မေမေ့မှာ ၅နှစ်အရွယ်သား တစ်ယောက်ရှိတယ်။
ချစ်စဖွယ် သားလေးဟာ.. တီတီတာတာ ပြောတတ်သလို.. အမေးအမြန်းကလည်း သိပ်ထူတာပေါ့…။ သားက ကျောင်းလည်း တက်နေပြီ။ သူငယ် တန်း ကျောင်းသားကြီးပေါ့။ စည်းကမ်းရှိတာကို ကြိုက်တဲ့မေမေက သားကိုလည်း စည်းကမ်းရှိစေချင်တယ်..။ ဒါကြောင့်.. ကျောင်းက ပြန်ရောက် တိုင်း သားရဲ့ကျောင်း လွယ်အိတ် ကိုစစ်ဆေးတယ်..။ ခဲတံတွေ..ခဲဖျက်တွေ ပျောက်မပျောက်..။ ကျောင်းစာအုပ်တွေမှာ စာတွေ စုံမစုံပေါ့..။ မေမေ လွယ်အိတ်ကို စစ်ဆေးရေး ၀င်တဲ့အချိန် ဆို သားက လက်ကလေးကို ပိုက်လို့ မျက်လုံး လေးက ၀ိုင်းလို့.. ရင်တထိတ်ထိတ်နဲ့ပေါ့..။
သားကလည်းသားပါဘဲ။ နေ့စဉ် ခဲတံပျောက်ရင်ပျောက်..မပျောက်ရင်ခဲဖျက်ပျောက်..မပျောက်ရင် ပေတံပျောက်..နဲ့ပေါ့။ အဲ့ဒီလို တစ်ခုမဟုတ် တစ်ခု..နေ့စဉ်မဟုတ်တောင် ရက်ခြားလောက် ပျောက်နေတော့ မေမေ့ခမျာ စိတ်မရှည်နိုင်တော့ဘူး..။ ဒီတော့ မေမေ က သားကို ၀မ်နိမ် ပေး တယ်..။
” သား..မင်းနေ့တိုင်းနီးပါးလောက်ကို ခဲတံတွေပျောက်နေပါရော့လား..။ စည်းကမ်းမရှိတာ..မေမေ မကြိုက်ဘူးလို့.. မင်းကို ပြော ထားတယ် နော်..။ ဒီတော့ နောက်နေ့တွေမှာ ခဲတံ ပျောက်လာရင် မင်း..ထိုင်ထအကြိမ် ၃၀ တိတိလုပ်ရမယ်နော်..”
သားက မေမေ့ကို ဟုတ်ကဲ့ ဆိုပြီးခေါင်းလေးညိမ့်ပြလိုက်ပြီး မေမေထည့်ပေးတဲ့ ခဲတံအသစ်လေးကို သေခြာကြည့်နေမိတယ်။ သားလည်းကြိုး စားပြီး ခဲတံတွေမပျောက်အောင်သေခြာဂရုစိုက်တာပါဘဲ..။ ဒါပေမယ့်..ကျောင်းဆင်းချိန်ရောက်ကာနီး သတိရ လို့ကြည့်လိုက်တော့ ခဲတံ အသစ် ကြီးကပျောက်နေပြန်ပြီလေ..။ သား လည်းအိမ်ပြန်ရောက်လို့ မေမေလွယ်အိတ်စစ်ချိန်ရောက်မှာ ကြောက်လို့ပေါ့ ။ မရပါဘူး။ မေမေကလည်း စည်းကမ်းသမားဆိုတော့ မပျက်မကွက် စစ်တော့တာပါဘဲ..။ အဲ့ဒီမှာ မနေ့က ၀မ်နိမ် ထုတ်ပြီး နောက်ပိုင်းထည့်ပေးလိုက်တဲ့ ခဲတံအသစ်ကြီး ပါမလာတာလည်းတွေ့ရော မေမေလည်း ဒေါသူပုန်ထ တော့တာပေါ့..။
” သား..မင်းအခု..ထိုင်ထအကြိမ် ၃၀လုပ်..။ စည်းကမ်းမရှိတဲ့သူဆို မေမေမကြိုက်ဘူး..။ မင်း..ခဲတံလေး တစ်ချောင်းတောင် သေခြာ မထိမ်းသိမ်း နိုင်ရင် ကြီးလာရင်ဘယ်လိုလုပ် စည်းကမ်းရှိသူ ဖြစ်လာနိုင်မှာလည်း..” ။
ဒါ..မေမေက သားကို ပထမဦးဆုံးပေးတဲ့ အပြစ်ဒါဏ်ပါဘဲ..။ သားလည်း ဘယ်လွန်ဆန်ရဲပါ့မလည်း..။ မေမေပြောတဲ့အတိုင်း ထိုင်ထ လုပ်ရတော့ တာပေါ့။ မေမေ့ခမျာလည်း ၁, ၂, ၃,၄ ဆိုပြီး အကြိမ်တွေ ရေတွက်ပေးနေပေမယ့်..စိတ်ကတော့ ဘယ် ကောင်း ပါ့မလည်း။ သားကလည်း.. မျက်ရည်တွေဝိုင်းပြီး ထိုင်ထကိုအကြိမ်၃၀ တိတိပြည့်အောင်လုပ်ပါတယ်..။ ၃၀လည်း ပြည့် ရော..သားခြေထောက်တွေလည်း ညောင်းလို့ပေါ့.။
ဒီလိုနဲ့ သားက တစ်ပါတ်လောက်တော့ ဘာမှမပျောက်ရှဘဲရှိနေပြန်တော့ မေမေက ချီးမွမ်းနေရတော့တာပေါ့..။ ချီးမွမ်းလို့ တောင်မဆုံးသေး ပါဘူး။ နောက်တစ်ရက်မှာတော့ ခဲတံ၁ချောင်းနဲ့ ခဲဖျက်တုံးပျောက်လာပြန်ရော..။ မေမေလည်း....
” ကဲ..သား..မင်းဘာလုပ်ရမယ်ဆိုတာ..သိတယ်နော်..” လို့လည်းပြောရော…မျက်လွှာလေးချပြီး ထိုင်ထလုပ်ပါတော့တယ်..။
မေမေလည်း နံဘေးကနေ ၁, ၂, ၃,၄ရေတွက်လို့ပေါ့..။ “သား..မညောင်းဘူးလား” ..လို့မေမေကမေးတော့..” ဟုတ်ကဲ့ “..တဲ့..။
မေမေလည်း " ငါ့သားက ကိုယ့်အပြစ်ကိုယ်သိသား..လိမ်မာရှာတယ်…”…ပေါ့…။ “နောက်နေ့တွေ မပျောက်အောင် သေချာ ဂရု စိုက်ရမယ်နော်…” ဆိုတော့..သား..က ထုံးစံအတိုင်း..” ဟုတ်ကဲ့ ..” တဲ့..။
နောက်တစ်နေ့….သားကျောင်းက ပြန်ရောက်လာတယ်..။ ရောက်ရောက်ချင်း.. လွယ်အိတ်ကလေး.. ဘုတ်ဆိုချပြီး… မေမေ့ရှေ့ကို ရောက်လာ တယ်..။ ဘာမပြောညာမပြောနဲ့ ထိုင်ထလုပ်နေပါရော..။ မျက်နှာလေးကလည်း အရင် ဒါဏ်ပေးခံရတုန်းကလို မဟုတ် ဘဲ..အရယ်မျက်နှာလေးနဲ့..။
“မေမေ..သား..ခဲတံပျောက်ခဲ့လို့ ထိုင်ထလုပ်မယ်နော်..” တဲ့။
ရယ်ကျဲကျဲနဲ့ပြောနေတဲ့…သားမျက်နှာကို ကြည့်ပြီး မေမေ့ရင် ဘလောင်ဆူသွားတယ်..။ အရယ်မျက်နှာလေးနဲ့ ထိုင်ချည်ထချည် လုပ်လို့ သူ့ရဲ့ အပြစ်ကိုခံယူနေတဲ့ သားကို ရင်ခွင်ထဲဆွဲယူထွေးပွေ့လိုက်တယ်။ စိုးရိမ်စိတ်တွေအပြည့်နဲ့ ထွေးပွေ့ထားတဲ့ မေမေ့ မျက် နှာကို ကြည့်ပြီးသားက မေမေဘာဖြစ်သွားပါလိမ့်လို့.. အံ့သြနေမိတယ်။
မေမေ သိလိုက်တယ်..။ သွားပြီ……….။ လွဲသွားပြီဆိုတာကိုပေါ့..။ အပြုံးမျက်နှာနဲ့ အပြစ်ကိုခံယူနေတဲ့ သားကို ကြည့်ပြီး တော့ လွဲသွားပြီ ဆိုတာကို မေမေသိလိုက်ရတာနဲ့အမျှ မေမေ့ရင်ထဲ စိတ်မကောင်းမှုတွေ ချက်ချင်း ၀င်ရောက်လာ တော့တယ်။ ဟုတ်တယ်.. သားက အပြစ်ဆိုတာ ကျူးလွန်လို့ရတယ်..။ ပြီးရင်ကျုးလွန်တဲ့အပြစ်အတွက် ဒါဏ်ပေးတာခံယူလိုက်ရင် ကျေသွားနိုင်တယ်..။ အပြစ်ကျုးလွန်တာအရေးမကြီးဘူး..။ အပြစ်ဒဏ်ခံယူနိုင်ဘို့ဘဲအရေးကြီးတယ်..။ ဒီလိုနဲ့ ဒီအပြစ်ဟာရေးကြီးခွင်ကျယ် ကိစ္စမဟုတ်ဘူး..လို့ လွဲမှားစွာထင်သွားခဲ့တာ…။
မေမေက သားလက်မောင်းနှစ်ဘက်ကို ဆုတ်ကိုင်ပြီး..မျက်နှာကို စေ့စေ့ကြည့်ပြီး ပြောလိုက်တယ်။
“သား..နောက်ဆို သားတစ်ခုခုပျောက်လာရင်…ထိုင်ထလုပ်စရာ မလိုတော့ဘူး..။ သားကိုယ်တိုင် မပျောက်အောင်လို့ ဘယ်လို စောင့်ရှောက်ရမယ် ဆိုတာ ..ဂရုစိုက်ရင်းနဲ့ သား..တဖြေးဖြေးသိလာပါလိမ့်မယ်..”
သားက.. သူ့မေမေ့ကို မျက်လုံးလေး တစ်လက်လက်နဲ့ ကြည့်လို့နေလေရဲ့…။ သား..မသိလိုက်တာကတော့..မေမေက သားဆီကနေ သင်ခန်းစာ တစ်ခု သင်ယူခွင့် ရလိုက်တယ်ဆိုတာကိုပါဘဲ..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကလေးတွေကို အပြစ်ပေးမပေးခင် အပြစ်နဲ့ ကလေးတွေနဲ့ မျှတမှု ရှိမရှိ၊ ခွင့်လွှတ်သင့်တဲ့ အပြစ် ဟုတ်မဟုတ် သေခြာ စဉ်းစားသင့်ပါတယ် ။ အပြစ်တွေ လှိုင်လှိုင်ပေးမိရင်း အပြစ်တွေနဲ့ သူတို့လေးတွေ ရင်းနီှ်း အသားကျသွား မှာ စိုးရိမ်မိသားရှင်။ ပန်းပွင့် ဖတ်လေးတွေလို နုနယ်လှတဲ့ ကလေးတွေရဲ့ စိတ်ထဲမှာ ဒဏ်ရာတွေ ခိုတွယ်သွားမှာကိုတော့ လူကြီးများက သေချာ စဉ်းစား သင့်လှပါတယ်ရှင်။ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ လည်း တချို့ လူကြီးတွေဟာ ကိုယ်လုပ်တဲ့ အလုပ် တစ်ခုအတွက်.. ကောင်းမကောင်း.. သင့်မသင့် အရင် မစဉ်းစားမိတော့ပဲ ကလေးတွေ အပေါ်မှာ အပြစ်ဒဏ်တွေ လွယ်လွယ် ပေးတတ်ကြတယ်၊ ကိုယ့်ရဲ့ ဒေါသတွေကို ကလေးတွေပေါ် ပုံချ ကြတယ်။ ကလေးအမှန်တကယ် ပြုမူမိတဲ့ အကြောင်း ရင်းရဲ့ အတိမ်အနက်ကို သေခြာ မစဉ်းစားမိကြတော့ဘူး။ ဒီလိုနဲ့ အပြစ် ဆို တာ ၀န်ခံလိုက်ယုံနဲ့ ကျေပါတယ် ပြီးရင် ပြန်ကျူးလွန်လည်း ရတာဘဲ ဆိုတဲ့ ကလေးသူငယ်လေးတွေ ဘယ်လောက်တောင် ရှိနေကြ ပြီ လည်း မသိဘူးနော်။
မှတ်ချက် ။ 24 November 2009 မှ ပို့စ်အဟောင်းလေးအား ပြန်လည်သိမ်းဆည်းခြင်း။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
မြသွေးနီ













