ ဟေး ” ကနဲ အော်ဟစ်ပြီး ပြိုင်တူ လက်ခုပ်များတီးလို့ စားသုံးကြည့်ချင်မိပါတော့တယ်။




( ၂၃.၁၀.၂၀၁၀နေ့ Save The Aged အတွက်ဖွင့်လှစ်တဲ့  Basic Mental Health Counseling  Training &  Mental Health + Aging: Elder Care Psychology and Counseling Training Course သင်တန်းရဲ့ ပထမနေ့မှာ လေ့လာသူ တစ်ယောက်အနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဂိမ်းလေးတစ်ခုအပေါ် အမှတ်ယစိတ်နှင့်  ဖြန့်ကျက်တွေးကာ ရေးထားခြင်းဖြစ်ပါကြောင်း။)







ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

Tuesday, October 26, 2010

ရောင်စဉ်ယှက်ဖြာခဲ့သော ဆီမီးခွက်ငယ်ကလေးများ



" ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ရှင်မြတ် "






ဝါလကင်းလွတ်သီတင်းကျွတ်အချိန်အခါကို ရောက်ခဲ့လေပြီ။ မြတ်စွာဘုရားရှင်က တာဝတိံသာနတ်ပြည်မှ မယ်တော်မိနတ်သား အား ၀ါတွင်း(၃)လပါတ်လုံး အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူပြီးနောက် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းသုံးသွယ်မှ လူပြည်ကို ပြန်လည်ဆင်းသက်တော်မူသော မြတ်စွာဘုရားအား နတ်လူအများက ဆီမီးများ ထွန်းညှိပူဇော်ကြိုဆိုကြပြီး ထိုနေ့ သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မာ အခါတော်နေ့) မှာ အိမ်၊ ကျောင်း၊ လမ်း၊ဘုရားတို့မှာ ဆီမီးရောင်စုံများ ထွန်းညှိပူဇော်ကာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲကြပါတယ်။


သီတင်းကျွတ်လပြည့်နေ့မှာ Save The Aged အနေနဲ့ ဆီမီး၅၀၀၀တင်မက ပန်းစေတီပါ တည်လှူမယ်။ ဒါ့အပြင် မကြာသေး ခင်မှ ဖွဲ့စည်းလိုက်တဲ့ Save The Aged ရဲ့ ၀တ်အဖွဲ့မှလည်း ပထမဦးဆုံး ပွဲဦးထွက်ဝတ်ရွတ်ပူဇော်ကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဖြစ်ချင်တော့  ဒီစနေ သီတင်းကျွတ် လပြည့်နေ့  မတိုင်ခင်(၄) ရက်လောက်ထဲက ဂီရိမုန်တိုင်းရဲ့ ရိုက်ခတ်မှုနဲ့ ရန်ကုန်မှာ မိုးဖြိုင်ဖြိုင်ရွာသွန်းနေခဲ့ပါတယ်။ ဒါပေမယ့် Save The Agedရဲ့ ထုံးစံက ဆုံးဖြတ်ပြီးရင် ဘယ်လောက်ခက်ခဲနေပါစေ.. အဖွဲ့ဝင်တွေရဲ့ စိတ်စွမ်းအားနဲ့ အောင်အောင်မြင်မြင် ဖြစ်အောင်လုပ်ခဲ့ကြတာချည်းပါ။  အားလုံးက ဒီနေ့မှာ ယောကီဖြူညိုဆင်တူဝတ်ဆင်လို့ ဆင်နွှဲဖို့ အားခဲထားကြလေတော့ အုံ့ဆိုင်းရွာသွန်းနေတဲ့ ရွှေမိုးကိုကြည့်ပြီး အစီစဉ်တွေပျက်မှာကို  တွေးကာပူနေကြပါတယ်။


အဖွဲ့ဝင်များက တာဝန်တွေခွဲဝေယူကြပါတယ်။ ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ်ဆံတော်ရှင် စေတီတော်မြတ်မှာ ဆီမီးထွန်းညှိခွင့် ရဖို့ တာဝန်ရှိဂေါပကလူကြီးများနှင့် ကြိုတင်သွားရောက်တွေ့ဆုံကာ ခွင့်ပြုချက်တောင်းယူကြပါတယ်။ ခွင့်ပြုချက်ရပြန်တော့ ဆီမီးခွက်များ၊ မီးစာများ၊ ထွန်းညှိရန်ဆီ အချိန်မှီ ၀ယ်ယူစုဆောင်းရပြန်ပါတယ်။ ပန်းစေတီပါတည်မှာဖြစ်လို့ ဂန္ဓမာပန်းတွေ ကြိုတင်မှာယူ၊ စေတီတည်ဖို့ လိုအပ်တာများပြင်ဆင်ရပြန်ပါတယ်။ မီးပုံးပဒေသာပင်တစ်ပင်သီးမှာမို့ အဲ့ဒီအတွက်လည်း စီစဉ်ရပြန်ပါတယ်။ အဖွဲ့ရဲ့ ၀တ်ရွတ်မယ့်အဖွဲ့ကလည်း ကြိုတင်ပြီး ၀တ်တိုက်ထားကြပြန်ပါတယ်။


ဒီလိုနဲ့ သီတင်းကျွတ်လပြည့်နေ့ (၂၃.၁၀.၂၀၁၀) စနေနေ့ရောက်ခဲ့ပါတယ်။ မုန်တိုင်းကြေညာချက်က အညိုရောင် အရေး ပေါ်အဆင့်။ နေ့လည်၂နာရီလောက်မှာ မိုးရောလေရောပြင်းထန် နေဆဲ။ Save The Agedကလည်း လုပ်မယ်ဆိုရအောင်လုပ် မယ်ဆိုတဲ့ အထဲကဘဲ။ အဓိက လုပ်ဆောင်နေကြတဲ့ ဖုန်းတွေ လိုက်ချိတ်ကြည့်တော့ အားလုံးက ကိုယ်စီကိုယ်ငှ လုပ်ဆောင်စရာ များကို အရှိန်မပျက် ဆက်လက်ဆောင်ရွက်နေဆဲ။ မိုးနတ်မင်းကြီးကို ဒီတစ်ည မိုးရွာသွန်းခြင်းကနေ ဒီတစ်ညတာ ကုန်ဆုံးတဲ့ အထိပဲဖြစ်ဖြစ် ရပ်တန်းပေးပါဆို ဆုတွေတောင်းနေကြတာ ကျွန်မတစ်ယောက်ထဲ မဟုတ်.. အဖွဲ့ဝင်တိုင်းရဲ့ ဆုတောင်းသံတွေ။ ညနေလေးနာရီ ရွှေမိုးက ဖြိုးဖြိုးဖျောက်ဖျောက် ရွာနေတုန်း။ ပြင်ဆင်ထားတဲ့ အဖွဲ့ယူနီဖောင်း အဖြူ+ အညိုလေးနဲ့ မိသားစုလိုက် ဘုရားကို ထွက်ခဲ့ကြတယ်။




ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ရှင်မြတ်ရဲ့ ရင်ပြင်တော်ပေါ်မှာတော့ ဘုရားဖူးလားသူ၊ စတုဒီသာတိုက်ကျွေးသူ၊ ဥပုသ် သီလယူသူများနဲ့ ပြည့်နှက်လို့။   ဓမ္မဥသျှောင်တိလောကမာန်အောင်မဟာမုနိတန်ဆောင်းကြီးရှေ့က ရင်ပြင်တော်နေရာမှာ တော့ Save The Aged အဖွဲ့တာဝန်ခံများက တစ်ဖွဲဖွဲရွာချနေတဲ့ မိုးစက်မိုးပေါက်များကို အံတုလို့ ဆီမီးခွက်အလွတ်များကို စာလုံးဖော် နေရာချနေကြပေပြီ။ မီးစာကျစ်သူကကျစ်၊ ဆီမီးခွက်သယ်သူကသယ်၊ အဖွဲ့နာမည် ချိတ်သူကချိတ်၊ ဆီမီးခွက် နေရာချသူကချ၊ ကန်တော့ပွဲပြင်ဆင်သူကပြင်ဆင်၊ မိုးနတ်မင်းကြီးကို ဆုတောင်းသူကဆုတောင်းနှင့် ဒရဇပ်ဆောင်ရွက်နေကြပြီ။


ဝတ်ရွတ်အဖွဲ့ဝင်တော်တော်များများကလည်း အဖွဲ့ရဲ့သင်တန်းမှာ  မနက်၉နာရီကနေ ညနေ ၅နာရီအထိ တက်ရောက်နေကြ လေတော့ သူတို့ကတော့ သင်တန်းချိန် ၅နာရီနောက်ပိုင်းမှ ဒီဘက်ဆီမီးထွန်းရာဆီကို ကူးလာကြမှာ..။ သူတို့လည်း စာသာ သင်နေကြရတယ် စိတ်တွေကတော့ ဘုရားဆီမီးထွန်းရာမှာ ရောက်နေကြမှာမလွဲ။ အဖွဲ့ဝင်တွေက မိုးစက်မိုးပေါက်များ အောက်မှာ တစ်ဖွဲဖွဲရောက်လာကြတယ်။ အဖွဲ့ဝင်မိန်းကလေး၊ ယောကျာ်းလေးတိုင်းဟာ အဖြူ+အညိုဝတ်စုံလေးတွေနဲ့ ကျက်သရေရှိစွာ လှပတင့်တည်နေခဲ့ကြတယ်။


ညနေ(၆)နာရီကျော်ကျော်မှာတော့ Save The Aged ရဲ့ ၀တ်ရွတ်အဖွဲ့ရောက်ရှိလို့လာပါတယ်။ ၀တ်ရွတ်မယ့်နေရာမှာ နေရာ ယူပြင်ဆင်ပါတယ်။ မရှေ့မနှောင်းမှာပဲ  ဂန္ဒမာပန်းရောင်စုံ (၂၆၀၀) ပွင့်နဲ့ ပြင်ဆင်ထားတဲ့ ပန်းစေတီလည်း ရောက်ရှိလာပါ တော့တယ်။ ဒီပန်းစေတီကို စိန်သြဂတ်စတင်း မှ ဆရာမဒေါ်နှင်းသီတာနဲ့ ဆရာမဒေါ်ပြုံးပြုံးတို့က အပင်ပမ်းခံကာ ပူဇော်ရန် အတွက် ပြင်ဆင်ပေးပါတယ်။ ဆရာမတို့ရဲ့ စေတနာဒါနအတွက် ဒီနေရာကနေ Save The Aged အဖွဲ့မှ ကျေးဇူးစကား ပြောပါရစေရှင်။ အဲ့ဒီအချိန်မှာပဲ မိုးကလည်းတဖြည်းဖြည်းဆဲရာမှ တိတ်သွားပါပြီ။


ညနေ (၆) နာရီခွဲနောက်ပိုင်းမှာတော့ အဖွဲ့ဝင်များမှ " Save The Aged - သက်ကြီးရွယ်အို ထောက်ပံ့ရေးနှင့်စောင့်ရှောက်ရေး အဖွဲ့ " ဆိုပြီး စာလုံးဖော်ထားတဲ့ ဆီမီးခွက်ငယ်နေရာများမှာ တပျော်တပါး ဆီမီးများ ထွန်းညှိပူဇော်ကြပါတယ်။




မိုးရွာထားလေးတော့ ဆီမီးထွန်းခွင့်ပေးထားတဲ့ ရင်ပြင်နေရာတွေမှာ ရေညှိများနဲ့အတူ မိုးရေတွေနဲ့ စိုစွတ်နေပြီး ချော်လဲကျမှာ တောင် စိုးရိမ်ရပါတယ်။ ဒါပေမယ့် ကျွန်မတို့ မမှုကြပါဘူး။


တစ်ယောက်ကို တစ်ယောက် ချော်မလဲအောင် ဂရုစိုက်ဖို့ မှာသူကမှာ။ ဆီမီးခွက်တွေမှာ ဆီဖြည့်သူကလိုက်ဖြည့်၊ မီးစာကျစ်သူက ကျစ်၊ ဆီမီးထွန်းသူကထွန်းနဲ့.. တက်ညီလက်ညီနဲ့ လွန်စွာမှ ပျော်ရွှင်ဖွယ်ရာ ကောင်းလှပါတယ်။



ကျွန်မတို့ Save The Aged အဖွဲ့ရဲ့ စုပေါင်းစွမ်းအားကို ဒီ...မိုးစက်မိုးပေါက်များရဲ့ အောက်မှာပဲ အံတုပြသနိုင်ခဲ့ကြပါတယ်။





Save The Aged အဖွဲ့ရဲ့ ၀တ်အဖွဲ့ကလည်း ဋ္ဌာန်ကဋ္ဌိုင်းကျကျနဲ့ ပရိတ်များ၊ သုတ်တော်များကို ရွတ်ဖတ်သရာဇ္ဖာယ်ကာ မြတ်စွာဘုရားရှင်တော်မြတ်ကို ပူဇော်ကန်တော့နေသံ ညီညာဖျဖျက လွန်စွာမှာ ကျက်သရေရှိလှစွာ စိတ်နှလုံးထဲ ရွှင်လန်းချမ်းမြေ့ ရပါတယ်။ အဖွဲ့ဝင်အားလုံးရဲ့ စိတ်နှလုံးထဲမှာ မိမိတို့ရဲ့ ပြုပြုသမျှ ကုသိုလ်ကောင်းမှုအတွက် ၀မ်းသာ၊ ပီတိတွေနဲ့ လှိုင်လှိုင်ဝေ နေခဲ့ကြပါတယ်။



ဘုရားဖူးလာ ပရိသတ်များကလည်း ထွန်းညှိထားတဲ့ ဆီမီးများနဲ့၊ ပန်းစေတီများနဲ့။ မီးပုံးပဒေသာပင်များနဲ့ လာရောက်ကာ အမှတ်တရ ဓာတ်ပုံရိုက်ယူကြပါတယ်။



တချို့ဘုရားဖူးများသာမက  နိုင်ငံခြားသားခရီးသည်များလည်း ဆီမီးထွန်းညှိမှုကို စိတ်ဝင်တစား လာရောက်လေ့လာကာ ကိုယ်တိုင်ဝင်ရောက် ဆီမီး ထွန်းညှိကြပါတယ်။



MRTV4 ရုပ်သံဌာနမှလည်း မှတ်တမ်းတင်ရိုက်ကူးကာ အင်တာဗျူးပါတယ်။ အဖွဲ့ဝင် လူငယ်တချို့မှလည်း မိဘများ၊ အုပ်ထိမ်းသူများနဲ့ အတူတကွလာရောက်ကာ ဆီမီးပူဇော်ကြတာကိုတွေ့ရပါတယ်။ အဖွဲ့အင်အား (၁၀၀)နီးပါးနဲ့ တက်တက်ကြွကြွ ညီညာစွာ၊ ဆင်တူဝတ်စုံလေးများနဲ့ တင့်တယ်နေကြတဲ့ ကျွန်မတို့ Save The Aged ရဲ့ ဆီမီးပူဇော်ရာ နေရာမှာ စိတ်ဝင်တစား လာရောက် ကြည်ညိုသူ၊ လေ့လာသူ၊ ပူဇော်သူများနဲ့ ဘုရားဖူးလာများနဲ့ စည်ကားစွာရှိနေခဲ့ပါတယ်။




အဆုံးသတ်မှာတော့ ဆီမီး(၅၀၀၀)ကို အဖွဲ့ဝင်များရဲ့ စုပေါင်းလက်များနဲ့ ပြီးမြောက်စွာ ထွန်းညှိနိုင်ခဲ့ကြပါတယ်။ ည(၉)နာရီ ထိုးချိန်မှာတော့ ကျွန်မတို့ရဲ့ အစီစဉ်ကို အောင်မြင်စွာ ရပ်နားကာ ဘုရားရင်ပြင် ဆီမီးထွန်းပူဇော်ရာ နေရာတစ်ဝိုက်ကို အဖွဲ့ဝင် များက ပြန်လည် သိမ်းဆည်း၊ သန်ရှင်း၊ ဆေးကြောပေးကြပြန်ပါတယ်။



Save The Aged က သီတင်းကျွတ်လပြည့်နေ့မှာ မြတ်စွာဘုရားရှင်တော်ကို ပန်းစေတီတည်ကာ၊ ဆီမီး (၅၀၀၀) ထွန်းညှိလို့ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဖာယ်ကာ ကြည်ညိုပူဇော် ကန်တော့ခဲ့ကြပါပြီ။ မုန်တိုင်းအရှိန်ကြောင့် သီတင်းကျွတ် လပြည့်နေ့မှာ ပျပျလင်းနေတဲ့ ဖိုးလမင်းကြီးက တိမ်မည်းညိုညိုတွေကြားကနေ Save The Aged အဖွဲ့ရဲ့ ပရဟိတစိတ်တွေနဲ့
ထုံမွှမ်းထားတဲ့၊  ညီညွတ်စွာ.. လှပစွာနဲ့ တောက်ပနေတဲ့ ဆီမီးတောက်လေးတွေကို သာဓုခေါ်ဆိုကာ  လှမ်းကြည့်နေတာ တွေ့ရပါတယ်။



Save The Aged အဖွဲ့ဝင်များရဲ့ ဆီမီး (၅၀၀၀)ရဲ့ တောက်ပရောင်စဉ်များကို မိုးနတ်မင်းကြီးကလည်း ကောင်းချည်းပေးကာ ရပ်တံ့ပေးခဲ့ရပါတယ်။ Save The Aged က သူ့ရဲ့ နောက်ထပ်မှတ်တိုင်တစ်ခုကို အခက်အခဲတွေကြားက အောင်မြင်စွာနဲ့ စိုက်ထူနိုင်ခဲ့ပြန်ပါပြီ။ ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ် ဆံတော်ရှင်မြတ်ရဲ့ မိုးကောင်ကင်ယံမှာ Save The Aged က ထွန်းညှိလိုက် တဲ့ ဆီမီးတောက် ၅၀၀၀ရဲ့ ရောင်ခြည်များနဲ့ ထိန်ထိန်ညီးကာ လှပသက်ဝင်လို့နေပါတော့တယ်။



ကျေးဇူးမှတ်တမ်း။


သီတင်းကျွတ်လပြည့်ဆီမီး ၅၀၀၀ ထွန်းညှိပူဇော်ပွဲတော်ဖြစ်မြောက်ဖို့  အောက်ဖော်ပြပါ အဖွဲ့ဝင်များ ဦးဆောင်ပြီးအပင်ပမ်း ခံကာ၊ မဆောင်ရွက်ခဲ့ဘူးဆိုရင် ထမြောက်အောင်မြင်ဖွယ်နိုင်ရာ မရှိပါဘူး။ ဒါကြောင့် ကိုဗေဒါဇော်၊ ကိုအောင်မျိုးမင်း (ပဒုံမ္မာ)၊ ကိုဇော်ဆီဆေ့ခ်ျ၊ ကိုဝေယံမင်း၊ ကိုအနက်ရောင်၊ ကိုစိမ်းလန်း၊ ကိုသားမောင်၊ ကိုသက်ဝင်း၊ နွယ်ပင်၊ နောင်ရိုး၊ ၀ဏစိုး၊ ရဲထွဋ်နဲ့တကွ မြသွေးနီမသိလိုက်သော၊ ဖော်ပြရန်ကျန်ရှိသော အဖွဲ့ဝင်များ၊ ပြည်တွင်း၊ ပြည်ပမှ အဖွဲ့ဝင်များ၊ အလှူရှင်များအား  လှိုက်လှဲစွာ ကျေးဇူးမှတ်တမ်းတင်ရှိပါကြောင်း။






ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။











Wednesday, October 20, 2010

မရမ်းချောင်းသို့ တစ်ကြော့ပြန်





ကျွန်မတို့ Save The Aged အဖွဲ့ရဲ့ အောက်တိုဘာလအတွက် အလှူကို ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာမှာရှိတဲ့“အပြစ်မဲ့ အပယ်ခံ ” များလို့ ကျွန်မတို့ရဲ့ ရင်တွင်းက အမည်ပေးထားခဲ့ဘူးတဲ့ အနာကြီးရောဂါသည်များရဲ့ သီးခြားကမ္ဘာလေးဆီကို ဒုတိယအကြိမ် ပြန်လည်ရွေးချယ်လိုက်မိပါတယ်။ ဟုတ်ပါတယ်ရှင်။ ကျွန်မတို့အဖွဲ့ရဲ့ ပြီးခဲ့တဲ့ ဇွန်လခရီးစဉ်မှာလည်း မရမ်းချောင်းကျေးရွာလေးကိုပဲ သွားခဲ့ကြပြီး အဲ့ဒီအခေါက်မှာ အဖွဲ့ဝင်များအားလုံးရဲ့ရင်ထဲက စာနာ၊ ဂရုဏာ၊ သနားကြင်နာ မိုးစက်မိုးပေါက်တွေဟာ ဂေဟာက စောင့်ရှောက်ထားသူ ရောဂါသည် ဘိုးဘွားများရဲ့ ရင်ထဲ ဒုတ်ဒုတ်ထိရောက်အောင် ဖြိုင်ဖြိုင်ရွာသွန်းခဲ့ဖူးပါတယ်။




အဲ့ဒီအခေါက်တုန်းက အဖိုးတို့၊ အဖွားတို့ ရင်ထဲမှာ လုပ်ချင်တာ ဘာများရှိလည်းလို့ မေးမိတော့ တချို့က “ မသေခင် ကျိုက်ထီးရိုး ဘုရားဖူးသွားချင်တယ် ” လို့ ပြောတယ်။ တချို့ကတော့ “ ဒီမရမ်းချောင်မှာ ဆောင်းတွင်းဆို မတရားအေးတယ်.. သမီးတို့၊ သားတို့ မ၀တ်တော့တဲ့ အနွေးထည်အဟောင်းလေး များရှိခဲ့ရင် အဖွားတို့ကို လာပို့ပေးပါလားကွယ် ” လို့ သားသမီးတွေကို ပြောသည့်ပမာ သူတို့ ပြောခဲ့ကြတယ်။ ဒီတစ်ခေါက် မရမ်းချောင်းခရီးကို မရွေးချယ်ခင် စပ်ကြား သူတို့တွေ အလှူရှင်များရဲ့အစီအစဉ်နဲ့ ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်ပါးထံ ဖူးမြှော်ခွင့်ရခဲ့ကြတာကို သိရတော့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပြန်တယ်။ ဒါနဲ့ ကျန်နေသေးတဲ့ သူတို့ရဲ့ ဆန္ဒပြည့်ဝဖို့ ဆောင်းမ၀င်ခင်အမှီ အနွေးထည်များသွားပို့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။




ဒါနဲ့ အဖွဲ့ဝင်တွေအားလုံး တာဝန်တွေ စံနစ်တကျခွဲဝေယူကြပါတယ်။ အနွေးထည်လှလှပပ အရောင်ဆင်တူလေးများ ရဖို့အတွက် မေမြို့မှာနေသူ
အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နေမင်းသူရိန် ဆက်ပိုင်ကို အရောင်တူအနွေးထည်များလှမ်းမှာ၊ Save The Aged စာတန်း ရင်ဘတ်မှာထိုးဖို့ စီစဉ်၊ အဲ့ဒီအချိန် Save The Aged စကာင်္ပူရဲ့ အမာခံအလှူရှင် ကိုရီး {ကိုကြီး} မှ ဂေဟာရှိ လူနာများတစ်နေ့တာ ကျွေးရန်လှူမယ့်အပြင် သွားရောက်မယ့် အဖွဲ့ဝင်များအားလုံးအတွက် နေ့လည်စာပါ ဒါနလုပ်မယ် ဆိုပြန်တော့ အားလုံးက ၀မ်းသာပီတိနဲ့ သာဓုခေါ်မဆုံးတော့။ ဒီတော့ ဂေဟာအတွက် တစ်နေ့တာ အလှူနဲ့ ရွာကျောင်းမှ ကလေးများ၃၇၀စာ အတွက် ကြာဇံချက်ကိုတော့ မရမ်းချောင်း အုပ်ချုပ်ရေး အဖွဲ့ကို ငွေပေးလှူလိုက်ရင် ပြီးပေမယ့် အဖွဲ့ဝင်တွေ စားမယ့် နေ့လည်စာ ကြက်ဆီထမင်းအတွက် ကိုတော့ အော်ဒါမှာကြ၊ ကားကြီး၂စီးငှားဖို့ ကြိုတင်စီစဉ် သူက စီစဉ်၊ ဂေဟာမှာ အမှတ်တရထားဖို့ ဓာတ်ပုံနဲ့အယ်လ်ဘမ်စီစဉ်သူက စီစဉ်၊ အဖွဲ့ဝင်အဟောင်းတွေကလည်း ဒုတိယ အကြိမ် အရောက် သွားဖို့ အားခဲကြ၊ အဖွဲ့ဝင်အသစ်တွေကလည်း ဒေါက်တာနတ်ဆိုးရဲ့ သွေးပူလေ့ကျင့်ခန်းလုပ်ပေး ထားတဲ့ ပို့စ်လေးဖတ်ပြီး လိုက်ဖို့ အားယူကြနဲ့ အားလုံးကိုယ်စီ တက်ကြွလို့နေကြပါတယ်။




သတ်မှတ်ထားတဲ့ ဆုံရပ်ကို မနက်(၈)နာရီ ရောက်လေတော့ အဖွဲ့ဝင်ဟောင်းများသာမက အဖွဲ့ဝင် အသစ်များစွာကိုလည်း ၀မ်းမြောက်ဖွယ် တွေ့ကြရပါတယ်။ အဖွဲ့ဝင်တွေကိုယ်စီ သယ်လာတဲ့ အ၀တ်အစားများကလည်း ကျားမအရွယ်စုံ (၁၂၀၀) နီးပါးရှိပါတယ်။ ကားပေါ်မှာ အသီးသီး နေရာယူပြီးချိန် ၉နာရီဝန်းကျင်မှာ ဆုံရပ်(၂) ဖြစ်တဲ့ ၈မိုင်မှာ စောင့်ဆိုင်းနေတဲ့ အဖွဲ့ဝင်များကို ၀င်ခေါ်အပြီးမှာတော့ အဖွဲ့ဝင်များ (၁၅၀)နီးပါးကိုတင် ဆောင်လာတဲ့ ကားကြီး(၂)စီးစာနဲ့ Light Truck (၂)စီးအပါအ၀င် ကျွန်မတို့ Save The Aged အဖွဲ့ဝင်များဟာ လှည်းကူးမြို့နယ်မှာရှိတဲ့ မရမ်းချောင်းကျေးရွာကို စတင် ထွက်ခွာ လာခဲ့ကြပါတယ်။




လမ်းမှာ ကားပေါ်ပါအဖွဲ့ဝင်အချင်းချင်း လူသစ်နဲ့ လူဟောင်းမိတ်ဆက်ကြ၊ သံပြိုင်သီချင်းတွေ သီဆိုကြနဲ့ ထုံးင်္စအတိုင်း တပျော်တပါး ခရီးဆက်ခဲ့ကြပါတယ်။ ထောက်ကြံ့မှာ ၁၅မိနစ်ခန့် ခရီးတစ်ထောက်နားပြီး ခရီးဆက်ခဲ့ကြတာ မရမ်းချောင်းကို ရောက်တော့ ၁၂နာရီနီးပါး ရှိနေပါပြီ။ အရင်ကြိုရောက်နှင့်နေတဲ့ ကားမှ အဖွဲ့ဝင်များက ကလေးများကို ကြာဇံချက်တိုက်ကျွေး ထားပြီး ကြပါပြီ။




ဒီနေရာမှာ ကြားဖြတ်လို့ သူတို့တွေကို ဝေဒနာရှင်တွေ၊ အနာကြီးရောဂါသည်တွေလို့ မသုံးနှုန်းပဲ “ သူတို့ ” လို့ပဲ သုံးနှုန်းသွားပါ့မယ်။ ဒါ.. ပထမတစ်ခေါက်အလှူထဲက ကျွန်မဆုံးဖြတ် ထားခဲ့တာပါ။ သူတို့ဟာ လူတွေထဲက လူတွေဆိုတာ ကျွန်မ မျက်ဝါးထင်ထင်တွေ့ခဲ့ရပြီးထံက သူတို့ဟာ ကျွန်မတို့နဲ့ ဘာမှမကွဲပြားဘူး။ သူတို့ရှင်သန်နေစဉ်ကာလမှာ ဘ၀အကျိုးပေးကြောင့် ဒီလူဖြစ်ရှုံးတဲ့ ဝေဒနာဆိုးကို ကပ်တွယ်ငြိခံခဲ့ရတယ်။ ဒါပေမယ့် သူတို့ဟာ အခုအခါမှာ ဝေဒနာတွေ ကင်းပသလောက်ဖြစ်နေကြပေမယ့် ဝေဒနာဖြစ်စဉ်က အရှိန်ကြောင့် ခြေ၊ လက်၊ မျက်နှာတို့က ပုံသဏ္ဍာန် ပျက်ယွင်းနေကြပါပြီ။ ဒီလို ပုံသဏ္ဍာန်တွေ ဘယ်လောက်ပဲပျက်ယွင်းနေစေဦးတော့ သူတို့ရဲ့  ရင်ထဲက ခံစားတတ်တဲ့ နှလုံးသားတွေကတော့ ကျွန်မတို့နဲ့ ဘာမှမခြားနားပဲ ထပ်တူ ထပ်မျှပါဘဲ။ ကျွန်မတို့က သူတို့ကို အပေါ်ယံအမြင်၊ အပေါ်ယံအကြည့်နဲ့ မသတီ ရွံရှာမနေကြပဲ လူချင်းသူချင်းအတူတူ စာနာစိတ်လေးမွေးနိုင်ဖို့ လိုအပ်လှပါတယ်။ ဒါကြောင့် သူတို့ကို နွေးနွေးထွေးထွေး ဆက်ဆံနိုင်ဖို့၊ သူတို့ရဲ့စိတ်အားတွေကို ရောက်တဲ့အချိန်တဒင်္ဂလေးမှာ မြှင့်တင်ပေးနိုင်ဖို့ကို ဇင်အိက လမ်းခရီးမှာထဲက အဖွဲ့ဝင်များကို ကြိုတင်ရှင်းလင်း မေတ္တာရပ်ခံ ထားခဲ့ပါတယ်။




ကျွန်မတို့ကားက လမ်းမှာ ခဏရပ်နားကာ ပြင်ရသေးလို့ နောက်ကျမှ ရောက်ပါတယ်။ ကျွန်မတို့ ရောက်တဲ့အချိန်မှာပဲ ဂေဟာက သူတို့တွေကို ထမင်းကျွေးဖို့ ပြင်ဆင်နေကြပါပြီ။ အဖွဲ့ဝင်တွေ အားလုံးက သူတို့အနားမှာ ကိုယ်စီဝိုင်းရံလျှက်။ သူတို့က ထမင်းမစားခင် အလှူရှင်များကို ဆုတောင်းမေတ္တာပို့သချိန် မှာတော့ ကျွန်မတို့အားလုံးရဲ့ရင်ထဲမှာ အမည် မဖော်ပြနိုင်တဲ့ ဂရုဏာလှိုင်းတို့ ရိုက်ခတ်သွားခြင်း ခံလိုက်ရပါတယ်။





သူတို့တွေရဲ့ နေ့လည်စာက ငါးဟင်း၊ ပဲဟင်းချိုနဲ့ ငပိတို့စရာပါ။ သူတို့တွေ မြိန်ရည်ယှက်ရည် စားနေချိန်မှာ အဖွဲ့ဝင်များက အနားကနေယပ်ခပ်သူခတ်၊ ငါးအရိုးနွှံသူကနွှံ၊ ထမင်းဟင်းလိုက်သူက လိုက်နှင့်။ ကျွန်မတို့ကလည်း သူတို့ကို မှတ်မိနေတယ်.. သူတို့ကလည်း ကျွန်မတို့တွေကို မှတ်မိနေကြတယ်။ အပြုံးပန်းတွေ လှိုင်လှိုင်ပွင့်ကြတယ်။ တချိန်ထဲမှာ ၀ှီးချဲနဲ့သွားရတဲ့ သူတို့တွေကတော့ မိမိရဲ့ ကုတင်နေရာလေးမှာပဲ ထမင်းစားကြပါတယ်။ အဖွဲ့ဝင်များကလည်း အနားက တစ်ဖ၀ါးမှမခွာ ကူညီကာ ထမင်းကျွေးကြပါတယ်။







ကျွန်မမျက်လုံးများက ထမင်းစားဆောင်ထဲမှာ အဘဦးတင်ခိုင်ကို ရှာနေမိပါတယ်။ မတွေ့တော့ အဆောင်ထဲလိုက်သွားတော့ အဘကို သူ့ရဲ့ ကုတင်နံပတ်(၃၀) မှာ မတွေ့ရပြန်ပါဘူး။ ဒါနဲ့ထမင်းစားဆောင်ထဲ ပြန်လိုက်ပါတယ်။ တွေ့ပါပြီ။ အဘက ပထမတစ်ကြိမ်ထက် ပိုလို့ ပိန်သွားသလိုထင်ရပါတယ်။ အဘရဲ့ ကုတင်နေရာက်ု ကျွန်မပြန်လာခဲ့ပါတယ်။  အဘက ကျွန်မကို ကောင်းစွာ မှတ်မိနေပါတယ်။ အဘအားနည်းလို့ ပြီးခဲ့တဲ့၂ရက်လောက်ကပဲ ဂလူးကို့စ်သွင်းရသေးတယ်လို့ပြောပါတယ်။ ပထမအကြိမ်က အဘနဲ့ အတူသီချင်းဆိုနေတာ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးပေးဖြစ်ပါတယ်။ အဘက ဘာသာတရားမြဲဖို့၊ မိဘကို ဂရုစိုက်ဖို့ ဆုံးမပါတယ်။ အဘဟာ ပထမတစ်ကြိမ်တုန်းကလည်း ကားထွက်တဲ့အထိ ရွာဝကိုလိုက်ကာ နှုတ်ဆက်ရှာခဲ့သူပါ။





နေ့လည်စာ စားအပြီးမှာတော့ ဇင်အိနဲ့ အဖွဲ့ဝင်အချို့၊ လိုက်ပါလာတဲ့ Total ဧည့်သည်များ၊ အဖွဲ့ဝင် ကိုဝေဖြိုးဘော် ဦးဆောင်တဲ့ ယုဇနဥယျာဉ် အိမ်ရာစခန်းမှ ကြက်ခြေနီအဖွဲ့ဝင်များ အင်အား(၁၄) ယောက်က ကျေးရွာထဲမှာ အ၀တ်အစားများ သွားရောက်ဝေငှဖို့ ထွက်ခွာသွားကြပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်အများစုကတော့  ပင်မခန်းမဆောင် မှာ အစီစဉ်စဖို့ ပြန်စုရုံးကြပါတယ်။ သူတို့ကလည်း ထိုင်ခုံကိုယ်စီမှာ အသင့် နေရာယူနေပြီးကြပါပြီ။ ဒီတစ်ခေါက် ကျွန်မတို့ ကံအားလျှော်စွာ မရမ်းချောင်စခန်းရဲ့ ပဲ့ကိုင်ရှင် ဆရာ(ဦး)ချစ်စံဝင်းနဲ့ ကြုံခွင့်ရလိုက်ပါတယ်။ ဆရာ(ဦး)ချစ်စံဝင်းနဲ့ ဧည့်သည်များရောက်လာကြလို့ ဂေဟာမှုးက ကျွန်မတို့အဖွဲ့နဲ့ မိတ်ဆက်ပေးပါတယ်။





ဆရာက ဂေဟာအတွက် လှူဒါန်းထားတဲ့ ဓာတ်ပုံအယ်လ်ဘမ်မှ ပုံများကိုကြည့်ပြီး ပုံတချို့ ယူခွင့်တောင်းပါတယ်။ အဲ့ဒီနောက် အတူပါလာတဲ့ ဧည့်သည်များနဲ့ဆရာကမိတ်ဆက်ပေးပါတယ်။ အဲ့ဒီနောက် ဆရာ(ဦး)ချစ်စံဝင်းမှ မရမ်းချောင်ဖြစ်ပေါ်လာ ပုံနဲ့တကွ ဂေဟာမှ သူတို့ရဲ့ ဘ၀နဲ့အတူ လူငယ်များပရဟိတ အလုပ်မှာ စိတ်ပါဝင်စားစွာ ဆောင်ရွက်လာတာကို အားရစဖွယ်တွေ့ရလို့ ၀မ်းမြောက်ကြောင်း ပြောကြား သွားပါတယ်။ ဆရာစကားပြောလို့အပြီးမှာတော့ ဆရာ့ရဲ့ဧည့်သည်များနဲ့ အတူပါလာတဲ့ ရေခဲမုန့်များကို အဖွဲ့ဝင်များက ကူညီလို့ သူတို့ကို ၀ိုင်းဝန်းကာ ကျွေးပေးကြပါတယ်။





အဲ့ဒီနောက်မှာတော့ ကျွန်မတို့ရဲ့ အစီအစဉ်လေးကို စတင်လိုက်ပါတယ်။ မြသွေးနီက အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ မရမ်းချောင်ကို ပထမအကြိမ် သာမက ဒုတိယအကြိမ်လာရောက်လှူဒါန်းဖြစ်ရခြင်း အကြောင်းကို ရှင်းလင်းပြောပြပါတယ်။




အဲ့ဒီနောက် အဖွဲ့ဝင်များမှ အနွေးထည်များကို တစ်ယောက်ချင်းစီ ပေးအပ်လှူဒါန်းပါတယ်။





အဲ့ဒီနောက် ၀ါလကင်းလွတ်သီတင်းကျွတ် အခါသမယရောက်တော့မှာမို့ အဖိုးအဖွားများအား ကိုသူရတိုင်ပေးတဲ့ ကန်တော့ကြိုးနဲ့ ထိခြင်း၅ပါးဖြင့်
ကန်တော့ကြပါတယ်။





အဲ့ဒီနောက် အမာခံအဖွဲ့ဝင် ဇလပ်ဖြူမှ သူမရဲ့ “ အပြစ်မဲ့အပယ်ခံ ” သီချင်းနဲ့ ကိုယ်တိုင်ဂစ်တာတီး သီချင်းသီဆိုတဲ့အခါ အဖွဲ့ဝင်များမှ သံပြိုင်လိုက်ပါ သီဆိုကြပါတယ်။ ဒီသီချင်းလေးဟာ အဖွဲ့ရဲ့ အလှူခရီးတိုင်းမှာ ဆိုဖြစ်ပါတယ်။ ဆိုတိုင်းလည်း ကျွန်မတို့အားလုံးရော... အလှူနေရာကသူတွေပါ မျက်ရည်လည်ရတဲ့ သီချင်းလေးပါဘဲရှင်..။




“…..ကြည့်…ကြည့်….ကြည့်လိုက်ပါ… သနားဖို့ကောင်းတဲ့…သူတို့ဘ၀တွေ ကူညီမယ့်သူ ရှားပါးလို့နေတယ်… အကြောင်းမလှခဲ့တဲ့ သူတို့ ဘ၀မှာ … ကံကြမ္မာကိုပဲ ပြစ်တင်မလား… စာနာစွာနဲ့ ဖေးကူမလား… အကြင်နာလက်ကမ်း… တို့ပါဝင်စို့လေ…. ”


မရမ်းချောင်းတစ်ရွာလုံး ကျွန်မတို့တွေရဲ့ တေးသံတွေက ပျံ့လွင့်လွှမ်းခြုံလို့နေတယ်။ သူတို့.. နောက် ကျွန်မတို့ အားလုံးဟာ နှလုံးသားကိုယ်စီရှိကြပြီး ခံစားတတ်ကြတာချင်းပါတူညီ နေကြသူများပါ။ ပထမ ခရီးစဉ်ကလိုပဲ ကျွန်မတို့နဲ့ သူတို့ဟာ မကွဲပြားပဲ တစ်သားထဲ ရှိနေကြပြန်ပါတယ်။ သူတို့.. သူတို့တွေရဲ့ မျက်ဝန်းမှာ မျက်ရည်ဥတွေ ခိုတွယ်နေကြတယ်။ ကျွန်မတို့တွေရော ဘာသားနဲ့များ ထုလုပ်ထားကြတာမို့လဲ..။ အဲ့ဒီအချိန်မှာ ကျွန်မတို့တွေ မျက်ဝန်းမှာ မျက်ရည်စကိုယ်စီနဲ့ တစ်ယောက်ကို တစ်ယောက် စေတနာတွေ၊ မေတ္တာတွေ၊ ဂရုဏာတွေ၊ စာနာစိတ်တွေနဲ့ အပြန်အလှန် နွေးထွေးစွာ ရင်းနှီးစွာ ရှိနေကြတယ်ဆိုတာ ငြင်းမရနိုင်ပါဘူးရှင်။




ပထမအကြိမ် မရန်းချောင်းအလှူတုန်းက ကျွန်မတို့အဖွဲ့ရဲ့ ပင်တိုင်သီချင်း(၂)ပုဒ်ကို လက်ကမ်း စာရွက်လေးများနဲ့ ရှေ့နောက် ရိုက်ကာ မရမ်းချောင်က သူတို့ကို ဝေခဲ့ရင်း သူတို့နဲ့ အတူ သီချင်းတွေသီဆိုခဲ့ကြဘူးပါတယ်။ အခုတစ်ခါမှာတော့ ကျွန်မတို့ အဖွဲ့ဝင်များကို မထင်မှတ်တဲ့ ကြားဖြတ်အစီအစဉ်အဖြစ် ဂေဟာမှ အဘ(၄)ဦးက “ Save The Aged ” သီချင်းနဲ့ သံပြိုင်သီဆို ဖျော်ဖြေ ပါတယ်။ တစ်ယောက်ရဲ့လက်ထဲမှာက ပထမအကြိမ် ကျွန်မတို့ပေးဝေခဲ့တဲ့ သီချင်းစာရွက် အဖြူလေးက ဘယ်လောက်များ တရိုတသေသိမ်းထားသလဲမသိ၊ မနွမ်းကြေပဲ သန့်ရှင်းလျှက်။ နောက် (၃)ဦးရဲ့ လက်ထဲမှာတော့ ဗလာစာရွက်လေးတွေ ကိုယ်စီမှာ ဘောပင်နဲ့ ကူးရေးထားတဲ့ “ Save The Aged ” သီချင်း။ ကျွန်မတို့အဖွဲ့လာမှာသိနေလို့ ကျွန်မတို့အဖွဲ့ အတွက် ကြိုတင်ပြင်ဆင်ထားကြတာတဲ့။ သီချင်းတွေလည်း ကြိုတင်လေ့ကျင့်ထားတယ်ဆိုပဲ။ ကျွန်မတို့ တကယ့်ကို ၀မ်းသာစိတ်နဲ့ အံ့သြမိရပါတယ်။ ဒီလိုနဲ့ အဘတို့(၄) ဦးနဲ့အတူ ကျွန်မတို့အဖွဲ့ “ Save The Aged ” သီချင်းလေးကို သံပြိုင်သီဆိုကြပါတယ်။






“ Save The Aged …. Save The Aged လူငယ်များရဲ့ စေတနာ.. လူ့ပတ်ဝန်းကျင်အလှတရား.. တို့စွမ်းအားနဲ့ အလှဆင်မှာ…”



အဘဦးသိန်းလွင်ဆိုရင် ခေါင်းတွေခါ၊ ချွေးတွေမျက်နှာမှာ ဒီးဒီးယိုစီးကျအောင် သီဆိုဖျော်ဖြေပါတယ်။ အားပေး လက်ခုပ်သံတွေက သွပ်မိုးကို ကျော်ဖြတ်လို့ မရမ်းချောင်ရဲ့ မိုးကောင်းကင်ယံအထိ ပျံ့လွင့်သွားပါတော့တယ်။



အဲ့ဒီအစီစဉ်ပြီးတဲ့နောက် ဆရာ(ဦး)ချစ်စံဝင်းက ကျွန်မတို့ အဖွဲ့နှင့်ထပ်မံလို့ တွေ့ချင်သေးကြောင်း ပြောပြကာ နှုတ်ဆက်လို့ မရမ်းချောင်မှ ပြန်လည်ထွက်ခွာသွားပါတယ်။


အဲ့ဒီနောက် အဖွဲ့ရဲ့ အမာခံအဖွဲ့ဝင်တစ်ဦးဖြစ်သူ သက်ဝင်းမှ လျှပ်တပြက်အစီအစဉ်လေးတစ်ခုကို စတင်ပါတယ်။ ဒီအစီ အစဉ်လေးက အဖွဲ့ဝင်များနဲ့ ဂေဟာက သူတို့အကြား ရင်ထဲက ခံစားချက်လေး တွေကို အစီစဉ်မရှိပဲ ပေါ်လွင်အောင် ပြောဆိုတင်ဆက်စေတာပဲဖြစ်ပါတယ်။





အဖွဲ့မှ သက်ဝင်းနဲ့ ဂေဟာမှ အဘဦးတင်ခိုင်တို့စုံတွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှု၊ အဲ့ဒီနောက် ကချင်ပြည်နယ်မှာ စစ်မှုထမ်းခဲ့ဘူးတဲ့ အဘဦးသိန်းလွင်က အဖွဲ့မှဖိုးသောကြာ (ရန်ကုန်) နဲ့တွဲဖက်ပြီး အဖေနဲ့သား ရှေ့တန်းထွက်ခါနီး မှာကြားနေပုံမျိုး သရုပ်ဆောင်တာ ပီပြင်လွန်းလို့ ဖိုးသောကြာတောင် အဘကို မနည်းအမှီလိုက်ယူရပါတယ်။ လက်ခုပ်သံများကလည်း သောသောညံလို့ပါဘဲရှင်။




အဲ့ဒီနောက် လွန်ခဲ့တဲ့ ၂ရက်က နေမကောင်းလို့ အားဆေးဒရစ်ချိတ်ရတဲ့ အဘဦးတင်ခိုင်က “ အောင်ပါစေ ” သီချင်းနဲ့ အတီးမပါ အဆိုသက်သက်နဲ့ ပီသကြည်မြ အောင်မြင်စွာသီဆိုပြလေရာ ကျွန်မတို့ရဲ့ “ အောင်ပါစေ ”  “ အောင်ပါစေ ” “ အောင်ပါစေ ” လို့ အတူလိုက်အော်ပေးသံများဟာ ကြက်သီးမွေးညင်းများတောင် ထမိသည်အထိ ကောင်းမွန်လှတာမို့ အဘဦးတင်ခိုင်အတွက် လက်ခုပ်သံတွေ အများကြီးကို ရခဲ့ရပါတယ်။



အဲ့ဒီနောက် အဘဦးသိန်းလွင်က “ Par Par… He loves Mar Mar.. Mar Mar… She loves Par Par ” သီချင်းကို အဖွဲ့ဝင်များနဲ့ အတူ သံပြိုင်သီဆိုကြပါတယ်။ ဒီအစီစဉ်လေးမှာလည်း အားလုံးရဲ့ မေတ္တာလက်ခုပ်သံတွေဟာ လျှံထွက်ခဲ့ရပြန်ပါတယ်။ အဲ့ဒီနောက် အဖွဲ့ရဲ့ Save The Aged သီချင်းနဲ့ အဆုံးသတ်ကာ သူတို့ကို သူတို့ရဲ့ အဆောင်တွေ ရှိရာကို အဖွဲ့ဝင်များက ပြန်လည်ပို့ဆောင်ပေးပါတယ်။



အဲ့ဒီအချိန်မှာတော့ မွန်းတိမ်း(၂)နာရီရှိနေပါပြီ။ အဖွဲ့ဝင်အားလုံးရဲ့ ၀မ်းဗိုက်တွေဆီက သံစုံတီးဝိုင်း တွေက ဂွီဂွီဂွမ်ဂွမ်နဲ့ တီးမှုတ်နေကြပါပြီ။ ဂေဟာအပြင်ဖက် သစ်ပင်ရိပ်အောက်မှာ အဖွဲ့ဝင်များ အားလုံး စုပေါင်းထိုင်ကာ ကိုရီး {ကိုကြီး} ဒါနလုပ်တဲ့ ကြက်ဆီထမင်းကို တပျော်တပါး စုဝိုင်းလို့ ခေါင်းမဖော်စတမ်း စားကြပါတော့တယ်။



စားပြီးချိန်မှာတော့ ထုံးစံအတိုင်း အဖွဲ့ဝင်အသစ်နဲ့ အဟောင်း အပြန်အလှန် ပျော်ရွှင်စွာ မိတ်ဆက် ကြပါတယ်။



မိတ်ဆက်အပြီးမှာ ဂေဟာမှူးမှ ဆရာ(ဦး)ချစ်စံဝင်းမှာကြားခဲ့သည်များကို ကျွန်မတို့အဖွဲ့အား ထပ်မံပြောပြပေးပါတယ်။ ဂေဟာနဲ့ ဂေဟာဝန်းကျင်မှာရှိနေတဲ့ လူငယ်များ အတန်းပညာ ခါးကြောမပြတ်စေပဲ ပြီးမြောက်အောင် သင်ယူနိုင်ဖို့ သဒ္ဒါထက်သန်တဲ့ စေတနာ့အလှူရှင်များ လိုအပ်ပါကြောင်း အဓိကထား ပြောသွားပါတယ်။



ဂေဟာမှလူများနဲ့အဖွဲ့ဝင်တွေ ဘောလုံးကန်ဖို့ အစီစဉ်လုပ်ထားပေမယ့် အချိန်က ၃နာရီနီးပါး ရှိနေပြီမို့ ရန်ကုန်ပြန်အ၀င် နောက်ကျမှာ စိုးတာကြောင့် ဒီအစီအစဉ်ကို စိတ်လျှော့ထားလိုက်ရပါတယ်။



တဖက်မှာလည်း ရွာထဲမှာ အ၀တ်အစားတွေ သွားဝေငှနေတဲ့ ဇင်အိတို့ အဖွဲ့ပြန်အလာကို စောင့်နေကြပါတယ်။ ဒါတောင် အဖွဲ့ရဲ့ Royal STA Football Team က ဘောဝါသနာအိုးများက  ရတဲ့အချိန်လေးမှာ အချင်းချင်း လုကန်နေကြတာတွေ့ လိုက်ရပါသေးတယ်။


အဲ့ဒီအချိန်မှာ ကျွန်မအနားရောက်လာတာက အဘဦးတင်ခိုင်။ တန်ဖိုးရှိတဲ့ လက်ဆောင်တော့မဟုတ်ပါဘူးတဲ့။ သမီးကို အမှတ်တရပေးချင်လို့ လက်ခံပေးပါဆိုပြီး သူ..ကျိုက်ထီးရိုးသွားတုန်းက ပါလာတဲ့ ရင်ထိုးလေးကို တုံးတိနေရှာတဲ့ သူ့လက်ဖ၀ါးလေးပေါ်တင်လို့ ပေးပါတယ်။



ကျွန်မရင်ထိုးကို ချက်ချင်းပဲ တတ်လိုက်ပါတယ်။ ဖြစ်ချင်တော့ ရင်ထိုးချိတ်က ချက်ချင်းတွယ်မရလေတော့ အားစိုက် တွယ်နေတုန်း သူက " အဘလက်ကလေးတွေမရှိလို့ .. မဟုတ်ရင် ကူညီပေးချင်သား" တဲ့။ ကျွန်မ မျက်ဝန်းထဲ မျက်ရည်စတွေ ရုတ်ချည်းရစ်ခိုလာပါတယ်။ အဖေ့နဲ့ အဘက အသက်တူတူလို့ ပြောပြထားတော့ အဖေ့ကို ဂရုစိုက်ဖို့မှာပါတယ်။ ကျွန်မလည်း သူ့ရဲ့ တုံးတိနေတဲ့ လက်နှစ်ဖက်ကို ဆုတ်ကိုင်ယူလို့ အဘကျန်းမာရေးကောင်းအောင်နေဖို့၊ ပထမအကြိမ်တုန်းကပြောခဲ့တဲ့အတိုင်း ကျွန်မတို့ ထပ်လာခဲ့ကြတယ်၊ ကျွန်မတို့ နောက်တစ်ကြိမ် ထပ်လာဖို့လည်း ကြိုးစားပါ့မယ်လို့ ပြန်မှာမိပါတယ်။


တအောင့်နေတော့ ဇင်အိတို့(၁၄)ယောက်အဖွဲ့ ခြေကုန်လက်ပမ်းကျကာပြန်လာတာတွေ့ရပါတယ်။ မပမ်းခံနိုင်မလား.. အိမ်ထောင်တစ်စုကို (၁၀)ထည်နှုန်းနဲ့ အိမ်ခြေ၁၅၀လုံးမရောက်ခဲ့ပေမယ့် အိမ်ခြေ (၁၂၀) အိမ်အထိကို အိမ်တိုင်ရာရောက် သွားရောက်ဝေငှခဲ့တာပါ။ ကျေးရွာ အတွင်းမှာ မိသားစုနဲ့ နေထိုင်တဲ့ ရောဂါဒဏ်ခံခဲ့ရဖူးတဲ့ ၇၉ဦးအတွက်လည်း Save The Aged အနွေးထည်များ ပေးလှူခဲ့ပါတယ်။ ကျေးရွာအတွင်း အပင်ပမ်းခံ လိုက်ပါဝေငှပေးသူများအားလုံးကို ကျေးဇူးမှတ်တမ်း ဒီနေရာကနေ တင်ပါရစေရှင်။



အဲ့ဒီနောက် အဖွဲ့လိုက် အမှတ်တရ ဓာတ်ပုံရိုက်ယူကြပါတယ်။



အချိန်တန် အိမ်ပြန်ရပေဦးမည်။ ညနေ (၄)နာရီအထိုးမှာတော့ ကျွန်မတို့ Save The Aged အဖွဲ့ မရမ်းချောင်းက အပြစ်မဲ့ အပယ်ခံ သူတို့အားလုံးကို နှုတ်ဆက်လို့ ရန်ကုန်မြေစီ ခြေဦးပြန်လှည့် ရပါတော့တယ်။ လက်ပြကျန်ခဲ့တဲ့ အပြစ်မယ့်အပယ်ခံများရဲ့ မျက်နှာများက ကျွန်မတို့ မျက်ဝန်းထဲမှာ စွဲထင်နေပါတော့တယ်။


အံ့သြစရာက ရန်ကုန်မှာ မိုးသည်း ထန်စွာရွာလို့ ရေတွေတောင် တချို့နေရာတွေ ကြီးနေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မရမ်းချောင်းမှာတော့ Save The Aged ရဲ့ မေတ္တာတန်ခိုးနဲ့ နေတွေကျဲကျဲပူခဲ့ပါတယ်။ သေချာပါတယ်။ Save The Aged က လိုအပ်နေသူများအတွက် အနည်းဆုံးတော့....






နေပူချိန်မှာ အိုအေစစ်ငယ်လေးတစ်ခု (ဒါမှမဟုတ်)


မိုးသည်းချိန်မှာ နေပျောက်လေးတစ်ပွင့် (ဒါမှမဟုတ်)


ဆောင်းအေးချိန်မှာ ထင်းမီးဖိုလေးတစ်ခုလောက် အဖြစ်နဲ့ပဲဖြစ်ဖြစ် ဆက်လက်ရှိနေဦးမှာပါ။







ဒီတစ်ကြိမ်လည်း ကျွန်မတို့ Save The Aged အဖွဲ့သားများကို ယခုလိုပြောလိုက်ချင်ပါသေးတယ်..။








We Did It Again !



အဖွဲ့ဆိုက်ဖြစ်တဲ့ ဒီနေရာလေး မှာလည်းဝင်ဖတ်နိုင်ပါတယ်ရှင်..။




ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။