
အို… လှလိုက်တာ…။ ကြည့်စမ်းပါဦး။ အသွေးအရောင်စုံ လိပ်ပြာလေးတွေက ပျံဝဲနေလိုက်ကြတာ..။ ပြာလဲ့နေတဲ့ မိုးသားကောင်းကင်ပြင်ကျယ် ကြီးကို နောက်ခံထားလို့။ တောင်ပံလေးတွေ တစ်ဖျတ်ဖျတ်ခတ်ကာ..။ ဟိုမှသည်ကို ၀ဲပျံလို့… ။ ထိုမှတဖန် သည်မှ ဟိုကို.. ၀ဲပျံလို့။ အုပ်စုလိုက် ပျံသူကပျံ၊ တစ်ကောင်ထဲ ပျော်မြူးသူကမြူး၊ ချစ်ဖော်နဲ့ နွှဲပျော်သူက နွှဲပျော်နဲ့ပေါ့။ အရောင်အသွေးမျိုးစုံနေတဲ့ ပန်းပေါင်းစုံ လှိုင်လှိုင်ဖူးပွင့်နေတဲ့ ပန်းခင်းကြီးက ချစ်စရာလိပ်ပြာငယ်လေးများအတွက်တော့ ၀တ်ရည်သောက်သုံးခွင့် မ၀နိုင်စရာ။ ဟိုသည်ဝဲပျံလို့ မညည်းငွေ့နိုင်စရာ။ ဒါပေမယ့် သူတို့လေးတွေက သက်ရှိလိပ်ပြာတွေမဟုတ်။ ဒါဆို.. ဘာတွေလဲ..။ ကောင်းကင်ပြင်ကျယ်ကြီးနဲ့ အလားသဏ္ဍန်တူတဲ့ ရုပ်နာမ်နှစ်ပါး၊ ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားတဲ့ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကြီးထဲက အငြိမ်မနေ ပြေးလွှားနေကြတဲ့ စေတသိတ် စိတ်လိပ်ပြာရောင်စုံတွေ ပဲပေါ့။ စိတ်ရောင်စုံ အမျိုးမျိုး အကြားမှာ စိတ်လိပ်ပြာရောင်စုံတွေက တ၀ဲလည်လည်နဲ့ ၀ဲပျံနေကြတာ။
လူတွေ တစ်ဦးချင်းစီမှာရှိကြတဲ့ စိတ်တွေရဲ့ သဘာဝကို ကျွန်မစိတ်ဝင်စားနေမိတာကြာပါပြီ။ စိတ်လိပ်ပြာတွေမှာ အဇ္ဈတ္တလို့ခေါ်တဲ့ အတွင်းစိတ်နဲ့ ဗဟိဒ္ဓလို့ခေါ်တဲ့ အပြင်စိတ်တွေက ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကြီးကို ပူးတုံခွာတုံနဲ့ လှည့်ပတ်မွှေနှောက်လေ့ရှိတယ်လို့ ဖတ်ထားဖူးပါတယ်။ ကျွန်မတို့တွေရဲ့ အဇ္ဈတ္တကို မထိမ်းချုပ်လိုက်နိုင်ခင်မှာပဲ ရုပ်ဆိုတဲ့ ခန္ဓာကိုယ်ကြီးက ကောင်း၏ မကောင်း၏၊ သင့်၏ မသင့်၏ မစဉ်းစားမိလိုက်တော့ပဲ ဗဟိဒ္ဓအားကိုးနဲ့ လုပ်ဆောင်မိလိုက်တာမျိုး။ တစ်ခါတစ်ခါမှာတော့ အဇ္ဈတက ထိန်းချုပ်လိုက်နိုင်လို့ ကျွန်မတို့ မလုပ်သင့်၊ မလုပ်ထိုက်တာတွေကို ထိန်းချုပ် ရှောင်လွှဲနိုင်ခဲ့ကြတာ။ တကယ်တော့ လုပ်သင့်၊ မလုပ်သင့်ဆိုတာကလည်း စိတ်ဆိုတဲ့ တရားသူကြီးကပဲ ရုံးတစ်ထိုင်နဲ့ဆုံးဖြတ် အမိန့်ချသွားတာမျိုးပါ။
လူတစ်ကိုယ် စိတ်တစ်မျိုးလို့ ဆိုထားလေတော့ စိတ်ထားကောင်းသူ၊ စိတ်ရှည်သူ၊ စိတ်မြန်သူ၊ စိတ်တိုသူ၊ စိတ်ဆတ်သူ၊ မျှတစိတ်ရှိသူ၊ စိတ်အေးသူ၊ စိတ်မာသူ၊ စိတ်ပျော့သူ၊ စိတ်နူးညံ့သူတွေ ရှိကြသလို တစ်ကိုယ်ကောင်းစိတ်ရှိသူ၊ အတ္တစိတ်ကြီးသူ၊ အစွန်းရောက်စိတ်ရှိသူ၊ စိတ်ပုတ်သူ၊ အထင်သေးစိတ်ရှိသူ၊ ယုံကြည်မှုစိတ်လွန်ကဲသူ၊ စိတ်ထားယုတ်ညံ့သူ၊ စိတ်ဓာတ်အောက်တမ်းကျသူ၊ စိတ်ဓာတ်မပြည့်ဝသူ၊ စိတ်အညှိုးကြီးသူ၊ စိတ်မူမမှန်သူတွေကိုလည်း ရှိတတ်ကြပါတယ်။ ကျွန်မ မသိတဲ့ တခြားစိတ်အမျိုးအစားတွေလည်း ရှိကြဦးမှာပါ။ ဒီလို စိတ်အမျိုးအစားတွေကို နာမည်ပေး ကင်ပွန်းတပ်တတ်ပြီး အခုလို စိတ်တွေက ဘာလို့များ ကွဲပြားလာကြတာလည်းလို့ ကျွန်မစဉ်းစားမိတယ်။ သက်ရှိ၊ အသိဥာဏ်ရှိတဲ့ လူသားတွေရဲ့ သူတို့ကိုယ်တိုင် ပြုမူဆောင်ရွက်ကြမှု၊ သူတို့ရဲ့ ပင်ကိုယ်သန္ဓေစိတ်၊ သူတို့ရပ်တည်ရာ၊ ကြီးပြင်းရာပတ်ဝန်းကျင်တွေက မြစ်ဖျားခံကာ စေ့ဆော်ပေးလာကြတာများလားလို့ ကျွန်မစဉ်းစားမိပါတယ်။ အသိဥာဏ်မရှိလေတဲ့ အဟိတ်တရိစ္ဆာန်များတောင် ဒေါသစိတ်၊ လောဘစိတ်၊ မနာလိုစိတ်… စတဲ့ စိတ်တွေ အမျိုးမျိုးရှိနိုင်တယ်လို့ သိထားဘူးပါတယ်။
စိတ်ဆိုတာမျိုးက ထိန်းချုပ်ဖို့ ခက်ခဲလှပြီး ဒီလို ထိန်းချုပ်ဖို့ ခက်ခဲနေတဲ့ စိတ်တွေကပဲ လူတွေရဲ့ ခန္ဓာကိုယ်ထဲ စုန်ချီဆန်ချီ ကူးလူးဝဲပျံ နေလိုက်တာ များ လိုက်လို့ကိုမမှီနိုင်ပါဘူး။ ဒီအသက်အရွယ်မှာ စိတ်အမျိုးမျိုးနဲ့ လူတော်တော်များကို တွေ့ခဲ့ရဘူးပြီ။ တချို့လူတွေက ရှူးဂါးကုတ်တက်လုပ် ထားတဲ့ ဆေးခါးတောင့်ကြီးလို အပေါ်ယံစကားက ပျားသကာနှယ်ချိုလို့ ၀မ်းတွင်းတော့ ပုတ်စပ်နေတတ်ပြန်တယ်။ တချို့ကြပြန်တော့ ပါးစပ်ပေါက်ဆိုးတယ်ဆိုပေမယ့် အတွင်းစိတ်လေးတွေက ဖြူစင်နေပြန် ရော။ ဒီနေရာမှာ တစ်မျိုးပြော၊ နောက်တစ်နေရာမှာ တစ်မျိုးပြော မရိုးနိုင်အောင်၊ အပ်ကြောင်းမထပ်အောင် ပြောတတ်သူများလဲ တွေ့ဘူးသလို၊ အပြောကတော့ ရွှေမန်းတင်မောင်ရှုံးရဲ့၊ ကတာကြတော့ ချိုမိုင်မိုင်ဆိုတဲ့ သူငယ်နာမစင်သူများကိုတွေ့ရပြန်တော့ ထိုသူတွေအတွက် မချိပြုံးနဲ့ အော့နှလုံးနာမိရပြန်တယ်။ အပြောမဟုတ် လက်တွေ့လုပ်သူ၊ စာနာထောက်ထားစိတ်ရှိသူ၊ သဘောဖြူ မနောဖြူသူ၊ မဟုတ်မခံ ဖြောင့်မတ်သူ၊ ကိုယ့်အကျိုးမငဲ့ပဲ အများအကျိုးလုပ်ဆောင်သူများကို တွေ့ရပြန်တော့ လေးစားအားကျ အတုယူချင်စိတ်တွေ ဖြစ်လာမိရပြန်ရော။
ကျွန်မတို့ရဲ့ စိတ်တွေကပဲ ကျွန်မတို့ကိုပြန်ပြီး ရုပ်လုံးဖော်ပေးနေကြပါတယ်။ အိမ်ကနေ မနက်ထွက်လာထဲက စိတ်တွေဆိုးပြီး ထွက်လာလိုက်တာ လမ်းမှာ ခလုပ်တိုက်၊ ဘတ်စ်ကားပေါ်မှာ အဆင်မပြေ၊ ရုံးရောက်တော့ လူကြီးရဲ့ အကြိမ်းခံရ၊ မနက်မိုးလင်းထဲက စပြီး အဆင်မပြလိုက်တာဟာ တစ်နေ့လုံး ဘာလုပ်လုပ် အဆင်မပြေဘူးရယ်လို့ ကြုံဘူးကြမှာပါ။ အမှန်က ကိုယ့်ရဲ့စိတ်ကပဲ ကိုယ့်ကိုပြန် ဆင်ခြေကန်နေတာပါ။ လောကကြီးက ကြေးမုံပြင်တစ်ချပ်ပါ။ ကျွန်မတို့ရဲ့ အတွင်းစိတ်မှာ ဘာတွေခံစားနေရသလဲ။ အပြင်ဘက်မှာ အဲ့ဒါကို ကျွန်မတို့ တွေ့နိုင်ပါတယ်။ ကျွန်မတို့ရဲ့ ဘ၀တွေကို မညှိနိုင်တာဟာ ကျွန်မတို့ရဲ့ အတွင်းစိတ်ကို မပြောင်းလဲဘဲ အပြင်ဘက်က အကြောင်းတွေကို လိုက်ညှိနေကြလို့မဟုတ်ပါလား။
ရုံးမှာ လုပ်ဖော်ကိုင်ဖက်တွေက မဖော်ရွေဘူး။ စိမ်းကားကြတယ်။ င့ါဆိုဘယ်တော့မှ မလေးစားကြဘူး။ ငါမရှိရင် ငါ့အကြောင်းတွေများ ဘာတွေ ပြောနေကြမလဲ။ အဲ့ဒါတွေတွေးပူပြီး အလုပ်ကပြောင်းယုံနဲ့တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုသာ ကျွန်မတို့ပြောင်းလဲရမှာပါ။ လောကကြီးက ကျွန်မတို့အတွေးတွေရဲ့ ပုံရိပ်တစ်ခုပါပဲ။ ထက်မြက်ပြီး ပျော်ပျော်နေတတ်သူတွေက ထက်မြက်ပြီး ပျော်ပျော်နေတတ် သူတွေနဲ့ပဲ အများဆုံး တွေ့ဆုံရတတ်ပါတယ်။ ပျော်စရာကာလတွေကို ပိုင်ဆိုင်ရ သူဟာ ပျော်စရာအချိန်တွေရှိဖို့ပဲ မျှော်လင့်နေတော့မှာပေါ့။

တချို့ကြပြန်တော့ စိတ်ကိုလိုသလို အရောင်ပြောင်းတတ်ကြပြန်တယ်။ မကောင်းတာ၊ မဟုတ်တာ၊ မလုပ်သင့်တာဆိုတာ အသိဥာဏ်နဲ့ သိနေပေမယ့် အသိခေါက်ခက် အ၀င်နက် ဆိုသလို၊ အတ္တစိတ်၊ လောဘစိတ်၊ ၀န်တိုစိတ်နဲ့ အနိုင်ယူလိုစိတ်တွေ လွှမ်းခြုံပြီး မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိ ဆိုတာကို သိသိကြီးနဲ့ ဇွတ်မှိတ် လုပ်တတ်ကြတာမျိုး လည်းရှိပါတယ်။ မဖုံးနိုင်၊ မဖိနိုင် ပေါ်လာပြန်ရင်တော့ ခပ်ပြောင်ပြောင်ပဲ ငြင်းဆန်၊ မှန်တာတွေရော၊ မမှန်တာတွေပါ ရောနှောလို့ ဇာတ်လမ်းပမာတွေဆင်ပြီး ဟို၊ သည်.. လွှဲချတတ်ပြန်လေရော။ ဒီလိုလူစားမျိုးတွေကြပြန်တော့ ဒီမကောင်းမှုကို လုပ်နေရင်းကပဲ သူတို့ ကိုယ်တိုင်က မဟုတ်တာကို အဟုတ်လို့ တဖြေးဖြေးနဲ့ စိတ်မှာထင်လာပြီး အရိုးစွဲဓလေ့ ဖြစ်လာကြတယ်။ တဒင်္ဂလေးမှာ အံဝင်ခွင်ကျနဲ့ မိမိစိတ်ကိုရော၊ အခြားသူတွေရဲ့ စိတ်တွေကိုရော လှည့်ဖျားနိုင်ပေမယ့် စိတ်မာရသွန် ယှဉ်ပြိုင်ကြတဲ့ အခါမှာတော့ တာထွက်ကောင်းပေမယ့် သက်လုံ့မကောင်းကြလေတော့ ပန်းမ၀င်နိုင်ပဲ နောက်ဆုံးမှာ ပန်းတိုင်ကိုမရောက်ခင် အမောတွေသာဆို့ကြရပါတယ်။ ဒီအခါမှာတော့ အရာရာဟာ ဥဒေါင်းငှက်တောင်ပံကို ဖြန့်လို့ ၀င့်ကြွားစွာနဲ့ ကနေသလို အရှေ့က ကနေတာလေးကတော့ လှပါဘိတောင်း။ ခန္ဓာကိုယ် အနောက်ပိုင်းကတော့ အကာကွယ်မဲ့စွာနဲ့ အရှက်ရနေစေတော့တာပေါ့။
လောကကြီးက သူ့အလုပ် သူလုပ်နေတာပါ။ ကျွန်မတို့ရဲ့ စိတ်တွေက ပေးသမျှ၊ တွေ့သမျှ၊ လွယ်လွယ်ရသမျှ လက်ခံယူနေလို့ မဖြစ်နိုင်ပါဘူး။ လူဆိုတာ ကိုယ့်သမိုင်းကို ကိုယ့်ရဲ့စိတ်နဲ့ ကိုယ်တိုင်ပုံဖော်ပြီး ရေးသားနေကြတာမျိုးပါ။ ကိုယ်ဘာတွေရေးခဲ့တယ်ဆိုတာကို ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး။ ကိုယ်ရဲ့ စိတ်လိပ်ပြာက ကိုယ့်ကို ပြန်ခြောက်လှန့်ခံနေရတာမျိုးကြောင့် အိပ်ရေးမ၀ဘူးဆိုရင်တော့ မကောင်းလှတော့ ပါဘူး။ ဒါကြောင့် စိတ်လိပ်ပြာများရယ်.. တောင်ပံ အစုံကိုဖွင့်လို့ ဒီခန္ဓာကိုယ်ကြီးထဲမှာ လွတ်လွတ်လပ်လပ် ၀ဲပျံချင်သလောက် ၀ဲပျံလိုက်ကြစမ်းပါ။ ဒါပေမယ့် လောကရဲ့အလှကို ညှိုးနွမ်းထိခိုက်စေမယ့်၊ လူ့ပတ်ဝန်းကျင်ကို အကျိုးမပြုစေမယ့်၊ မိမိကိုယ်ကို မိမိနစ်မွန်းစေမယ့် ညစ်နွမ်းတဲ့ လိပ်ပြာလေးများတော့ မဖြစ်ချင်လိုက်ကြစမ်းပါနဲ့။ အားလုံးမဟုတ်တောင် အနည်းဆုံးတော့ ကောင်းမွန်တဲ့စိတ်နဲ့ လိပ်ပြာလုံတဲ့ဘ၀နဲ့ ဖြူစင်တဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်စေချင်မိပါရဲ့။ လှပတဲ့ စိတ်လိပ်ပြာလေးတွေနဲ့ လူတိုင်းကိုယ်စီ အိပ်ရေး၀၀ အိပ်နိုင်ခွင့်ရကြရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲနော်။ ။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

















