
ဝါရှင်တန်တွင် နိုင်ငံလုံးဆိုင်ရာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ ၄-ခုမြောက် ပွဲစဉ်ကျင်းပသည့်အခါ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှ လက်ရွေးစဉ်တစ်ဦး ဖြစ်သူ ရိုစလီအဲလီယက်အား AVOWAL (၀န်ခံခြင်း၊ အတိအလင်းဖွင့်ဟပြောဆိုခြင်း) ဟူသည့် စကားလုံးကို စာလုံးပေါင်းခိုင်းသည်။
ရိုဇလီက တောင်ပိုင်းသံဝဲ၀ဲနှင့်ပြောလိက်သည့်စာလုံးပေါင်းကို ဒိုင်လူကြီးတွေ မသဲကွဲကြပေ။ L ရှေ့ကစကားလုံးကို Aနှင့် ပေါင်းသွားလား.. Eနှင့် ပေါင်းသွားလား မဝေခွဲနိုင်ကြ။ အသံဖမ်း တိပ်ခွေပြန်ဖွင့်ပြီး အကြိမ်ကြိမ် ပြန်လည် နားထောင်သော်လည်း မိနစ်အတော်ကြာသည့်တိုင် ဘယ်လိုမှ ဆုံးဖြတ်ချက် မချနိုင်ပေ။
နောက်ဆုံး ဒိုင်ချုပ်ဖြစ်သူ ဂျွန်လွိုက်က မှန်ကန်သော အဖြေကို သိရဘို့အတွက် ကာရကံရှင် ဖြေဆိုသူကို မေးယုံမှတပါး ကျန်တာမရှိတော့ဟု နောက်ဆုံး.. ဆုံးဖြတ်ချက် ချလိုက်သည်။ L ရှေ့က စကားလုံးကို Aလို့ပြောလိုက်လား.. Eလို့ပြောလိုက်လား.. ဟု သူက ရိုဇလီကို မေးသည်။
ရိုဇလီမှာ သူမနံဘေးတွင် ပြိုင်ပွဲဝင် စာလုံးပေါင်းသမားလေးတွေ ၀ိုင်းရံနေကြရာ အဲ့သည်ကြာသွားသည့် အချိန်မှာတော့ တီးတိုး စကားသံတွေ ကြောင့် စာလုံးပေါင်းအမှန်ကို သိနေနှင့်ပြီဖြစ်၏။ ဒါပေမယ့်..သူက မဆိုင်းမတွ နေရာမှ ထလာပြီး သူစာလုံးပေါင်း မှားသွားကြောင်း၊ Eလို့ ပြော လိုက်မိကြောင်း၊ အနှောင့်နှေးကင်းစွာ ဖြေလိုက်သည်။
ရိုဇလီစင်ပေါ်မှ ဆင်းလာသောအခါ အဲ့သည်နေ့က ပြိုင်ပွဲသတင်းလာယူသည့် သတင်းထောက် တစ်ဒါဇင်ခန့်အပါအ၀င် ပရိသတ်အားလုံးပင် သူမ၏ ရိုးဖြောင့်တည်ကြည်မှုကို လေးစားနှစ်သက်သော သဘောဖြင့် မတ်တပ်ရပ်ကာ လက်ခုတ်သြဘာ ပေးကြလေသည်။
အဲ့သည်နေ့က ပွဲတွင် ရိုဇလီ ဗိုလ်မစွဲခဲ့ပါ။ သို့သော်အောင်နိုင်သူတစ်ဦး ဖြစ်ခဲ့သည်ကား အမှန်ပင်။
ကျွန်မတို့ရဲ့ ပါတ်ဝန်းကျင်မှာလည်း မိမိရဲ့အမှားကို တာဝန်မယူရဲသူတွေကို အမြီးအမောက်မတည့်စွာ တွေ့နေရတတ်ပါတယ်။ သူတို့ကြောင့် စိတ်မသက်မသာ ဖြစ်ကြရပါတယ်။ ကိုယ့်လိပ်ပြာ ကိုယ်ထိတ်လန့်နေသူတွေရဲ့ သမိုင်းဟာ ဘယ်တော့မှ မလှပတတ်ပါဘူး။ သူတို့က ငါတို့တော့ ဘာဆိုဘာမှ မဖြစ်ဘူးလို့ တွင်တွင် ကြွေးကြော်နေပေမယ့် သူတို့ကိုယ်သူတို့တော့ တအိအိနဲ့ ရှုံးနိမ့်နေရတယ်ဆိုတာ သူတို့လောက်အပြင် ဘယ်သူမှ ပိုမသိနိုင်ပါဘူး။ သူတို့တွေထက် ရှုံးနိမ့်သူတွေရဲ့ ဂုဏ်သိပ်က္ခာက ပိုပြီးတော့ မြင့်မြတ်လှပ နေတတ်ပြန်တယ်။ ပိုပြီးတော့လည်း မှတ်ကျောက်တင် ခံနိုင်နေပြန်ပါတယ်..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆရာဖေမြင့်၏ နှလုံးသားအဟာရ ရသစာများမှ။
မူရင်း - God's Little Devotional Book for Students မှ Spelling Bee
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မှတ်ချက် ။ 21 November 2009 မှ ပို့စ်အဟောင်းလေးအား ပြန်လည်သိမ်းဆည်းခြင်း။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
မြသွေးနီ
0 comments:
Post a Comment