
ကျွန်မတို့တွေဟာ နေ့တစ်ဓူဝ စကားတွေပြောဆိုကြရတယ်..။ မိသားစုအချင်းချင်းပြောကြတယ်..။ မိတ်ဆွေတွေနဲ့ပြောကြတယ်..။ လုပ်ငန်းခွင်ထဲ မှာ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အချင်းချင်းနဲ့ပြောကြတယ်..။ ချစ်သူခင်သူတွေနဲ့လည်းအပြန်အလှန်ပြောကြတယ်..။
စကားတွေပြောရင်းနဲ့ပဲ....ရင်းနှီးခွင့်တွေရတယ်..သိလိုတာတွေသိခွင့်ရတယ်..။ မိတ်ဆွေတွေတိုးပွားကြရတယ်..။ ချစ်သူ ခင်သူတွေနဲ့လည်း ဆုံခွင့်တွေ့ခွင့် ရခဲ့ကြတယ်..။ စကားတွေပြောရင်းနဲ့ပဲ....ငြင်းခုံခွင့်တွေရကြတယ်..။ အယူအဆတွေဖလှယ်ခွင့်ရတယ်..။ စကားတွေပြောရင်း နဲ့ပဲ...အမုန်းတွေ ပွားရတယ်...။ အရင်းနှီးဆုံးမိတ်ဆွေတွေကနေ..အမုန်းဆုံးသူတွေလည်းဖြစ်ကြရတယ်..။
စကားတွေကတော့ပြောနေကြတာဘဲ...။ စကားတစ်ခွန်းကြောင့်ပဲ... စိတ်ချမ်းမြေ့မှုတွေရရှိသွားတယ်..။ စိတ်ဓာတ်ခွန်အားတွေလည်း တိုးလာရ တယ်..။ ထောင်မတ်သွားတဲ့ ဘ၀တွေလည်းရှိခဲ့တယ်..။ လက်လွတ်စပယ်ပြောလိုက်တဲ့..စကားတခွန်းကြောင့်.. တဘက်သားကို ထိခိုက်နစ်နာ ရတယ်..။ ဘ၀တွေလည်း ပျက်ကြရတယ်..။
စကားတစ်ခွန်းကြောင့်ပဲ..စစ်မက်တွေဖြစ်ပွားရတယ်..။ စကားတွေပြောကြရင်းနဲ့ပဲ..ငြိမ်းချမ်းရေးတွေတည်ဆောက်ခွင့်ရကြတယ်..။ စကားတွေ ပြောရင်းနဲ့ပဲ.. ။ နှုတ်ဖျားလေးဟလိုက်ယုံနဲ့... အူဘယ်နှစ်ခွေရှိတယ် ဆိုတာသိနိုင်သလို... လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတယ်...စကား.. စကားပြောဖန်များ..စကားထဲကဇာတိပြ ။ နှုတ်တစ်ရာ စာတစ်လုံး..ဆိုတာတွေကလည်း.. စကားတွေပြောရင်းရလာတဲ့ စကားပုံတွေဘဲလေ...။
စကားတွေကို...
အပျင်းပြေ ပြောနေသင့်လား..။ စကားဆိုတာ... လိုအပ်မှရော မပြောသင့်ဘူးလား..။ စကားတွေကို.. ချင့်ချိန်ပြီး မပြောသင့်ဘူးလား..။ စကားတစ်ခွန်း မပြောခင်.. ပြောသင့်ရဲ့လား.. ပြောခွင့်ရှိရဲ့လား... ပြောဘို့ရောလိုလို့လား.... ဆိုတာ.. စဉ်းစားမိကြလား..။ ကိုယ်ပြောလိုက်တဲ့ စကားတွေကြောင့်.... ရလာတဲ့ ရလာဒ်တွေကိုရော.. ခံယူဘို့ အသင့်ဖြစ်ကြပြီလား..? ကိုယ်ပြောလိုက်တဲ့ စကားကိုရော.. တာဝန် ယူရဲကြရဲ့လား..? အပြောနဲ့ အလုပ်ရော ညီကြရဲ့လား..? ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ရလာတဲ့ အပေါ်မှာရော.. စိတ်သန့်သန့်နဲ့ မုဒိတာ ပွားနိုင်ရဲ့လား..? ပြောခွင့်မရလိုက်ရဘဲ.. မြိုသိပ်ပြီး နေလိုက်ရလို့... ရလာတဲ့ ရလာဒ်တွေကရော ခါးသီးနေမလား....? ဒါမှမဟုတ်... ချိုမြိန်ရဲ့လား..?
ကဲ... ကျွန်မနဲ့အတူ စဉ်းစားကြည့်ရအောင်လား..?

( ဒီပို့စ်လေးဟာ ၃၀.၁၀.၂၀၀၉ မှာ အွန်လိုင်းမှာ ရေးခဲ့တဲ့ ကျွန်မဘ၀ရဲ့ ပထမဦးဆုံးသော အွန်လိုင်းပေါ်က ဘလော့ဂ်ပို့စ် အဟောင်းလေးပါရှင်။ )
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
မြသွေးနီ